Thursday, October 25, 2012

သိန်းဖေမြင့်(သို့မဟုတ်)အနီခေတ် (ဒဂုန်တာရာ) ရုပ်ပုံလွှာ - ၁၉၅၅)

0 comments
(၁)တလောက “မိတ်ဆွေအချို့အား တိတ်တိတ်ဘိတ်၍ ကြိတ်လုပ်သော စားသောက်ပွဲသို့”ဟူသော ဘိတ်စာတစောင် ရထား၏။ ပဌမတော့ ရွှေပေလွှာ လားအောက်မေ့လိုက်၏။နာက်မှ သိန်းဖေမြင့်၏မွးနေ့ဘိတ်စာဖစ်နေ သည်ကိုတွ့ရ၏။ သူ့ဘိတ်စာမှာ ဆောင်းပါးတမျှထင်ရ၏။ ကြည့်...“မိတ်ဆွေ သည်လိုနှင့်ဘဲ ကျွန်တော်တော့ ဇူလိုင်(၁၀)ရက်နေ့မှာ အသက်(၄၀) ပြည့်တော့ မည်။ ကျေနပ်လောက်အောင် အကျိုးရှိစွာနေခဲ့ရတဲ့နှစ်တွေတော့ မဟုတ်ပါ ဘူး။ အောင်မြင်မှုထက် ဆုံးရှုံးမှုများကပိုမိုပြည့်ညှပ်နေခဲ့သော ဘ၀ခရီးပါဘဲ။ သို့ပေမဲ့ ဆုံးရှုံးမှု အောင်မြင်မှုတွေအပထားပြီး လူရယ်လို့ဖြစ်လာရင် မိမိနှင့် တကွသော လူ့ဘ၀တခုလုံးတည်မြဲရေးနှင့်တိုးတက်ရေးတို့အတွက် လှုပ်ရှားလုပ်ကိုင်နေရမယ်ဆိုတဲ့ သဘာဝတရားကိုယုံကြည်တဲ့အတိုင်း လှုပ်ရှားလုပ်ကိုင်လို့တော့ နေခဲ့တာပါဘဲ။
ဒါကြောင့် ဘာဘဲဖြစ်ဖြစ် အသက် ၄၀ ပြည့်တာကိုဝမ်းသာတယ်။ ရှေ့သည်ထက် ကြီးကြီးသွားအောင်နေမယ်ဆိုပြီး အားတက်တယ်။ ပြီးတော့ အရင်ကဆိုရင် အသက်ကြီးလာပြီဆိုတာတွေလဲ မတွေးချင်၊ ငယ်တယ်လို့သာ အထင်ခံချင်တယ်။ ခုတော့ အသက်ကြီးလာတာကိုဘဲ ခရီးဦးကြိုပြုချင်တဲ့ဆန္ဒ ဖြစ်လာတယ်။ ငါကြီးလာပြီကွလို့ ဂုဏ်ယူချင်လာတယ်။ ဒါကြောင့် မိတ်ဆွေအချို့နဲ့ ပျော်ပွဲဆင်ချင်တယ်၊ ကျွန်တော် ကြီးလာပြီလို့ဂုဏ်ယူသလို မိတ်ဆွေလဲသတိရပြီး ဂုဏ်ယူစေချင်တယ်။
ဒါကြောင့် ၁၉၅၄ ဇူလိုင်လ ၁၀ရက်၊ စနေနေ့ ညနေ ၆ နာရီ မှ ၉ နာရီထိ။ ဘုရားလမ်း ဆန်းကာဖီးမှာ ကြိုက်သလိုယူစား ညစာ စားပွဲရှိတယ်။ မူးယစ်စရာအဖျော်ယမကာ ခပ်ယဉ်ယဉ်များလဲပါတယ်”
ဘိတ်စာ အဆုံးတွင် “ကျွန်တော့အိတ်ကို ထောက်ထားညှာတာပြီး လာလျှင် လာမယ်ဆိုတာကိုတော့ ၈၊၇၊ ၅၄ မတိုင်မီ ကြိုတင်ပြီး အကြောင်းပြန်စေလိုပါတယ်”ဟုလည်း ပါ၏။ သို့သော် ဆက်ဆက်သွားမည်ဟုတွက်ထား၍ ပြန်စာ မပို့ဖြစ်။
ထိုညနေ ဆန်းကာဖေးသို့ရောက်သွားသောအခါ သိန်းဖေမြင့်က အ၀မှဆီး၍ “လာ... လာ မင်း ဘာဖြစ်လို့ စာမပြန်သလဲ”ဟု ပြုံး၍ အပြစ်ဆို၏။
သူသည် ချောကလက်ရောင်ဖျော့ဖျော့ အပေါ်အင်္ကျီအဖြူပေါ်တွင် အနီ အပြာ အညို အစင်းများခက်ထားသော ခပ်ဖြူသန့်သန့်၊ ပလေကပ်ဆင် ချည်လုံချီနှင့်။ ဆံပင်ကို ပိပိကြော့ကြော့ဖီးသင်ထားသဖြင့်  ရုပ်ရည် နုလာသလို မှတ်ရသည်။ ခါတိုင်းတွေ့ခဲ့ရသော သန့်သန့်ပြန့်ပြန့် ဆင်ယင်ထားခြင်းဖြစ်သည်ဟု ထင်ထားလိုက်သည်။ ကျွန်တော်ကလည်း ပြုံးကာ “မလာဖြစ်ဘူးဆိုယင်သာ စာပြန်ဖို့ လိုမယ်မဟုတ်လား ကိုသိန်းဖေရ”ဟုပြောကာ ဗိုလ်လက်ျာနှင့် ကာတွန်းဆရာကိုဟိန်စွန်းကြားတွင် ၀င်ထိုင်လိုက်သည်။
“ဘာဟုတ်မလဲကွ အားလုံးစာပြန်ကြတယ်။ မင်း တယောက်ထဲ မပြန်တာ။ အေး ... မင်းတော့ ပြောစရာကို ဖြစ်နေတာဘဲ”ကျွန်တော်က ရယ်မောကာ “ဒါဖြင့် ကျွန်တော် အစားမစားဘူးဗျို့ ၀ယ်စားမှဘဲ”
