ပုဇွန့်ခေါင်းနန်းကျပေါက်ကောင်...ဆိုတဲ့ ကျနော့်အဆိုအပေါ် သိမြင်နားလည်ပုံနဲ့ကောက်ယူပုံ
မတူတဲ့ထောင့်တွေကိုဖေ့စ်ဘွတ်ခ်က ကွန်မန့်တွေမှာမြင်ရမှာပါ။ အလွန့်ကိုတန်ဖိုးရှိပြီး အကျိုးလည်းများတဲ့ အပြင်
ကိုယ့်အတွေးသူများကိုချပြခွင့်ရသလို၊ သူ့အတွေးနဲ့ဖလှယ်ခွင့် ရကြတာမို့
တယောက်နဲ့ယောက် အပြန်အလှန်ကျေးဇူးပြုကြတဲ့ သဘောပါပဲ။ ရေးသူတိုင်းရဲ့တစ်ဦးခြင်း
သဘောထားဆိုင်ရာလွတ်လပ် မှုမို့ ဘာမှပြောစရာမရှိပါဘူး။ ကျနော့် မူလစာမှာ အသုံးအနှုံးအရ (ကိုင်းဖျားကိုင်းနား)ဆိုတာကို နည်းနည်းလေးဖြည်ဖြည်ဖြန့်ဖြန့် ပြန်ပြောပါရစေ။ ကျနော့်ဆိုလိုချက်ကို
နားလည်ရာမှာအထောက်အပံ့ ဖြစ်စေဖို့ရည်ရွယ်ပါတယ်။ ဒီလိုပါ။ ၁၉၅၈ ကနေစလို့ အာဏာအရသာ ကို
မြည်းစမ်းခွင့်ရခဲ့တဲ့စစ်အုပ်စုဟာ ၁၉၆၂ မှာ စစ်အာဏာကိုဗြောင်ထူထောင်ပြီး စစ်အာရှင်စနစ်၊
စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တယားကြီးကို ခုတ်မောင်းလာလိုက်တာ တိုင်းပြည်ဟာ ခုချိန်ထိလည်း
စစ်တပိုင်းအာဏာနဲ့ စစ်လက်ဝါးကြီးအုပ်စီးပွားရေး(ခရိုနီစီးပွားရေးများအပါအဝင်)
စစ်လောင်းရိပ်မှာပဲ ရှိနေပါသေးတယ်။ ဒါကို ကျနော်က အတိုဆုံးချုပ်ပြီး “စစ်အုပ်စုတခုလုံးရဲ့အကျိုးစီးပွား”“စစ်အုပ်စုကြီး တစ်ခုလုံး” စတဲ့ဝေါဟာရတွေနဲ့ ထင်ဟပ်ယူတာပါ။
စစ်အုပ်စုတစုလုံးဆိုရာမှာ ဗိုလ်နေဝင်းကနေ ခု (ဗိုလ်)ဦးသိန်းစိန်၊
ဗိုလ်မင်းအောင်လှိုင်တို့အထိ ဓါးမိုးပြီးပိုးမွေးသလိုမွေးထားတဲ့ “စစ်နန်းဆက်”ကို ရည်ညွှန်းပါတယ်။
စစ်အကျိုးစီးပွားဆိုရာမှာ BEDC, DSI ကနေ ခုနောက်ဆုံး “ဦးပိုင်” အထိဖြစ်ပါတယ်။
အဲဒီအာဏာနဲ့အကျိုးစီးပွားဆိုတာနဲ့ယှဉ်ရင် (ဗိုလ်)ခင်ညွန့်လိုလူလောက်မပြောနဲ့ စစ်နန်းဆက်ထူထောင် သူနဲ့စစ်ဘုရင်ကြီးဗိုလ်နေဝင်း၊
