အာဆီယံ (သို့မဟုတ်) တရုတ်နှင့်
အမေရိကန်တို့၏သတ်ကွင်း-အပိုင်း ၂ (မြန်မာကျူးပစ်ဖိုရမ်မှ
ဆောင်းပါးဖြစ်ပါတယ်)- အမေရိကန်နဲ့အာဆီယံ.............
စစ်အေးခေတ် အထူးသဖြင့် အင်ဒိုချိုင်းနားစစ်ပွဲကာလက
အမေရိကန်ရဲ့မဟာမိတ်အရင်းကြီးတွေအဖြစ် အမေရိကန်ကိုမှီခိုရင်း အမေရိကန်ရဲ့ အထောက်အပံ့ကိုအခြေခံရင်းနဲ့
ကြီးပွားတာလာတဲ့အာဆီယံနိုင်ငံတွေမှာ စီးပွားရေးလုပ်ဖို့ အမေရိကန်တွေရဲ့စိတ်ဝင်စားမှုဟာ
ရီဂင်အစိုးရနောက်ဆုံးပိုင်းကာလတွေမှာ ကျဆင်းခဲ့ပါတယ်။
အမေရိကန်ဟာ အာဆီယံထက် စစ်အေးအပြီးမှာ
အိပ်ယာကထပြီးတံခါးဖွင့်လာတဲ့အရှေ့ဥရောပနဲ့ ရုရှားအပေါ်မှာပိုစိတ်ဝင်စားခဲ့တယ်၊ အထူး
သဖြင့် ကုန်ပစ္စည်းထုတ်လုပ်ရောင်းချရေးထက် ဝန်ဆောင်မှုကိုအဓိကထားတဲ့စီးပွားရေးပုံစံမျိုး
အမေရိကန်တွေရွေးချယ်လာချိန်မှာ အာဆီယံ ဟာ အမေရိကန်ရဲ့တန်းစီဇယားရဲ့အောက်ဘက်ကို
ရောက်သွားပါတယ်။ ကလင်တန်လက်ထက် တရုတ်နဲ့အိန္ဒိယတို့ တံခါးတွေဟင်း လင်းဖြစ် အောင်ဖွင့်လိုက်ကြတဲ့အခါမှာလည်း
အမေရိကန်တွေရဲ့အာရုံစိုက်မှုက အာဆီယံကိုကျော်ပြီး အရှေ့ဖျားနဲ့အိန္ဒိယဆီပဲ
ရောက်သွားပါတယ်။
- တချိန်က ဂျပန်နဲ့အာဆီယံ
တကယ်တန်းပြောရင် ၈၀
ပြည့်လွန်နှစ်တွေကတည်းက အမေရိကန်ထက်အဖိုးချိုပြီး ပေါ့ပါးလှပတဲ့ဂျပန်ထုတ်ကုန်တွေကြောင့်
အမေရိကန်တို့ အာဆီယံကိုလက်လွတ်နေရပါပြီ၊ နောက်ပိုင်းမှာ ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးဂျပန်ဟာ
ဒီဒေသရဲ့စီးပွားရေးကို ထိန်းချုပ်ထားလိုက်နိုင် ပါတယ်။ အာဆီယံနိုင်ငံတွေဟာ အမေရိကန်ရဲ့ထီးရိပ်အောက်ကနေပဲ
ဂျပန်နဲ့ပေါင်းပြီး ကျားပေါက်ကလေးတွေဖြစ်လာပါတယ်၊ နောက်ပိုင်းမှာ သူ့အရင် ဂျပန်ကျေးဇူးနဲ့
ကျားတွေဖြစ်ခဲ့ကြတဲ့တောင်ကိုးရီးယား တိုင်ဝမ်နဲ့ဟောင်ကောင်တွေနဲ့ ဆက်သွယ်လာခဲ့ကြတယ်။
ဒီလိုနဲ့ အာဆီယံဟာ အမေရိကန်ရဲ့အမေ့ခံဖြစ်လာတယ်။
စီးပွားရေးအရလွှမ်းမိုးမှုဟာ နိုင်ငံရေးအရလွှမ်းမိုးမှုကိုလည်း
ဖြစ်စေပါတယ်။ ဒီလိုနဲ့ အာဆီယံဒေသအတွက် ဂျပန်ဟာ အမေရိကန်ထက် ပိုပြီး အရေးပါလာပါတယ်။
ကမ္ဘောဒီးယားပြည်တွင်းစစ်ရပ်စဲရေးနဲ့ အရှေ့တီမောပြဿနာ စတဲ့အရေးကိစ္စတွေမှာ ဂျပန်ဟာအမေရိကန်ထက်
