Wednesday, November 28, 2012

မြို့တော်ခန်းမထက်ကအလံတော်(မောင်လှဝင်း-မြင်းခြံ) အပိုင်း၂

0 comments

ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှု အတွေ့အကြုံသင်ခန်းစာများ (၂) ယင်းရှေးဦးလူ့အဖွဲ့အ စည်းသည် ပြိုကွဲသွားခဲ့ရသည်။ ရှေးဦးဘုံအဖွဲ့အစည်းများပြိုကွဲသွားမှုနှင့်အတူ လူ့အဖွဲ့ အစည်းသည်လည်း အပိုင်းပိုင်းစတင်ပြိုကွဲတော့သည်။ ပုဂ္ဂလိကပိုင်ဆိုင်မှုစနစ် တစ တစ ဖြစ်တည်လာခြင်းသည် လူ့အဖွဲ့အစည်းအပိုင်းပိုင်းပြိုကွဲမှု၏အဓိကအကြောင်းရင်း ပင်ဖြစ်သည်။ နောက်ဆုံးတွင်မူ အပိုင်းလိုက်ပြိုကွဲသွားသောလူ့အဖွဲ့အစည်းသည် ရန်ဘက်လူတန်းစားများအဖြစ် ပြောင်းလဲဖြစ်တည်လာကြသည်။ ဤအချက်များကို ထပ်မံသိရှိလာသောအခါတွင် အိန်ဂယ်က လူသားသမိုင်းနှင့်ပတ်သက်၍ကြည့်မြင် ရာမှာ ပိုမိုရှင်းလင်းအောင်ထပ်မံဖြည့်စွက်ရေးသားလိုက်သည်။
“လူသားသမိုင်းတခုလုံး(မြေယာဘုံပိုင်ဆိုင်သည့် ရှေးဦးမျိုးရိုးတူအုပ်စုလူ့အဖွဲ့အစည်းပြိုကွဲသွားပြီးကတည်းက)သည် လူတန်းစားတိုက်ပွဲများ၏ သမိုင်း၊ သွေးစုပ်သူနှင့်သွေးစုပ်ခံများအကြားကအားပြိုင်မှု၊ အုပ်စိုးသူနှင့်အုပ်စိုးခံလူတန်းစားများ အကြားကအားပြိုင်မှုသာဖြစ်သည်” အလယ်ခေတ် လယ်ကျွန်များလူအဖွဲ့အစည်းတွင်းမှာ အစောဆုံးမြို့များပေါ်ထွက်လာခဲ့သည်။ ဘူး(Bourg)ဟု ခေါ်သောမြို့များဖြစ်သည်။ ဤအစောဆုံးမြို့များမှ လွတ်လပ်သောမြို့သားများပေါ်ထွက်လာခဲ့ပြန်သည်။ ဘူဇွာ(Bourgeois)ဆိုသူများဖြစ်သည်။ ဤမြို့သားများဆီမှ ဓနရှင်လူတန်းစား၏ ကနဦးအစိတ်အပိုင်းများ ဖြစ်ပေါ်တိုးပွားလာ ခဲ့သည်။

ပဒေသရာဇ်ခေတ် တနည်းပြောရလျှင် လယ်ကျွန်များကိုပိုင်သောအရှင်သခင်များ၏ခေတ်ကိုထိုးဖောက်ပြီး ပဒေသရာဇ်စက်မှုလုပ်ငန်းစနစ် ဖြစ်ထွန်းလာခဲ့သည်။ ၄င်း စနစ်မှာ လက်မှုလုပ်ငန်းအများပိုင်းနှင့် စက်မှုလုပ်ငန်းတစိတ်တပိုင်းပါဝင်သည့်ထုတ်လုပ်ရေးလုပ်ငန်းကိုဆိုလိုခြင်း ဖြစ်သည်။
