Wednesday, November 14, 2012

ရုရှားဆိုရှယ်ဒီမိုကရက်တစ် အလုပ်သမားပါတီ၏ လုပ်ငန်းစဉ်မူကြမ်း။

0 comments
(စာမျက်နှာ-၁)ရုရှားဆိုရှယ်ဒီမိုကရက်တစ်အလုပ်သမားပါတီ၏လုပ်ငန်း စဉ်မူကြမ်း။ ရေးသူ ဗလာဒီမီယာ အိလိယစ်ခ်ျလီနင်/ ဘာသာပြန်သူ သိန်းမော်ဘာသာပြန်သူရဲ့မှတ်ချက်။    ။ (၁၉၀၂)ခုနှစ်မှာ ဒီမူကြမ်းကို လီနင် တည်းဖြတ်အတည်ပြုခဲ့တယ်ဆိုတဲ့အချက်ကို သတိပြုစေချင် ပါတယ်။ အဲဒီ ကာလတုန်းက ရုရှားဆိုရှယ်ဒီမိုကရက်တစ်အလုပ်သမားပါတီကို ရုရှားကွန်မြူနစ်ပါတီအဖြစ် နာမည်မပြောင်းရသေးပါဘူး။ ဒါ့အပြင် ပါတီဟာ ဓနရှင်ဒီမိုကရေစီတော်လှန်ရေးကာလကို အချိန်ယူဖြတ် သန်းရဦးမယ်လို့ခန့်မှန်းပြီး ဒီလုပ်ငန်းစဉ်ကိုချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ဓနရှင် ဒီမိုကရေစီတော် လှန်ရေးကာလအတွက်ပစ္စည်းမဲ့ပါတီတခုရဲ့ လုပ်ငန်းစဉ်မူကြမ်းလို့ဆိုနိုင်မယ်ထင်ပါတယ်။
အပိုင်း က
ရုရှားနိုင်ငံတွင် ရောင်းကုန်ထုတ်လုပ်မှုသည် မကြုံစဖူး မြန်မြန်ဆန်ဆန်တိုးတက်နေကာ အရင်းရှင်ကုန် ထုတ်လုပ်မှုနည်းလမ်းသည် ထို ရောင်းကုန်ထုတ်လုပ်မှုကဏ္ဍကို တစထက်တစတိုးမြင့် စိုးမိုးလာနေသည်။
အသေးစားကုန်ထုတ်လုပ်ငန်းများမှာ နည်းပညာတိုးတက်မှုကြောင့် အကြီးစားကုန်ထုတ်လုပ်ငန်းများ၏ ဝါးမြိုဖြိုချမှုကို မကြုံစဖူးသောပမာဏအတိုင်းအတာမျိုးဖြင့်ခံနေရသည်။ ကုန်ထုတ်ယန္တရားများ (မြေယာ၊ စက်ရုံ၊ စက်ပစ္စည်းကိရိယာတန်ဆာပလာ၊ မီးရထားလမ်းနှင့်အခြားပို့ဆောင်ရေးလုပ်ငန်းများ)တို့၏ အရေးကြီးဆုံးသောအစိတ်အပိုင်းများမှာ လက်တဆုပ်စာအရေအတွက်ရှိအရင်းရှင်များနှင့် အကြီးစားမြေရှင်ကြီးများလက်ဝယ် ပုဂ္ဂလိကပိုင်ပစ္စည်းများအဖြစ် စုစည်းရောက်ရှိကုန်ကြပြီဖြစ်သည်။ လွတ်လပ်သောအသေးစားကုန်ထုတ်သူများ(လယ်သမား၊ လက်မှုလုပ်ငန်းနှင့်ရိုးရာထုတ်ကုန်လုပ်ငန်းများ) အနက် အရေအတွက်အမြောက်အများမှာ လုပ်ငန်းပျက်စီးလာကြသကဲ့သူတို့၏ ကုန်ထုတ်ယန္တရားများကို လည်း လက်လွတ်ဆုံးရှုံးကြရသဖြင့် ထိုသူများမှာပစ္စည်းမဲ့များဖြစ်လာကြသည်။ တနည်းဆိုသော် အရင်း၏ကျေးကျွန်နှင့်အဆွယ်အပွားများ ဖြစ်လာကြလေသည်။ ထို တိုးပွားလာသောအလုပ်သမားထု အများစုကြီးမှာ သူတို့၏အလုပ်စွမ်းအားကို မလွဲမရှောင်သာရောင်းစားကြရသော လက်ခစားအလုပ်သမားများ ဖြစ်လာကြသည်။ ထို လက်ခစားအလုပ်သမားများသည် ဥစ္စာဓနပိုင်ဆိုင်သူများအပေါ်တွင်မှီခိုနေရပြီး၊ သူတို့မှီခိုနေရသည့် ထိုဥစ္စာရှင်တို့အတွက်ဓနဥစ္စာကို သူတို့လုပ်အားဖြင့်ဖန်တီးပေးကြရလေသည်။
