Friday, October 26, 2012

ဒေါက်တာလှရွှေ (ဒဂုန်တာရာ) - ရုပ်ပုံလွှာ

0 comments
(၁) ကြေးနီရောင် သို့မဟုတ် နက်ပြာရောင်လုံချည်ကို ခြေသလုံးပေါ် တိုတိုဝတ်၏။ အညာဖြစ်ပင်နီဖျဉ်ကြမ်း အပေါ်အင်္ကျီနှင့်။ သူ့အလိုအလျောက်ကော့လန်၍နေသော ကတုံးဆံတောက်၏အောက်နားဆီမှ ကျွဲကော်ကိုင်းမျက်မှန်သည် ပညာ၏အမှတ်သဘွယ်ပင်။ ဟာသတခုခုကိုကျူးရင့်ပြီး ဟက်ဟက်ပက်ပက် အားပါးတရ ရယ်မော၏။ သူ့ရယ်မောသံမှာ စမ်းရေယဉ်၏စီးကျသံကဲ့သို့ ကာရန်ညီစွာ တေးဆန်လှ၏။ ရယ်မော၍နေစဉ် သူ၏မျက်လုံးမှအရေကြည်သည် တဖိတ်ဖိတ်တောက်ပ၍နေ၏။ ဤသဏ္ဌာန်သည် ကျွန်တော်၏ မှတ်ဥာဏ်တွင် စိမ်းစို၍ကျန်ရစ်သော ကိုလှရွှေ၏ရုပ်ပုံလွှာဖြစ်ပေသည်။
          ၁၉၃၇။
          ကျောင်းမှအိမ်သို့အပြန် ဖျာပုံသင်္ဘောပေါ်တွင် ဖြစ်၏။ တကျောင်းဆောင်တည်းနေသော သူငယ်ချင်းတဦးမှာ တွံတေးတွင် ဆင်းရမည်ဖြစ်ရာ သူသည် ပဌမတန်းလက်မှတ်ခံကာ တွံတေးမရောက်ခင် အချိန်လည်းဖြုန်းရင်းဆိုသလို အပြင်းပြေကစားရန် ပိုကာဝိုင်း လုပ်၍ထား၏။
          ကျွန်တော်တို့ ကျောင်းသားတစုကား ကုန်းပတ်လက်မှတ်နှင့်ဖြစ်သော်လည်း သူ၏ဧည့်သည်များအဖြစ် ပဌမခန်းရှိစးပွဲတွင် ၀ိုင်းကာ တသောသောနှင့်ရယ်မောကာ ပိုကာကစားလျက် ရှိကြသည်။ ကျောင်းသားတို့အကျင့်အတိုင်း ကုလားထိုင်ဖရိုဖရဲနှင့်။ စား၍ လွှင့်ပစ်ထားကြသော မြေပဲခွံ၊ စက္ကူစုတ် စသည်တို့မှာလည်း ကြမ်းပြင်တွင်ပလူပျံကာ ရုန်းရင်းဆန်ခတ်ဖြစ်၍နေကြသည်။
          သင်္ဘော ရန်ကုန်ဆိပ်ကမ်းမှခွာကတည်းက ပိုကာဝိုင်းလည်း စတော့၏။ ကျွန်တော်တို့တွေကား ပျက်လုံးတွေထုတ်ပြီး တသောသောရှိနေစဉ် အသက်(၂၀)ခန့် အရပ်မြင့်မြင့်၊ တောင့်တောင့်တင်းတင်း၊ ခေတ်ဆန်ဆန် အမျိုးသမီးတဦးသည် ခါးထောက်ကာ အပါးတွင်ရပ်လျက် ...