ပဒေသရာဇ်စက်မှုလုပ်ငန်းသည် ဈေးကွက်၏ ကြီးထွားလာနေသောတောင်းဆိုမှုများကို ဖြည့်ဆည်းမပေးနိုင်တော့သည့် အခြေအနေသို့ဆိုက်ရောက်လာခဲ့ပြန်သည်။ ပဒေသရာဇ်စက်မှုလုပ်ငန်း၏နေရာတွင် စက်မှုလက်မှုလုပ်ခင်းစနစ်က အစားထိုးဝင်ရောက်လာရသည်။ အမေရိကတိုက်ကိုရှာဖွေတွေ့ရှိမှုနှင့်…အာဖရိကတိုက်ကိုကွေ့ပတ်ပြီး အာရှနိုင်ငံများသို့သွားသောလမ်းခရီးကိုရှာဖွေတွေ့ရှိမှုသည် ထွန်းသစ်စဓနရှင်လူတန်းစားအတွက် စားကျက်သစ် ဖွင့်လှစ်ပေးလိုက်ခြင်းပင်ဖြစ်သည်။ အရှေ့အိန္ဒိယနှင့်တရုတ်ပြည်တို့မှာ ဈေးကွက်သစ်များဖြစ်လာခဲ့ကြသည်။ ထိုအချိန်တွင်ပင် အမေရိကတိုက်အားကိုလိုနီအဖြစ်သွတ်သွင်းခဲ့ခြင်းဖြစ်သည်။
ကိုလိုနီနိုင်ငံများနှင့် ကုန်ဖလှယ်ရေးနည်းလမ်းသစ်များအပြင် ကုန်စည်အရေအတွက် ယေဘုယျတိုးများလာမှုတို့က ကူးသန်းရောင်းဝယ်ရေး၊ ပင်လယ်ခရီးသွားလာရေးနှင့်စက်မှုလုပ်ငန်းတို့ကို မကြုံစဖူးသောအတိုင်းအတာဖြင့် တွန်းအားပေးလိုက်သည်။ ဈေးကွက်များကဆက်လက် ဖြစ်ပေါ်တိုးပွားနေသည်။ ဈေးကွက်၏တောင်းဆိုမှုများကလည်း

မြင့်တက်လာနေသည်။ ယင်းတောင်းဆိုချက်များကို စက်မှုလက်မှုလုပ်ခင်း စနစ်ကပင်လျှင် ဆက်လက်ဖြည့်ဆည်းပေးနိုင်ခြင်းမရှိတော့ပါ။ ထိုအခါတွင် ရေနွေးငွေ့နှင့်လည်ပတ်သောစက်ကိရိယာတို့က စက်မှုတော်လှန်ရေးကို တော်လှန်ပြောင်းလဲစေခဲ့သည်။ ဒါကို စက်မှုတော်လှန်ရေးဟု ခေါ်ခဲ့ကြခြင်းပင်ဖြစ်၏။ စက်မှုလက်မှုလုပ်ခင်းနေရာမှာ အကြီးစားခေတ်မီစက်မှုလုပ်ငန်းကနေရာဝင်ယူလိုက်သည်။ (၁၇၅ဝ-၁၇၆ဝ)နှစ်များက စတင်ခဲ့ခြင်းဖြစ်သည်။ စက်မှုလက်မှုလုပ်ငန်းရှင် အလယ်အလတ်လူတန်းစား၏နေရာကို စက်မှုတပ်မတော်တခုလုံးအားခေါင်းဆောင်သူ- စက်မှုလုပ်ငန်းသန်းကြွယ်သူဌေးကြီးများဖြစ်ကြသည့်ခေတ်သစ်ဓနရှင်လူတန်းစားက ဝင်ရောက်နေရာယူလိုက်သည်။ စက်မှုလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေးနှင့်မီးရထားလမ်းများ ချဲ့ထွင်လာသည့်အချိုးအစားအတိုင်း ဓနရှင်လူတန်းစားက ဆက်လက်ကြီးထွားလာသည်။ ဓနရှင်တို့၏အရင်းအနှီးတိုးပွားလာသည်။ သည်အခါ ဓနရှင်လူတန်းစားက အလယ်ခေတ်မှကြွင်းကျန်နေသေးသည့်လူတန်းစားများမှန်သမျှတို့ကို