Friday, November 2, 2012

Politicide(သို့)လူ့အဖွဲ့အစည်းတစ်ခုအား နိုင်ငံရေးအရ အသေသတ်ခြင်း(အပိုင်း-၃)ဦးဦးမှော်ဆရာ

0 comments
Politicide(သို့)လူ့အဖွဲ့အစည်းတစ်ခုအားနိုင်ငံရေးအရအသေသတ်ခြင်း အပိုင်း(၁)တွင် လူအဖွဲ့အစည်းတစ်စုအပေါ် ဘာကြောင့် Politicide လုပ်ရတာလဲဆိုသောအချက်အပေါ် အစ္စရေးနိုင်ငံကိုဥပမာပေး၍ တင်ပြ ခဲ့သည်။ ခိုင်မာသည့်အကြောင်းပြချက်တစုံတရာမရှိဘဲ လူမျိုးရေး၊ ဘာသာရေးအရကွဲပြားမှုကိုအခြေခံသည့်မုန်းတီးမှုကြောင့် ဖြစ်သည်။ ထိုမှတဆင့်တက်ကာ ကိုယ့်လူမျိုးသီးသန့်သာရပ်တည်သော ကိုယ်ပိုင် ဟန်ရှိသည့်နိုင်ငံမျိုးထူထောင်လိုသည့် (ယနေ့ခေတ်အမြင်အရ) အံ့သြစရာကောင်းသော လိုလား ချက်ကြောင့်ဖြစ်သည်ဟု ရေးသားခဲ့ပါသည်။
(အပိုင်း-၂) တွင် ပါလက်စတိုင်းလူမျိုးများအား ဘယ်လို Politicide လုပ်ခဲ့သလဲဆိုတဲ့အကြောင်း ရေးသား ခဲ့ပါသည်။ အထူးသဖြင့် Plan-D လို့ခေါ်တဲ့ စစ်ဆင်ရေးဗျူဟာတွေချပြီး ပြင်းပြင်းထန်ထန်နှိပ်ကွပ်ခဲ့ပါတယ်။ ပါလက်စတိုင်းကျေးရွာများအားဖျက်ဆီး၍ လူများကို ရွာပြင်သို့အဓမ္မမောင်နှင်ထုတ်ခြင်း၊ တရားမဲ့စွာ ကွပ်မျက်ပြစ်ခြင်း၊ ကျန်ရှိသူအနည်းစုကိုလည်း အဆက်အသွယ်ဖြတ်တောက်ပိတ်ဆို့ထားခြင်း၊ ဒုတိယတန်းစားနိုင်ငံသားများအဖြစ်သဘောထားကာ အခွင့်အရေးလုံးဝမပေးဘဲပစ်ပယ်ထားခြင်း စသည့်နည်းလမ်းပေါင်းများစွာသုံးခဲ့ကြောင်း ရေးသားခဲ့ပါတယ် ။ 
(၃) လူမျိုးစုတစ်စုအပေါ် Politicide လုပ်တာကို ပြည်သူတွေယုံကြည်လက်ခံအောင် ဘယ်လိုဝါဒဖြန့်သလဲ?