အဆင့်ဆင့်ဆက်ခံလာသူဗိုလ်စောမောင် (နံပတ်ဝမ်းမဟုတ်ပေမယ့်
ဝမ်းနီးနီးဓါးထက်ခဲ့သူတွေ၊ လုပ်ဖော်ကိုင်ဘက် ကြံဖော်ကြံဘက်တွေကိုပြန်ချတာ၊
ဖြုတ်ထုတ်ရှင်း တာတွေ ပြောနေရင် စာရှည်မစိုးလို့ချန်ခဲ့ရတာပါ) တို့တောင်အချိုင်ခံရပါတယ်။ “ပင်စည်ပင်မ”က စစ်အုပ်စုတစ်စုလုံးရဲ့အကျိုးစီးပွားဖြစ်ပါတယ်။
လူက “အကိုင်းအခက်”သာဖြစ်ပါတယ်။
အကိုင်းအခက်မှာမှ ဗိုလ်သန်းရွှေနဲ့ယှဉ်တော့ (ဗိုလ်)ခင်ညွန့်က “ကိုင်းဖျားကိုင်းနား”ပါ။
ဗိုလ်သန်းရွှေကနတ်နေကိုင်းပါ။ ဗိုလ်စောမောင်က နတ်နေကိုင်းပါ။ နတ်နေကိုင်း (ချန်)ဖို့
ကိုင်းဖျားကိုင်းနားတွေကို (ချိုင်)ရပါတယ်။ ဒါတောင် တစုံလုံးတစ်စုလုံးအကျိုးစီးပွားနဲ့ယှဉ်ရင်
တခါတလေမှာ နတ်နေကိုင်းပါအချိုင်ခံထိပါတယ်။ ဗိုလ်စောမောင်အဖြစ်ဟာ နတ်နေကိုင်းအချိုင်ခံထိတဲ့ အဖြစ်ပါ။
ပြန်ရှာဖတ်ရင် သူ့ဇနီးပြောခဲ့တာတွေနဲ့ ဦးအောင်လင်းထွဋ်တို့ပြောတာတွေမှာ
တွေ့ရမှာပါ။ ဒါ့ကြောင့် တစ်စုံလုံးတစ်စုလုံးအကျိုးစီးပွား (စစ်အာဏာနဲ့စစ်စီးပွား)ဟာ
ပင်စည်ပင်မပါ။ ထိပ်ဆုံးက နံပတ်ဝမ်းဟာ နတ်နေကိုင်းပါ။ Policy Maker ပါ Decision
Maker ပါ။ (ဗိုလ်)ခင်ညွန့်တို့တတွေ က ပေါ်လစီတွေ၊
ဆုံးဖြတ်ချက်တွေကိုတက်တက်ကြွကြွ
စိတ်လိုလက်ရအကောင်အထည်ဖော်ရတာပါ။ အကိုင်းအခက်တွေ
ကိုင်းဖျားကိုင်းနားတွေပါ။ ဒါ့ကြောင့်မို့ ဒီဝေါရဟာရကို ရွေးသုံးရတာဖြစ်ပါတယ်။
နောက်ထပ် ကျနော့်အဆိုတခုကို ထပ်ပြီးတင်ပါ့မယ်။ အဲဒါကတော့ သိတ်မကြာခင်ကာလမှာ(ဗိုလ်) ခင်ညွန့်နဲ့စစ်ထောက်လှမ်းရေးများ၏
လူမဆန်သောရက်စက်မှုများစတဲ့သဘောမျိုး ခေါင်းစဉ်မျိုးနဲ့စာအုပ် (တွေ)ဖတ်ရတော့မယ်လို့ ထင်ပါတယ်။
(ဗိုလ်)ခင်ညွန့်ကို ကိုင်ပြီးနောက် တပ်ထဲမှာပြန်ရှင်းခဲ့တာတွေ ကတော့ လျှို့ဝှက်ဖိုင်လ်တွေအနေနဲ့
ရှိနေလောက်ပါတယ်။ ရှိကိုရှိနေရမှာလည်းဖြစ်ပါတယ်။ ခုလိုစာအုပ် သူတို့ကိုယ်တိုင်ထုတ်တော့
