Thursday, October 18, 2012

ပုဂ္ဂလစာရိတ္တနဲ့ ဖောက်ပြန်လေသောနိုင်ငံရေးအမြင်၂-ရပ် (လင်းထင်)

0 comments
လူ့အဆောက်အဦတစ်ခုလုံးရဲ့စံနစ်ယန္တယား ဖွတ်သရွတ်လိုက် ယိုယွင်းနေတဲ့အရင်းခံအကြောင်းကို မထိမတို့ဝံ့သူတွေသာ တစ်ကိုယ်ရည်အကျင့်အကြံ စာရိတ္တတရားများအားနည်းမှုကို တရားခံရှာ ယိုးမယ်ဖွဲ့တတ်တယ်။ ပုဂ္ဂလစာရိတ္တတရား မြင့်မားဖို့ဆိုတာ ဘယ်လိုအချိန် ဘယ်လိုအခြေအနေမျိုးမှာမဆို အင်မတန် လိုလားအပ်တယ်ဆိုတာ အငြင်းပွားဖွယ်မဟုတ်။ သို့ပေသိနိုင်ငံရေးအယူလွဲသမို့ စံနစ်ယန္တယားချွတ်ခြုံကျပြီး တစ်ကိုယ်ရည်ဘ၀တစ်ခုချင်းစီ ခြေမွဖျက်စီးခံနေကြရတဲ့အခါ နိုင်ငံရေးနည်းနာနဲ့သာ လူ့အဆောက်အဦသစ်တည်ဆောက်ပြီး ကောင်းမွန်သောစံနစ် ထူထောင်ရုံကအပ ပုဂ္ဂလစာရိတ္တတရား သက်သက်အပေါ် ခေတ်ပြောင်းစံနစ်ပြောင်းပါစေကြောင်း ယုံပုံလို့ မရဘူး။ 
ယုံပုံလို့မရနိုင်တဲ့ပထမအချက်က စာရိတ္တကျင့်ဝတ်ဆိုတာတွေရဲ့ စံနှုံးတွေဟာ သမုတိသစ္စာ နှိုင်းရအမှန်တွေမျှသာဖြစ်သမို့ သွေးစုပ်ကောင်တွေဆီက တိုက်ရာပါပစ္စည်း ဆင်းရဲသားကို ဝေငှတယ်ဆိုတဲ့ ရော်ဘင်ဟုဒ်၊ ကျူးကျော်သူနယ်ချဲ့ရဲ့ကြေးစားစစ်သားကို စီးချင်းထိုးအသေသတ်တဲ့ သမိန်ဗရမ်းနဲ့ ရန်သူ့စစ်ကြောရေးအတွင်း မသိဘူး မရှိဘူး မုသားထွက်ဆိုသူတွေဟာ ဇာနည်သူရဲကောင်းတွေဆိုတာအထင်အရှားမို့ ကျင့်ဝတ်စံများဟာကျိုးလွယ်ပဲ့လွယ်....၊ သူ့အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ မဟုတ်မမှန်လိမ်လည်ပြောဆိုခြင်းတွေအပေါ် သင်ကိုယ်တိုင်သဘောတူ နှစ်လိုမိလိမ့်မယ်။
တစ်ကိုယ်ရည် ဇွဲ လုံ့လ ၀ီရိယစိုက်ထုတ်တတ်တဲ့အလေ့အကျင့်ကောင်း... ကိုယ့်အားကိုယ်ကိုးတတ်တဲ့ အလေအကျင့်ကောင်းတွေကြောင့် တစ်ကိုယ်ရည်တိုးတက်ကြီးပွားမှု(တစ်ကိုယ်ရည်)လွတ်မြောက်မှုပဲဖြစ်ထွန်းနိုင်မယ် (ဥပမာ- အင်္ဂလိပ်စာညံ့တဲ့ဝန်းကျင်မှာ ကိုယ့်ရဲ့အားထုတ်မှုကြောင့် သူများနဲ့ယှဉ်ရင် အနူတောမှာလူချောဖြစ်တာမျိုး)၊ စံနစ်မပြောင်း ခေတ်မပြောင်းသ၍တော့ အများသူငါမကောင်း၊ ဒီပုပ်ထဲကဒီပဲမဖြစ်ချင်ရင် ဒီပုပ်ကို ဖြိုမှဖြစ်မယ်။ 
