Thursday, November 8, 2012

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း(၂၇) မျိုးမြင့်ချို

0 comments
အောက်တိုဘာ ၈ ရက် ၂ဝ၁၂ နေ့က အာရ်အက်ဖ်အေမှထုတ် လွှင့်ပြီး။ သောတရှင်များခင်ဗျား…ဖြစ်ခဲ့တဲ့အပစ်အခတ်ရပ်စဲရေးတွေ ဟာ နိုင်ငံရေးအရဖြေရှင်းတာမဟုတ်သလို ဖြေရှင်းခွင့်ပေးခဲ့တာမဟုတ် တဲ့အကြောင်း အရင်အပတ်ကတင်ပြခဲ့တာကို ဆက်လက်ဖြည့်စွက် တင်ပြပါရစေ။ တဘက်အင်အားစုတွေအဖို့ အပစ်ရပ်တာ ဟာ နိုင်ငံရေဆွးနွေးဖို့ အစပျိုးခြေလှမ်းဖြစ်ပါတယ်။ စစ်အစိုးရအဖို့တော့ နိုင်ငံရေးမဟာဗျူဟာအခင်းအကျင်းကြီးတခုလုံးပေါ်ကနေ သေချာတွက်ချက်ပြီး လိုအပ်ချက်အရ ယာယီသဘောသာဖြစ်ပါတယ်။ ဝါဒဖြန့်ချိရာမှာ အမြင်ကောင်း အပြကောင်းရုံလောက်သာဖစ်ပါတယ်။ အရေးအကြီးဆုံးလို့ထင်ရတဲ့အချက်ကတော့ အပစ်ရပ်ကြတာချင်းအတူတူ အဖွဲ့တွေတဖွဲ့ချင်းအပေါ် ထားတဲ့သဘောထားမတူတာပဲဖြစ်ပါတယ်။ ဒီလို မတူတဲ့သဘောထားနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တာဟာလည်း စစ်အစိုးရရဲ့ ဗျူဟာမြောက်နိုင်ငံရေးရွှေ့ကွက်ဖြစ်ပါတယ်။ ဒါ့ကြောင့် အပစ်ရပ်တာဟာ နိုင်ငံရေးအရအဖြေရှာဖို့မဟုတ်ပဲ နိုင်ငံရေးအရအမြတ်ထုတ်ဖို့သက်သက်ပဲ ဖြစ်ပါတယ်။ ဒါကိုပိုပြီး ရှင်းလင်းမြင်သာမယ့်အချက်တွေနဲ့ ကြိုးစားတင်ပြပေးပါ့မယ်။ ဒီလိုတင်ပြရာမှာ အဖွဲ့အစည်းအကြီးအသေးနဲ့ ခုနှစ်သက္ကရာဇ်တွေအပေါ် ဗဟိုပြုစဉ်းစားတာထက် ဖြစ်ခဲ့ချိန်က နိုင်ငံရေးရာသီဥတုအပေါ် နှစ်ကာလအလိုက် သုံးပိုင်းပိုင်းပြီးတင်ပြတာက ပိုပြီးသင့်မယ်လို့ထင်ပါတယ်။

ပထမဆုံးအပိုင်းအနေနဲ့ စပြီ အပစ်အခတ်ရပ်စဲခဲ့တဲ့ (၁၉၈၉) နှစ်ကနေ (၁၉၉၁) အထိကို တပိုင်းပိုင်းကြည့်ပါ့မယ်။ ကျနော့်အနေနဲ့ကတော့ အဲဒီအပိုင်းကို စစ်အုပ်စုရဲ့နိုင်ငံရေးဇာတာစန်းလဂ်ညှိုး ချိန်လို့ တင်စားချင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီကာလဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အရှိန်အဟုန်ရှိနေသေးပြီး၊ ကျောင်းသားသမဂ္ဂတွေ၊ မြေပေါ်နိုင်ငံရေးပါတီတွေအပြင် အခြားနယ်ပယ်တွေမှာလည်း နိုင်ငံရေးနိုးကြားမှုတွေ အားကောင်းမောင်းသန်ဖစ်နေဆဲမို့လို့ပါ။ စစ်အစိုးရဟာ မှန်းချက်မကိုက်ခဲ့တဲ့ရွေးကောက်ပွဲတခုကို မလွဲသာတဲ့အနေအထားကြောင့် လုပ်ပေးခဲ့ရပါတယ်။ ဒီ့နောက်တော့ အာဏာမလွှဲရေးကြိုးပမ်းတဲ့အနေနဲ့ ရွေးကောက်ပွဲရလဒ်ကိုဖျက်ဆီး၊ အင်န်အယ်ဒီဦးဆောင်တဲ့ မြေပေါ်နိုင်ငံရေးအင်အားစုတွေကို အဓိကပစ်မှတ်ထားပြီးချမှုန်းနေရချိန် လည်းဖြစ်နေပါတယ်။ (၈၉) ကနေ (၉၁)အထိ (၃) နှစ်အတွင်း အဖွဲ့ (၈)ဖွဲ့နဲ့ စစ်အစိုးရဟာ အပစ်ရပ်ခဲ့ပါတယ်။ အဲဒီ (၈) ဖွဲ့စလုံးကိုလည်း မတရားသင်းအဖြစ်ကနေ ပယ်ဖျက်ပးခဲ့ရပါတယ်။ မတရားသင်းကနေဖျက်ပေးတယ်လို့ စစ်အစိုးရကပြောတဲ့တချို့အဖွဲ့တွေဟာ သူတို့မိခင်အဖွဲ့တွေကနေခွဲထွက်ပြီးမှထူထောင်တာဖြစ်လို့ သူတို့ကို ဘယ်သူက ဘယ်အချိန်တုန်းကများ မတရားသင်းအဖြစ်သတ်မှတ်ကြေညာခဲ့တာလည်းဆိုတာကလည်း စဉ်းစားစရာဖြစ်နေပါတယ်။