နည်းပညာတိုးတက်ထွန်းကားလာသည်နှင့်အမျှ၊ လုပ်အားဝယ်လိုအားမှာလည်း လုပ်အားရောင်းလိုအား ရှိသလောက် မရှိတော့ပဲ ယုတ်လျော့လာသည့်အတွက်၊ အရင်းရှင်တို့အတွက် အလုပ်သမားများကိုသွးစုပ် ချယ်လှယ်နိုင်သောအခွင့်အလမ်းမှာ ပို၍ပို၍တိုးပွားများပြားလာလေသည်။ အလုပ်အာမခံချက်၊ ဘဝအာမခံချက်မရှိတော့ခြင်း၊ သွေးစုပ်မှုဝန်ကိုထမ်းပိုးထားရခြင်း၊ အမျိုးမျိုးသောချိုးနှိမ်ဆက်ဆံမှုကို ခံရခြင်းများသည် အလုပ်သမားထုကြီး၏ ပမာဏအများအပြားအပေါ်တွင် ကျရောက်နေပြီဖြစ်ပေသည်။
အရင်းရှင်စနစ်၏အခြေခံပဋိပက္ခများမှထွက်ပေါ်လာသော ရှောင်လွဲမရနိုင်မည့်အကျိုးဆက်များဖြစ်သည့် စီးပွားဆုတ်ကပ်များကအထက်ပါလုပ်သားထု၏ဖြစ်စဉ်ကို ပိုမိုဆိုးဝါးစေပြန်သည်။ လူထုကြီး၏ဆင်းရဲမွဲတေမှုနှင့်ဖွတ်ကျောပြာစုအဖြစ်တို့မှာထုတ်ကုန်များအတွက် ဈေးကွက်ရှာမရသောကြောင့် ကုန်စည်လုပ်အားများ လေလွင့်ပြုန်းတီးအချည်းအနှီးဖြစ်ရခြင်းတို့နှင့်တပြိုင်တည်းယှဉ်တွဲ ဖြစ်ပေါ်နေပါသည်။
ဧရာမ ပမာဏအထိ တိုးတက်ကြီးပွားလာသော လူမှုရေးလက္ခဏာဆောင်သောလုပ်အား (လူမှုရေးလက္ခဏာဆောင်သထက်ဆောင်လာ နေပါသည်)တို့၏ ကုန်ထုတ်စွမ်းအားစုမှာ မပြောပလောက်အောင်နည်းသော လက်တဆုပ်စာလူနည်းစုက လက်ဝါးကြီးအုပ်ခေါင်းပုံဖြတ်ခြင်းကို ခံနေရပါသည်။ လူမှုဓနဥစ္စာတို့ပွားများလာသည်နှင့်အမျှ လူမှုရေးမမျှတမှုမှာလည်း တိုးတက်ပွားများလာပါသည်။ ဓနရှင်လူတန်းစားနှင့်ပစ္စည်းမဲ့လူတန်းစားအကြား ဆင်းရဲချမ်းသာချောက်ကမ်းပါးမှာ တနေ့တခြား ဟသထက် ဟလာပါသည်။

အပိုင်း ခ
အရင်းရှင်စနစ်၏ကိုယ်တွင်းပါ မရှောင်လွဲသာသောပဋိပက္ခများ တိုးတက်ပွားများလာသည်နှင့်တပြိုင်နက်၊ ပစ္စည်းမဲ့တို့၏အရေအတွက်နှင့်သွးစည်းခိုင်မာမှု၊ ပစ္စည်းမဲ့တို့၏မကျေနပ်မှု၊ ပစ္စည်းမဲ့တို့၏ဂုဏ်သိက္ခာ ချိုးနှိမ်စော်ကားခံရမှုတို့မှာလည်း တိုးတက်များပြားလာနေပါသည်။ အလုပ်သမားလူတန်းစားနှင့်အရင်းရှင် လူတန်းစားအကြား လူတန်းစားတိုက်ပွဲမှာလည်း ပိုပြင်းထန်လာပါသည်။ သည်းခံနိုင်ဖွယ်ရာမရှိသော အရင်းရှင်ထမ်းပိုးကို ခါချဖို့ တိုက်တွန်းမှုများမှာလည်း ပိုမိုများပြားလာနေပြီဖြစ်ပါသည်။
စာမျက်နှာ-၂