သိန်းဖေမြင့်သည် မျက်မှန်ထဲမှ ခပ်ပျော်ပျော် ရယ်မောနေလေသည်။ ထိုအခိုက် ၀တ်ဖြူစင်ကြယ်နှင့် ဘွိုင်ကုလားသည် ဖလ်ခွက်ရောင် နီနီဝါ၀ါများတင်ကာ အပါးကပ်လာ၍ ကျွန်တော်က “မူးယစ်စရာ အဖျော်ယမကာ ခပ်ယဉ်ယဉ်တွေလား” ဟု မေးလိုက်သည်။
သူက ၀ိုင်ကလပ်တခုကို ယူကာ “ငါ့ ချစ်ယင် သောက်ရမယ်ကွ”ဟု ဆိုပြီး အတင်းပေးသည်။ ကျွန်တော်လည်း ဘာမှပြန်မပြောဘဲ နီစွေးစွေးရောင် သဗျစ်သီးအရက်ချိုကို လှမ်းယူသည်။
“ချိုရဲ့လား”
“ချိုပါတယ်ကွ၊ သောက်ပါ ... တခါတလေဘဲ”
ကျွန်တော်သည် ပခုံးတွန့်လိုက်သည်။ အာလူးကြော်နှင့် မြေပဲလင်ပန်း ရောက်လာပြန်သည်။
ပန်းချီဦးအုန်းလွင်ရောက်လာ၍ သိန်းဖေမြင့်လည်း နှုတ်ဆက်ရန် ကျွန်တော့အပါးမှထွက်သွားသည်။ နောက် ရုပ်ရှင်ဒါရိုက်တာ ဦးချန်ထွန်း ရောက်လာသည်။ တဖွဲဖွဲ ရောက်လာကြတော့သည်။ လူတွေကား စုံလှသည်။ သိန်းဖေမြင့်ကျင်လည်ခဲ့သောဇာတ်ခုံနှင့် ကော်ပြား၊ စာပေလောက၊ တရားဟောစင်မြင့်သံသရာမှ မိတ်ဆွေများ။ ကိုယ့်အစုနှင့်ကိုယ် ထိုင်ကြ၍ ရယ်မောသံ၊ ငြင်းသံ၊ ခုံသံတို့ဖြင့် ဆူညံနေ၏။ ဦးညာဏက “ကိုယ် ဘယ်လောက် ဖေါက်ပြန်နေပြီလဲ...”ဟု ရယ်မောကာ မေးနေ၏။
“စာအုပ် မရေးဘူးလား”ဟု ကျွန်တော်က မေးလိုက်သည်။
“စာအုပ်က ပိုက်ဆံမရဘူး ကိုယ့်လူ”
အလုပ်သမား အတွင်းရေးမှူးဟောင်း သခင်ဗတင် ရောက်လာပြန်သည်။ ဆံပင်ကို ပိပြားနေအောင်ဖီးထားပြီး ဒန်ရောင်ကဲ့သို့ ကိုယ်ရောင်ကိုယ်ဝါ ဖိတ်လက်နေ၏။ ခေါင်းစုတ်ဖွားနှင့် ဇ၀နော့စကီးလည်း အရက်ခွက်တကိုင်ကိုင်နှင့် တွေ့ရ၏။
အစိုးရပိုင်းမှကား ... ကိုထွန်းအုံ (မြူနီစပါယ်မင်းကြီး) သာ တွေ့သည်။ ကိုထွန်းအုံက လှမ်း၍ ကျွန်တော့အား “ခင်ဗျားလဲ မမြင်ချင်ယောင် ဆောင်နေပြန်ပြီ။ နိုင်ငံရေးသမားဖြစ်နေပြီထင်တယ်” ဟု နောက်လိုက်သည်။ တွမ်လာမက်ဆိုသော ကုလားဆရာဝန်လည်း ပါ၏။ သူကား တက်ခေတ်နတ်ဆိုးတို့၏ ပယောဂဆရာကြီးတည်း။ တက်ခေတ်နတ်ဆိုးဝတ္ထု၌ သူဌေးသမီး ညီမလေးနှင့်ကွဲနေစဉ် အစ်ကိုကြီးမှာ လာမက်နှင့် ဆေးကုနေရလေ၏။
သိန်းဖေမြင့်က ဟိုအစုမှဒီအစု ကူးချေသန်းချေလုပ်၍ နေသည်။ သူ၏ ဘ၀အခဏ်းများကဲ့သို့ပင် စာပေလောကမှ ဇာတ်ခုံပေါ်ရောက်လာ၏။ နောက် နိုင်ငံရေးဝဲသြဃထဲ နစ်သွားပြန်၏။
ကျွန်တော့ မျက်စေ့ထဲတွင်ကား ရွှေငါးကလေးကဲ့သို့ မီးရောင်၌လူးလားကူးခတ်ကာ မြူးရွင်ပျနေသော သူ့ကို အသက် ၄၀ ပြည့် နှစ်ပတ်လည်နေ့မှာမှ နုပျိုရွင်လန်းနေသည်ဟု ထင်မိသည်။
နောက်ဆုံးရောက်လာသူတို့ကား ညိုမြ၊ နိုင်ငံရေးဂျပိုး စသော “လွတ်လပ်သော”သတင်းစာဆရာများဖြစ်၏။ လွတ်လပ်စွာပင် အရက်တို့ စီးဆင်းကြကုန်၏။ ပလုံစီထနေသောအရက်ရေယဉ်၏ လှိုင်းသံနှင့်အတူ ရယ်မောသံများထွက်လာသည်။
 “ဆာလှပြီဗျာ”ဟု ကျွန်တော်က မအောင့်နိုင်ဘဲ သိန်းဖေမြင့်အားလှမ်းပြောလိုက်သည်။ ကျွန်တော့အပါးရှိ သခင်ဗတင်ကြီးကလည်း “ကျွန်တော် ထောက်ခံတယ်ဗျို့”ဟု သူ၏ ၀ိုင်းစက်သောပန်းပွင့်မျက်နှာကြီးကို လှပ်၍ဆို၏။
“ပြင်နေပါပြီ