အစ္စရေးနိုင်ငံတွင် ဂျူးဘာသာရေးအစွန်းရောက်အမာခံများက ဂျူးတို့၏ဒဏ္ဍာရီထဲမှ ဂျူးဒီးယားနှင့်ဆာမာရီယာအမည်ရှိ အထွတ်အမြတ်နရာများ(ယနေ့ခေတ် ဂျော်ဒန်မြစ်အနောက်ဘက် ကမ်းဒေသ)သည် အစ္စရေးလူမျိုးများ၏ကိုယ်ပိုင်နယ်မြေများဖြစ်ကြောင်း၊ ပါလက်စတိုင်းလူမျိုးများ က နောက်ပိုင်းခေတ်တွင်မှ ကျူးကျော်အခြေချနေထိုင်လာခြင်းဖြစ်ကြောင်း၊ တချိန်ချိန်တွင် မိမိတို့၏ အမိမြေအား မိမိတို့ပြန်လည်အုပ်စိုးရမည်ဖြစ်ကြောင်း၊ ထိုသို့ဖြစ်လာရန် ထိုဒေသတွင်အခြေချနေ ထိုင်နေသော ပါလက်စတိုင်းလူမျိုးများကို မောင်းထုတ်ရမည်ဖစ်ကြောင်း စသည့်အယူအဆများကို ဂျူးလူမျိုးများစိတ်ထဲတွင် စွဲမြဲစွာယုံကြည်လာစေရန်ရိုက်သွင်းပေးခဲ့သည်။ အစ္စရေးလူနေမှုအဖွဲ့အစည်းများ ကိုလည်း အစဉ်အလာဖြစ်သည့် ဟာလာချာအဆုံးအဖြတ်အရလည်းကောင်း၊ ရက်ဘိုင်ခေါ် ဂျူးဘုန်းကြီး များ၏အဆုံးအဖြတ်အရလည်းကောင်း ခိုင်မာသည်ထက်ခိုင်မာအောင်တည်ဆောက်လာ၏။ ဤ ဆောင်ရွက်မှုများ၏နောက်ကွယ်မှအဓိကတွန်းအားပေးနေသော အကြောင်းအရာမှာ “ဂွတ်ရှ်အီမူနင်” (သစ္စာရှိသူများအဖွဲ့) အမည်ရှိသော ဘာသာရေးနှင့်အစွန်းရောက်အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုကြီး ပင် ဖြစ်သည်။ ဤသို့ဖြင့်   ၁၉၇၀ ပြည့်နှစ်မှ ၁၉၉၀ ပြည့်နှစ်များအကြားတွင် ဂျော်ဒန်မြစ်အနောက် ဘက်ကမ်းဒေသကို အစ္စရေးကိုလိုနီအဖြစ် ပီပြင်စွာအကောင်ထည်ဖေါ်တော့သည် ။

“ဂွတ်ရှ်အီမူနင်” အဖွဲ့အပါအ၀င် အမျိုးသားရေး၊ လူမှုရေးအမည်ခံလက်ယာစွန်းရောက်အဖွဲ့များက -
“ပါလက်စတိုင်းတို့၏မူရင်းနိုင်ငံသည် ဂျော်ဒန်နိုင်ငံဖြစ်သည်။”
“ပါလက်စတိုင်းလူမျိုးဆိုသည်မှာ အမှန်တကယ် ရှိ၊ အစ္စရေးနယ်မြေလုယူရန် ဖန်တီးထားသော လူမျိုးနာမည် ဖြစ်သည
“ပါလက်စတိုင်းမြေဆိုသည်မှာ ဘုရားသခင်က ဂျူးလူမျိုးများအတွက်သီးသန့်ပေးခဲ့သော ကတိထားရာမြေ (promised land) ဖြစ်သည် ”

