အားပါး.... မနက် ၆နာရီတောင်
ခွဲမှပဲ.... ၈နာရီကားအမှီ ထွက်ရမှာ ဆိုတော့ အိပ်ရာက ထရတော့မယ်။ ဒီလိုနဲ့....
မျက်နှာသစ်၊ သွား တိုက်၊ ရေချိုးပြီး ကျောင်းသွားဖို့အဝတ်အစားပြင်ရတဲ့အခါ၊
အဝတ်ဗီဒိုကိုဖွင့် ကိုယ်ဝတ်ချင်တဲ့ အဝတ်တစ်ထည် ကောက်စွပ်ခွင့်ရ ရင်၊
ကျောင်းတက်ရတာ စိတ်လွတ်လပ်တယ်။ BC နေ့ဆို စာသင်ချိန်ကမအားလပ်အောင်
တောက်လျှောက်သင်ရတာဆိုတော့ အရမ်းကျပ်တာတွေ မဝတ်ဘူးလေ။ ဒီနေ့ T-shirt နဲ့ပဲသွားမယ်ကွာ။ ဘောင်းဘီပွပွ ဝတ်ပြီးတော့ပေါ့။ ဒီလို လွတ်လပ်မှုမျိုးဟာ ရရှိနေဆဲမှာ
တန်ဖိုးကိုမသိသာပေမယ့် မရှိတော့တဲ့အခါ ဘယ်လို တန်ဖိုးသိလာလဲ။ ကျနော်တို့ဟာ
အတိတ်ကိုမေ့နေကြတာပါ။ အထက်တန်းကျောင်းမှာတည်းက အဖြူအစိမ်းနဲ့ ယူနီဖောင်း
လုပ်ခဲ့လို့၊ ကျောင်းသွားတိုင်း ဒီအဝတ်တွေပဲ ပတ်ဝတ်နေရတာပဲ။ ဝတ်ချင်ချင်
မဝတ်ချင်ချင်။
ကျောင်းတွေကတော့ ကျောင်းသားတွေကို
တူညီချင်လို့ ညီညွတ်ချင်လို့ စည်းလုံးစေချင်လို့ လုပ်ပေးတယ်ဆိုပေမယ့်၊
တကယ်တမ်းကျတော့ ပုဆိုးချင်းတူတာတောင် အရောင်မွဲတာနဲ့ အရောင်တောက်တာ ကွာသေးတာမို့လား။ ထူတာ ပါးတာ၊ ချည်သား၊ တက်ထရွန် ကွာသေးတာမို့လား။ ကျောင်းတွေရဲ့ရည်ရွယ်ချက်တွေလည်း အထ မမြောက်ခဲ့ပါဘူး။ လူဆိုတာ မိမိရဲ့ တစ်ကိုယ်ရည်ဆန်မှုကို
တစ်မျိုးတစ်ဖုံ ဖြစ်တဲ့နည်းနဲ့ထုတ်ပြတတ်တာပဲကိုး။ ဒီတော့ ယူနီဖောင်းဆိုတာ
မဖြစ်နိုင်တဲ့ရည်ရွယ်ချက်တစ်ခုနဲ့ လူတွေကိုကန့်သတ်နေခြင်းသက်သက်ပဲဖြစ်တယ်။
တနည်းပြောမယ်ဆို အကျိုးမရှိတဲ့အလုပ်တစ်ခုပဲ။
၁၅၇ ဘတ်စကားပေါ် ကမ္ဘာအေးမှတ်တိုင်ကနေ
တက်လာတဲ့ GTCယူနီဖောင်းနဲ့ ကျောင်းသားတွေကို
တွေ့ရတဲ့အခါ၊ ကိုယ်တော်ချောများက
ယူနီဖောင်းတောင်မှ စတန့်ထွက်ပုံအမျိုးမျိုးနဲ့၊ ယူနီဖောင်းတော့ ယူနီဖောင်းပါပဲ။
ဒါပေမယ့် တူညီတဲ့ယူနီဖောင်းတွေ မဟုတ်ဘူးလေ။ ပုဆိုးပြာကလည်း အကွက်ရှိသလို၊
ပြောင်လည်းရှိကြလေရဲ့။ တူညီဝတ်စုံကို မတူညီအောင်ဝတ်တတ်လေချင်း(ခြင်း)လို့
ပြုံးမိသေးတယ်။
ဆေးကျောင်းသားတွေဖြစ်တဲ့အလျောက်၊
မိုဟော့ စတိုင်တွေ၊ ဂျင်းဘောင်းဘီအပြဲတွေလို အမြင်ကြမ်းတာမျိုးတွေမဟုတ်ရင်