နောက်တန်းသို့ဖယ်ထုတ်ပစ်လိုက်သည်။ ဓနရှင်လူတန်းစား၏ဖြစ်ပေါ်တိုးပွားမှုခြေလှမ်းတိုင်းမှာ (၄င်းနှင့်လျော်ညီသည့်)ယင်းလူတန်းစား၏နိုင်ငံရေး တက်လှမ်းမှုသည်လည်း အတူယှဉ်တွဲလိုက်ပါလာခဲ့သည်။ ပဒေသရာဇ်ခေတ်တုန်းကဆိုလျှင် သူသည်လည်း( ယင်းဓနရှင် လူတန်းစားကိုဆိုလိုသည်)အဖိနှိပ်ခံလူတန်းစားထဲမှာပါခဲ့သည်ဖြစ်၏။ သို့ရာတွင် ခေတ်သစ်စက်မှုလုပ်ငန်းကြီးနှင့် ကမ္ဘာ့ဈေးကွက်ကိုတည်ထောင်လိုက်သည့်အချိန်ကစပြီး ဓနရှင်လူတန်းစားသည် “ခေတ်သစ်ကိုယ်စားလှယ် စနစ်နိုင်ငံတော်”မှာ နိုင်ငံရေးစိုးမိုးမှုကိုတဦးတည်းပိုင်အဖြစ်သိမ်းပိုက်လိုက်ပါတော့သည်။
ဥရောပတိုက်တွင် ပထမဆုံးသောအရင်းရှင်နိုင်ငံအဖြစ်ပေါ်ထွက်လာသူမှာ အီတလီဖြစ်သည်။ သို့ရာတွင် ဤသို့သော နိုင်ငံရေးသိမ်းပိုက်စိုးမိုးမှုတို့မှာ လွယ်ကူချောမွေ့စွာဖြစ်ပေါ်လာခဲ့ခြင်းမဟုတ်ပါ။ ပြင်းထန်သည်းသန်လှသော လူတန်းစားတိုက်ပွဲတွေအများကြီး ဖြတ်သန်းဆင်နွဲခဲ့ရပါသည်။ တိုက်ခိုက်ခဲ့ရပါသည်။ သွေးထွက်သံယိုအရေးအခင်းကြီးတွေ အများကြီးဖြစ်ခဲ့ပါသည်။ အခြားတဖက်တွင်လည်း အရင်းရှင်စနစ်သည် မိမိတို့အမြတ်ရရှိစေရေးအတွက် ပစ္စည်းမဲ့လူတန်းစားကိုမွေးဖွားပေးခဲ့ရသည်။ ဓနရှင်လူတန်းစားတည်ရှိမှုနှင့်စိုးမိုးမှုတို့၏အရင်းခံအကြောင်းရင်းမှာ အရင်းအနှီးဖြစ်တည်လာခြင်းနှင့်တိုးပွားလာခြင်းပင် ဖြစ်သည်။ အရင်းအနှီးတည်ရှိခြင်း၏ အဓိကအကြောင်းအချက်တခုမှာ အခစားအလုပ်ပင်ဖြစ်သည်။ ၄င်းအခစားအလုပ်ကိုလုပ်ကိုင်ရသူများမှာ ပစ္စည်းမဲ့များဖြစ်သည်။
အလယ်အလတ်လူတန်းစားအောက်လွှာများဖြစ်ကြသည့် (Lower Middle Class) လုပ်ငန်းပိုင်ရှင်ကလေးများ၊ ဆိုင်ရှင်ကလေးများ၊ လုပ်ငန်းမှအနားယူသွားကြသည့် လုပ်ငန်းပိုင်ရှင်အားလုံးနီးပါး၊ လက်မှုပညာသည်များ၊ လယ်သမားများ…စသည်တို့သည် အခစားအလုပ်အတွင်းသို့ဝင်ရောက်ခဲ့ကြရသည်။ ပစ္စည်းမဲ့လူတန်းစားအတွင်းသို့ တစတစ သက်ဆင်းဝင်ရောက်သွားခဲ့ကြသည်။