စသဖြင့် ပါလက်စတိုင်းများအပေါ် လူမျိုးရေးအရမုန်းတီးဆန့်ကျင်စိတ်ကိုမြှင့်တင်ရန် ပြောင်ပြောင် တင်းတင်း ၀ါဒဖြန့်ခဲ့ကြသည်။ အမှန်မှာ ထိုဒေသ၌အခြေချနေထိုင်ခဲ့သည့် ပါလက်စတိုင်းလူမျိုး (ဖိလစ်စတင်း)အမှန်တကယ်ရှိကြောင်း၊ ဂျူးများနည်းတူ ရှေးနှစ်ပေါင်းထောင်ချီ၍ အမှန်တကယ် အခြေချနေထိုင်လာကြသူများဖြစ်ကြောင်းကို သမိုင်းဆရာအားလုံးနီးပါးက လက်ခံထားကြသည်။ ထို့ပြင် လက်ရှိအစ္စရေးနိုင်ငံရှိဂျူးလူမျိုးများတွင် ၈၀% ခန့်မှာ ပါလက်စတိုင်းဒေသကို အင်္ဂလိပ်အုပ်စိုးစဉ်က ကမ္ဘာအရပ်ရပ်မှအစုလိုက်အပြုံလိုက် ၀င်ရောက်အခြေချလာခဲ့သော ဂျူးအနွယ်များသာဖြစ်သည်။ ထို့ကြောင့်ပင် ကမ္ဘာ့မည်သည့်အရပ်ဒေသမှဂျူးလူမျိုးမဆို ဤပါလက်စတိုင်းဒေသသည် ဘုရားသခင်ပေးသောမြေဖြစ်သည်ဟုလက်ခံလာစေရန် ဘာသာရေးယုံကြည်ချက်ကိုအသုံးချ၍ ၀ါဒဖြန့်ခဲ့ခြင်းဖြစ်ဟန်တူသည်။ ဤသို့ဖြင့် အစ္စရေးတို့ သိမ်းပိုက်ထားသော  ဂျော်ဒန်မြစ်အနောက်ဘက် ကမ်းဒေသများသည်  ဂျူးဘာသာရေးအစွန်းရောက်သူတို့၏ “အမိမြေ” ဟု သတ်မှတ်ခြင်း ခံလာရတော့သည်။
ဂျူးတို့၏ အဓမ္မနယ်ချဲ့ခြင်းသည်ပင် သမိုင်းအစဉ်အဆက်က အမိမြေကိုကာကွယ်ခြင်းဟု အများမြင်လာစေသည်သာမက ဂျူးတို့ကိုယ်တိုင်စွဲမြဲစွာခံယူလာကြသည်အထိ စည်းရုံးလာနိုင်ခဲ့တော့ သည်။
ဤသို့ အမျိုးသားရေးဝါဒအမည်ခံ ဘာသာရေး၊ လူမျိုးရေးအခြေခံသောအစွန်းရောက် ၀ါဒ အောင်မြင်လာခြင်းမှာ ၁၉၆၇ခုနှစ် နှင့် ၁၉၇၃ ခုနှစ်စစ်ပွဲအခြေအနေများ၏ နိုင်ငံရေးနှင့် လူမှုရေးရှုပ်ထွေးမှုအခြေအနေများကို ပြည်သူတို့နားလည်လက်ခံလာအောင် ရှင်းပြနိုင်သည့် သဘောတရားရေးရာတစ်ရပ် မရှိခဲ့ခြင်းကြောင့်ပင်ဖြစ်သည် ။
ယင်းကဲ့သို့ ပါလက်စတိုင်းကျေးရွာများ ဖျက်ဆီးခံရခြင်း၊ ပါလက်စတိုင်းများ အတင်းအဓမ္မနယ်မြေပြောင်းရွှေ့ခံရခြင်းနှင့်ပက်သက်၍ အစ္စရေးတို့ဘက်မှ တရားဝင်အကြောင်းပြချက်မှာ…..