ဒါမှဟုတ် ထုတ်ခွင့်ပေးပြီးတော့ (ဗိုလ်)ခင်ညွန့်နဲ့(ကကလှမ်း)တွေလုပ်တာ
တို့နဲ့မဆိုင်ဆိုပြီးကိုယ်လွတ်ရုန်းမယ့်အကွက်ရော (ဗိုလ်)ခင်ညွန့်အပုတ်ချပွဲရော
တစ်ချက်ခုတ်နှစ် ချက်ပြတ်ဖြစ်သွားမယ်လို့တွက်ပြီးလုပ်မယ်တွေးမိပါတယ်။ ဒါပေမယ့် သေချာမှ၊
သေချာချိန်မှစေ့စေ့စပ် ထုတ်မယ်၊ လုပ်မယ်ထင်ပါတယ်။ အဲ့ စာအုပ်ထုတ်တဲ့နေရာမလည်း
သူတို့ကိုယ်တိုင်ရေးတာ၊ ထုတ်တာ ထက် (ဗိုလ်)ခင်ညွန့်ဒဏ် (တိုက်ရိုက်)ခံခဲ့ရသူတွေကို
ရေးခွင့်ထုတ်ခွင့်ပေးတာက ပိုဖြစ်နိုင်ချေရှိပါတယ်။ ဒါက အမြင်ပိုလှသလို ပိုလည်းထိရောက်ပါတယ်။
အဲသလို ထုတ်မယ်၊ ထုတ်ခွင့်ပေးမယ်ဆို၊ ရေး ကြဟေ့ပြောကြဟေ့ဆို ရေးကြပြောကြမယ့်သူတွေများသလို
ထုတ်ဝေချင်ကြမယ့်သူတွေလည်း နည်းလှမယ်မထင်ပါဘူး။ ရေးမယ့်ပြောမယ့်၊ ထုတ်ဝေမယ့်သူတွေလက်ထဲက ရှိနှင့်ပြီးသားအချက် အလက်တွေ၊ ကိုယ်တိုင်ကြုံအဖြစ်သနစ်တွေအားလုံး တိတိကျကျထွက်ချလာမှာပါ။
ဖတ်ကြရမှာပါ။ ဒါ့အပြင် စစ်အုပ်စုဘက်ကလည်း ရေးမယ့်ပြောမယ့် ထုတ်ဝေမယ့်သူတွေလက်ထဲ
မသိမသာရော သိသိသာသာရော လျှို့ဝှက်မှတ်တမ်းတွေ၊ ဖိုင်လ်တွေပေါက်ကြားပေးမှာပါ။
ပေါက်ကြားပေးတဲ့သူလည်း အပြစ်ယူမခံရတဲ့အပြင်
သူကောင်းတောင်အပြုခံရဦးမယ်ထင်ပါရဲ့ဗျား။ သတိပြုမိတာက တစ်နွယ်ငင်လာမှာ၊ ပုတ်သင်ဥပေါ်လာမှာ၊
မြားဦးလည်လာမှာ၊ ပတ်ထမ်းနဲ့တွေ့မှာမျိုးတွေရှိနေသေးတယ် ဆိုရင်တော့ နှပ်ထားဦးမှာပါ။
အောင်ကြီးတို့ နေဝင်းတို့ စိန်လွင်တို့ သေသာသွားရော သမဂ္ဂအဆောက်အဦးဖြိုတဲ့ တရားခံပေါ်မလာပါဘူး။
ဖွင့်ဟဝန်ခံသွားတာမရှိပါဘူး။ အခု ဒီ အမြင်အပေါ်မှာလည်း ဝိုင်းဝန်းဆွေးနွေး
ထောက်ပြဝေဘန်ကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျား။ (မျိုးမြင့်ချို)
0 comments:
Post a Comment