ဤသို့ဖြင့် ပစ္စည်းမဲ့လူတန်းစားသည် လူတန်းစားအားလုံးအတွင်းမှလူများကို သူ့တပ်ဖွဲ့၏တပ်သားသစ်များအဖြစ် စုဆောင်းရယူလိုက်ခြင်းဖြစ် သည်။ ဓနရှင်လူတန်းစားသည် ဤနည်းဖြင့်ပစ္စည်းမဲ့လူတန်းစားကိုဖြစ်ပေါ်ကြီးထွားစေခဲ့ခြင်းသည် မိမိတို့(ဓနရှင်စနစ်နှင့်အရင်းရှင်စနစ်)တို့အား မြေမြှုပ်သင်္ဂြီုဟ်မည့်သူများကို မိမိတို့ကိုယ်တိုင်မွေးဖွားပေးလိုက်ခြင်းပင်ဖြစ်သည်။
ဤနေရာတွင် အခြားသောသတိပြုစရာအချက်တခုလည်းရှိသေးသည်။ ဓနရှင်လူတန်းစားသည် သူဖြတ်သန်းလာခဲ့ရသောခေတ် ကာလတလျှောက်လုံးတွင် (ပဒေသရာဇ်ဆန့်ကျင်ရေးတိုက်ပွဲ၊သည့်အပြင် ခေတ်နောက်ကျသောလူတန်းစားများနှင့် ၄င်းတို့၏အယူအဆများကိုတွန်းလှန်ဖြိုဖျက်ရာတွင်) အလွန်တော်လှန်သောအခန်းမှပါဝင်လာခဲ့ခြင်းပင် ဖြစ်သည်။
သူ တိုက်ခိုက်ခဲ့ရသည့်တိုက်ပွဲတွေကလည်း များမှများလှ၏။
ပဒေသရာဇ်လူတန်းစားနှင့် ပွဲဦးထွက်တိုက်ခဲ့ရသည်။ မြေရှင်များနှင့်ချိတ်ဆက်ထားသောဘာသာရေးဂိုဏ်းများနှင့်တိုက်ခိုက်နိုင်ဖို့ အမျိုးသားဘုရင်စနစ်ကိုထောက်ခံခဲ့ရသည်။ အကျိုးစီးပွားချင်းအတိုက်အခံဖြစ်နေသော နိုင်ငံခြားတိုင်းပြည်များမှ ဓနရှင်လူတန်းစားကိုလည်းတိုက်ခဲ့ရသည်။ ဤတိုက်ပွဲများတွင် ဓနရှင်လူတန်းစားသည် မလွှဲမရှောင်သာ ပစ္စည်းမဲ့လူတန်းစားထံမှအကူအညီကို တောင်းခံရယူခဲ့ရသည်။ ဤနည်းဖြင့် ပစ္စည်းမဲ့လူတန်းစားကို နိုင်ငံရေးနယ်ပယ်တွင်းသို့ သူကိုယ်တိုင်ဆွဲသွင်းပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဓနရှင်လူတန်းစားကိုယ်တိုင်က သူ၏ကိုယ်ပိုင်နိုင်ငံရေးနှင့်ကိုယ်ပိုင် အတတ်ပညာများကို (ဆိုလိုသည်မှာ ဓနရှင်လူတန်းစားအား ပြန်လည်တိုက်ခိုက်စေမည့် လက်နက်များကို)ပစ္စည်းမဲ့လူတန်းစားလက်တွင်းသို့ ကိုယ်တိုင်ကိုယ်ကျပေးအပ်ခဲ့ခြင်းဖြစ်သည်။