စစ်အစိုးရနဲ့အရင်ဆုံးပေါင်းဖက်မိလိုက်တာက ကိုးကန့်အဖွဲ့ဖြစ်ပါတယ်။ အပစ်ရပ်ခဲ့တာက ပြက္ခဒိန် အရပြောရမယ်ဆိုရင်(၁၉၈၉) ခုနှစ်(၅) လပိုင်းထဲမှာ ဖြစ်ပါတယ်။ ဗကပဆီကနေ ခွဲထွက်လာတဲ့ကိုးကန့်ဟာ (၂) လကျော်လေးမှာပဲ ရုတ်တရက်ဆင်ကန်းတောတိုး အပစ်အခတ်ရပ်လိုက်ပါတယ်။ ရေးကြီးသုတ်ပြာအပစ်အခတ်ရပ်ခဲ့ရတာကလည်း ကိုးကန့်တွေမှာ သူ့အကြောင်းနဲ့သူရှိနေပါတယ်။ ကိုးကန့်တွေဟာ ဗကပဆီကခွဲမယ်ဟေ့ဆိုပြီးသာထွက်ခဲ့တာ တကယ်ကဘာမှ သေသေချာချာကြိုတင်ပြင်ဆင်ထားခဲ့တာမဟုတ်ပါဘူး။ ဒါ့ကြောင့်လည်း  ဝ တွေ ထွက်ချလာသလို ရှိသမျှလက်နက် အကုန်သိမ်းကြုံးမယူလာနိုင်တဲ့အပြင် ခေါင်းဆောင်မှုအပိုင်းမှာလည်း သန္ဓေပါချို့ယွင်းချက်တွေနဲ့ဖြစ်ပါတယ်။ တိုက်ရေးခိုက်ရေးနဲ့ပတ်သက်လို့ပြောကြမယ်ဆိုလည်း ဗကပထဲနေတုန်းက စစ်တကယ်တိုက်ပြီး တိုက်ပွဲအတွေ့အကြုံနဲ့စစ်ရည်ဝနေကြတာက ဝ အမျိုးသားတွေဖြစ်ပါတယ်။ ဆိုလိုတာက ကိုးကန့်တွေဟာ စစ်တိုက်ဖူးပေမယ့် ဝ တွေလို စစ်အတတ်နဲ့စစ်ပါးမဝဘူးလို့ ပြောရမှာဖြစ်ပါတယ်။ တချို့ကဆို ကိုးကန့်တွေ စစ်မတိုက်တတ်ဘူးလို့တောင် ပြောကြပါတယ်။ တပ်အင်အားအနေနဲ့ကြည့်မယ်ဆိုလည်း ဝ တွေလို အခိုင်အဖြီးမဟုတ်ပါဘူး။