အလုပ်သမားတို့၏လွတ်မြောက်မှုမှာအလုပ်သမားလူတန်းစားကိုယ်တိုင်၏ ဆောင်ရွက်ချက်ဖြင့်သာရရှိနိုင်ပါသည်။ ယနေ့ခေတ် လူ့အဖွဲ့အစည်းအတွင်းရှိ ကျန်အခြားသောလူတန်းစားအားလုံးတို့မှာ လက်ရှိစီးပွားရေးစနစ်၏ အခြေခံအဆောက်အဦကို ထိန်းသိမ်းကာကွယ်ရေး ဘက်ကသာရပ်တည်ကြပါသည်။ အလုပ်သမားလူတန်းစား၏ စစ်မှန်သောလွတ်မြောက်မှုကိုရရှိရန် လူမှုတော်လှန်ရေးတရပ် လိုအပ်ပါသည်။ ထိုလူမှုတော်လှန်ရေးကို အရင်းရှင်စနစ်၏ အလုံးစုံသောဖွံ့ဖြိုးတိုးတက်မှုက ပြင်ဆင်ဖန်တီးပေးထားပြီးဖြစ် ပါသည်။ လူမှုတော်လှန်ရေးကြီး ဆိုသည်မှာ ကုန်ထုတ်ယန္တရားများ ပုဂ္ဂလိကပိုင်ဆိုင်မှုကို ဖျက်သိမ်းခြင်း၊ ပြည်သူပိုင်အသွင် ပြောင်းလဲခြင်း၊ အရင်းရှင် ရောင်းကုန်ထုတ်လုပ်မှုစနစ်နေရာတွင် လူ့အဖွဲ့အစည်းအတွင်းရှိအဖွဲ့ဝင်များ၏သက်သာချောင်ချိရေးနှင့် ဘဝတိုးတက်မြင့်မားရေးကိုအာမခံသည့် ရည်ရွယ်ချက်များဖင့်ကုန်ထုတ်လုပ်သောလူ့အဖွဲ့အစည်းများဖြင့်အစားထိုးသွားခြင်းများကို ပြုလုပ်ဆောင်ရွက်သည့်တော်လှန်ရေးကြီးကို ဆိုလိုပါသည်။
ယင်းပစ္စည်းမဲ့တော်လှန်ရေးသည် လူ့အဖွဲ့အစည်းအတွင်း လူတန်းစားကွဲပြားမှုကိုလုံးဝဖျက်သိမ်းပစ်မည်ဖြစ် ပါသည်။လူတန်းစားပပျောက်သွားလျင် ထိုလူတန်းစားကွဲပြားမှုကိုအကြောင်းပြုပေါ်ထွက်လာသည့် လူမှုရေးမမျှတမှု နိုင်ငံရေးမမျှတမှုအားလုံးကိုလည်း ဖျက်သိမ်းပြီး ဖြစ်ပေလိမ့်မည်။
လူမှုတော်လှန်ရေးကြီးအထမြောက်ရန်မှာ ပစ္စည်းမဲ့များ နိုင်ငံရေးအာဏာရရှိဖို့လိုပါသည်။ ထိုသို့ရရှိမှသာ ပစ္စည်းမဲ့များသည် အခြေအနေအရပ်ရပ်၏အရှင်သခင်များဖြစ်လာပြီး သူတို့၏ကြီးကျယ်သောရည်မှန်းချက် ပန်းတိုင်သို့သွားရာလမ်းတလျှောက်ရှိ အဟန့်အတားများကိုကျော်လွှားဖယ်ရှားနိုင်ပါလိမ့်မည်။ ထို့ကြောင့် လူမှုတော်လှန်ရေးကြီးဆင်နွှဲရန်အလို့ငှာ ပစ္စည်းမဲ့အာဏာရှင်စနစ်မှာ မဖြစ်မနေလိုအပ်သောအရာဖစ်ပါသည်။
၁၀
အလုပ်သမားများ၏အကျိုးစီးပွားနှင့်အရင်းရှင်လူတန်းစား၏အကျိုးစီးပွားတို့မှာ စေ့စပ်ညှိနှိုင်း၍မရသော
ရန်ဘက်လက္ခဏာဆောင်ကြောင်း ဖွင့်ချဖော်ထုတ်သောတာဝန်ကို ရုရှားဆိုရှယ်ဒီမိုကရေစီကဆာင်ရွက်မည်။ ပစ္စည်းမဲ့လူတန်းစား၏သမိုင်းရေးအရ ထူးခြားသောလက္ခဏာ၊ ပစ္စည်းမဲ့လူတန်းစား၏သဘောသဘာဝ၊ ပစ္စည်းမဲ့လူတန်းစားသည် သူတို့ဆင်နွှဲရမည့်လူမှုတော်လှန်ရေးကြီး၏ ရှေ့ပြေးအဖြစ်ပေါ်ထွက်လာသာလူတန်းစားဖြစ်ကြောင်း၊ ပစ္စည်းမဲ့လူတန်းစား၏တော်လှန်ရေးပါတီတရပ်ဖွဲ့စည်းတည်ထောင်ပြီး ထိုပါတီကသာ ပစ္စည်းမဲ့လူတန်းစားတိုက်ပွဲကို လမ်းညွှန်ဦးဆောင်နိုင်မည်ဖြစ်ကြောင်းတို့ကို ရုရှားဆိုရှယ်ဒီမိုကရက်တစ်ပါတီက ရှင်းလင်းပြောပြသွားမည်။
