Wednesday, November 28, 2012

ပြည်သူတွေကိုကာကွယ်ပါ(ဇော်ဝင်း ၈၈ ကျောင်းသားဟောင်း)

0 comments
ဒေါ်အောင်ဆန်းစုကြည် လူထုကိုကယ်တင်ဖို့အချိန်ကျပါပီ။ လက်ပံတောင်းမှာ ပြည်သူလူထုတွေ အန္တရာယ်နဲ့ရင်ဆိုင်နေရပြီ။ ဦးသိန်းစိန်အစိုးရက အစွယ်ထုတ်ပြဖို့ ပြင်နေပီ။ မင်းသားခါင်းချွတ်ပီး ဘီလူးက ကဖို့ပြင်နေပါပီ။ တချို့ကို အခုဖမ်းပီးနေပီ။ ရဲစခန်းရောက်အောင် ပုဒ်မ ၁၈ နဲ့လိမ်ခေါ်ပြီး ရဲစခန်းရောက်တော့မှ ပုဒ်မပြောင်းတပ်ပြီးတရားစွဲလိုက်ပြီ။ ညစ်တဲ့ယုတ်တဲ့နေရာမှာ အရင်အစိုးရနဲ့ ဘာမှမကွာသေးတာ၊ ဘာမှ မပြောင်းလဲသေးတာကို ထင်ထင်ရှားရှားတွ့နေရပြီ။ အများပြည်သူတွေဘက်က အလျော့ပေး လိုက်ရရင် အဲဒီလူတွေကို ထောင်ချမှာသချာနေပြီ။
လက်ပံတောင်းမှာ အခုသံဃာတွေကို တုတ်နဲ့ဒိုင်းနဲ့ဝိုင်းထားကြပြီ။ ကျနော်တို့က အရိုက်ခံရဖူး၊ အဝိုင်းခံရဖူး တဲ့သူတွေဆိုတော့ သွေးနံ့ရနေတယ်။ မယုံမရှိပါနဲ့။ ဦးသိန်းစိန်ဟာ စစ်အာဏာရှင်ပါ။ အရင်စစ်အာဏာရှင်နဲ့ အခုစစ်အာဏာရှင်ဟာ မင်းသားခေါင်းဆောင်းထားတာကလွဲပြီး ဘာမှမကွဲပါ။ သူတို့လုပ်မှာပါ။လုပ်ဖို့ ပြင်နေ တာပါ။ သူတို့ဘက်က နာမည်ပျက်သက်သာလိုသက်သာငြား တတ်နိုင်သမျှသိက္ခာထိန်းနိုင်အောင် အချိန် ဆွဲနေတာပါ။ နိုင်ငံတကာမှာ ဦးသိန်းစိန်သူတော်ကောင်းကြီး၊ ငြိမ်းချမ်းရေးသမားကြီး၊ ကယ်တင်ရှင်ကြီး ဆိုပြီး နာမည်ကောင်းယူနေတာကို အမည်းကွက်မထင်အောင် တတ်နိုင်သမျှအချိန်ဆွဲပြီးထိန်းနေတာပါ။ ဒါပေမဲ့ စစ်အာဏာရှင်ဟာ စစ်အာဏာရှင်ပဲမို့ သူတို့ဦးပိုင်ရဲ့စီးပွားဥစ္စာကိုအထိခံမှာ မဟုတ်ပါဘူး။ သူတို့ချမှုန်းမှာပါ။ ဖမ်းဆီးမှာပါ။ ရိုက်နှက်မှာပါ။
ဒါကို ဝင်ပြီး တားဆီးပေးနိုင်မယ့်သူ ကူညီပေးနိုင်မယ့်သူဟာ အခုချိန်မှာတယောက်ပဲရှိပါတယ်။ အဲဒါ ဒေါ်အောင်ဆန်းစုကြည်ပါ။ ဒေါ်အောင်ဆန်းစုကြည် လူထုကိုအကူအညီပေးရင် သက်သာနိုင်ပါတယ်။ လူထုကို ဆန္ဒပြလို့အဖြေမရနိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြောတာဟာ အဖြေမဟုတ်ပါဘူး။ လူထုကို ဆုတ်ခိုင်း၊ ဖယ်ခိုင်း၊ အိမ်ပြန်ခိုင်းတဲ့နည်းဟာ လူထုကို အရှုံးပေးခိုင်းတာသက်သက်ပါ။ လူထုကို အရှုံးမပေးခိုင်းပါနဲ့။ အညံ့မခံခိုင်းပါနဲ့။ အဲဒီနည်းဟာ ပြဿနာကိုအပြီးအပိုင်ပြေလည်နိုင်တဲ့နည်း မဟုတ်ပါဘူး။ အဲဒီနည်းကို ဂျင်မီတို့စမ်းခဲ့ပြီးပါပြီ။ လူထုနဲ့ဂျင်မီတို့နဲ့ သွေးကွဲတာသာအဖတ်တင်ပါတယ်။ လူထုရဲ့ ပြဿနာရင်းမြစ်ကမပြေလည်တော့ ပြဿနာထပ်ဖြစ်တာပါပဲ။