          `ရှင်တို့ ဒီနေရာက ဖယ်ပေးကြပါ။ ကျမမှာ ပဌမခန်းလက်မှတ်ပါတယ်´
          သူမအသံမှာ မာနဖြင့်ပြွမ်းသဖြင့် တင်းမာလှ၏။ ဂုဏ်မောက်သောမျက်နှာဖြင့် ခက်ထန်သုန်မှုန်၏။ ကျွန်တော့မှာ ကုန်းပတ်လက်မှတ်သာရှိသူဖြစ်၍ ဘာမျှမပြောနိုင်ဘဲ အန်း၍နေသည်။ အခြားကျောင်းသားများမှာလည်း ရုတ်တရက် ကြောင်၍နေကြ၏။
          `ရှင်တို့ ဖယ်မပေးဘူးလား ကျမ ဒီမှာ စာရေးကိုခေါ်လာရတယ်။ စာရေးရှင့် သူတို့ကို အခန်းထဲမှ ထွက်ခိုင်းပေးပါ´
          သူမခေါ်လာသော သင်္ဘောစာရေးမှာလည်း အားနာ၍ဘာမျှမပြောဘဲ ရပ်နေ၏။ ထိုအခိုက် ကိုလှရွှေသည် ဘယ်ကပေါ်လာသည်မသိ ရောက်လာကာ ထိုမာနခဲမိန်းမပျိုနှင့် အပြန်အလှန်စကားများကြတော့၏။ အမှန်အားဖြင့် ကိုလှရွှေသည် ကျွန်တော်တို့အတွက် မခံချင်သဖြင့် သက်သက်ဝင်ပြောခြင်း ဖြစ်၏။
          ကိုလှရွှေနှင့် ကျွန်တော်မှာလည်း လူချင်းမသိကြသေးပေ။ ကျောင်းမှအိမ်အပြန် ဖျာပုံသင်္ဘောပေါ်တွင် ရံဖန်ရံခါတွေ့တတ်သဖြင့် ဖျာပုံမှ သခင်စိတ်ပေါက်နေသော ကောလိပ်ကျောင်းသားတယောက်ဟူ၍ သာမန်အားဖြင့်မှတ်ထင်ထားခဲ့၏။ သည့်ထက်ပို၍ မသိခဲ့ပေ။ ကျွန်တော်တို့ကို သူက ကျောင်းသားကလေးတွေဟု မှတ်ဟန်ရှိ၏။
          မိန်းမပျိုမှာ ကွန်ဗင့်ထွက်၊ ကောလိပ်ကျောင်းသူ၊ ဇပ်ဇပ်ကြဲထဲက ဖြစ်၏။ သို့သော် ကိုလှရွှေနှင့်တွေ့သောအခါ ပြော့၍ကျတော့၏။ ကိုလှရွှေမှာ အချက်ကျကျစကားပြောတတ်သည်ဖြစ်ရာ မကြာမီ သူမ၏ဒေါသသည် လွင့်ပျောက်၍သွားလေသည်။
          စိတ်ထဲတွင်မူကား ကိုလှရွှေကို မဟုတ်မခံနဲ့တော်တော်မီးခဲကျတဲ့လူဘဲ ဟု အောင့်မေ့ထားလိုက်၏။
          (၂)
          ကိုလှရွှေအကြောင်းကို တွေးလျှင် ၁၉၃၈ ခု ကျောင်းသားအရေးတော်ပုံမှ ကားချပ်ကလေးများသည် တချပ်ပြီးတချပ် ဖျပ်ကနဲ ဖျပ်ကနဲနှင့် ပေါ်လာလေသည်။
                                                ........................