အာရပ်နှင့်ပါလက်စတိုင်းအထက်တန်းလွှာနှင့်လူလတ်တန်းစားများက မိမိတို့အချင်းချင်းအန္တရာယ်ပြုလာမည်ကိုကြောက်ရွံ့၍ မိမိတို့ဆန္ဒအလျောက် မိမိတို့နေအိမ်များကိုဖျက်ဆီး၍ထွက်ပြေးကြခြင်းဖြစ်ကြောင်း ၊ နောက်တစ်ကြောင်းမှာလည်း အာရပ်ခေါင်းဆောင်များက အစ္စရေးကိုဝင်တိုက်မည့် အာရပ်စစ်ကြောင်းများအတွက် နေရာဖယ်ပေးသည့် အနေဖြင့် ဒေသခံအာရပ်ရွာများအားတိမ်းရှောင်ပေးကြရန်မတ္တာရပ်ခံ၍ဖြစ်ကြောင်း လိမ်လည်သတင်းလွင့်လေ့ရှိသည်။

ကမ္ဘာကျော်ခဲ့သောအဖြစ်ဆိုးတစ်ခုမှာ ၁၉၈၂ ခုနှစ် စက်တင်ဘာ(၁၆)ရက်နေ့တွင် ဆာဘရာနှင့်ရှာတီလာ ဒုက္ခသည်စခန်းကို အစ္စရေးစစ်တပ်နှင့်ပြည်သူ့စစ်များပူးပေါင်း၍  ၀င်ရောက်စီးနင်းမှုဖြစ်စဉ်၌ ပါလက်စတိုင်းကလေးသူငယ်များနှင့်ယောက်ျား၊မိန်းမ၊ စုစုပေါင်း ၂၀၀၀ ခန့်ထိ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရသည်။ ထို့ပြင် ရိုက်နှက်ညှဉ်းပမ်းမှု ၊ အဓ္ဓမပြုကျင့်မှုများလည်းဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်နှင့်ပက်သက်၍ အစ္စရေးအစိုးရက မိမိ၏တာဝန်မဲ့မှုကိုလျော့ပါးစေရန် ယင်းကိစ္စ၏အရေးပါမှုကိုမထင်မရှားပြုလုပ်ကာ နိုင်ငံတကာအသိုက်အ၀ိုင်းအနေနှင့် မကြာမီမေ့ပျောက်သွားလိမ့်မည်ဟု ယူဆခဲ့သည်။ ထိုစဉ်က ၀န်ကြီးချုပ် မီနာခင်ဘေဂင်ကိုယ်တိုင်က “အစွန်းရောက်အချင်းချင်း သတ်ဖြတ်ကြပြီး ဂျူးများအပေါ်အပြစ်ဖို့သည်” ဟု ပြောဆိုခဲ့ရာ ယင်းစကားမှာကမ္ဘာကျော်သွားခဲ့သည် ။
ဤသို့ ပါလက်စတိုင်းလူမျိုးများအပေါ် အပြင်းအထန်နှိပ်ကွပ်မှုများအကြောင်း နိုင်ငံတကာသို့ သတင်းပေါက်ကြားမှုမရှိစေရန် ဒုက္ခသည်များဆိုင်ရာအကူညီပေးရေးအဖွဲ့များ၊ အိုင်အန်ဂျီအိုများ စသော နိုင်ငံရေး၊ သာသာရေးနှင့်မည်သို့မျှမသက်ဆိုင်သောအဖွဲ့အစည်းများကိုပါ ပြည်တွင်းသို့ လာရောက်ကူညီခွင့်မပြုဘဲကန့်သတ်ခဲ့သည်။ သတင်းသမားများကိုလည်း စစ်ဆင်ရေးကာလအပြီး အချိန်အတော်ကြာမှသာ များပြားလှသောကန့်သတ်ချက်များဖြင့် ၀င်ရောက်သတင်းယူခွင့်ပေးခြင်းဖြင့် သတင်းအမှောင်ချခဲ့သည်။ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့များကိုကား လုံးဝလက်မခံခဲ့ပေ။ သို့သော် ၄ သိန်းခန့်ရှိသောအစ္စရေးလူထုက