လူထုက နားထောင်မှာမဟုတ်ပါဘူး။ သူတို့မှာ ဆုတ်လမ်းမရှိတော့လို့ မလွဲသာတော့လို့ ဒီနည်းကိုရွးချယ်ရတာ ဖြစ်ပါတယ်။

လူထုဘက်က ညှိနှိုင်းတဲ့နည်း၊ ဆွေးနွေးတဲ့နည်းကို အမြဲတန်းကြိုဆိုပါတယ်။ ညှိနှိုင်းဆွေးနွေးဖို့ရာ အမြဲတန်းအသင့်ရှိပါတယ်။ မညှိနှိုင်းချင်လို့ ဆန္ဒပြနေတာမဟုတ်ပါဘူး။ ညှိနှိုင်းခွင့်မရလို့ဆန္ဒပြနေကြတာ ပါ။ မညှိနှိုင်းတာက စစ်အစိုးရပါ။ ဒါကိုဒေါ်အောင်ဆန်းစုကြည်သိပါတယ်။ နှစ်ပေါင်းအစိတ်လုံးလုံးမှာ ညှိနှိုင်းဖို့ဆွးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ခွင့်တောင်းလာတာ၊ တောင်းပန်လာတာကို စစ်အာဏာရှင်တွေဘက်က တစက်ကလေးမှအရေးမလုပ်ဘဲဥပေက္ခာပြုလာခဲ့တာ ကို ဒေါ်အောင်ဆန်းစုကြည်အသိဆုံးပါ။ ဒါကိုသိရက်နဲ့ လူထုကမညှိနှိုင်းချင်လို့ဆန္ဒပြတယ်လို့ မထင်သင့်ပါ။ လူထုမှာ ညှိနှိုင်းတဲ့၊ ဆွေးနွေးတဲ့ယဉ်ကျေးမှုမရှိဘူးလို့ အမျိုးနဲ့ချီပြီးအပြစ်တင် မစောသင့်ပါ။ လူထုဘက်က ညှိဖို့အသင့်ပါ။ မညှိနှိုင်းတာ၊ မဆွေးနွေးတာ စစ်အာဏာရှင်တွေသာဖစ်ပါတယ်။ ညှိနှိုင်းတဲ့ယဉ်ကျေးမှုမရှိတာ စစ်အစိုးရတခုတည်းပါ။ မြန်မာလူမျိုးမဟုတ်ပါဘူး။ လူမျိုးနဲ့ချီပြီးအပြစ်တင်ဖို့၊ လူမျိုးကိုလက်ညှိုးထိုးဖို့ အလျင်မလိုသင့်ပါ။ အောင်နိုင်ဦးက မြန်မာလူမျိုးမှာ ညှိနှိုင်းတဲ့ယဉ်ကျေးမှု မရှိဘူးလို့ပြောတာကို လူတွေကဂရုမစိုက်ကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က လူမျိုးကို လူထုကို လက်ညှိုးထိုး စ်တင်ရင် အဲဒီ အပြစ်တင်စကားဟာ သမိုင်းဝင်စကားဖစ်လာပါလိမ့်မယ်။