ဤအကြောင်းအချက်များမှာ ဥရောပဓနရှင်လူတန်းစားဖြစ်တည်လာမှု၏ ကောက်ကြောင်းခဲခြစ်ရာပုံကြမ်းပင်ဖြစ်သည်။ ဤအကြောင်းအချက်များထဲမှ အထူးသတိပြုမှတ်သားသင့်သောအချက်မှာ ဓနရှင်လူတန်းစားအာဏာရယူရေးဖြစ်သော ဓနရှင်တော်လှန်ရေးများတွင် ပစ္စည်းမဲ့လူတန်းစားက ပါဝင်ကူညီတိုက်ခိုက်ပေးခဲ့ရခြင်းဆိုသည့်အချက်ပင် ဖြစ်သည်။ ဥရောပတိုက်မှ အနီးခေတ်ဓနရှင်တော်လှန်ရေးများကိုလေ့လာကြည့်ပါက အီတလီ၊ ဂျာမဏီနှင့်သြစတီးရီးယား စသည့်တိုင်းပြည်များတွင် အလုပ်သမားများသည် အစကတည်းက ဓနရှင်လူတန်းစားအာဏာရရှိရေးအတွက် အလုပ်အကျွေးပြုလာခဲ့ရကြောင်းတွေ့ရသည်။ ပဲရစ်အလုပ်သမားလူတန်းစားကသာလျှင် အစိုးရကိုဖြိုချသည်နှင့်တပါတည်း ဓနရှင်လူတန်းစားအုပ်စိုးမှုကိုလည်းဖြိုချရန် အလွန်ရှင်းလင်းတိကျသည့်ရည်ရွယ်ချက်ရှိခဲ့ပါသည်။ လူတန်းစားတိုက် ပွဲများသမိုင်းကလေ့လာမည်ဆိုပါက အနီးခေတ် ပြင်သစ်ပြည်လူတန်းစားတိုက်ပွဲများကို မည်သို့မျှရှောင်ရှားကျော်လွှားသွားရနမဖြစ်နိုင်ပါ။ အထူးပြုလေ့လာရန် ပို၍ပင်လိုအပ်ပါသည်။

မာ့က်စ်ဝါဒ စတင်မြစ်ဖျားခံရာ ရင်းမြစ်ဒေသ(၃) ခု ရှိပါသည်။ ရေသောက်မြစ်သုံးသွယ်ဟုလည်း ဆိုကြပါသည်။ ဂျာမန်စံတင်အဘိဓမ္မာ၊ အင်္ဂလိပ်နိုင်ငံရေးဘောဂဗေဒနှင့် ပြင်သစ်ဆိုရှယ်လစ်ဝါဒဟူ၍ အကြမ်းအားဖြင့်နားလည်ကြပါသည်။ ဤရေသောက်မြစ်သုံးသွယ်မှ ပြင်သစ်ဆိုရှယ်လစ်ဝါဒဆိုသည်မှာ ပြင်သစ်ပြည်လူတန်းစားတိုက်ပွဲများ၏အသီးအပွင့်တခုဖြစ်ပါသည်။ ဆိုရှယ်လစ်စနစ်တည်ဆောက်မည့် ကွန်မြူနစ်များ၏သဘောတရားရေးနိဂုံးချုပ်ချက်များသည် ဘယ်က ရရှိလာခဲ့ပါသနည်း။ ထိုထိုဤဤပုဂ္ဂိုလ်များတီထွင်ဖန်တီးခဲ့သော (သို့မဟုတ်) ရှာဖွေတွေ့ရှိခဲ့သောအယူအဆများ၊ မူများအပေါ်မှာမှီခိုခြင်းသက်သက်အဖြစ် အခြေခံခဲ့သည်မဟုတ်ပါ။ လူတန်းစားတိုက်ပွဲများနှင့်သမိုင်းလှုပ်ရှားမှုများ၏ လက်တွေ့ဖြစ်ရပ်မှန်အပေါ်မှာသာအခြေခံခဲ့ခြင်းဖြစ်ပါသည်။ ပြင်သစ်ပြည်တွင် ပဒေသရာဇ်စနစ်၊ လယ်ကျွန်စနစ်ယိုယွင်းလာမှုနှင့်အတူပေါ်ထွက်လာခဲ့သော တော်လှန်ရေးမုန်တိုင်းများက
“လူတန်းစားတိုက်ပွဲသည် ဖြစ်ပေါ်တိုးပွားမှုဖြစ်စဉ်တရပ်လုံး၏အုတ်မြစ်နှင့်တွန်းအားဖြစ်ကြောင်း”ပိုမိုရှင်းလင်းအောင် သက်သေထူခဲ့ပါသည်။
·            ·            ·            ·            ·
