(ယူတာက http://www.facebook.com/aung.z.latt.7)(ကျနော်
ဒီဆောင်းပါးတွေဖတ်ကြည့်ပြီး ပြန်တင်မယ်ဆိုတော့ မိတ်ဆွေတစ်ဦး ကမေးပါတယ်“ဘာလို့လဲ”တဲ့။
ဘာလို့လဲဆိုတော့ ခုချိန်ဟာ ဒီမိုကရေ စီရေး၊ ငြိမ်းချမ်းရေး၊ လူမျိုးစုအားလုံးတန်းတူသွေးစည်းညီညွတ်ရေး အတွက်
နွားရိုင်းသွင်းချိန်လွန်သွားတာ ညီအကိုမသိတသိအချိန် ကျော် သွားတာမှန်ပါတယ်။
တွေးစရာရှိနေသေးတာက ရန်သူဟုတ်/မဟုတ် မသေချာသေးပေမယ့် မိတ်ဆွေမဟုတ်မှာသေချာသူ၊
မိတ်ဆွေ ဟုတ်/မဟုတ်မသေချာသေးပေမယ့် ရန်သူမဟုတ်မှာသေချာသူ စသည်ဖြင့်မျက်နှာသစ်တွေ
လူလုံးပြမှုအသစ်တွေ၊ အတွဲအစပ်အသစ်တွေ၊ ကစားကွက်အသစ်တွေ၊ Main and Key Players အသစ်တွေ ကွင်းထဲဝင်လာကြတာ သတိထားမိတာကြောင့်ပါ။ နောက်တချက်က
ရန်သူ့ခြေကိုသိထားဖို့လိုသလို၊ မိတ်ဆွေ့လက်ကိုလည်း မြင်ထားဖို့လိုမယ် ထင်ကြောင်းပါ။ (မျိုးမြင့်ချို)
-အာဆီယံကို အမေရိကန်
ဘယ်လိုချည်းကပ်သလဲ
ချန်ကေရှိတ်ရဲ့အမျိုးသားရေးဝါဒီအစိုးရကိုတိုက်ထုတ်ပြီး
တရုတ်ပြည်မှာ ကွန်မြူနစ်တွေအာဏာရလာချိန် ကစပြီး တရုတ်ဟာ အမေရိကန်အတွက် အာရှမှာအကြီးမားဆုံးအန္တရာယ်ဖြစ်လာပါတယ်။ ကိုးရီးယားစစ် ပွဲမှာ ဆိုဗီယက်ကလက်နက်ရင်း၊ တရုတ်ကလူရင်းပြီး
သူ့ကို ဆော်ပလော်တီးလိုက်တာကြောင့် အမေရိကန်အတော်လေးကို အီထွက်သွားခဲ့ရဖူးတယ်။
အဲဒီနောက်ပိုင်းမှာ အမေရိကန်ဟာ တရုတ်ကို မျက်ခြေအပြတ်မခံရဲတော့ဘူး။
စတာလင်ဟာ
ကမ္ဘာ့ကွန်မြူနစ်ပါတီရဲ့ခေါင်းဆောင်ကြီးပါပဲလို့ မော်စီတုန်းကကြွေးကြော်ပြီး
တရုတ်နဲ့ ဆိုဗီယက်လက်တွဲမြဲခဲ့ကြတဲ့အချိန်တုန်းက အာရှပစိဖိတ်ဒေသကို
ဆက်လက်ထိန်းချုပ်ထားနိုင်ဖို့အရေးမှာ ဂျပန်၊ တောင်ကိုးရီးယားနဲ့တိုင်ဝမ်တို့လောက်နဲ့တင်မလုံလောက်တာမို့ အမေရိကန်ဟာ အရှေ့တောင် အာရှနိုင်ငံတွေရဲ့လက်ကို
အားကိုးတစ်ကြီးဆုပ်ကိုင်ခဲ့ဖူးတယ်။