ကျောင်းသားဆိုတာ ဝတ်စားဆင်ယင်မှုလွတ်လပ်ခွင့်ရှိရမယ်။ ကျနော်တို့ဟာ မိမိတို့ကိုယ်ပိုင် နာမည်၊ စားသောက်ပုံ၊ ဝတ်စားပုံဆိုတာတွေရှိတယ်။ ဒါတွေကို
ခြယ်လှယ်ခြင်းဟာ လူသားတစ်ယောက်စီရဲ့ တစ်ကိုယ်ရေ(ရည်)လုပ်ပိုင်ခွင့်ကို
ဖောက်ပြားနေတာပဲဖြစ်တယ်။
ယူနီဖောင်းဝတ်ခြင်းမှာ အကျိုးမရှိဘူးဆိုတာ
ရည်ရွယ်ချက် အထ မမြောက်တာကိုဆိုလိုတာပါ။ တခြား ကောင်းကျိုးတွေတော့ရှိပါတယ်။
အဝတ်အစားဖိုး သက်သာခြင်း၊ အပြင်ဝတ်အင်္ကျီတွေ မဟောင်းလွယ်ခြင်း၊
ကျောင်းသွားခါနီးတိုင်း ဘာဝတ်ရမလဲစဉ်းစားရခြင်း၊ ပဲများဖို့ စဉ်းစားရန်မလိုခြင်း
စသည်ဖြင့်.....ဒါပေမယ့်လည်းလေ.... တူညီဝတ်စုံကိုပဲ မတူညီအောင် ဘယ်ရင်ထိုးထိုးရမလဲစဉ်းစားနေတဲ့ ကျောင်းသူလေးတစ်ယောက် ဒီနေ့ပဲ ကျောင်းနောက်ကျ သွားရှာတယ်လေ။
အင်း ကျနော်တို့ ဆေးကျောင်းသားတွေဟာ
ဒီထက် ပိုကြိုးစားရလိမ့်မယ်။ ကျနော်တို့တင် မဟုတ်ပါ။ ပညာရပ်ဆိုင်ရာတက္ကသိုလ်ကျောင်းသားတိုင်း ပိုကြိုးစားမှ နိုင်ငံရဲ့ဦးနှောက်လို့တင်စားနိုင်တဲ့ ပညာရေးအသိုင်းအဝိုင်းဟာ အဆင့်အတန်းမြင့်လာမှာပါ။ ဒီတော့မှသာ
လူတွေဟာ ပိုပြီး တွေးခေါ်နိုင်ပြီး တိုင်းပြည်ဟာလည်း ပိုတိုးတက် ပိုယဉ်ကျေးလာမှာပါ။
အခုအချိန်ဟာ ယူနီဖောင်းနဲ့တူညီလုပ်ပြီး ကျောင်းသားတွေကို ကျွန်စိတ်သွင်းပေးဖို့
မဟုတ်၊ ကျောင်းသားတွေကို အပြိုင်အဆိုင်ကြိုးစားလာအောင်၊ ကိုယ်ပိုင်အရည်အချင်းတွေ
ထက်မြက်လာအောင် လုပ်ပေးရမှာဖြစ်တယ်။ ဒီလိုလုပ်ပေးဖို့ဆိုတာ သူတို့ရဲ့တစ်ကိုယ်ရေ(ရည်)တန်ဖိုးတွေကို မြှင့်တင်ပေးဖို့လိုအပ်တယ်။ ကိုယ်ပိုင်တန်ဖိုးတွေတက်လာရင်
ကျောင်းကိုအာခံချင်တယ်။ ဝေဖန်ချင်တယ်။ ပုန်ကန်ချင်တယ်လို့ တချို့က ထင်တတ်ကြတယ်။
ဒါကတော့ ဥာဏ်နဲ့ဆင်ခြင်မှ ဖြစ်လိမ့်မယ်။ ကိုယ်မှားလား။ ကျောင်းအဖွဲ့အစည်းကမှားလားသုံးသပ်မှ ဖြစ်လိမ့်မယ်။
လူတစ်ယောက်ဟာ တကိုယ်ရေ(ရည်)တန်ဖိုးမရှိရင် ဘာဖြစ်လာလဲဆိုတော့ အုပ်စု၊ အဖွဲ့အစည်းတန်ဖိုးတွေကို တအားမှီခိုလာတယ်။
ဒီကနေ အဖွဲ့အစည်းစွဲစိတ်ဓာတ်တွေ ဖြစ်လာတာပေါ့။ အင်တာနက်အနှေးဆုံး မြန်မာပြည်ကနေ