(၁၈၄၈)ခုနှစ် ပတ်ဝန်းကျင်တဝိုက်တုန်းက(မာ့က်စ်နှင့်အိန်ဂယ်တို့လက်ထက်တုန်းက) သမိုင်းခေတ်များနှင့်ပတ်သက်၍ ခွဲခြမ်းစိတ်ဖြာရာတွင် ရှေးခေတ်၊ အလယ်ခေတ်နှင့်ခေတ်သစ်ဟူ၍ ပိုင်းခြားသတ်မှတ်မှုတရပ်ရှိခဲ့ပါသည်။ အလယ်ခေတ်ကို ခရစ်သက္ကရာဇ် (၁ဝဝဝ)ခုနှစ်မှသည် (၁၄ဝဝ)ခုနှစ်အထိဟုသတ်မှတ်ခဲ့သည်။ ခေတ်သစ်ဟူသည်မှာ ကာလအပိုင်းအခြား၏ အဓိပ္ပာယ်ကိုသာဆိုလိုခြင်းဖြစ်သည်။ (၁၄)ရာစု နောက်ပိုင်း ဥရောပတိုက်တွင် ပဒေသရာဇ်လယ်ကျွန်စနစ်ကို တွန်းလှန်သည့်တော်လှန်ရေးများနှင့်အတူ အရင်းရှင်စီးပွားရေးစနစ် ပေါ်ထွန်းလာသည့်ခေတ်ကာလစတင်သည်ဟု သတ်မှတ်ပါသည်။ ဥရောပတိုက်၏အနီးခေတ်သမိုင်းဆိုသည်မှာလည်း ထိုကာလမှ ယေဘုယျအားဖြင့် စတင်သတ်မှတ်လေ့ရှိပါသည်။ ဥရောပတိုက်အရင်းရှင်စနစ်ခေတ်ထမှုကာလမှ စတင်သည်ဟုလည်းဆိုနိုင်သည်။ (၁၄)ရာစုနှင့်(၁၅) ရာစု ခေတ်ကာလများဖြစ်ပါသည်။ ပြင်သစ်ပြည်အနီ်းခေတ်သမိုင်း၏အရေးအပါဆုံး သမိုင်းဖြစ်ရပ်များမှာ မိုးသက်မုန်တိုင်းများပမာ အရှိန်အဟုန်နှင့်ရိုက်ခတ်ခဲ့ကြသော တော်လှန်ရေးများပင်ဖြစ်သည်။ အထင်ရှားဆုံးမှာ (၁၇၈၉)ခုနှစ် ပြင်သစ်ဓနရှင်တော်လှန်ရေး၊ (၁၈၄၈)ခုနှစ် ပြင်သစ်တော်လှန်ရေးများမှသည် လူဝီဘိုနာပတ်၏ ဒုတိယလ တစ်ဆယ့်ရှစ်ရက်နေ့၊ (၁၈၇၁)ခုနှစ် ပဲရစ်ဘုံအဖွဲ့…စသည်တို့ဖြစ်သည်။ ဤတော်လှန်ရေးများနှင့်စပ်လျဉ်းသော မာ့က်စ် နှင့်အိန်ဂယ်တို့၏မှတ်ချက်များကို လေ့လာကြည့်ပါ။
(ဒီစာတမ်းကိုအပိုင်း ဆယ်ပိုင်းခွဲထားတာတွေ့ရပါတယ်။ စာမျက်နှာအနေနဲ့ ၆ဝ လောက်ရှိပါတယ်။ အကုန်လုံးတချိန်တည်းတင်မရတာရယ်၊ ဖတ်သူအနေနဲ့ နားနားဖတ် ပြန်ပြန်တွေးဖို့အချိန်လိုမယ်လို့ယူဆတာရယ်ကြောင့် တစ်ကြိမ်တင် ၂ မျက်နှာနှုန်းနဲ့ အကြိမ် ၃ဝ ခွဲတင်မယ်တွေးမိပါတယ်။ လူ့သမိုင်းမှာရှောင်လို့မရတဲ့ရုန်းကန်ရင်ဆိုင်ရမှုတွေအကြောင်း လေ့လာတယ်ဆိုတာကိစ္စကောင်းဖြစ်သလို၊ ကိုယ်တိုင်“ဆိုင်”ရမယ့် အခါမှာလည်း အတွေးအခေါ်အရ၊ လုပ်ဟန်နည်းနာအရ၊ လက်တွေ့အရပြင်ဖို့ အထောက်အမဖြစ်ဖို ရည်ရွယ်ပါတယ်။ (မျိုးမြင့်ချို)

0 comments:

Post a Comment