၁၁
သို့သော် နိုင်ငံတကာကုန်သွယ်မှုနှင့် ကမ္ဘာ့ဈေးကွက်အတွက်ကုန်စည်ထုတ်လုပ်မှုသည် ဖွံ့ဖြိုးပြီးနိုင်ငံများအားလုံးကို နီးနီးကပ်ကပ်ဆက်စပ်ချည်နှောင်ထားပြီး ဖြစ်သည်။ ထို့ကြောင့် ယနေ့ခေတ်အလုပ်သမားလူတန်းစားလှုပ်ရှားမှုသည် နိုင်ငံတကာလှုပ်ရှားမှုဖြစ်ရပေမည်။ ယခင်ကတည်းက ဖြစ်လည်းဖြစ်ခဲ့ပြီးပြီ ဖြစ်သည်။ ထို့ကြောင့် ရုရှားဆိုရှယ်ဒီမိုကရေစီသည် ၄င်းကိုယ်၎င်း ကမ္ဘာ့ပစ္စည်းမဲ့တပ်မတော်ကြီးနှင့်တဆက်တစပ်တည်းဟုသဘောထားပြီး နိုင်ငံတကာဆိုရှယ်ဒီမိုကရေစီ၏ တစိတ်တဒေသဟုလည်းသဘောထားပေသည်။
၁၂
ရုရှားဆိုရှယ်ဒီမိုကရေစီ၏ လက်ငင်းရည်မှန်းချက်များကိုမူ ရုရှားအခြေအနေများအပေါ် မူတည်ပြီးပုပြင်သွားမည်။ ရုရှားအခြေအနေများဆိုသည်မှာ အရင်းရှင်မတိုင်မီအကြိုခေတ်လူတန်းစားများ ရုရှားတွင် အများအပြားရှိနေသေးသောအခြေအနေ၊ မြေကျွန်စနစ်ရှိနေသေးသော အခြေအနေ၊ ကုန်ထုတ်စွမ်းအားစုဖွံ့ဖြိုးမှုကိုနှောင့်နှေးစေသောအခြေအနေ၊ ပစ္စည်းမဲ့လူတန်းစားတိုက်ပွဲ ပြည့်ပြည့်ဝဝ မပေါ်ပေါက်နိုင်အောင် နောက်ပြန်ဆွဲထားသောအခြေအနေ၊ အလုပ်သမားလူတန်းစား၏လူနေမှု အဆင့်အတန်းနိမ့်ကျနေသောအခြေအနေ၊ သန်းပေါင်းများစွာသော လယ်သမားများမှာ သေအံ့မူးမူးမျှ ဆိုးဝါးလှအောင်ပုလုပ်ခံထားရသည့် အာရှပုံစံရက်စက်ကြမ်းကြုတ်သောမြေရှင်စနစ်အခြေအနေ၊ လူထုတရပ်လုံးကိုလျစ်လျူရှူပစ်ပယ်ထားပြီး လူထု၏အခွင့်အရေးမှန်သမျှငြင်းပယ်ခံထားရသော အခြေအနေများပင်ဖြစ်ပါသည်။
၁၃
ဇာဘုရင်သက်ဦးဆံပိုင်စနစ်သည် မြေကျွန်စနစ်အကြွင်းအကျန်၏ အကောင်းဆုံးစံနမူနာဖြစ်ပြီး၊ ရက်စက်ကြမ်းကြုတ်မှုတကာတွင် ကြောက်စရာအကောင်းဆုံးလည်းဖြစ်ပါသည်။ ဇာစနစ်သည် ပစ္စည်းမဲ့လူတန်းစားလွတ်မြောက်ရေးလှုပ်ရှားမှုနှင့် ပြည်သူတရပ်လုံး၏ယဉ်ကျေးမှုဖွံ့ဖြိုးမှုအတွက် အခါးသီးဆုံးနှင့်အန္တရာယ်အကြီးဆုံး ရန်သူလည်းဖြစ်ပေသည်။

အပိုင်း ဂ
ထိုအကြောင်းများကြောင့် ရုရှားဆိုရှယ်ဒီမိုကရက်တစ်အလုပ်သမားပါတီ၏ အဦးဆုံးနိုင်ငံရေးတာဝန်မှာ ဇာဘုရင်သက်ဦးဆံပိုင်စနစ်ကိုဖြုတ်ချ၍ အောက်ပါအခွင့်အရေးတို့ကိုအာမခံသော ဒီမိုကရက်အခြေခံဥပဒေနှင့်အညီထူထောင်ထာသည့် သမ္မတနိုင်ငံဖြင့်အစားထိုးသွားရေးဖစ်သည်။
က
လူထု၏ အချုပ်အချာအာဏာပိုင်မှု။ ဆိုလိုသည်မှာ လူထုကိုကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားသောဥပဒေပြုလွှတ်တော်၏လက်ဝယ်နိုင်ငံတော်