          ဒီဇင်ဘာ ၁၅ရက်၊ ညနေ။
          ရန်ကုန်မြို့ပေါ်ရှိကျောင်းသားတို့သည် လူစီတန်းလှည့်ကာ အာဏာဖီဆန်ကြသည်။ ကျောင်းသားတပ်ပေါင်းစု၏ ချိန်းဆိုရာဌာနချုပ်ကား မြို့မကျောင်းဝင်းအတွင်းဖြစ်သည်။
          စုဝေးလျက်ရှိသော ကျောင်းသားလူထုကို ကိုလှရွှေက အာဏာဖီဆန်ခြင်း၏စည်းကမ်းသဘောများကို ပြောပြ၏။ ထိုအခိုက် မိုးကြွင်းသည် ဖြုန်းကနဲရွာချလိုက်သည်။ စောစောက ၀င်းနေသောကောင်းကင်ရှိကွက်လပ်၌ တိမ်တိုက်အညိုများ ရောက်နေလေပြီ။
          မိုးနှင့် လေအကြားမှ ခေါင်းဆောင်ကိုလှရွှေ၏စကားသံသည် ဖေါက်ထွင်း၍ထွက်လာသည်။
          မိုးပေါက်များအကြားဝယ် ကျောင်းသားတပ်ကြီးသည် မောင်ဂိုမာရီလမ်းတလျှောက် ချီတက်၍သွားကြသည်။ လမ်းဘေးမှ ကြည့်နေသောပြည်သူတို့က `အရေးတော်ပုံ အောင်ပါစေ´ဟု ကြွေးကြော်လိုက်ကြ၏။ လှံစွပ်သေနတ်ကိုင် စစ်ပုလိပ်အပြည့်စစ်ကားသည် ခပ်လှမ်းလှမ်းမှလိုက်ပါ၍လာ၏။
                                                     ...................................
          ဒီဇင်ဘာ ၂၀ရက်။
          အတွင်းဝန်ရုံး၏တံခါးပေါက်များတွင် ပိတ်ဆို့၍နေကြသောကျောင်းသားလူထုအား ကိုလှရွှေသည် တပ်မှူးသဖွယ် လှည့်၍အားပေးစကား လိုက်ပြောနေ၏။ လုံချီတိုတို၊ အသားညိုညိုသဏ္ဌာန်သည် ကျောင်းသားလူထုထဲမှ ပြတ်သေားပေါ်လွင်လှ၏။ (၁၂)နာရီကျော်သောအခါ ဆန်းကာဖီးက လှူသော ပေါင်မုံ့နှင့်ငါးသေတ္တာကို နေပူကျဲကျဲတွင် စားလျက်ရှိကြ၏။
          မကြာမီ ကျောင်းသားတပ်ကြီးသည် တပ်ခေါက်ကာ ဂျူဒါအီစကယ်လမ်းမှကွေ့၍ ချီတက်ကာ ပြန်လာကြ၏။ စပတ်လမ်းထိပ်သို့ရောက်လျှင် မြင်းစီးပုလိပ်တို့သည် နံပါတ်ဒုတ်ဖြင့်တိုက်ခိုက်ကြသည်။
          `သူပုန် သူပုန် ...ထ ထ´
          `သခင်မျိုးဟေ့ ... ဒို့ဗမာ´
          ဟူသောအသံသည် ပဲ့တင်ထပ်မြဲထပ်လျက် ရှိသည်။ အရှေ့ဆုံးမှ ဖရိုဖရဲဖြစ်သွား၏။ နောက်လူများက အလျဉ်းမသိ၊ ဆက်လက် ချီတက်ကြ၏။ မြင်းစီးပုလိပ်များ ရောက်လာပြန်၏။ ကိုလှရွှေသည် စပတ်လမ်း ပလက်ဖေါင်းတွင် ဖုတ်အလိမ်းလိမ်းနှင့်လဲနေ၏။
          အတွင်းဝန်ရုံးရှေ့ရှိ သွေးစက်များ ... သွေးစက်များ၊
          တက္ကသိုလ်ဆေးရုံအနောက်ဘက်အခန်းတွင်ကား ကိုအောင်ကျော်သည် သွေးတဗွက်ဗွက်အန်ယင်း လူးလှိမ့်လျက်ရှိသည်။ သတိမရတချက် ရတချက်။ ကိုလှရွှေသည် ကုတင်ဘေးမှငေးကြည့်နေသည်။ ဟင်း ...