ထိုအခိုက် တဝေါဝေါဆူညံသံများကြားထဲမှ စားပွဲခုံကိုခေါက်သံထွက်လာ၍ အသံနည်းနည်းတိတ်သွားသည်။ စားပွဲထိပ်မှ အင်္ဂလိပ်စာပါမောက္ခ ဦးမျိုးမင်းက “လူကြီးမင်းများခင်ဗျား အရက်ခွက်ကို ကိုင်ကြပါ။ ဦးသိန်းဖေမြင့် အသက်ရာကျော်ရှည်ပါစေ”ဟု ကြွေးကြော်လိုက်သည်။
ပရိသတ်များထံမှ “ရှည်ပါစေ”ဟူသောအသံများ ညံစီ၍ထွက်ပေါ်လာပြီး တသောသောရယ်မောနေကြသည်။ သိန်းဖေမြင့်ကလည်း အရက်ခွက်ကိုမြှောက်လျက် “ကြွလာသောမိတ်ဆွေများလည်း အသက်ရာကျော် ရှည်ပါစေ”ဟု ပြန်၍ ဆုတောင်းလိုက်လေသည်။

(၂) ကျွန်တော်သူ့ကို စတင်သိသည်ကား သိန်းနေနွယ်နှင့် ဝနေငဘေ ဘဝက ဖြစ်သည်။ လူချင်းကားသိသည်မဟုတ်။ စာကို စတင် ခင်မင်စဉ်ကဖြစ်သည်။
ကျွန်တော်တို့မှာ ၁၉၃၄ -၃၅ လောက်ဆီက စာရူးရူးနေသောအခါဖြစ်၏။ ထိုအခါက တက္ကသိုလ်ပရ၀ုဏ်မှထွက်ပေါ်၍လာသော ခေတ်ဆန်းစာပေကို သဘောကျလျက်ရှိနေ၏။ တက္ကသိုလ်မရောက်သေးသော်လည်း တက္ကသိုလ်မဂ္ဂဇင်းများကို ရှာဖွေဖတ်ရှုလျက်ရှိသည်။ ယူနီဘာစီတီဘောလုံးပွဲအထူးထုတ်တွင် ဘောလုံးသမားများကိုချီးကျူးသော သိန်းနေနွယ်၏ကဗျာတပုဒ်ကို ဖတ်လိုက်ရ၏။ နောက် ၀တ္ထုတိုကလေးတပုဒ် ဖတ်ရပြန်၏။ “သိန်းနေနွယ်”ဟူသော အမည်ကို စတင်သိလာ၏။ သပိတ်မှောက်ခေတ်ကလည်း စည်တော်သံတပုဒ်ကို ဖတ်ရဘူးသည်ထင်၏။
သတိထားမိသည်ကား ဂန္ထလောကတွင် ပါသော “ငါ့လင်နှင့် ငါ့ငွေ” ၀တ္ထုဖြစ်သည်။ ရှည်သဖြင့် နှစ်ပတ်လားမသိ ဆက်ထည့်ရသည်။ “ငါ့လင်နှင့် ငါ့ငွေ”မှာ အညာလေပါပြီး ကပ်စေးနှဲသောမြေရှင်အမယ်ကြီးအား ဥစ္စာသိုက်တူးသောအဘိုးကြီး ထင်ကြေးမကိုက်ဖြစ်ရပုံကို ခပ်ရွင်ရွင် သရုပ်ဖေါ်ထားပေ၏။ ငါ့လင်နှင့် ငါ့ငွေဟူ၍ ခွဲခြားပုံမှာ သရော်ချက်ဟာသပါ၏။
စာဆိုတော်မဂ္ဂဇင်း ထိုခေတ်ကထွက်လာရာ သိန်းနေနွယ်၏ `စစ်သည်တော်´ ၀တ္ထုပါလာသည်။ စစ်သည်တော်ကား ဗမာပြည် နယ်ချဲ့လက်သို့ ကျရောက်သည့်ခေတ်ကိုနောက်ကားခံကာ အမျိုးသားစိတ်ဇာတိမာန်ကို လှုံ့ဆော်ထားသည်။ အချစ်ဇာတ်လမ်းဖြင့် အဆင်ဖေါ်ထားသဖြင့် ဖတ်ချင့်စဖွယ်ဖြစ်နေသည်။ အညာလေနှင့် ရာဇ၀င်သံပါအောင်ရေးထားသည်။
ထို့နောက် ဒဂုန်မဂ္ဂဇင်း တက္ကသိုလ်ကဏ္ဍတွင် သိန်းနေနွယ်၏ဝတ္ထုများ ဖတ်ရပြန်သည်။ “ဆိုသစ္စာ” ၀တ္ထုကလေးမှာ အကျော့ဆိုသော မိန်းမပျိုကလေး၏စိတ်ကူးယဉ်ပုံကို ဖွဲ့ထားသည်။ “ဝနေ ငဘေ”အမည်နှင့်လည်း တွေ့လာရပြန်သည်။ နိုင်ငံရေးအယူအဆများ ကဲစပြု  လာတော့သည်။ `မိန်းမသူရဲကောင်း ၀တ္ထုတွင်လည်း ထို့အတူဖြစ်သည်။ နဂါးနီစာအုပ်တိုက်ဟူ၍ တိုးတက်သော စာပေများ၊ မာက်စ်ဝါဒ ဘာသာပြန်များဖြန့်ချီရန် လူငယ်တစု စတင်ကြံစည်စက “သိန်းဖေ”ဟူသောနာမည်ရင်းဖြင့် “တက်ဘုန်းကြီး“ဝတ္ထု ထွက်လာလေ၏။ ထိုအခါက ကိုသိန်းဖေမှာ ကာလကတ္တားတွင် အမ်အေတက်နေသည်ဟု သိရ၏။ အမှန်အားဖြင့် “တက်ဘုန်းကြီး”ဝတ္ထုမှာ ဘုန်းကြီးများက မခံရပ်နိုင်၍ကန့်ကွက်သဖြင့် နာမည်ကြီးလာသော်လည်း ၀တ္ထုအနေနှင့် အတော်ကောင်းသည်ဟု ထင်သည်။