ထိုဖြစ်ရပ်အတွက် သီးခြားစုံစမ်းစစ်ဆေးပေးရန်က်ာမရှင် တစ်ရပ်ဖွဲ့ စည်းပေးဖို့အတွက် တဲလ်အဗစ်မြို့၌ ဆန္ဒပြတောင်းဆိုခဲ့သောကြောင့် ဘေဂင်က တရားသူကြီးချုပ် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးက်ာမရှင်ဖွဲ့စည်းပေးခဲ့သည်။ ထိုစုံစမ်းစစ်ဆေးရေးကော်မရှင်ကလည်း အစ္စရေးထောက်လှမ်းရေးမှတင်ပြသော အချက်အလက်များကိုသာလက်ခံပြီး ထုတ်ပြန်ခဲ့သောကြောင့် ရလဒ်မှာဖြစ်ရပ်မှန်နှင့်အလွန်ကင်းကွာခဲ့သည်။ ဤသို့ဖြင့်  သာမာန်အစ္စရေးပြည်သူများနှင့် အစိုးရ ၀န်ထမ်းများပင် ထိုသို့သောဖစ်စဉ်များနှင့်ပက်သက်၍ သတင်းဖြစ်ရပ်မှန်များမသိစေရန် လိမ်လည်သတင်းထုတ်ပြန်ခြင်းဖြင့် အဖြစ်မှန်များကို ဖုံးကွယ်ထားခဲ့ပေသည်။ ယခုလို စနစ်တကျနှင့် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့သောကြောင့် ဤလုပ်ရပ်များနှင့်ပက်သက်၍ အစ္စရေးအစိုးရသည် နိုင်ငံသားအများစု၏ကျေနပ်နှစ်သက်မှု၊ ထောက်ခံမှုကိုရယူနိုင်ခဲ့ပေသည်။ (လူမဆန်သောလုပ်ရပ်များနှင့်ပက်သက်ပြီး ထောက်ပြဝေဖန်ဆန့်ကျင်ခဲ့ကြသူအစ္စရေးနိုင်ငံသား ၁၅%ခန့်သာ ရှိခဲ့သည်။)

ယခုလောက်ဆိုရင်တော့ ကျနော့်ဆောင်းပါးခေါင်းစဉ်ပါ Politicide လုပ်ခြင်းနှင်ပက်သက်၍ အကြမ်းဖျင်းတော့သဘောပေါက်မည် ထင်ပါသည်။ ထို့ကြောင့် ယခုဆောင်းပါးကို အဆုံးသတ်လိုပါသည်။ အစ္စရေးက ပါလက်စတိုင်းလူမျိုးများအပေါ် Politicide လုပ်လာခဲ့တာ အောင်မြင်မှုရပါသလားလို့ စာဖတ်သူများမေးချင်ကြမှာပါ။ ကျနော်လေ့လာကြည့်သလောက် အချက်အလက်များအရ လုံးဝမအောင်မြင် (သေး)ပါဟု ဖြေပါမည် ။ ဘာကြောင့် မအောင်မြင်ဘူးလို့ဖြေရသလဲဟု ထပ်မေးလာရင်တော့ နောက်ဆောင်းပါးတစ်စောင်ရေးပြီး ရှင်းမှသာ ဖြစ်နိုင်မည်။

မိမိတို့၏ ပြုမူဆောင်ရွက်ပုံများက ကမ္ဘာ့အလယ်တွင် မိမိတို့၏အမျိုးသားရေးဗီဇလက္ခဏာများ ဖြစ်လာပါလိမ့်မည်။ 
အင်္ဂလိပ်လူမျိုးများ၏ အမျိုးသားရေးဗီဇလက္ခဏာအဖြစ်  စည်းကမ်းကြီးခြင်း ၊ ကိုယ့်ကျင့်သိက္ခာစောင့်ထိန်းခြင်း ၊ အချိန်ကိုရိုသေလေးစားခြင်း ၊ ခံစားမှုထိန်းချုပ်နိုင်ခြင်း စသည့်ကောင်းခြင်းများကို ကမ္ဘာအရပ်ရပ်တွင်ပြောစမှတ်ပြုကြသည်။ ဂျပန်လူမျိုးများ၏အမျိုးသားရေးဗီဇလက္ခဏာအဖြစ် မိမိအလုပ်တာဝန်ကိုကျေပွန်အောင်ဆောင်ရွက်ကြသူများဟူ၍  