ယုံပုံလို့ မရနိုင်တဲ့ ဒုတိယအချက်က ပုဂ္ဂလစာရိတ္တတရားဟာ ဒီပုပ်ထဲကဒီပဲဆိုတဲ့ ခေတ်စံနစ်ရဲ့တံဆိပ်ကပ် တန်ဖိုးအဖြတ်ခံရမှုကို မလွန်ဆန်နိုင်ဘူး။ ဗမာပြည်မှာ ဖြေခဲ့သမျှစာမေးပွဲ တစ်ခါမှခိုးမချခဲ့ဖူးဘူးလို့ ကိုယ့်လိပ်ပြာကိုယ်သန့်လည်း ခိုးမချပဲနဲ့အောင်ခဲ့တာဟာ ခိုးချသူတွေအောင်တဲ့ပညာရေးအဆင့်အတန်းနဲ့ အတူတူပဲ၊ ခိုးမချရုံနဲ့ကိုယ်အောင်တယ်ဆိုတဲ့ ပညာရေးအဆင့်အတန်းမြင့်မသွား... အပြင်နဲ့ ဆက်ဆံရတဲ့အခါ ကိုယ်အောင်ခဲ့တဲ့ပညာရေးကို ခြွင်းချက်ထားအသိအမှတ်ပြုမှုခံရမှာမဟုတ်၊ ဒီပုပ်ထဲကဒီပဲအဖြစ်ပဲ အသတ်မှတ်အဆက်ဆံခံရတယ်။
တစ်ဦးချင်းစီရဲ့ညံ့ဖျင်းချို့ယွင်းချက်ကို အပြစ်ဖို့တရားခံရှာလိုမှုအတွေးအမြင်ဟာ အခြေခံကစလွဲတဲ့ အင်မတန်လူပါးဝဖောက်ပြန်တဲ့ နိုင်ငံရေးအမြင်နှစ်ရပ်ကိုလည်း သားပေါက်စေနိုင်တယ်။ ဖောက်ပြန်တဲ့ ပထမအမြင်က လမ်းဘေး ကွမ်းသွေးထွေးလို့၊ လူကူးမျဉ်းကြားက မကူးလို့၊ တန်းစီတာ ကြားဖြတ်လို့၊ ဘော်လုံးကွင်းထဲ ဆဲလို့ လူတွေ ဒီမိုကရေစီနဲ့မထိုက်တန်သေးပါဘူးဆိုပြီး တန်ဖိုးအဖြတ်ခံရတာ။ စည်းကမ်းနဲ့မယဉ်ပါးတတ်မှုဟာ စည်းကမ်းနဲ့ယဉ်ပါးလိုအောင် ယဉ်ပါးတတ်အောင် ၀န်းကျင်အခြေအနေဖန်တီးထားမှုကင်းမဲ့လစ်လပ်ခြင်းစံနစ်ရဲ့ အပြစ်သာဖြစ်ပြီး၊ စစ်သားတွေ နိုင်ငံရေးထဲဝင်စွက်တဲ့စည်းမဲ့မှုကို လူတွေ ကွမ်းသွေးထွေး လမ်းစည်းကမ်းမလိုက်နာမှုနဲ့ ကြေးတန်းတိုက်လို့မရ၊ လူတိုင်းဟာ ဒီမိုကရေစီနဲ့ထိုက်တန်တယ်... ဘယ်တော့ထိုက်တန်သလဲဆို အခုချက်ခြင်း ထိုက်တန်တယ်။ ဒီမိုကရေစီဆိုတဲ့ လက်တွေ့အကျင့်တရားကြီးကို နိုင်ငံသားမှန်သမျှ ညီတူညီမျှ ပြိုင်တူကျင့်ကြံသွားကြမယ်။