          ကမာရွတ်မှ ဟံသာဝတီလမ်းအထိ ကြီးမားပြွပ်သိပ်သောလူထု၏အသံသည် ပင်လယ်မှလှိုင်းတံပိုးသံဟု မှတ်ထင်ရသည်။ ရှေ့ဆုံးမှ ပန်းခွေဖြင့်လွှမ်းသော ဗိုလ်အောင်ကျော်၏အလောင်းသည် ကြံတောသင်းချိုင်းအ၀သို့ ၀င်နေသော်လည်း နောက်ဆုံးမှလူသည် ကမာရွတ်ဂါတ်တဲရှေ့တွင် တိုးလျက်ပင် ရှိလေသည်။
          မကြာမီ သုသာန်ဇရပ်ရှိစကားပြောဓါတ်ခွက်မှ
          `ကျမသားလေး ... လက်နက်ဆိုလို့ အပ်တောင်မပါတာကို ... နယ်ချဲ့အစိုးရဟာ ရက်ရက်စက်စက်သတ်ပစ်လိုက်ကြတာ ... ကောင်းနိုင်ကြသေးရဲ့လားနော်´
          ဗိုလ်အောင်ကျော့်မိခင်အိုကြီး၏ တုန်ရီအက်ကွဲသောအသံဝယ် လူတို့သည် ဆို့၍နေသည်။ မိခင်အိုကြီး၏ရှိုက်သံသည် တဆွတ်ပျံ့ပျံ့ ပဲ့တင်ထပ်လျက်ရှိသည်။
          ထို့နောက် ကိုလှရွှေ၏ မိန့်ခွန်းစကား`ဟယ် ... ဘမော် အစိုးရ´ဟူသောအသံသည် လူထုကိုလွှမ်းလိုက်သည်။
          စကားလုံးများကား ထက်မြက်ချွန်မြလှ၏။ စကားလုံးများကိုတင်ဆောင်ကာ ဖွင့်လှပ်လိုက်သောအသံသည် နှလုံးကို စူးရှတိုးဝင်၍ သွားသည်။ လူတို့သည် ဗိုလ်အောင်ကျော်ကိုလွမ်းနေရာမှ လက်သီးကိုဆုပ်လိုက်ကြသည်။ အံကို ကြိတ်လိုက်ကြသည်။
          သည်အခါတွင် လူထုသည် ကိုလှရွှေ၏အမိန့်ကိုသာ နာခံကြလိမ့်မည်။ သူက သေဆိုလျှင် သေကြမည်။ ကိုလှရွှေ၏အသံသည် လူအများကို ညှို့နိုင်စွမ်းလှသည်။ အင်္ဂလိပ်စာကထိက တဦးက `ကိုလှရွှေ၏ သုသာန်တွင်ပြောသောစကားသည် ရောမစစ်ဘုရင် ဂျူးလိယက်ဆီဇာ၏အလောင်း ရှေ့တွင်ထား၍ပြောသော ကမ္ဘာကျော်စကားကဲ့သို့ပင် လူအများကိုပြောင်းလဲနိုင်ပေသည်´ ဟု မှတ်ချက် ချက်လိုက်သည်။
`ကျုပ်လက်ထက်မှာ ဒေါက်တာဘမော် သမဂ္ဂစင်မြင့်ပေါ် မတက်စေရဘူး´
ကိုလှရွှေကား တရားပွဲများကို ဆက်တိုက်ဟောရသည်။ တညထဲတွင်ပင် အချိန်ပြောင်း၍ချိန်းကာ ကားတစင်းဖြင့် တပွဲပြီးတပွဲ ပြေးကာလွှားကာ ဟောရသည်။
          သို့သော် သပိတ်လှန်လိုက်သောအခါ ရဲရဲတောက်သန်းတင်က သပိတ်မလှန်ဂိုဏ်းထောင်၍ (၂)စု ကွဲသွားကြသေးသည်။ ယခင်က `အာဏာရှင်´ဟုချီးကျူးသော သတင်းစာများက `ခွာနာရှင်´ဟု ပြက်ရယ်ပြုကြလေ၏။ ညတည ကိုလှရွှေသည် မော်တော်ကားဖြင့် စမ်းချောင်းသို့သွားစဉ် ပုလင်းနှင့်အပေါက်ခံရ၏။