ကမ္ဘာကျော်ခဲ့သည်။ အစ္စရေးလူမျိုးများ၏ဗီဇလက္ခဏာအဖြစ် အခက်အခဲကြားမှရုန်းကန်ရှင်သန်နိုင်ခြင်း၊ အပတ်တကုတ်ကြိုးစားဆောင်ရွက်တတ်ခြင်း စသည့်ကာင်းမွန်သည့်အမျိုးသားဗီဇလက္ခဏာများ ရှိလာခဲ့သော်လည်း ပါလက်စတိုင်းများနှင့်ပက်သက်၍ နိုင်ငံတကာအမြင်နှင့်ဆန့်ကျင်ကာ နှစ်ပေါင်းများစွာ မှားယွင်းသည့်လုပ်ရပ်များကို လူအများစုတသဘောတည်း ၀ိုင်းဝန်းကျူးလွန်ခဲ့သလိုဖြစ်ခဲ့တာကြောင့် လက်ရှိအချိန်တွင် အစ္စရေးလူမျိုးများ၏ဗီဇလက္ခဏာမှာ တကိုယ်ကောင်းဆန်ခြင်း၊ သူတပါးဥစ္စာပစ္စည်းများကိုအချောင်သိမ်းပိုက်လိုခြင်း၊ အတ္တကြီးခြင်း၊ ယုံကြည်စိတ်ချဖွယ်မရှိခြင်း စသည့်အမြင်ဆိုးများအဖြစ်ပြောင်းလဲလာတော့သည်။ 
အမုန်းကိုကျော်လွန်ပြီးမကြည့်နိုင်ပါက မည်သူကမှ ၀ါဒဖြန့်၊ မှိုင်းတိုက်နေစရာပင်မလိုဘဲ မိမိကိုယ်တိုင် အဖြစ်မှန်၊ အခြေအနေမှန်များကို မြင်နိုင်မည်မဟုတ်ပါ ။ ထို့ကြောင့် မိမိနိုင်ငံအတွင်းလုပ်ဆောင်နေသော Politicide လုပ်ရပ်များအပေါ် ပြည်သူများကအကောင်းမြင်ကာ မျှော်လင့်ချက်ထားနေပါက မိမိတို့အား နိုင်ငံတကာအမြင်တွင်လူသားမဆန်သူများ၊ အပြန်အလှန်စေ့စပ်ဆွေးနွေးမှု၊ အပြန်အလှန်ယုံကြည်မှု၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုစသည်တို့ကို နားမလည်သူများအဖြစ် အထင်သေးလာစေမည်။ ထို့ထက်ပိုဆိုးသည်မှာ Politicide လုပ်ခံရသောလူ့အဖွဲ့အစည်းအား အကြမ်းဖက်ကလပ်စည်းတစ်ခုဖြစ်လာစေရန် တွန်းပို့သလိုဖြစ်နေသောကြောင့် နောင်တချိန် မိမိနိုင်ငံတွင်းမှာရော၊ ဒေသတွင်းမှာပါ ငြိမ်းချမ်းရေးငှက်လေးသည်ပင် ကျည်ကာအကျီဝတ်ထားရသည့်အခြေအနေမျိုးနှင့် ကြုံတွေ့လာရနိုင်သည်ဟုထင်မြင်မိပါကြောင်း ပြောရင်း ဆောင်းပါးကို အဆုံးသတ်ပါသည်။
(ဦးဦး မှော်ဆရာ)2.11.2012
(ယူတာက)http://www.facebook.com/uu.mhawsayar
မှီငြမ်းစာရင်း -
A Brief Outline of the History of the Palestine-Israel Conflict
The Nakba: Ethnic cleansing and the birth of Israel
Politicide: Netanyahu the Impediment to Peace
Politicide : Ariel Sharon’s War Against the Palestinians by Baruch Kimmerling
Ƭнαиκƨ,

0 comments:

Post a Comment