တိုင်ဝမ်ရေလက်ကြားပဋိပက္ခတို့
ဗီယက်နမ်စစ်ပွဲတို့မှာ အရှေ့တောင်အာရှနိုင်ငံအများစုဟာ အမေရိကန်ရဲ့ အဓိကမဟာမိတ်ကြီးတွေပါပဲ
(ဒီနိုင်ငံတွေကလည်း တရုတ်ဦးဆောင်တဲ့ကွန်မြူနစ်တွေကိုကြောက်တာမို့ အမေရိကန်ရဲ့ထီးရိပ်အောက်ခိုကြတာပါ)။ အဲဒီအချိန်က အင်ဒိုနီးရှား-ဖိလစ်ပိုင်-ထိုင်းနဲ့ ဗြိတိသျှ လက်အောက်ကလွတ်မြောက်လာတဲ့မလေးရှား (နောက်စင်္ကာပူ) တို့ဟာ အမေရိကန်ရဲ့စစ်ရေး စီးပွားရေးမဟာမိတ်ကြီးတွေပါပဲ။
ဒါပေမယ့် ၁၉၆၀
ပြည့်လွန်နှစ်များမှာ ဆိုဗီယက်နဲ့ခေါင်းဆောင်ခရုရှက်နဲ့ တရုတ်ခေါင်းဆောင်မော်စီတုန်း တို့ရဲ့
ဝါဒရေးရာအငြင်းပွားမှုကနေ တရုတ်-ဆိုဗီယက်ဆက်ဆံရေးပျက်ပြားသွားပြီးတဲ့နောက် အထီးကျန်ဖြစ်သွားပြီး
တတိယနိုင်ငံများအုပ်စုထဲဝင်ပြီး ကလေးဗိုလ်လုပ်နေရတဲ့ တရုတ်ကို အမေရိကန်က ပြန်လုံးပါတယ်၊
ဒီလိုနဲ့ ၁၉၇၁-၇၂ လောက်မှာ တရုတ်နဲ့အမေရိကန်ဆက်ဆံရေးက ပြန်ကောင်းသွားတယ်။
ပြန်ကောင်းတာမှ မိတ်ဆွေအဆင့်တင်မက ဆိုဗီယက်ကိုရင်ဆိုင်ရာမှာ မဟာမိတ်အဆင့်နီးပါးကိုကောင်း သွားတာ။
ဒီလိုနဲ့ အာရှ
-ပစိဖိတ်ဒေသဟာ အမေရိကန်တွေအဖို့ မေ့လျှော့ရာဒေသဖြစ်လာတယ်။ မဟာမိတ်တွေဖြစ်တဲ့တောင်ကိုးရီးယားတို့
ဂျပန်တို့ ဖိလစ်ပိုင်-ထိုင်း-အင်ဒို-မလေး-စင်္ကာပူတို့နဲ့
အချိန်တန်ရင်စစ်ရေးလေ့ကျင့်လိုက်၊ တိုင်ဝမ်ကိုလက်နက်ဖြည့်ပေးလိုက်လုပ်နေယုံလောက်နဲ့
လုံလောက်ပြီလို့အမေရိကန်တွေယူဆထားခဲ့ကြတယ်။ ဒီလိုဖြစ်အောင်ကလည်း ၁၉၈၀ ပြည့်လွန်နှစ်တွေ ကစပြီး
တရုတ်ဟာ စစ်ရေးနိုင်ငံရေးထက်စီးပွားရေးကိုပဲဇောင်းပေးလာခဲ့လို့ပါပဲ။
တရုတ်က စီးပွားရေးဘက်ကိုပဲဇောင်းပေးနေတာကြောင့်
တရုတ်အန္တရာယ်ကိုမေ့လျှော့နေခဲ့တဲ့သူတွေ ထဲမှာ အမေရိကန်ချည်းမဟုတ်ပဲ ဂျပန်နဲ့အာဆီယံနိုင်ငံတွေလည်းပါပါတယ်။