          တက္ကသိုလ်သမဂ္ဂအသင်းတိုက်တွင် ကျောင်းသားညီလာခံခေါ်ပြီး သပိတ်လှန်- မလှန် စည်းဝေးကြပုံကိုသတိရမိ၏။ သန်းတင်နှင့် နောက်လိုက်များက နိုင်ငံလုံးဆိုင်ရာကျောင်းသားကိုယ်စားလှယ်များရှေ့တွင် သပိတ်ဆက်လက်မှောက်ရေးကို ပြောကြ၏။ ပြီးနောက် ကိုလှရွှေက ခရေစေ့တွင်းကျ အချက်အလက်နှင့်ရှင်းလင်းပြ၏။
          ကျောင်းသားကိုယ်စားလှယ်များသည် တကယ့်အဖြစ်မှန်ကို မြင်လာကြလေပြီ။ မဲခွဲလိုက်သောအခါ ကိုလှရွှေဘက်က မဲများစွာနှင့် အပြတ်အသတ်နှင့်နိုင်ခဲ့သည်။
          နောက်နှစ်တွင် ကိုလှရွှေသည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂနှင့် တက္ကသိုလ်သမဂ္ဂ၏ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။
          ကျောင်းသားအရေးတော်ပုံအပြီးတွင် ကိုလှရွှေလည်း မိန်းမယူလိုက်လေသည်။ လူတို့သည် စိတ်ပျက်သည့်အခါ၊ သို့မဟုတ် မျှော်မှန်းချက်များ အစိပ်စိပ်အမြွာမြွာကွဲပြိုသွားသည့်အခါ မိမိစိတ်ညစ်ခြင်းကိုခွဲဝေယူရန် အဖေါ်အဖြစ် မိန်းမ ယူတတ်ကြလေသည်။
          ကိုလှရွှေလည်း ဆေးကျောင်းတက်နေရင်း `ရီ´နှင့် လက်ထပ်လိုက်လေ၏။
          တည သမဂ္ဂအစည်းအဝေးအပြီး၌ မိုးရွာနေရာ သူ၏ချစ်ဇနီး `ရီ´အား ထီးမိုးကာ ကားပေါ်သို့ ပို့ပေးသည်ကိုမြင်လိုက်ရ၏။
          (၃)
          သူ သမဂ္ဂဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ၁၉၃၈-၃၉က ကျွန်တော်လည်း တက္ကသိုလ်သမဂ္ဂတွင်အမှုဆောင် ပေါင်းသင်းဆက်ဆံရေး နာယကဖြစ်ခဲ့ရာ သူနှင့်နီးနီးကပ်ကပ်တွေ့မြင်ရသည်။
          တည တက္ကသိုလ်အသင်းတိုက်တွင် အာဇာနည်နေ့ကျင်းပရေးအတွက် အစည်းအဝေးတရပ်ကျင်းပ၏ ။ ဒို့ဗမာအစည်းအရုံးမှစ၍ အဖွဲ့ပေါင်းစုံမှကိုယ်စားလှယ်များ တက်ရောက်ကြသည်။ အစည်းအဝေးကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂက ဆော်သြသူအဖြစ် ဖိတ်ခေါ်၍ ကိုလှရွှေက အစည်းအဝေး၏သဘာပတိ၊ သခင်ဘဟိန်းက အတွင်းရေးမှူးအဖြစ်ဆောင်ရွက်သည်။