ပိုပြီး ပြောရေးဆိုခွင့် ရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကိုရှုံးခဲ့ပြီး ကိုယ်တိုင်စစ်အင်အားတည်ဆောက်ခွင့်မရှိတဲ့ဂျပန်ဟာ
သူကိုယ်တိုင်က အမေရိကန်ရဲ့ သြဇာခံဘဝနဲ့နေရတဲ့သူပါ၊ ဒါကြောင့် အာဆီယံကိုသြဇာလွှမ်းမိုးခဲ့တယ်ဆိုတာ
စီးပွားရေးအင်အားတစ်ခုတည်းအပေါ်မှာပဲ မှီတည်ခဲ့ပါတယ်။
- တရုတ်၏လွှမ်းမိုးမှု
အားလုံးသိတဲ့အတိုင်း (၉၀) ပြည့်လွန်နှစ်တွေကစပြီး
ဂျပန်ရဲ့စီးပွားရေးစန်းတွေ လျှော့ကျလာပါတယ်၊ ဂျပန်တပည့်တွေဖြစ်တဲ့ကျားတွေ နဂါး တွေဟာ
ဂျပန်နည်းပညာသုံးထုတ်ကုန်တွေထုတ်ရင်း ဂျပန်ဈေးကွက်ကိုလုနိုင်ခဲ့ကြတယ်၊ အထူးသဖြင့် ဂျပန်လက်ရာမှီတဲ့တောင်ကိုးရီးယားနဲ့
ဂျပန်ထက်အများကြီးဈေးပေါတဲ့တရုတ်တို့ရဲ့ဈေးကွက်လုတာကို ခံလိုက်ရပြီးတဲ့နောက်မှာ
ဂျပန်စီးပွားရေးနှေးကွေးကျဆင်းလာပါတယ်။ ဒီလိုနဲ့ အာဆီယံထဲမှာ
တရုတ်နဲ့ကိုးရီးယားရဲ့ စီးပွားရေးအရလွှမ်းမိုးမှုကြီးမြင့်လာပါတယ်။ ကိုးရီးယားရဲ့လွှမ်းမိုးမှုက
အလွန်အမင်းမသိသာလှပေမယ့် တရုတ်ရဲ့လွှမ်းမိုးမှုကသိသာထင်ရှားလွန်းလှပါတယ်။ တရုတ်ဟာ
ဂျပန်နဲ့မတူပါ၊ အမေရိကန်ရဲ့ထီးရိပ်ခိုသူမဟုတ်တဲ့အပြင် အမေရိကန်ရဲ့ ပြိုင် ဘက်လည်းဖြစ်ပါတယ်၊
တချိန်ကဆို အမေရိကန်နဲ့တောင် သရေကျတဲ့စစ်ပွဲကြီးတစ်ပွဲကို တိုက်ခဲ့ဖူးတယ်။ ပြိုင်ဘက်အဖြစ်
သတ်မှတ်ထားတဲ့ သူဖြစ်တယ်။ တရုတ်ဟာ ဂျပန်လိုမဟုတ်ပဲ အမေရိကန်လိုပဲ စီးပွားရေးကိုသေနင်္ဂဗျူဟာတစ်ရပ်လိုအသုံးပြုပြီး
သူရဲ့မဟာဗျူဟာကို ပြီးမြောက် အောင်မြင်အောင်ဖေါ်ဆောင်သူမို့ အာဆီယံကိုလွှမ်းမိုးလာမှုဟာ
နိုင်ငံရေးဆန်လွန်းပါတယ်။
သူနဲ့ သမိုင်းကြောင်းအရရှည်လျားတဲ့ ရန်သူဖြစ်ပြီး
ခေတ်သစ်မှာလည်း သူကို အံတုတိုက်ခိုက်ခဲ့တဲ့ဗီယက်နမ်ရဲ့လည်မျိုညှစ်နိုင်အောင်
မဲခေါင်မြစ်ကို လောနဲ့ပေါင်းပြီး အပိုင်သိမ်းဖို့ချိန်ရွယ်ပါတယ်။ အာဆီယံရဲ့အဆင်းရဲဆုံး
သုံးနိုင်ငံဖြစ်တဲ့မြန်မာ၊ လောနဲ့ကမ္ဘောဒီယားကို ပိုက်ဆံတွေနဲ့
အပိုင်ဝယ်ဖို့ကြိုးစားလာပါတယ်၊ ထိုင်းနဲ့စင်္ကာပူမှာရှိတဲ့ ကြီးမားတဲ့တရုတ်လူ့အဖွဲ့အစည်းကိုသုံးပြီး