အချုပ်အချာအာဏာကိုစုစည်းထားရှိရမည်။
ဥပဒေပြုလွှတ်တော်တွင်ရော ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများအတွက်ပါသက်ဆိုင်သည့် ရွေးကောက်ပွဲနှစ်ရပ်စလုံးတွင်
အသက် (၂၁)နှစ်ပြည့်ပြီးသူအားလုံး မဲပေးခွင့်ရပြီး၊ အာလုံးတန်းတူညီမျှ တိုက်ရိုက်မဲပေးခွင့်ရရှိစေရမည်။ ရွေးကောက်ပွဲအားလုံးတွင်လျှို့ဝှက်မဲပေးစနစ်ကျင့်သုံးရမည်။ မဲပေးခွင့်ရှိသူအားလုံးသည် လွှတ်တော်အားလုံးတွင်အရွေးခံခွင့်ရှိရမည်။ ပြည်သူ့ကိုယ်စားလှယ်များသည် လစာခံစားခွင့်ရှိရမည်။
ဥပဒေမဲ့ ချုပ်နှောင်ခြင်းမရှိရ။ ဇာတိနိုင်ငံသား အခွင့်အရေးရရှိစေရမည်။
လွတ်လပ်စွာယုံကြည်ခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာပုံနှိပ်ထုတ်ဝေခွင့်၊ လွတ်လပ်စွာစုဝေးခွင့်၊ သပိတ်မှောက်ခွင့်၊ သမဂ္ဂဖွဲ့စည်းခွင့်တို့ကို ကန့်သတ်ခြင်းမပြုရ။
လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာလုပ်ကိုင်စားသောက်ခွင့်ရှိရမည်။
Social-Estates ဟုခေါ်သော လူတန်းစားခွဲခြားဖွဲ့ည်းထားသည့်အဖွဲ့များအားလုံးကို ဖျက်သိမ်းရမည်။ နိုင်ငံသားတိုင်းကို ကျားမ၊ ဘာသာ၊ လူမျိုးမခွဲခြားဘဲ အားလုံးအပြည့်အဝ တန်းတူ အခွင့်အရေးပေးရမည်။
ပြည်ထောင်စုတွင်ပါဝင်သောလူမျိုးများအားလုံး၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအသိအမှတ်ပြုရမည်။
နိုင်ငံသားတိုင်းသည် မည်သည့်အရာရှိကိုမဆို တရားစွဲဆိုခွင့်ရှိစေရမည်။ ထိုသို့တရားမစွဲဆိုမီ ထိုအရာရှိ၏ အထက်အရာရှိထံတိုင်ကြားစာအရင်ပို့ရမည်ဟူသောစည်းကမ်းသတ်မှတ်ချက်မျိုး မလိုအပ်စေရ။
စ်
အမြဲတန်းတပ်မတော်ထားရှိမည့်အစား၊ လူထုကိုလက်နက်တပ်ဆင်ပေးရမည်။
အစိုးရနှင့်ဘုရားရှိခိုးကျောင်း သီးခြားခွဲထားရမည်။ စာသင်ကျောင်းနှင့်ဘုရားရှိခိုးကျောင်းသီးခြားခွဲထားရမည်။
အသက် (၁၆) နှစ်အထိ လူတိုင်းလူတိုင်း အခမဲ့၊ မသင်မနေရပညာရေးစနစ်သတ်မှတ်ရမည်။ မပြည့်စုံသောကလေးများအား အစိုးရကအစားအသောက်၊ အဝတ်အစား၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးရမည်။

အပိုင်း ဃ
အလုပ်သမားလူတန်းစားကိုကာကွယ်ရန်နှင့် အလုပ်သမားလူတန်းစား၏တိုက်ပွဲစွမ်းရည် မြှင့်တင်နိုင်ရန်အလို့ငှာ အောက်ပါအချက်များကို ရုရှား ဆိုရှယ်ဒီမိုကရက်တစ်အလုပ်သမား ပါတီက တောင်းဆိုသည်။
က။ လုပ်ခစားအလုပ်သမားတိုင်း၏ တနေ့အလုပ်ချိန်ကို (၈) နာရီထက်မပိုစေရဟု ကန့်သတ်ပေးရန်။