ဘုန်းကြီးတွေကိုဆော်လိုက်မဟဲ့ ဟူသော သဘောမျိုးမဟုတ်။ သဒ္ဓါလွန်သော သူဌေးမအပျိုကြီးနှင့် ရာဂတောက်စားသော ဓမ္မကထိကတဦး၏ အချစ်ဇာတ်ကွက်ကို လှပစွာသရုပ်ဖေါ်ထားသော သရုပ်ဖေါ်ဝတ္ထုတပုဒ်အနေနှင့် အနုပညာမြောက်နေသည်။ ထိုအခါက တက်ဘုန်းကြီးဝတ္ထုကို သဘောကျမိသည်။
ဆက်လက်၍ထွက်လာသော “သပိတ်မှောက်ကျောင်းသား”ဝတ္ထုနှစ်တွဲမှာလည်း ၁၉၃၆ခု သပိတ်မှောက်အဖြစ်အပျက်ကို တခမ်းတနား သရုပ်ဖေါ်ထားပေသည်။ ဇာတ်ကောင်များစွာပါ၍ သပိတ်အခြေအနေကို ဝေဘန်မှုအရောင်ဖြင့် ခြယ်ထားပေ၏။ အချို့ ဝတ္ထုပါအယူအဆ များကို သဘောမတူသော်လည်း ဝတ္ထုတည်ဆောက်ပုံကောင်းသည်ကို သတိထားမိလိုက်သည်။ ဝတ္ထုမှာအဆုံးသတ်နိဂုံးချုပ် မထွက်လာတော့ပေ။ ထို့နောက် မြန်မာ့အလင်းနှစ်ပတ်လည် အထူးစာစောင်များတွင် တညတုန်းက၊ ရေနံ၊ လွတ်လပ်ရေးစသော ဝတ္ထုများကို ဖတ်ရသည်။ “တညတုန်းက”မှာ သွားလေသူ၏သင်္ချိုင်းမြေပေါ်တွင် နောက်လင်နှင့်တွေ့ဆုံကြပုံကို သရော်ချက်နှင့်ဖေါ်ထားသည်။ “ရေနံ”တွင်ကား အရင်းရှင်ဆန့်ကျင်ရေးစိတ်ဓါတ်ကို လှုံ့ဆော်ထားသည်။ “လွတ်လပ်ရေး”မှာ အပျိုပေါက်ကလေး၏စိတ်လှုပ်ရှားခြင်းကို ရေးထားသည်။
         
(၃) သိန်းဖေမြင့်ကို “ကိုကြီးသိန်း”အဖြစ် စတင်သိကျွမ်းရ၏။ မြေနုလမ်းရှိ ကိုဘဟိန်းအိမ်တွင် လူချင်း စ စကားပြောဘူးသည်။ ကိုဘဟိန်းအိမ်မှာ သခင်အောင်ဆန်း၊ သခင်သန်းထွန်းစသူတို့ ဥဒဟိုရောက်နေသော နိုင်ငံရေးစခန်းတခုဖြစ်၏။ သိန်းဖေမြင့်ကား ၁၉၃၆ -ခု သပိတ်မှောက်ကျောင်းသားများသမဂ္ဂ အသိုက်အမြုံထဲမှ ဖြစ်သည်။ ထိုအခါက ဒို့ဗမာအစည်းအရုံးဝင် သခင်သိန်းဖေ ဖြစ်နေလေပြီ။ “ကိုကြီးသိန်း”မှာ ရွှေမျက်မှန်တပ်ထားသည်။ အသားအရောင်မှာ အညာသားတို့၏ညိုခြင်းဖြင့် ညိုသည်။ စကားပြောပုံ ဟန်ပန် အမူအရာမှာ လည်း အညာဆန်သည်။ ကော်လာနှင့်ရှပ်အင်္ကျီ ဝတ်တတ်သည်။ သူ့တွင် ဟာသရှိသည်။ ဝိုင်းဖွဲ့စကားပြောလျှင် ရယ်စရာမောစရာ ပြောတတ်ပြီး အားရပါးရကျယ်လောင်စွာရယ်သည်။ တခါတရံ ခလေးကဲ့သို့ရယ်၏။ ပင်နီအင်္ကျီ ချည်လုံချည်နှင့် ဖြစ်၏။ စကားပြောသည့်အခါ ဗလုံးဗထွေး မရှိ၊ ရှင်းရှင်းလင်းလင်းပြောသည်။ ၁၉၃၆ ခု အောင်ကျော်တို့အရေးတော်ပုံခေတ်ကလည်း သိန်းဖေမြင့်မှာ ကျောင်းသားများနှင့် အနီးစပ်ဆုံးသောရဲဘော်တဦး ဖြစ်ပေသည်။ အတွင်းဝန်ရုံးကိုဝိုင်းရန်စဉ်းစားကြသော ညကျောင်းသားများ၏ လျှို့ဝှက်အစည်းအဝေးတို့၌ အပြင်မှ သူနှင့်သခင်လှဘေ (ဗိုလ်လက်ျာ)တို့ ပါကြသည်။ အတွင်းဝန်ရုံးကိုဝိုင်းရန် သူပင်အကြံပေးလေသည်။
ကျောင်းသားအရေးတော်ပုံပြီးသောအခါ လက်ဝဲအစုကလေးများအဖြစ်ရှိနေကြရာ သခင်ဘဟိန်းအိမ်မှာ ရံဖန်ရံခါဆုံတတ်ကြသည်။
ကျွန်တော်မှာ နိုင်ငံရေးသဘောတရားများကို လေ့လာစဖြစ်သည်။
သူ၏ ဆရာလွဏ်းအတ္ထုပ္ပတ္တိနိဒါန်းကိုဖတ်ပြီးခါစ “တိုးတက်စာပေ”ကို သဘောကျနေသောအခါလည်း ဖြစ်၏။ ထိုနိဒါန်းမှာ သူ၏စာပေအမြင် ဖြစ်သည်။ ပါတီနှင့် စာပေဆက်ဆံရေးသဘောကို ဖေါ်ပြထားသည်။ ရှေးဟောင်းစာပေနှင့်ပတ်သက်၍ကား သူ၏ အယူအဆမှာ ဝေဖန်ဆန်းစစ်ချင်လာအောင် ဆွထားပေ၏။