ဦးအောင်မင်း လက်ပံတောင်းလာတယ်၊ ဆုံးဖြတ်ချက် မပေးပါဘူး၊ သဘောထား သိရအောင်လာပါတယ်လို့ပြောတယ်။ တကယ်တန်းမှာ သူ့သဘောထားကို ထုတ်ပြောသွားပါတယ်။ အဲဒီသဘောထားက အားလုံးသိကြတဲ့အတိုင်း သူတို့ဘက်က တလက်မမှ မဆုတ်နိုင်ဘူးဆိုတဲ့ သဘောထားပါ။ တလက်မမှ မဆုတ်နိုင်ဘူးလို့ပြောရုံတင်မက၊ တရုတ်ကိုကျးဇူးဆပ်ရမယ် လို့တောင် စော်ကားမ်ာကားပြောသွားပါသေးတယ်။ တရုတ်ကိုကျးဇူးဆပ်ရမယ်ဆိုတဲ့စကားကို လူထုက ဘယ်လိုတုန့်ပြန်ကြသလဲ။ အထင်အရှားကြီးပါ။ ကျယ်ကျယ်လာင်လောင် ကြားနိုင်ပါတယ်။ ဦးအောင်မင်း အမြှော်အမြင်နည်းလို့၊ ဦးအောင်မင်းက တောသူတောင်သားတွေကို အထင်သေးတဲ့စိတ်နဲ့ စော်ကားမ်ာကားပြောလို့ လက်ပံတောင်းအရေးဟာ ပိုပြီးကီးကျယ်လာပါတယ်။ ပိုဆိုးလာပါတယ်။ ဒါတွေကိုကြည့်ရင် မညှိနှိုင်းနိုင်တာကဘယ်သူလဲ၊ မဆွေးနွေးနိုင်တာက ဘယ်သူလဲဆိုတာ သိပ်ထင်ရှားပါတယ်။

အခု လက်ပံတောင်းကိစ္စကို ကော်မတီဖွဲ့မယ်၊ စုံစမ်းမယ်ပြောပြီးမှ လူထုကိုတဘက်လှည့်နဲ့ အင်အားသုံးဖြိုခွဲဖို့လုပ်လာပါတယ်။ ဒါဟာ စစ်အာဏာရှင်တွေဘက်က အကောက်ကြံတာ ထင်ရှားတယ်။ ကော်မတီဖွဲ့ပြီးစုံစမ်းဖို့ရာ သပိတ်စခန်းတွေဆုတ်ပေးမှရမယ်၊ လုပ်ငန်းတွေပန်လည်ပတ်မှရမယ်လို့ သူတို့ဘက်က ကြေညာချက်ထုတ်လာတယ်။ ဒါကိုကြည့်ရင် ဘယ်လောက်တောင် ကလိမ်ကကျစ်ဥာဏ်နဲ့ကလိမ်စေ့ငမ်းဆင်ပြီးပြောတယ်ဆိုတာ သိသာပါတယ်။ သူတို့ပြောတာ ပြောင်းပြန်ကြီးပါ။ စုံစမ်းစစ်ဆေးရမှာမို့ လုပ်ငန်းတွေခေတ္တရပ်ဆိုင်းပေးခိုင်း တယ်။ ရှေ့ဆက်မတိုးခိုင်းဘဲ အဖြေမထွက်မချင်းရပ်ထားခိုင်းတယ်လို့သာ ကြားဖူးပါတယ်။ ခုတော့ စုံစမ်းစစ်ဆေးမှာမို့ ရှေ့ဆက်လုပ်လို့ပြောနေပုံဟာ စစ်အာဏာရှင်တွေရဲ့မရိုးသားပုံကို ထင်ထင်ရှားရှင်းမင်နေရပါတယ်။ ဓါးခုတ်ခံရလို့ အမှုဖွင့်တရားစွဲတာကို ဘယ်လိုခုတ်သလဲ စုံစမ်းစစ်ဆေးချင်လို့ ထပ်ခုတ်ပြပါဦးလို့ပြောနေသလိုပဲ။ ထပ်အခုတ်မခံရအောင်ကာကွယ်နေတဲ့သူတွေ ဖယ်ပေးကြ။ ဘယ်လိုခုတ်သလဲသိမှ အဖြေရမှာပေါ့၊ ထပ်ခုတ်ပြစမ်းလို့ပြောနေတယ်ဆိုရင် အဲဒီပြောတဲ့သူဟာ ခုတ်တဲ့လူဘက်လိုက်နေသလား၊ သမာသမတ်ကျတဲ့တရားသူကြီးလားဆိုတာ အသိသာကြီးပါ။