ခ။ အမျိုးသားစီးပွားရေး၏ကဏ္ဍအားလုံးတွင် အလုပ် လုပ်ကိုင်နေသူမှန်သမျှကို ယောင်္ကျား မိန်းမ မခွဲခြားဘဲ တပတ်တွင် (၃၆) နာရီဆက်တိုက် အလုပ်လုပ်ပြီးလျင် ဥပဒေအရ အလုပ်နားချိန်၊ အားလပ်ချိန်သတ်မှတ်ပေးရန်။
ဂ။ အပိုအလုပ်လုပ်ချိန် (အိုဗာတိုင်)မှန်သမျှကို ဥပဒေအရတားမြစ်ပိတ်ပင်ပေးရန်။
ဃ။ အလုပ်သဘောအရထူးခြားသော မဖြစ်မနေလိုအပ်ချက်မျိုးရှိသောလုပ်ငန်းမျိုးမှအပ၊ အမျိုးသားစီးပွားရေး၏ကဏ္ဍအားလုံးရှိ ကျန်လုပ်ငန်းများတွင် ည (၉) နာရီမှ မနက် (၅)နာရီအထိအလုပ်လုပ်ရသော ညဆိုင်းအလုပ်များကိုခိုင်းစေခွင့်မပြုပဲ တားမြစ်ဟန့်တားရန်။
င။ အသက် (၁၅)နှစ်ထက်ငယ်သောကလေးများကို အလုပ်ခိုင်းစေခြင်းမပြုရဟု အလုပ်ရှင်တို့ကို တားမြစ်ရန်။
စ။ အမျိုးသမီးတို့၏ကျန်းမာရေးကိုထိခိုက်စေနိုင်သောလုပ်ငန်းအမျိုးအစားများတွင် အမျိုးသမီးအလုပ်သမားများ အလုပ်မလုပ်ရဟုတားမြစ်ပးရန်။
ဆ။ အလုပ်သမားများတွင် လုံးဝသော်လည်းကောင်း၊ တစိတ်တဒေသအားဖြင့်သော်လည်းကောင်း၊ မသန်မစွမ်းဖြစ်စေနိုင်သည့် ထိခိုက်ဒဏ်ရာရမှုမျိုးကို မတော်တဆအဖြစ်အပျက်ကြောင့်ဖြစ်စေ၊ ဘေးဥပဒ်အန္တရာယ်ရှိသောလုပ်ငန်းခွင်အခြေအနေကြောင့်ဖြစ်စေ ဖြစ်ပွားခဲ့လျင်၊ အလုပ်ရှင်က လျော်ကြေးပေးရန်တာဝန်ရှိစေရမည်ဟု ဥပဒေပြဌာန်းပေးရန်။ အလုပ်ရှင်၌တာဝန်ရှိကြောင်ချို့ယွင်းချက်ရှိကြောင်း အလုပ်သမားဘက်ကသက်သေပြရန် မလိုအပ်စေရ။
ဇ။ သနားဂရုဏာဖြင့်ပေးသောဂရုဏာကြေးလုပ်ခမျိုးကို တားမြစ်ရန်။
စ်။ အလုပ်မလုပ်ကိုင်နိုင်တော့သော သက်ကြီးရွယ်အိုအလုပ်သမားများကို နိုင်ငံတော်ပင်စင်ပေးရန်။
ည။ စက်ရုံ စစ်ဆေးရေးအရာရှိအရေအတွက် တိုးမြှင့်ခန့်ထားရန်။ အမျိုးသမီးအလုပ်သမားအများစုရှိသော စက်ရုံအလုပ်ရုံတို့တွင် အမျိုးသမီးလုပ်ငန်းစစ်ဆေးရေးအရာရှိများ ထားရှိပေးရန်။ စက်ရုံစည်းမျဉ်းစည်းကမ်းများသည် ဥပဒေနှင့်အညီဖြစ်စေရန်ကြီးကြပ်သောတာဝန်ကို အလုပ်သမားများကရွေးချယ်ထားသောကိုယ်စားလှယ်များကဆောင်ရွက်ရန်နှင့် ထိုကိုယ်စားလှယ်များကို အစိုးရက လစာပေးရန်။ ပုဒ်ပြတ်လုပ်ခနှုန်းနှင့် အလုပ်ရှင်၏အပယ်ခံရသောအလုပ်တို့နှင့်တို့နှင့် ပတ်သက်၍လည်း အရွေးခံကိုယ်စားလှယ်များက ကြီးကြပ်စစ်ဆေးခွင့် ရှိရန်။