ကျောင်းသားသမဂ္ဂအစည်းအဝေးများ၌ ကိုသိန်းဖေကိုတွေ့ရတတ်သည်။ ပါတော်မူနေ့က ရွှေတိဂုံကုန်းတော်တက်ကာ (၈)ပါး သီလခံ၍ အဓိဋ္ဌာန်ပြုကြစဉ်က ကိုသိန်းဖေလည်း တရားဟောသည်။ ထိုအခါက သံဃာတော်များလည်းတက်ရာ သူက “အရှင်ဘုရားများကို နေရာက လျှောက်ထားပါတယ်” ဟု အစချီကာပြောရာ ကျွန်တော်တို့မှာပြုံးမိကြ၏။ တက်ဘုန်းကြီးဝတ္ထုထွက်စဉ် ကိုသိန်းဖေမှာ ကာလကတ္တားတွင်ရှိ၍ သက်သာရာရလေသည်။ သို့မဟုတ်က တနေရာတွင် ပုန်းနေရပေမည်။
ကိုသိန်းဖေ တို့ဗမာအစည်းအရုံးမှ ထုတ်ပယ်ခြင်းခံရပြီးနောက် ဗြိတိသျှဘားမားတွင် ရုပ်ရှင်ဒါရိုက်တာလုပ်နေလေ၏။ ဟောလ်ကိန်း၏ ဝတ္ထုကိုမှီးကာ ”ယောင်္ကျားဂုဏ်ရည်”ဇာတ်ကားကို ရိုက်ကူး သည်။ ထိုအခါ လွစ္စလမ်းဒေါင့်ရှိ ဝိုင်အမ်စီအေတွင် နေသည်။ ဝတ်ပုံ၊ စားပုံ ပြောင်းလဲနေသည်ကိုတွေ့ရ၏။ အစိမ်းရောင်ဘန်ကောက်လုံချီ၊ ပိုးအပေါ်ဖုံး၊ ခြေအိတ်အဖြူနှင့် ရှူးဘိနပ် စသည်တို့ကို ဝတ်ဆင်ထား၏။
ပဌမတော့ ကိုသိန်းဖေ စိမ်းစိမ်းလဲ့လဲ့ဖြစ်လာပုံကို အံ့သြသွားသည်။ သခင်တယောက်မို့ ပင်နီကြမ်းနှင့်ရုပ်သွင်မျိုးကိုမြင်နေကျ၍ ပိုးအပေါ်ဖုံးနှင့်ခြေအိတ်အဖြူပေါ်နေသော ရှူးဘိနပ်လက်လက်ကိုကြည့်၍ မရ။ နောက်မှ “သူလဲလေ ... လောကီသားပေမို့”ဟူသော ဇော်ဂျီ၏သံချိုကို စိတ်ထဲမှဆိုမိသည်။
ကျွန်တော်မှာ “မေ”ဝတ္ထု ထင်မြင်ချက်ရေးပေးရန် သူ့ထံသို့ရောက်သွားသည်။ သူ၏ “တက်ခေတ် နတ်ဆိုး”မှာလည်း ထွက်ခါစဖြစ်သည်။ တက်ခေတ်နတ်ဆိုးဝတ္ထုဖတ်ပြီးသောအခါ သူ၏အမှာနှင့်ဆက်စပ်၍ သြော် ... ဟု ပြုံးမိသည်။ တောင်ကြီး အက်၍ အက်၍ပြိုကျပြီးနောက် အပျက်အစီးထဲမှ ဝတ္ထုထွက်လာပေပြီ ...။ ဘဝမှာ စာပေ သီးပွင့်လေပြီ ...။
ဂျပန်ခေတ်တွင်ကား ပဌမ ဂျပန်အသတ်ခံရသလိုလိုကြားရပြီးနောက် အိန္ဒိယသို့ထွက်ခွာသွားကြောင်း သိရသည်။ စစ်ပြီးစတွင်ကား ဗားကရာ ကွန်မြူနစ်ပါတီဌာနချုပ်ရှိ တောက်ပြောင်သောစာပွဲကြီး၌ အထွေထွေအတွင်းရေးမှူးအဖြစ် တွေ့ရတော့သည်။
လူမှာလည်း ၀ဖြိုးနေသည်။ ဟာဝေယံအင်္ကျီကို ဝတ်ထားသည်။ စာပွဲကြီးမှာ မဟော်ဂနီရောင်တဖိတ်ဖိတ်ထကာ သူ၏နောက်၌ လီနင်ပုံ ရုပ်ကားကြီး ချိတ်ဆွဲထားသည်။ တချပ်ချပ် လက်နှိပ်စက်ရိုက်သံတို့ဖြင့်ညံကာစည်ကားလျက် ရုံးဆန်လှ၏။ ကွန်မြူနစ်ပါတီမှာ ဖဆပလ၌မဏ္ဍိုင်အင်အားဖြစ်ပြီး လူထုတော်လှန်ရေးလှုပ်ရှားမှုများ၌ ခေါင်းဆောင်ပါတီကြီးဖြစ်လေရာ ကိုသိန်းဖေကို ဤတောက်ပြောင်သော စာပွဲ၌ အကြီးအကဲအဖြစ်မြင်ရသည်မှာ ခံ့ငြားးနေ၏။ ကျွန်တော်က ထုတ်ဝေရန်စိုင်းပြင်းလျက်ရှိသော တာရာမဂ္ဂဇင်းအတွက်“ကိုသိန်းဖေ ရေးတာ၊ သားတာ ဖတ်ချင်တယ်”ဟုဆိုကာ ဆောင်းပါးတောင်းလျက်ရှိသည်။
|ပါတီ ကိစ္စတွေက သိပ်အလုပ်များတယ် ...။ မရေးအားသေးဘူးကွာ။ ရဲဘော် ထည့်ချင်ယင်တော့ ကိုယ် အိန္ဒိယကသီတင်းကျွတ်မှာ အသံလွှင့်တဲ့စကားရပ်တွေတော့ရှိတယ်”သူသည် ဖိုင်တွဲထဲကစာရွက်များကို ထုတ်လိုက်သည်။ မောင်မောင်မြင့်အမည်ဖြင့် ရေးထားသည်။ ရုံးအုပ်သခင်တင်မြနှင့် နယ်မှရဲဘော်များ ဝင်လာကြသည်။ ကိုသိန်းဖေသည် စည်းရုံးရေးကိစ္စတရပ်ကို ဆွေးနွေးလျက်ရှိလေသည်။