ဆင်းရဲသားတွေ ခံစားနေရတဲ့မတရားမှုကျ အသံမထွက်ပဲ မိုဘိုင်းဖုန်း အလကားပြောခွင့်နဲ့ တိုက်မဖြိုရေးကျမှလမ်းပေါ်ရောက်တဲ့ ဘူဇွာအခွင့်အရေးကာကွယ်လိုစိတ်ထက်စာရင် လိုလားအပ်တဲ့ ပုဂ္ဂလစာရိတ္တတရားနဲ့ကျင့်ဝတ်ဆိုတာ လူအဖွဲ့အစည်းအတွင်းက ခွင့်တူညီမျှ မရှိမှု၊ တရားမမျှတမှုများအပေါ် အနိုင်ကျင့်ခံအားနည်းရာဘက်ကရပ်ရဲတဲ့ စာရိတ္တသတ္တိပဲ။ ဒီစာရိတ္တသတ္တိကိုအသုံးပြုပြီး လူတွေဟာ ကိုယ်နဲ့တန်တဲ့အစိုးရပဲကိုယ်ရတယ်ဆိုတဲ့ ဒုတိယမြောက် လူပါးဝဖောက်ပြန်တဲ့အမြင်ကို ကာကွယ်ကြရမယ်။
ဒီပညာရှိစကားလိုလို ရှေးဆိုရိုးလိုလို နိုင်ငံရေးနီတိလိုလို ဘယ်ကမှန်းမသိရလာတဲ့ဟာက တစ်ပိုင်းကြောင်သမားတွေပါးစပ်ဖျား အတော်ရေပန်းစားပြီး၊ ဗမာတွေပဲအသုံးမကျလို့ စစ်တပ်အောက်ပဲနေရသလိုလို... စည်းကမ်း ပညာမပြည့်ဝသေးသ၍တော့ စစ်တပ်ရဲ့စွက်ဖက်ထိန်းကျောင်းမှုကို ဆက်ခံနေရဦးတော့မလိုလို။
Toqueville ပြောတာ ဒီမိုကရေစီစံနစ်မှာ လူတွေ ကိုယ့်မှာရှိတဲ့မဲပေးပိုင်ခွင့်ကို ချင့်ချင့်ချိန်ချိန်အသုံးချဖို့၊ တကယ်ကောင်းမွန်တဲ့အစိုးရကို ရွေးချယ်နိုင်ဖို့... ဒါကိုသတိပေးတာ၊ ဘယ်လောက်ချင့်ချိန်နိုင်တယ်ဆိုတာမူတည်ပြီး ရလာတဲ့အစိုးရ ဘယ်လောက် ကောင်း မကောင်း ကွာမှာပဲလို့ ပြောတာ။ ဒါကို စစ်တပ်ကလက်နက်နဲ့အာဏာသိမ်း အာဏာထိန်းတာကို၊ အာဏာအသိမ်း အာဏာအထိန်းခံရတဲ့လူတွေ ဒီလောက်နဲ့တန်လို့ဒီလောက်ပဲရတာဆိုပြီး မပြောတတ်သံယောင်မလိုက်တတ်အောင် အဖိနှိပ်ခံဘက်ကရပ်ရဲတဲ့ စာရိတ္တသတ္တိတော့ မွေးမြူထားမှဖြစ်မယ်။ လင်းထင်
(ယူတာက)http://www.facebook.com/notes/lin-htin/ပုဂ္ဂလစာရိတ္တနဲ့-ဖောက်ပြန်လေသော-နိုင်ငံရေးအမြင်-၂-ရပ်-လင်းထင်/3633928057572

0 comments:

Post a Comment