နောက်တချက်က ကိုးကန့်တို့ရဲ့နယ်မြေကိစ္စဖြစ်ပါတယ်။ အခြားသောပြည်နယ်တွေနည်းတူ ရှမ်းပြည်နယ်မှာလည်း ရှမ်းတမျိုးတည်းနတာမဟုတ်ဘဲ နေရာအလိုက် လူမျိုးစုငယ်တွေ တူရာတူရာ စုဖွဲ့နေထိုင်တဲ့သဘော၊ ဒွေးရောယှက်တင်နေထိုင်တဲ့သဘောဖြစ်ပါတယ်။ ရှမ်းက အများစုဖြစ်ပြီး ပလောင်တို့ ဝတို့အပါအဝင် အခြားလူမျိုးစုငယ်တွေမှာ သူတို့ဘိုးစဉ်ဘောင်ဆက်ဓါးမဦးချ လုပ်ကိုင်နေထိုင်ခဲ့တဲ့နရာနဲ့နယ်ပယ်လေးတွေ ကိုယ်စီလိုလိုရှိကြပါတယ်။ ကိုးကန့်တွေကျတော့ (ဒါဟာကိုးကန့်တွေရဲ့နယ်ပယ်ပဲ ဒေသပဲ) လို့ အပ်ချမတ်ချပြောဖို့ ခက်လှပါတယ်။ ကိုးကန့်အများစုဟာ ရှမ်းပြည်နယ်က ဆင်းရဲတဲ့တချို့တောင်ပေါ်သားတွေလို တောကြိုအုံကြားမှာနေတာထက် အရောင်းအဝယ်ကောင်းတဲ့နယ်စပ်မြို့တွေမှာ နေကြတာပါ။ အခု သူတို့အခြေချနေတဲ့ လောက်ကိုင်ဆိုတဲ့ဒေသဟာလည်း သူတို့ရဲ့ဓါးမဦးချလို့ပြောရမှာထက် ဗကပနဲ့တွဲနေတုန်းက သူတို့အုပ်ချုပ်ခွင့်ရခဲ့တဲ့အပိုင်စားနယ်မြေသဘောလို့ ပြောရင်ပိုမှန်မယ်ထင်ပါတယ်။

နောက်တချက်က မြန်မာနိုင်ငံသားအများစုဟာ ကိုးကန့်တွေကို ဗမာပြည်ရဲ့လူမျိုးစုတစုအဖြစ် သဘောထားနိုင်တာ၊ လက်ခံနိုင်တာ အလွန့်ကိုနည်းပါးကြပါတယ်။ ပြည်ထောင်စုသားတိုင်းရင်းသား ညီအကိုတွေဘာညာဆိုပြီး တခေတ်လုံးကြွေးကြော်ဝါဒဖြန့်လာခဲ့တဲ့အထဲမှာ ကိုးကန့်တွေတော့ ပါမယ်မထင်ပါဘူး။ တချို့တွေက ကိုးကန့်ကို ရှမ်းတရုတ်တွေလို့ဆိုပေမယ့် တချို့ကတော့ တရုတ်ပြည်ဘက်ကနေဝင်လာတဲ့ လူစိမ်းတွေလို့ပဲမြင်ပါတယ်။ ဒါကလည်း နိုင်ငံတိုင်းလိုလိုမှာဖြစ်တတ်တဲ့ နယ်စပ်ဖြတ်ကျော်ကူးလူးနေထိုင်မှုရဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။ စစ်အုပ်စုနဲ့ပေါင်းပြီး ဗကပချေမှုန်းရေးမလုပ်ခင်အချိန်ကဆို ကိုးကန့်တွေရဲ့နိုင်ငံရေးအရအရေးပါမှုဟာ ပြောပလောက်အောင် မတွေ့ခဲ့ရပါဘူး။ အဲသလို နောက်ခံအခြေအနေတွေနဲ့ခွဲထွက်ခဲ့တဲ့ကိုးကန့်ဟာ စစ်အစိုးရနဲ့မဖြစ်မနေ အပစ်ရပ်ကိုရပ်ရမှာပဲ ဖြစ်ပါတယ်။ စစ်အစိုးရဘက်ကကြတော့လည်း ခွဲထွက်လာတဲ့ကိုးကန့်ကို အမိအရဆွဲစေ့ထားရေးဟာ နိုင်ငံရေးလိုအပ်ချက်ဖြစ်နေပါတယ်။ ဒီမှာတင် မူးယစ်ရာဇာကြီးကနေ လုပ်ငန်းရှင်ကြီး၊ လုပ်ငန်းရှင်ကြီးကနေ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ကြီးဖြစ်လာတဲ့လော်စစ်ဟန်ဟာ ဗိုလ်ချုပ်ခင်ညွန့်နဲ့တွဲပြီး ရှေ့တန်းကနေ တကြော့ပြန်ပွဲထွက်လာပါတော့တယ်။

သောတရှင်များခင်ဗျား
စစ်အုပ်စုအဆက်ဆက်ဟာ သူတို့ ကိုယ်ပိုင်ရည်မှန်းချက်တွေနဲ့ မူးယစ်ရာဇာကြီးတွေဖြစ်တဲ့ လော်စစ်ဟန်တို့ ခွန်ဆာခေါ် ချန်ရှီဖူးတို့ကို လက်သပ်မွေးခဲ့တာတွေဟာလည်း ပြည်တွင်းစစ်နဲ့ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေဖြေရှင်းရေးမှာ ရှုပ်ထွေးမှုတွေ ပိုများလာစေခဲ့တာဖြစ်ပါတယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။

0 comments:

Post a Comment