          ကျွန်တော် မှတ်မိသလောက် သခင်ဗစိန်၊ သူနာပြု ဦးဘနှင်း၊ မြို့မဆရာဟိန်၊ သခင်ကျော်စိန်၊ သခင်လေးမောင်၊ သခင်တင်မောင် (ကွယ်လွန်ပြီ) စသူတို့သည် ထက်ထက်သန်သန် စကားပြောကြ၏။
          နောက်ဆုံး ဘယ်နေ့ဘယ်ရက်ကို အာဇာနည်နေ့သတ်မှတ်မည်ကို နေ့ရွေးကြ၏။ ဆွေးနွေးယင်း အတိုက်အခံအစုကလေးနှစ်စု ကွဲ၍ လာ၏။
          တဘက်က ဗိုလ်အောင်ကျော်အရိုက်ခံရသော အာဏာဖီဆန်သည့်နေ့ကို အာဇာနည်နေ့သတ်မှတ်ရန် ပြောကြ၏။ တဘက်ကမူကား ဗိုလ်အောင်ကျော် ကျဆုံးသော ၁၉၃၈ ကျောင်းသားအရေးတော်ပုံကြီးသည် ရေနံမြေအလုပ်သမားသပိတ်မှ စတင်တောက်လောင်ခြင်း ဖြစ်သဖြင့် အလုပ်သမားများနှင့်ပတ်သက်သောနေ့ကို အာဇာနည်နေ့အဖြစ်သတ်မှတ်သင့်ကြောင်း အကျယ်တ၀င့်ပြောကြ၏။
          ပြောကြရင်းပြောကြရင်း အရေးတော်ပုံကို အလုပ်သမားများခေါင်းဆောင်သည်၊ ကျောင်းသားများခေါင်းဆောင်သည် စသည်ဖြင့် ဆွေးနွေးသောအချက်မှတိမ်းချော်ကာ ပုဂ္ဂလဓိဌာန်အထိအခိုက်တွေ ပါလာတော့၏။
          တော်တော် ပြင်းပြင်းထန်ထန် ပြောကြ၏။ တဘက်နှင့်တဘက်လည်း ပုတ်ခတ်၍ လာကြ၏။ သခင်ဘဟိန်းကား ခပ်ပြုံးပြုံးပင် နားထောင်နေ၏။ လက်သီးလက်မောင်းတန်းနေသော သခင်တင်မောင်ကို ကျွန်တော်ကဆွဲထားရ၏။ သခင်တင်မောင်ကား ဒေါသကြီး၏။ သူတို့၏ မျက်နှာများသည် နီမြန်း၍နေကြကုန်၏။      
          တချို့ကား လက်မောင်းပင့်ပြီး ရှေ့သို့ ထလာ၏။ ကျွန်တော့်စိတ်ထဲတွင်ကား တဘက်နှင့်တဘက် ထိုးကြကြိတ်ကြတော့မည်မှာ မလွဲဟု အောင့်မေ့ထားလိုက်၏။ သခင်တဦးက ကျောင်းသားတွေဟာ ဘာကောင်တွေညာကောင်တွေ စသည်ဖြင့် ဆဲရေး၏။
          `ထိုင် ... ထိုင် ... မပြောနဲ့´ စသည်ဖြင့် အော်ဟစ်နေသည့်ကြားထဲမှ သခင်လေးမောင်သည် မရပ်ဘဲ လျှာရှည်ရှည်နှင့် စကားပြောလျက်ရှိ၏။ တခန်းလုံး တယောက်တခွန်းစကားသံတွေဖြင့် ပွက်ပွက်ညံလျက်ရှိသည်။
          သခင်တဦးသည် လက်ထဲမှ ထီးကိုယူကာ တဘက်သို့ပြေးသွားလေပြီ။
          သည်လို ပေါက်ကွဲတော့မည့်လေပြင်းမုန်တိုင်းထဲမှာ ကိုလှရွှေသည် ထကာ `သခင်လေးမောင် ရပ်လိုက်ပါ... ရပ်လိုက်ပါ ...´
          သခင်လေးမောင်၏စကားသံသည် ဆက်လက်ပေါ်လာ၏။
          `အားလုံး ငြိမ်ကြပါ ဒီအစည်းအဝေးမှာ ကျွန်တော်သဘာပတိ၊ ကျွန်တော့အမိန့်နားထောင်ရမယ် ခင်ဗျားတို့အားလုံး ငြိမ်ကြ´