ဋ။ အလုပ်ရှင်များက အလုပ်သမားများကိုနေထိုင်ခွင့်ပေးထားသော အလုပ်သမားတန်းလျားများတွင် ကျန်းမာရေးနှင့်ညီညွတ်သောသန့်ရှင်းသပ်ယပ်မှုရှိစေရန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အာဏာပိုင်အဖွဲ့အစည်းနှင့် အရွေးချယ်ခံအလုပ်သမားကိုယ်စားလှယ်များအတူ ပူးပေါင်း၍ကြီးကြပ်စေရန်။ ၄င်းအပြင် အလုပ်သမားတို့၏ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်နှင့်နိုင်ငံသားအခွင့်အရေး၊ သူတို့၏ ကိုယ်ပိုင်လူနေမှုဘဝကို အလုပ်ရှင်ကဝင်ရောက်စွက်ဖက်သြဇာသက်ရောက်မှု မပြုနိုင်စေရေးအတွက် အလုပ်သမားတန်းလျားများကို ငှားရမ်းနေထိုင်မှုနှင့်ဆိုင်သောစည်းကမ်းချက်များကို ဥပဒေနှင့်အညီဖြစ်မဖြစ် စစ်ဆေးနိုင်ခွင့်ရှိစေရန်။
ဋ္ဌ။ လုပ်ခစား အလုပ်သမားများ ငှားရမ်းအလုပ်လုပ်ကိုင်သောလုပ်ငန်းမှန်သမျှတွင် အလုပ်ဝန်းကျင် အခြေအနေသည် ကျန်းမာရေးနှင့်ညီညွတ်မှုရှိစေရန်အတွက် သင့်တင့်လျောက်ပတ်စွာ ဖွဲ့စည်းထားသော ကျန်းမာရေးစစ်ဆေးသည့်အဖွဲ့အစည်း ဖွဲ့စည်းထားရှိရန်။
ဌ။ စက်ရုံလုပ်ငန်းစစ်ဆေးရေးဆောင်ရွက်ချက်များကို မိရိုးဖလာလုပ်ငန်း၊ အိမ်တွင်းမှုလုပ်ငန်း၊ လက်မှုလုပ်ငန်း၊ အစိုးရပိုင်လုပ်ငန်းများတွင်ပါ ချဲ့ထွင်ဆောင်ရွက်သွားရန်။
ဍ။ အလုပ်သမားကာကွယ်ရေးဥပဒေချိုးဖောက်မှုမှန်သမျှကို အပြစ်ပေးနိုင်သော ဥပဒေပြဌာန်းရန်။
ဎ။ လုပ်ခလစာမှာ အလုပ်ရှင်က မည်သည့်ဖတ်တောက်မှုမျိုးကိုမှ မပြုလုပ်ရဟု တားမြစ်ပေးရန်။ ဒဏ်ကြေးနှင့်ပယ်အလုပ်အပါအဝင်မည်သို့သောရည်ရွယ်ချက်နှင့် ဖြတ်တောက်မှုမျိုးကိုမှ မပြုလုပ်စေရ။
ဏ။ အလုပ်သမားများ၏ကိုယ်စားလှယ်များနှင့် အလုပ်ရှင်တို့၏ကိုယ်စားလှယ်များ ညီတူညီမျှပါဝင်ကြသော စက်ရုံအလုပ်ရုံတရားရုံးများကို အမျိုးသားစီးပွားရေးကဏ္ဍအားလုံးတွင် တည်ထောင်ဖွဲ့စည်းပေးရန်။

အပိုင်း င
၎င်းအပြင် ရုရှားနိုင်ငံစီးပွားရေးကို ဒီမိုကရေစီနှင့်အညီဖြစ်စေရန်အလို့ငှာ သွယ်ဝိုက်ကောက်ခံသောအကောက်အခွန်မှန်သမျှ ပယ်ဖျက်ပေးရန်နှင့် ဝင်ငွေများလေအခွန်တိုးကောက်ခံလေဖြစ်သော ဝင်ငွေခွန်စနစ်ကိုပြဌာန်းပေးရန် ရုရှားဆိုရှယ်ဒီမိုကရက်တစ်အလုပ်သမားပါတီက တောင်းဆိုသည်။
မြေရှင်ပဒေသရာဇ်စနစ်အကြွင်းအကျန်များပပျောက်သွားစေရန် ပါတီက အောက်ပါတို့ကိုဆောင်ရွက်သွားမည်။
က။ သီးစားခ၊ မြေခွန်အပါအဝင်၊ လယ်သမားများကို အခွန်ထမ်းလူတန်းစားအဖြစ်သတ်မှတ်ပေးဆောင်စေသောဝန်ဆောင်မှုမှန်သမျှဖျက်သိမ်းရေး။
ခ။ လယ်သမားလူတန်းစား၏စုပေါင်းတာဝန်ရှိမှုကိုပယ်ဖျက်ရေး။ မြေယာကိုလွတ်လပ်စွာပေါင်နှံရောင်းချ
ထုခွဲခွင့်ကို ကန့်သတ်တားမြစ်ထားသောဥပဒေမှန်သမျှ ပယ်ဖျက်ရေး။