Miss Internet ဆုရသွားတာပဲကြည့်။ ကိုယ်ပိုင်တန်ဖိုးနည်းပါးတဲ့အခါ မြန်မာဆိုတဲ့
အုပ်စုတန်ဖိုးတစ်ခုကိုမှီခိုလိုက်ရလို့ ဖြစ်လာတဲ့ရလဒ်ပါ။ ပျော်စရာဆုတွေနဲ့အတူ၊
တိုင်းရင်းသားချင်းဖိနှိပ်မှု၊ ဗမာလူမျိုးကြီးဝါဒ၊ ထေရဝါဒဗုဒ္ဓဘာသာကြီးဝါဒ စတဲ့
အစွန်းရောက်အတွေးအခေါ်တွေ ထွန်းကားနေတာပေါ့။ ကိုယ့်ကိုကိုယ်မြှင့်တင်ဖို့
မလုပ်ကြပဲ၊ အဖွဲ့အစည်းကြီးတွေရဲ့ဂုဏ်ဒြပ်တွေ ထွန်းတောက်အောင်ပဲ လုပ်နေကြတယ်။
ပိုဆိုးတာက ဒီ ထွန်းတောက်ပနေတဲ့အဖွဲ့အစည်းကြီးတွေက လူတွေကို ဘာကောင်းကျိုးမှ
ဖြစ်ဖြစ်မြောက်မြောက်မပေးခဲ့နိုင်ဘူး။
အပိုတွေလျှောက်ပြောနေတယ် မထင်ပါနဲ့။
တစ်ကိုယ်ရေ(ရည်)တန်ဖိုးဆိုတာမရှိရင် အဆိုးဆုံးအခြေအနေတွေမှာ ဘာတွေဖြစ်သွားတတ်လဲ
ပြောပြချင်တာပါ။
နောက်ဆုံးဗျာ... ယူနီဖောင်းကြီး
လုပ်မယ်ပဲဆိုဦးတော့... ကျောင်းသားတွေကို မဲနဲ့ ဆုံးဖြတ်စေသင့်တယ်။ အနည်းဆုံးတော့
ကျောင်းသားဆိုတဲ့အုပ်စုတစ်ခုဟာ သူတို့ကိုယ်ပေါ်က အဝတ်အစားအနေအထားရဲ့ကံကြမ္မာကို အဲလောက်တော့ ပတ်သက်ဆုံးဖြတ်ခွင့်ရှိရမယ်။ ကျောင်းကပဲ စိတ်တိုင်းကျလုပ်နေရင် ကျောင်းသားတွေကို သက်သက် အရုပ်လို၊ ခိုင်းရာလုပ်၊ စေရာသွား
သဘောထားနေသလိုဖြစ်သွားမယ်။ အဲလို ထားမယ်ကွာဆို ဘာဖြစ်မလဲ။ ထားရာနေစေရာသွားဆိုတာ
အရုပ်ပါ။ သက်မဲ့ပါ။ သက်မဲ့က စာမသင်တတ်ပါဘူး။ သက်မဲ့က ကျောင်းသားမဟုတ်ပါဘူး။
စာသင်တတ်ပြီဆိုတဲ့ သက်ရှိကျောင်းသားဖြစ်လာတည်းက ထားရာနေ စေရာသွား မဟုတ်ပါ။
ကျောင်းသားတွေအနေနဲ့ ဒီအခွင့်အရေးကိုလည်း လုံးဝ သတိမေ့လျော့မနေသင့်ပါဘူး။
မိမိရဲ့အခွင့်အရေးကို နားမလည် မသိထားရင် ကိုယ့်အိပ်ရာအောက်ကရွှေထုပ်ကိုမသိတဲ့လူဆင်းရဲလို အခွင့်အရေးတွေဆင်းရဲကြပါလိမ့်မယ်။
စစ်သားတွေကို မတွေးခေါ်တတ်အောင်
ယူနီဖောင်းနဲ့တူညီညီညွတ်အောင်လုပ်တာမျိုးကို မပြောပေမယ့်၊ စာသင်နေတဲ့၊
ဦးနှောက်အလုပ်လုပ်နေတဲ့ အရပ်သားလူသားတွေကိုတော့ ဒီလို အာဏာရှင်ဆန်ဆန် ယူနီဖောင်းဝတ်စေမယ်ဆိုရင်တော့ ကျနော့်အနေနဲ့ အပြင်းအထန်ကန့်ကွက်ရပါလိမ့်မယ်။
(ကျော်စွာလင်း)
0 comments:
Post a Comment