တရုတ်ရဲ့သြဇာ ကြီးမားလာ အောင်လုပ်လာပါတယ်။ အာဆီယံကိုလွမ်းမိုးထားနိုင်ရင်
အမေရိကန်ရဲ့ကမ္ဘာပတ်လွှမ်းမိုးမှုကို ဖြတ်တောက်ထားနိုင်ပါပြီ။
- အမေရိကန်၏
အာဆီယံပြန်လည်ဆန်းသစ်ခြင်း
ဒါကို အမေရိကန်ကလည်း မြင်ပါတယ်။
တရုတ်ဟာ လောလောဆယ် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးဆိုတာထက် အကြီးမားဆုံး
ကြည်းတပ်ကြီးကိုပိုင်ဆိုင်ထားတဲ့ စစ်အင်အားကြီးနိုင်ငံဖြစ်ပြီး နိုင်ငံရေးကိုလည်း
အမျိုးသားရေးစိတ်ဓါတ်ဆိုတဲ့ချည်တိုင်နဲ့ တည်ဆောက် ထားတဲ့အပြင် သူ့လိုပဲ
ဗီတိုအာဏာရှင်ဖြစ်တယ်ဆိုတာက အမေရိကန်အတွက် အတိတ်က စစ်အေးခတ်ကဆိုဗီယက်တစ္ဆေကို
ပြန်သတိရ စေပါတယ်။ ဆိုဗီယက်က အယူဝါဒနဲ့ သူ့အင်အားကိုတည်ဆောက်ထားပြီး စီးပွားရေးအရ
အားမကောင်းလှပါဘူး၊ တရုတ်ကတော့ အင်မတန် အားကောင်းတဲ့စီးပွားရေးရှိပြီး
တိုက်ဖျက်ရခက်တဲ့အမျိုးသားရေးနဲ့ သူ့အင်အားကိုတည်ဆောက်ထားပါတယ်။ အမေရိကန်ဟာ တရုတ်ရဲ့ခြေ
လှမ်းတွေကိုထိန်းချုပ်ဖို့ အာဆီယံကိုလွှမ်းမိုးထားရမယ်ဆိုတာသိပေမယ့် အီရတ်နဲ့အာဖဂန်စစ်နွံထဲကျနေခဲ့တာမို့
အာဆီယံကိုလွှမ်းမိုးဖို့ ခြေလှမ်းမပြင်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် အမေရိကန်ရဲ့
လူ့အခွင့်အရေးကိုရှေ့တန်းထားတဲ့နိုင်ငံခြားရေးပေါ်လစီကလည်း ပြည့်ဝတဲ့နိုင်ငံတကာ
လူ့အခွင့်အရေးစံကိုမလိုက်နာနိုင်တဲ့အာဆီယံနိုင်ငံတွေအဖို့ ကသိကအောက်ဖြစ်စေပါတယ်။
ဒါကို တရုတ်ကရော အမေရိကန်ကပါ နားလည် သဘောပေါက်ပါတယ်။
အိုဘားမားလက်ထက်မှာ အမေရိကန်ဟာ
လစ်ဘရယ်ဒီမိုကရေစီအတွက် တကိုယ်တော်ဖိုက်တာကြီးလုပ်နေခဲ့တဲ့ ဂျော့ဘုရှ်တုန်းကလို
မဟုတ်တော့ပဲ လျှော့ပါးသွားတဲ့သူ့ဓနအင်အားကို ပြန်ဖြည့်ဖို့၊ ကိုယ်ကျိုးစီးပွားနဲ့သဘောတရားရေးကိုရှေ့တန်းတင်လွန်းလို့
လျှော့ပါးသွားတဲ့ မိတ္တဗလကို ပြန်အားဖြည့်ဖို့လုပ်လာပါတယ်။ တချိန်တည်းမှာပဲ
သူ့ကိုပြိုင်ဆိုင်လာပြီး သူ့ကိုကျော်ဖြတ်သွားတော့မယ့်တရုတ်ကို ထိန်းချုပ်ဖို့ လည်း
စဉ်းစားလာပါတယ်။
တကယ်တန်းဆို အာဆီယံဟာ အမေရိကန်အတွက်သာမက
တရုတ်အတွက်လည်း သေရေးရှင်ရေး အရေးပါတဲ့ဒေသကြီးပါပဲ၊ အာဆီယံ ကိုသာ ဖြတ်တောက်ထားမယ်ဆိုရင်