ဂ။ သီးစားခ၊ မြေခွန်ပုံစံဖြစ်တောင်းခံထားသမျှကို ပြန်လည်လျော်ကြေးပေးရေး။ သီးစားခ၊ မြေခွန်အဖြစ်သိမ်းယူထားသော ခရစ်ယန်သာသနာပိုင်မြေ၊ ပဒေသရာဇ်ပိုင်မြေတို့ကိုပြန်ပေးရေး။ သီးစားခချထားသူချေးငွေရယူထားသူ မြေပိုင်ရှင်ကြီးများ၊ မှုးမတ်များကို အထူးမြေခွန်သတ်မှတ် စည်းကြပ်ရေး။ ရရှိသောအခွန်ငွေကို အထူးပြည်သူ့ရန်ပုံငွေအဖြစ်သတ်မှတ်၍ ကျေးရွာလူ့အဖွဲ့အစည်းအတွက်
စိုက်ပျိုးရေးနှင့်ပရဟိတအကျိုးကိစ္စများတွင်သုံးစွဲရန်။
ဃ။ အောက်ပါကိစ္စများဆောင်ရွက်ရန် လယ်သမားကော်မတီများတည်ထောင်ရေး။

စာမျက်နှာ-၅
၁။ မြေကျွန်စနစ်ဖျက်သိမ်းချိန်တွင် လယ်သမားတို့ထံမှ သီးစားခအဖြစ်အသိမ်းဆည်းခံခဲ့ရသော၊ ပိုင်ဆိုင်မှုလက်လွဲပြောင်းခဲ့သောမြေယာများ ကို ပြန်လည်ပေးအပ်ရန် လျော်ကြေးပြန်လည်ပေးအပ်ရေးဆောင်ရွက်ရန်။
၂။ အနောက်ပိုင်းဒေသ အူရယ်နှင့်အော်လ်တိုင်းတို့အပါအဝင် တခြားဒေသတချို့တွင် ဆက်လက်တည်ရှိနေဆဲဖြစ်သောမြေကျွန်ပိုင်ဆိုင်သောစနစ်အကြွင်းအကျန်တို့ကို အပြီးအပြတ်ဖျက်သိမ်းရန်။
င။ အလွန်များပြားသောငှားခများကိုလျော့ချရေးနှင့် မြေကျွန်စနစ်နှင့်ဆက်စပ်သော စာချုပ်သဘောတူညီမှုမှန်သမျှပျက်ပြယ်ကြောင်းကြေငြာရေးအတွက် တရားရုံးတို့ကိုအခွင့်အာဏာတိုးမြှင့်ပေးရန်။

အပိုင်း စ
ရုရှားဆိုရှယ်ဒီမိုကရက်တစ်အလုပ်သမားပါတီသည် ၄င်း၏ နိုင်ငံရေးနှင့်စီးပွားရေးဆိုင်ရာ လက်ငင်းရည်မှန်းချက်များကိုရရှိအောင်မြင်စေရန်ဆာင်ရွက်ရာတွင် ရုရှားနိုင်ငံ၏လက်ရှိလူမှု၊ နိုင်ငံရေးအာဏာကိုဆန့်ကျင်ဖက်ပြုသော တော်လှန်သော
လှုပ်ရှားဆောင်ရွက်မှုမှန်သမျှကို ထောက်ခံအားပေးသွားမည်။ သို့သော် အလုပ်သမားလူတန်းစားအား ထိန်းကျောင်းဆရာလုပ်သောလုပ်ရပ်များကို လူမှုပြဿနာများ၏အဖြေသဖွယ် ပုံဖော်ပြောဆိုနေသောပြုပြင်ရေးအစီအစဉ်မှန်သမျှကို ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် ဆန့်ကျင်သွားမည်။ မိမိတို့ရည်မှန်းထားသော နိုင်ငံရေးနှင့်လူမှုရေးအပြောင်းအလဲများကို ပြီးပြည့်စုံအောင်၊ တည်ငြိမ်အောင်၊ ရေရှည်တည်တံ့အောင် အကောင်အထည်ဖော်နိုင်ရးမှာ သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်ကိုဖြိုဖျက်ပြီး လူထုကလွတ်လပ်စွာရွေးချယ်တင်မြှောက်ထားသောဥပဒေပြုလွှတ်တော်တရပ်ကို ထူထောင်နိုင်မှသာဖြစ်နိုင်မည်ဟု မိမိတို့ ရုရှားဆိုရှယ်ဒီမိုကရက်တစ်အလုပ်သမားပါတီက ခိုင်ခိုင်မာမာယုံကြည်သည်။
သိန်းမော် ဘာသာပြန်သည်၊

0 comments:

Post a Comment