(၄) ကိုသိန်းဖေသည်း ပဋိပက္ခထဲမှ ကြီးပြင်း ရုန်းထွက်လာသူဖြစ်သည်။ လူ့ဘဝသည် အသက် ၄ဝ မှာ စသည်ဆိုလျှင် သူသည် ဤသို့ ကြီးပြင်းလာပေ၏။
“ဒီလူ လုပ်လိုက်ရင် အရာရာနဲ့အကြောင်းကြောင်းချည်းဘဲ”ဟူသော တဘက်မှအပြစ်တင်သံတို့သည် သူ ကြုံတွေ့ကျော်လွှားခဲ့ရသော ပဋိပက္ခ၏အရိပ်များ ဖြစ်သည်။ တက်ဘုန်းကြီးဝတ္ထုကြောင့် ဘုန်းကြီးများ ဆတ်ဆတ်ခါနာခဲ့ကြ၏။ ဒို့ဗမာအစည်းအရုံးမှ အထုတ်ခံရ၏။ နဂါးနီစာအုပ်တိုက်ထုတ် ဗမာ့အရေးစာအုပ်မှ သူ၏ “တကဲ့ တိုးတက်ရေးသို့”ဆောင်းပါးကြောင့် ရွှေတိဂုံရင်ပြင်တွင် ခြေလျှင်ဦးအုန်းခင်နှင့် အတူ သံဃာတော်များအား ဝန်ချတောင်းပန်ခဲ့ရ၏။ ကွန်မြူနစ်ပါတီမှထွက်ရကာ “သိန်းဖေဝါဒ တွေ့ရာသင်္ချိုင်းဒါးမဆိုင်း”အကျေညာခံရ၏။ “ခေတ်နောက်ပြန်ဆွဲနေသောစာရေးဆရာများ ဟူသော ဝေဖန်စာကို တာရာနှင့်ဂျာနယ်ကျော်တွင်ထည့်ရာ ခေတ်ဟောင်းစာပေဘက်မှလူကြီးများက နှာခေါင်းရှုံ့ကြသည်။ ရဲဘော် ဖြူဝါ လွန်ဆွဲပွဲတွင် လက်ဝဲညီညွတ်ရေးမူတင်အပြီး ဝင်ဒါမီယာအကွေ့၌ အဖမ်းခံရလိုက်၏။ ထောင်ထဲမှနေ၍ ကျွန်တော်တို့အား ဝေဖန်တိုက်ခိုက်၍ စာပေဝိဝါဒကွဲလိုက်ကြ၏။ ထောင်က ထွက်ပြီး “စိမ်းရောင်စို” ပြဇာတ်ကရာ ပုလိပ်မင်းကြီး၏တားမြစ်ခြင်းခံရ၏။ ထောင်ထဲ၌ စိမ်းရောင်စို အစမ်း က စဉ်ကလည်း အလံနီများကသပိတ်မှောက်၍ မကြည့်ကြဟု သိရသည်။
သူ့ကို ကွယ်ရာ၌ ကဲ့ရဲ့သူများ၏။ တခါက (၁၉၄၀ လောက်က ထင်၏။) အမျိုးသားနေ့ လူထုအစည်းအဝေးတခု၌ တက္ကသိုလ်သမဂ္ဂမှ မြို့ထဲသို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချို၊ သခင် နု စသူများကို ကားနှင့် လိုက်လံပို့ရ၏။ ထိုအစည်းအဝေးတွင် ကိုသိန်းဖေနှင့် နိုင်ငံရေးကိစ္စတခုနှင့်ပတ်သက်၍ အငြင်းပွားခဲ့ကြသည်။
လမ်းတွင် ကားပေါ်၌ ဘယ်သူကမှန်းမမှတ်မိ ပြော၏။
“သိန်းဖေတော့ သိပ်ကြောက်တယ်၊ ခြေက သိပ်များတာ၊ နိုင်ငံခြားများသွားရင် သူလျှိုဆို အဖမ်းခံရမှာဘဲ။ ဒါကြောင့် အတူတူများ မသွားချင်ဘူး” ယခုထက်တိုင် သိန်းဖေဟာ ကြောက်စရာကောင်းတယ်ဟု ထင်နေသူများရှိ၏။
ကျွန်တော် စာရေးဆရာဥက္ကဋ္ဌဖြစ်စဉ်က အတိုက်အခံများဖြင့်ဆူညံနေရာ သူက ကျွန်တော်ထံ စာတစောင်ရေးလိုက်သည်... ။ ထိုစာတွင် “ဖေါက်ပြန်ရေးအင်အားစုများကိုတိုက်ရာ၌ အကူအညီပေးရန် အဆင်သင့်ရှိသည် ရဲဘော်”ဟု ပါသည်။ ကိုသိန်းဖေပါလာလျှင် အခြေအနေ ပို၍ဆိုးလာမည်ဟုတွက်ကာ မသိကျိုးကျင်နေလိုက်ရသည်။
ကိုသိန်းဖေလုပ်ကိုင်သမျှ ရိုက်ခတ်သွားတတ်၏။ ယုတ်စွအဆုံး မုတ္တမကုမ္ပဏီအတွက် ငါးကြော်ငြာကိုရေးပေးရာ“ခေတ်မီသူတိုင်း ပင်လယ်ငါးစားကြသည်”ဟူသောစာပိုဒ်တိုကလေးမှာ ကလိသံပါပြီး ယားကျိကျိဖြစ်စေ၏။ ကလိခြင်းသည် ဝေဖန်မှု၏ အပြော့ဆုံး လက္ခဏာတရပ်ဖြစ်သည်။
သူ့၌ ဝေဖန်ရေး အမြင်ရှိသည်။ ထိုအမြင်ဖြင့် ရေး၏။ ပြောဟော၏။ ထို့ကြောင့် ပဋိပက္ခ တွေ့လာရ၏။