အလိုအမင်းလိုအပ်နေတဲ့လောင်စာအတွက် တရုတ်ဟာ ရုရှကိုပဲ ဦးခိုက်ရတော့မှာပါ၊
ပါကစ္စတန်မှာ ဆိပ်ကမ်းဆောက်ပြီး အာရှစင်္ကြန်လိုခေါ်တဲ့အိန္ဒိယနဲ့ထိစပ်နေတဲ့ဒေသကနေ
တရုတ်ပြည်အနောက်ဘက်ကို ပိုက်လိုင်းသွယ်နိုင်ဆိုပေမယ့် ဝေးလံလွန်းတဲ့အတွက်
ကုန်ကျမယ့်စရိတ်နဲ့ အစ္စလာမ်အစွန်းရောက်တွေကြောင့်လုံခြုံရေးအရလည်း
သဘောကျစရာမကောင်းပါဘူး။
ဒါကြောင့် တရုတ်ဟာ အာဆီယံကိုလွှမ်းမိုးနိုင်ရေး
အကြီးအကျယ်ကြိုးစားနေပါတယ်၊ ယဉ်ကျေးမှုအရလွှမ်းမိုးဖို့ကြိုးစားသလို စီးပွားရေးအရ
မြန်မာ၊ လောနဲ့ကမ္ဘောဒီးယားကို လွှမ်းမိုးထားပါတယ်။ ဒီနေရာမှာ တရုတ်ရဲ့လွှမ်းမိုးမှု
ဘယ်လောက်ခရီးရောက်နေပြီလဲဆိုတာနဲ့ အမေရိကန်နဲ့ အာဆီယံတို့ပြန်ပေါင်းစည်းမှုကလည်း
စိတ်ဝင်စားစရာပါ။
- သတိပေးလိုက်သော ဖနွန်ပင်အစည်းအဝေး
ဒီနှစ် ဇူလိုင်လမှာ အာဆီယံနိုင်ငံခေါင်းဆောင်များစည်းဝေးပွဲကို
ဖနွန်ပင်မှာလုပ်ပါတယ်၊ ဒီအစည်းအဝေးမှာ အာဆီယံအဖွဲ့ဝင်သုံးနိုင်ငံ ဗီယက်နမ်၊
ဖိလစ်ပင်နဲ့မလေးရှားက တောင်တရုတ်ပင်လယ်မှာဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ရေပိုင်နက်ဆိုင်ရာအငြင်းပွားမှုနဲ့ပတ်သတ်ပြီး
အဖွဲ့အနေနဲ့ ဆုံးဖြတ်ချက်တစုံတရာချဖို့ အဆိုတင်သွင်းပါတယ်၊ ဒါပေမယ့်
တရုတ်ရဲ့ထိန်းချုပ်ခြင်းခံထားရတဲ့ လောလောဆယ်ဆယ် အာဆီယံဥက္ကဌဖြစ် နေသူကမ္ဘောဒီးယားက
ဒီကိစ္စကို ဒီမှာမဆွေးနွေးသင့်ဘူးဆိုပြီး ပယ်ချခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ အာဆီယံကို
တချိန်ကသူတို့ကြောက်ရွံ့ခဲ့တဲ့တရုတ်တစ္ဆေကြီးအကြောင်း ပြန်ပြီးလက်တို့လိုက်သလိုပါပဲ။
ဒါပေမယ့် ဒီတခါ တရုတ်ကိုလန့်လာတဲ့အာဆီယံနိုင်ငံတွေဟာ
အာဆီယံဆိုတဲ့အဆံချောင်အဖွဲ့အစည်းအနေနဲ့ တရုတ်ကိုရင်ဆိုင်ဖို့ထက် တရုတ်ပြိုင်ဘက်နိုင်ငံကိုအားကိုးဖို့ကို
ရွေးချယ်လာတာကိုတွေ့လာရပါတယ်၊ ဒါကလည်း ကိုယ့်အဖွဲ့အစည်းဟာ ဘာလဲဆိုတာကို
သိနေကြလို့ပါပဲလို့ ဆိုရပါမယ်။
ဒီလို တစ်ဖွဲ့တစည်းထဲမဟုတ်ပဲ တနိုင်ငံချင်းစီဆက်ဆံရတာမျိုးကို
တရုတ်ရော အမေရိကန်ကပါ သဘောကျတဲ့ပုံပါ။
ဆက်လက်ဖော်ပြပေးမယ် -
0 comments:
Post a Comment