ဒီလိုနဲ့ တရုတ်-အာဆီယံ ဆက်ဆံရေးဟာကောင်းမွန်လာတယ်၊ ဒေသချင်းဆက်စပ်နေတဲ့အပြင် အာဆီယံနိုင်ငံတွေမှာရှိတဲ့တရုတ် အနွယ်ဖွားတွေကလည်း
တရုတ်-အာဆီယံဆက်ဆံရေးကိုပိုမိုချောမွေ့စေပါတယ်။ ဒီလိုနဲ့ တရုတ်-အာဆီယံ ဆက်ဆံရေးဟာ
ရွှေလမ်းငွေလမ်းဖြစ်လာပြီး အမေရိကန်ထက်တောင် ပိုနီးစပ်တယ်လို့ဆိုရပါမယ်၊ နှစ်စဉ်
တရုတ်ပြည်မကြီးကိုပြန်ပြီး အဖိုးအဖွားသင်္ချိုင်းဂူတွေကိုသွားကန်တော့တဲ့တရုတ်အနွယ်ဖွား
အာဆီယံနိုင်ငံ သားတွေ သန်းပေါင်းမြောက်များစွာရှိပါတယ်။ ပြောရမယ်ဆိုရင် နှစ်စဉ်လေ့ကျင့်မြဲ
အမေရိကန်နဲ့ပူးတွဲစစ် ဆင်ရေးကိုတော့ သိပ်စိတ်ပါလက်ပါမရှိလာကြတော့ပဲ
အစဉ်အလာတစ်ခုကိုလုပ်နေသလိုပဲ ပြုလုပ်လာကြတဲ့အထိပါပဲ။
လွန်ခဲ့တဲ့ဆယ်စုနှစ်
၂ ခုလောက်မှာ စစ်ရေးအရ အမေရိကန်အနေနဲ့ အရှေ့ဖျားမှာ ခေါင်းကိုက်စရာဆိုလို့
အနုမြူဗုံးတပြပြနဲ့ အစာတောင်းစားနေတဲ့မြောက်ကိုးရီးယားပြဿနာပဲ ရှိခဲ့ပါတယ်၊
မြောက်ကိုးရီးယားဟာ ဆယ်စုနှစ် ၂ခုအတွင်း ခေါင်းဆောင်နှစ်ဆက်ပြောင်းခဲ့ပြီး
ခေါင်းဆောင်ပြောင်းတိုင်း ခေါင်းဆောင်သစ်ဟာ သူ့အာဏာခိုင်မာကြောင်း
လက်ခမောင်းခတ်ပြတဲ့အနေနဲ့ ဒုံးကျည်လွှတ်တာမျိုးတွေ တောင်းကိုးရီးယားနဲ့ ဂျပန်ကို
ကလိတိတိလုပ်တာမျိုးတွေလုပ်ပြတတ်သလို ငတ်လာရင်လည်း အနုမြူဗုံးဖေါက်မယ်တကဲကဲ
လုပ်ပြလေ့ရှိပါတယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါလောက်နဲ့ အမေရိကန်ခေါင်းတောက်အောင်မဖြစ်ပါ။
အမေရိကန်အတွက်တကယ်ဖြစ်လာတာက
အရှေ့အလယ်ပိုင်းမှာ နက်နက်နဲနဲဝင်ပါနေမိတဲ့အတွက် စစ်အေးအပြီး လစ်ဘရယ်ဒီမိုကရေစီနဲ့
အယူအဆရေးရာအရပြိုင်ဘက်သစ်ဖြစ်လာတဲ့ အစ္စလာမ်အခြေခံ ဝါဒနဲ့ရင်ဆိုင်ရတာပဲ။ နောက်တော့ ကုန်သွယ်ရေးညီနောင်၊ အာဖဂန်၊ အီရတ်နဲ့အယ်ကိုင်ဒါးဟာ အမေရိကန်အတွက်အကြီးအကျယ်ခေါင်းကိုက်စရာဖြစ်ခဲ့ရတယ်၊