သူ့ကိုယ်သူ ဝေဖန်ထားသောဘိတ်စာတွင် “အောင်မြင်မှုထက် ဆုံးရှုံးမှုက ပိုမိုပြည့်ညပ်နေသော ဘဝခရီးပါဘဲ”ဟု ဆိုထားသည်။
ပဋိပက္ခတွေကြား၌ မြှုပ်သွားသလော။ လှိုင်းတံပိုများအကြား၌ ကူးခတ်၍မြုပ်မသွား။
သူသည် ပြဿနာတခုပေါ်လာလျှင် ထထကြွကြွလုပ်တတ်၏။ လုပ်စရာကိုင်စရာရှိတာကို ချက်ချင်းကောက်လုပ်တတ်၏။ ဆိုင်းငံ့ မထား။ ရဲရဲဝံ့ဝံ့ပင် ဇွတ်လုပ်လေ့ရှိသည်။ ပဋိပက္ခ တွေ့လာရ၏။ ကူးခတ်ရ၏။
သူ၌ အနုပညာသည်တို့၏ဉာဉ်ဖြစ်သော “အတ္တ”ရှိ၏။ သူ့ဝတ္ထုများတွင် တက်ဘုန်းကြီးသိန်းဖေပင် ပါနေ၏။
ကွန်မြူနစ်ပါတီ၌ အတ္တ၏အရောင်သည်ထွန်းပြောင်နိုင်သော်လည်း အတ္တ၏အကျိုးသည် ပါတီလက်အောက်ခံ ဖြစ်ရပေသည်။ အတ္တအကျိုးကို ပါတီ၌ မြှုပ်နှံလိုက်ရပေသည်။ တခါက သူနှင့်လုပ်ဖေါ်ကိုင်ဘက်နိုင်ငံရေးသမားတဦးက “သူ့မှာ ခက်နေတာက ဇွတ်လုပ်တတ်တယ်။ သူပြောတိုင်းမှန်ရမယ်လို့ချည်း ထင်ထင်နေတယ်”
သူ့၌ ကိုယ်ပိုင်ထင်မြင်ယူဆချက် ရှိသည်။ သူသည် သူ၏ ကိုယ်ပိုင်ယုံကြည်ချက်ကို တင်ပြလေ့ရှိသည်။ သို့သော် ပါတီတရပ်လုံး လိုက်နာအောင်မစည်းရုံးနိုင်၊ မလှုံ့ဆော်နိုင်ခဲ့။
“လမ်းစပေါ်ပြီ”(၁၉၄၉)တွင် သူ၏လမ်းစဉ်ကို တင်ပြထား၏။ စာပေဗိမာန်ဆု ရွေးသောအခါ သူ့ဝတ္ထုကိုတွေ့သော်လည်း အပေးရခက်၍ အငြင်းပွားစရာမြင်သောကြောင့်ဟုအကြောင်းပြကာ ငြင်းပယ်သည်ဟု သိရ၏။ ထို့ကြောင့် ထိုနှစ်က ဝတ္ထုဆု မပေးချေ။
“စိမ်းရောင်စို” ပြဇာတ်တွင် သူ၏ ညီညွတ်ရေးကိုယ်ပိုင်လမ်းစဉ်ကိုဖေါ်ပြထားရာ ဖဆပလ အစိုးရက တားမြစ်ပိတ်ပင်လိုက်လေ၏။
ပါတီနိုင်ငံရေးသဘောကား မိမိယုံကြည်ချက်ကို ပါတီတရပ်လုံးယုံကြည်ချက်နှင့်ညှိရေးဖြစ်၏။ ပါတီကယုံကြည်လာအောင်လုပ်ရသော အတတ်ပညာဖြစ်၏။ မိမိကြိုးက သိပ်တင်းနေလျှင်သော်၎င်း၊ လျော့နေလျှင်သော်၎င်း၊ တေးသံထွက်မလာပေ။ ကြိုးညှိတီး၍ရကာ ဂီတ ထွက်လာပေမည်။ သူသည် သူ့ကြိုးကို သူညှိသဖြင့် အခြားအသံများနှင့်ပဋိပက္ခဖြစ်ကာ ကင်းကွာလာခဲ့ရ၏။ သိန်းဖေမြင့်၏လမ်းစဉ်သည် ပါတီ၏လမ်းစဉ်ဖြစ်လာအောင်တိုက်နိုင်မည်ဆိုလျှင် ယနေ့တိုင် ကွန်မြူနစ်ပါတီနှင့်သူသည် တသားတည်းနေမည်ဖြစ်သည်။ နေလည်း နေသင့်၏။ သူသည် မတိုက်မဟုတ်။ တိုက်၏။ အနုပညာသည်လည်း သူ၏လက်နက်ကောင်းတခု ဖြစ်၏။ သို့သော် အတိုက်သမားအဖြစ်ကား လန်၍လန်၍ ကျခဲ့သည်။ အရေးနိမ့်ခဲ့ရသည်။
အနုပညာသမားအနေနှင့်ကား အောင်မြင်ပါသလော။ တေးသံနှင့်အကထက် စာပေတွင် ပို၍တွင်ကျယ်၏။ သူသည် တေးသံနှင့်အကကို ပို၍ စိတ်ဝင်စားသော်လည်း သည်လောက် မနိုင်လှဟုထင်၏။
“ရွှေမိုး ငွေမိုး ရွာ” အဆိုအက ဇာတ်ကား ကောင်းသည်။ “စိမ်းရောင်စို”ခေတ်ဆန်းသဘင်ထက် æစစ်အတွင်း ခရီးသည်”ကို လူတွေက နှစ်သက်ကြသည်။
နိုင်ငံရေးပင်လယ်ပြင်တွင် လှိုင်းတံပိုးကြားထဲ ရောက်သွား၏။ နစ်သွား၏။ သို့သော် မြုပ်မသွားဘဲ အနုပညာသမားအဖြစ်ပေါ်လာသည်။

         