အစိုးရဟာ ပဋိပက္ခဖစ်နေတဲ့ အုပ်စုနှစ်စုအကြားမှာ သမာသမတ်ဖြစ်အောင် ကြားနေတဲ့သဘောထား မရှိပါဘူး။ ဦးအောင်မင်းက ရပ်လို့မဖြစ်ဘူး။ တရုတ်ကိုကျေးဇူးဆပ်ရမယ်လို့ပြာနေကတည်းက ဘယ်ဘက်ကို ဘက်လိုက်နေသလဲဆိုတာ ပြောစရာမလိုအောင်ပါပဲ။ အခု ဝမ်ပေါင်ကုမ္ပဏီထဲကနေ လူစုခွဲဖို့ြေုပာနေတာတွေဟာ ကြားနေမှု၊ သမာသမတ်ဖြစ်မှုတွေ အကြီးအကျယ်တိမ်းစောင်းနေတယ်ဆိုတာ ပြနေပါတယ်။

ဦးပိုင်ကုမ္ပဏီဘက်က အင်အားတွေအများကြီးပါ။ သေနတ်ရှိတယ်။ အာဏာရှိတယ်။ ဥပဒေရှိတယ်။ တရားရုံးရှိတယ်။ ပုလိပ်ရှိတယ်။ စစ်တပ်ရှိတယ်။ ဆန္ဒပြသူတွေဘက်မှာ လူပဲရှိပါတယ်။ သပိတ်စခန်းပဲ ရှိပါတယ်။ ဒါတွေကို အရင်ဖြို၊ ပြီးမှ ဆွေးနွေးမယ်ဆိုတာဟာ မဆွေးနွေးချင်လို့ပြောနေတာ ထင်ရှားနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီအချိန်မှာ ဆွေးနွေးလို့ရအောင် ကြားဝင်ပေးသင့်ပါတယ်။ ဂုဏ်သိက္ခာရှိရှိ၊ အဆင့်အတန်းရှိရှိ၊ ငြိမ်းငြိမ်းချမ်းချမ်း၊ မျှမျှတတဆွးနွေးလို့ရအောင် ကြားဝင်ပေးသင့်ပါတယ်။ သပိတ်စခန်းတွကို မဖျက်ခိုင်းပါနဲ့။ လူထုဘက်မှာ ဒါလေးပဲရှိပါတယ်။ ဒါလေးမှ မရှိရင်၊ ဒီအင်အားလေးမှပခွင့်မရရင် ဘယ်လိုမှတရားမျှတတဲ့ဆွးနွေးပွဲဖစ်နိုင်မှာ မဟုတ်ပါဘူး။ လူထုရဲ့ ဒီမိုကရေစီစိတ်ဓါတ်ကိုအညွန့်မချိုးပါနဲ့။ လူထုရဲ့အခွင့်အရေးကို မပိတ်ပင်ပါနဲ့။ လူထုမှာ သူတို့ရဲ့ဆန္ဒကို ဖော်ထုတ်ခွင့်ရှိပါတယ်။ လူထုမှာ သူတို့ရဲ့လိုလားချက်ကို တောင်းဆိုခွင့်ရှိပါတယ်။ ဒီတောင်းဆိုခွင့်ဆန္ဒထုတ်ဖော်ခွင့်တွေဟာ လူထုရဲ့အခြေခံဒီမိုကရေစီအခွင့်အရေးတွေပါ။ ဒီအခွင့်အရေးတွေကိုမပိတ်ပင်ပါနဲ့။