အမေရိကန်ရဲ့အင်အားတွေကို ဒီစစ်ပွဲမှာ နှစ်မြုတ်ထားရလို့ ချိနဲ့လာတယ် (ပထဝီဝင်အနေအထားရ
ကမ္ဘာရဲ့ကျန်တဲ့ဒေသနဲ့ ကင်းကင်းလွတ်လွတ်ဖြစ်နေတာမို့ အရင်ကဆို စစ်ပွဲကြီးတစ်ပွဲပြီးတိုင်း အမေရိကန်ဟာ စစ်ပွဲကနေ အကျိုးအမြတ်တွေအများကြီးရပြီး
အင်အားပိုပိုကြီးလာတယ်လို့ဆိုခဲ့ကြဖူးတယ်၊ အခုတော့ ပုံစံပြောင်း သွားခဲ့ပါပြီ)။
အမေရိကန်ဟာ
စစ်ပွဲတွေထဲနစ်မြုတ်ရင်း အင်အားချိနဲ့လာရာကနေ ပတ်ဝန်းကျင်ကိုလှည့်ကြည့်လိုက်တဲ့ အခါ
သူ့ဓနအတော်များများဟာ တရုတ်လက်ထဲရောက်နေပြီး တရုတ်နဂါးကြီးဟာ အစာဝတာကြောင့်
အားအင်ပြည့်ဖြိုးပြီး လူးလာနေတာကိုတွေ့လိုက်ရတယ်။ စီးပွားရေးမှာ
စူပါပါဝါဖြစ်လာတဲ့တရုတ်ဟာ ထုံးစံအတိုင်း လောင်စာတွေအများကြီးလိုတယ်
အခြွေအရံတွေလိုတယ်၊ ဒီအတွက် တရုတ်ရဲ့ စစ်ရေးပေါ်လစီကိုပြောင်းရတယ်။ အရင်က
တရုတ်ရဲ့ပေါ်လစီက ခုခံကာကွယ်ရေးပေါ်လစီပဲ။ ဒါကြောင့် သူ့မှာ ခေတ်မှီရေတပ်မရှိဘူး၊
ပြောရမယ်ဆို စစ်တုရင်ကစားပွဲမှာ အမဲကောင်ကိုင်ရတဲ့သူလို နေရာကပေါ့၊
ဒါကိုပြောင်းလဲဖို့ တရုတ်ဟာ လေယာဉ်တင်သင်္ဘောတွေတည်ဆောက်တယ်
ခေတ်မှီရေတပ်ကို ဖွဲ့စည်းတယ်။
တရုတ်ရေပိုင်နက်ဟာ
ပစိဖိတ်သမုဒ္ဒရာမှာပဲရှိတယ်၊ လောင်စာအများကြီးထွက်တဲ့အရှေ့အလယ်ပိုင်းနဲ့
အာဖရိကမြောက်ပိုင်းကိုသွားဖို့ အိန္ဒိယသမုဒ္ဒရာကို သူကျော်ဖြတ်ရမယ် (ဒါ့အပြင်
အာဖရိကက သူ့ရဲ့ အကျိုးစီးပွားကိုကာကွယ်ဖို့က အိန္ဒိယသမုဒ္ဒရာကိုသူဖြတ်ရမယ်) ဒီတော့
အာဆီယံဟာ သူ့အတွက် အလွန့်ကိုအရေးပါတဲ့နေရာပဲ၊ ဒါကြောင့် ဒီဒေသကို စီးပွားရေး
စစ်ရေး နိုင်ငံရေးသြဇာအာဏာတွေလွှမ်းမိုးဖို့ လုပ်နေတာကို အမေရိကန်လှမ်းမြင်ရတယ်။
တရုတ်လိုပဲ
အာဖရိကနဲ့အရှေ့အလယ်ပိုင်းက သူ့အကျိုးစီးပွားကိုကာကွယ်ဖို့အတွက် အမေရိကန်ဟာ
အိန္ဒိယသမုဒ္ဒရာကိုလက်လွတ်လို့ မရဘူး၊ တဆက်တည်း ပစိဖိတ်က သူ့အင်အားနဲ့