(၅) တခါက ရှုမ၀ ဦးကျော်က စာပေအကြောင်းပြောရင်း “ကိုသိန်းဖေ နိုင်ငံရေးမလုပ်စေချင်ဘူး၊ စာရေးဆရာအဖြစ် ပိုလိုလားတယ်”ဟု ပြော၏။ သူကဲ့သို့ထင်မြင်သူတွေ များစွာရှိသည်။ ကျွန်တော့် သဘောကမူ နိုင်ငံရေးနှင့်စာပေကိုပေါင်းစပ်၍သာ သိန်းဖေမြင့်ဖြစ်လာခြင်း ဖြစ်သည်ဟု ယူဆ၏။ စာသက်သက်ရေးမည်ဆိုလျှင် ဤသို့ ဖြစ်လာမည်မထင်။ နိုင်ငံရေးနှင့်စာပေ ပေါင်းစပ်ပေးရမည်ဟုလည်း ယုံကြည်၏။ သို့မှလည်း စာပေသည် ထက်မြက်ကာအဓိပ္ပါယ်ရှိလာမည် ဖြစ်၏။
ကျွန်တော်တို့က သူ၏ ဆန်းသစ်သောစာပေမှအကြောင်းပြု၍ခင်မင်လာရာ ၁၉၄၈ မတ်လ တော်လှန်ရေးခေတ်က သူ၏ ပါတီကို တိုက်ခိုက်သောစာတမ်းကြီးကိုဖတ်ရရာ စိတ်ပျက်မိခဲ့၏။ တော်လှန်ရေးအားဆန့်ကျင်နေပြီဟုတွက်ထားစဉ် ဖဆပလ အကျဉ်းသားဖြစ်သွားရာ ကွန်မြူနစ်ကလည်း မယုံ၊ ဖဆပလကလည်းမယုံသော အခြေအနေသို့ရောက်နေရှာ၏။
ကွန်မြူနစ်ပါတီမှခွဲခွာခဲ့သော်လည်း ကွန်မြူနစ်လမ်းပေါ်မှာပင် တနေရာမှ လျှောက်နေ၏။ ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုများတွင် ပါဝင်နေ၏။ အမျိုးသားညီညွတ်ရေးကို ကြိုးစား၏။
နိုင်ငံရေးမလုပ်ဘဲ စာသက်သက်ထိုင်ရေး၍ရသောသူမဟုတ်။ ပြည်သူ့ညီညွတ်ရေးပါတီကို ဖွဲ့စည်းလိုက်၏။ ဒီမိုကရေစီသစ် နိုင်ငံရေး သင်တန်းပေးလျက်ရှိ၏။
သိန်းဖေမြင့်ရုပ်ပုံလွှာကို ခြယ်ပြပါဆိုလျှင် အတော်ခက်၏။ ငြိမ်မနေသဖြင့် ပုံဖမ်းရန်မလွယ်ကူ။ တိုက်ခိုက်ရေးသမားအနေနှင့် လှိုင်းတံပိုးများအကြား၌ လှုပ်ရှားနေသော “လှေငယ်ရှင်”အဖြစ်ဖေါ်ပြပါကလည်း ပြည့်စုံချင်မှပြည့်စုံမည် ...။
အသက်(၄ဝ)ပြည့်နေသောသိန်းဖေမြင့်သည် မိတ်ဆွေများနှင့် ဟိုနေရာကနေ ဒီနေရာပြောင်းကာစကားပြောရင်း ကျွန်တော့ထံ ရောက်လာပြန်၏။
“ရေခဲမုံ့ ရပြီးပလား”သူပြောသဖြင့် ရေခဲမုံ့ ပန်းကန် သွားယူလိုက်သည်။
“မင်းကော ဘယ်တော့ လေးဆယ်ပြည့်မလဲ”
“ငါးနှစ်လောက် လိုပါသေးတယ်
“ဟုတ်လား ... ကိုယ်က မင်းနဲ့ဘဟိန်းနဲ့ တူတူ ထင်နေတာ”
ကျွန်တော်က မွေးနေ့တွင် စကားတွေထပြောကြမည်ဟု ထင်ထား၏။ ပွဲတိုင်း စကားပြောလေ့ရှိသော သိန်းဖေမြင့်သည် ရင်ဖိုနေသလား မသိ။ အသက်(၄ဝ)ပြည့်တွင် လူ့ဘဝကို စတင်ရတော့မည့်အတွက်၊ သို့မဟုတ် ရှေ့လာမည့်တိုက်ပွဲများအတွက် ရင်ဖိုနေ၍လား။ ကျေနပ်နေ၍လား။ သိန်းဖေမြင့်မှာ စကားနည်းနေသည်ဟုတွေးကာ ရေခဲမုံ့ကိုယူစားလိုက်သည်။
သိန်းဖေမြင့်၏ နိုင်ငံရေးကိစ္စတွေ၌ မှားသလား မှန်သလားဆိုသည်မှာ အငြင်းပွားနိုင်၏။ မငြင်းနိုင်သည်ကား သူသည် အနီခေတ်ကို ထူထောင်သူတဦးဖြစ်သည်ဆိုသော အချက်ဖြစ်ပေသည်။
ရှေ့(၄ဝ)ကျော် ကာလ၌ တက်ခေတ်နတ်ဆိုး၊ လမ်းစပေါ်ပြီ စသည်တို့ထက် တိုးတက်၍ဆန်းသစ်သော၊ တော်လှန်ရေးကျသောစာပေများ ရေးနိုင်ပါစေ။ မာက်စ်ဝါဒသမားအဖြစ် လူ့ဘောင်ကြီး၏ကောင်းကျိုးကို ဆောင်နိုင်ပါစေ။ နက်ရှိုင်းဝင်းပသော အနီခေတ်ကို ထူထောင်နိုင်ပါစေဟု ဆုတောင်းလိုက်ရပေသည်။      ။
          ဒဂုန်တာရာ
          သြဂုတ်လ၊ ၁၉၅၄
          ( မူရင်းစာအုပ်ပါ သတ်ပုံသတ်ညွှန်းများအတိုင်းနီးပါး စာကိုရိုက်ပါသည်)

0 comments:

Post a Comment