လူထုနဲ့ ဦးပိုင်အကြားဆွေးနွေးခွင့်ရအောင် ဆောင်ရွက်ပေးခြင်းအားဖြင့် သွေးထွက်သံယိုမှုတွေကို တားမြစ်ပေးပါ။ ဆွေးနွေးချိန်အတွင်းမှာ အကြမ်းဖက်ဖြေရှင်းဖို့ကြိုးစားနေတာတွေအားလုံးရုပ်သိမ်းအောင် ဆောင်ရွက်ပေးပါ။ ဒါတွေကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီးကိုးစားမပေးရင် သွေးထွက်သံယိုဖစ်နိုင်ပါတယ်။ တခြားနေရာတွေကိုပါ ကူးစက်ပြန့်ပွားနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကြားဝင်ဆောင်ရွက်ပေးရင်၊ ဒေါ်အောင်ဆန်းစုကြည် ကြားဝင်တောင်းဆိုပးရင် စစ်အာဏာရှင်တွေ မျက်နှာလွဲခဲပစ်မလုပ်ရဲပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားဟာ အမေရိကန်နဲ့ သူတို့ရဲ့ဆက်ဆံရေးမှာအရေးပါတယ်ဆိုတာကို သူတို့ဝန်ခံထားပြီးပါပြီ။ အမေရိကန်နဲ့မျက်နှာပျက်မယ့်ကိစ္စ၊ ရင်းနှီးမြှုပ်နှံမှုတွေပျက်မယ့်ကိစ္စတွေဖြစ်လာရင် သူတို့နဲ့ သူတို့ရဲ့ခရိုနီတွေကို ထိခိုက်မှာပါ။ အဲသလို သူတို့အဖြစ်မခံပါဘူး။ သူတို့အစီအစဉ်တွေ အပျက်မခံနိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကိုဟန့်ရင် စစ်အာဏာရှင်တွေအားတက်ပါတယ်။ သူတို့ခြေလှမ်းကို ရှေ့တိုးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ဘက်ကမားမားမတ်မတ်ရပ်ရင် စစ်အာဏာရှင်တွေကိုဟန့်နိုင်ပါလိမ့်မယ်။ သူတို့ဆင်ခြင်ပါလိမ့်မယ်။ သူတို့ ဇွတ်တိုးရင် သူတို့တာဝန်၊ ဒေါ်အောင်ဆန်းစုကြည်မတားရင် ဒေါ်အောင်ဆန်းစုကြည်တာဝန်ဖြစ်ပါလိမ့်မယ်။

အကြမ်းဖက်မှာကိုမင်ရင် တားနိုင်ခွင့်ရှိသူမှာ တားဖို့တာဝန်ရှိပါတယ်။ တားနိုင်ခွင့်ရှိပါရက်နဲ့မတားခဲ့ရင်၊ အဲသလို မတားတဲ့သူဟာ အကြမ်းဖက်မှုကိုအားပေးရာရောက်ပါတယ်။ အခုအစိုးရရဲ့ ၊ အာဏာရှင်တွေရဲ့ အကြမ်းဖက်ဖို့ပြင်ဆင်နေတာတွေကို ပြည်သူတွေကယုံကြည်လို့ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တယောက်အနေနဲ့ တားမြစ်ပေးဖို့ရာ မေတ္တာရပ်ခံချင်ပါတယ်။ ဒီလို အချိန်မျိုးမှာ ဆိတ်ဆိတ်နေခြင်းဟာ အကြမ်းဖက်မှုကိုအားပေးခြင်းဖြစ်ပါတယ်။

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
၂၈ နိုဝင်ဘာ။ ၂၀၁၂။

0 comments:

Post a Comment