အိန္ဒိယကအင်အားကို ဆက်စပ်ပေးဖို့က အာဆီယံပဲရှိနေတယ်၊ ဒီတော့ အာဆီယံ တရုတ်သြဇာအောက်ရောက်သွားမှာကို
အမေရိကန် ဘယ်လိုမှလက်မခံနိုင်ဘူး၊ ပြီးတော့ ဒီဒေသ သယံဇာတတွေနဲ့ကမ္ဘာ့လူဦးရေရဲ့ ၁၀ ပုံတစ်ပုံ
ပမာဏ၊ ဒါကလည်း စီးပွားရေးနလံထဖို့အကြီးအကျယ်ကြိုးစားနေတဲ့အိုဘားမားအတွက်
အလွန့်ကို အရေးကြီးနေပြန်တယ်။
ဒါပေမယ့် အာဆီယံကို
တဖွဲ့တစည်းထဲဆက်ဆံဖို့ကလည်း အမေရိကန်အတွက်အခက်အခဲရှိနေပြန်တယ်။ တနိုင်ငံချင်းစီဟာ
အမေရိကန်နဲ့ကွဲပြားတဲ့ဆက်ဆံရေးသမိုင်းကြောင်းတွေရှိတယ်၊ ဥပမာ မလေးရှားဟာ စစ်ရေးအရ
အမေရိကန်နဲ့နီးစပ်ပေမဲ့ အစ္စလာမ်မစ်ဝါဒီတွေနဲ့ တိုက်ခိုက်နေတဲ့အမေရိကန်ကို သိပ်သဘော ကျလှတာတော့
မဟုတ်ဘူး။ အထူးသဖြင့် တစ်နိုင်ငံချင်းစီရဲ့လူ့အခွင့်အရေးမှတ်တမ်းတွေက
အမေရိကန်တို့ ရဲ့စံနဲ့ဆို ဝေဘန်စရာတွေရှိတာမို့ အာချောင်ချောင်နဲ့ဝေဘန်တဲ့သူ့ရဲ့ဝေဘန်ချက်တွေကြောင့် အချို့က သိပ်မကြည်လှဘူး။ အမေရိကန်အစိုးရိမ်ဆုံးက
တစုတစည်းထဲအာဆီယံနဲ့ တရုတ်၊ တောင်ကိုးရီးယားနဲ့ ဂျပန်တို့ရဲ့လွတ်လပ်တဲ့ကုန်သွယ်ရေး
စီးပွားရေးပူးပေါင်းမှုကနေ အမေရိကန်ကိုဘေးဖယ်ထားမှာကိုပဲ။
ဘယ်လိုပဲဖြစ်ဖြစ်
ဒီနှစ်ပိုင်းမှာဖြစ်လိုက်တဲ့တောင်တရုတ်ပင်လယ်ရေပိုင်နက်အငြင်းပွားမှုနဲ့
တရုတ်အစိုးရ ကိုင်စွဲလာတဲ့အမျိုးသားရေးရှေ့တန်းတင်ဝါဒကြောင့် အာဆီယံနိုင်ငံအတော်များများဟာ
အမေရိကန်ထီးရိပ် ကို ပြန်တမ်းတလာကြပါတယ်။
ဒါကြောင့် အမေရိကန်ဟာလည်း
တရုတ်လိုပဲ မျက်နှာနှစ်ဖက်ဗျူဟာနဲ့ အာဆီယံကိုဆက်ဆံပါတယ်၊ ဒါပေမယ့် ပြောင်းပြန်ပါ၊
စစ်ရေး နိုင်ငံရေးအရ အာဆီယံကိုတစ်ပေါင်းတစည်းထဲဆက်ဆံချင်ပြီး စီးပွားရေးအရတော့ တစ်နိုင်ငံချင်းစီဆက်ဆံလိုဟန်ရှိပါတယ်။
(ဆက်လက်ဖော်ပြပေးပါမယ်)
0 comments:
Post a Comment