          သူ၏ အောင်မြင်ထက်မြက်သောအသံသည် သမဂ္ဂအခန်းတခုလုံးကို လွှမ်းသွားသည်။ ဆူပွက်သောအသံများသည် မီးကို ရေနှင့်သတ်လိုက်သလို ရှဲကနဲတိတ်သွားသည်။ မီးကို ရေနှင့်သတ်လိုက်သလိုဟူသော ဥပမာစကား၏ တိကျမှန်ကန်ခြင်းကို ဤနေရာတွင်မှ ဒက်ကနဲတွေ့လိုက်ရပေသည်။
          ကျွန်တော်ကား ကိုလှရွှေကို ကျေးဇူးတင်လျက်ရှိသည်။ အကယ်၍သာ ကိုလှရွှေသည် အစည်းအဝေးကို မထိန်းသိမ်းနိုင်လျှင် ဧကန် သွေးထွက်သံယိုမှုများ ဖြစ်ပွားမည်။ တိုင်းပြည်ကအထင်ကြီးသော ဒို့ဗမာအစည်းအရုံးမှခေါင်းဆောင်များနှင့် ကျောင်းသားများ၏ရန်ပွဲသည် ရှက်ဘွယ်ရာ ကျော်ကြား၍သွားပေမည်။
          (၄)
          ကျောင်းသားခေါင်းဆောင်အဖြစ်ကား ကိုလှရွှေသည် သံမဏိလမ်းစဉ်နှင့်လုပ်ခဲ့သည်။ အလုပ်သမား လယ်သမားစသော ဆင်းရဲသား အရေးတို့ကိုရှေ့ရှုခဲ့သည်။ သတ်မှတ်ထားသောလမ်းစဉ်ကို မတိမ်းမစောင်းဘဲ စိုက်မတ်စွာ ရဲရဲရင့်ရင့်လုပ်တတ်သည်။ သူ သမဂ္ဂဥက္ကဋ္ဌ ဖြစ်သောနှစ်က ဒုတိယဥက္ကဌဖြစ်သည့်ကိုကျော်မြင့် (ယခု ဆိုရှယ်လစ်ပါတီ)က သမဂ္ဂအစည်းအဝေးပွဲ တပွဲတွင် ဒေါက်တာဘမော်ကို နိုင်ငံရေးတရားဟောခိုင်းရန်အဆိုတင်သွင်းရာ ကိုလှရွှေသည် ခါးခါးသီးသီးငြင်းပယ်ခဲ့သည်။
          `ကျုပ်လက်ထက်မှာ ဒေါက်တာဘမော် သမဂ္ဂစင်မြင့်ပေါ်မတက်စေရဘူး´ ဟု သူပြောသည်။
          အခုတင် ဘမော်အစိုးရကိုဖြုတ်ချပြီး ခုဘဲ သူနှင့်လက်တွဲရမည့်သဘောကို သူ အလိုမရှိပေ။ သူ့လက်ထက်တွင် ဒေါက်တာဘမော် တခါမျှ သမဂ္ဂစင်မြင့်သို့မရောက်ခဲ့ရပေ။ ကိုလှရွှေသည် သံမဏိလမ်းစဉ်၊ ချိုးဖဲ့ကွေးညွှတ်၍မရသောလမ်းစဉ်အတိုင်း စိုက်စိုက်မတ်မတ် သွားသည်။
          ကျောင်းသားအရေးများကြောင့် သူသည် ပညာရေးဘက်ကများစွာ အနစ်နာခံခဲ့ရသည်။
          သူ တက္ကသိုလ်ရောက်သည်မှာ ကြာလှပေပြီ။ သူသင်ယူသော အမ်ဘီဘီအက်စ်ဆရာဝန်အတတ်မှာ (၇)နှစ်သင်တန်းရှိပေရာ သပိတ်ကိစ္စ၊ သမဂ္ဂကိစ္စအ၀၀ကြောင့် စာမေးပွဲမဖြေရသည်မှ မကြာခဏပင်ဖြစ်ပေသည်။ အထူးသဖြင့် ဆရာဝန်အတတ်မှာ ဘီအေ၊ အမ်အေကဲ့သို့ ကျောင်းမှန်မှန်မတက်သော်လည်း စာဘတ်ပြီး စာမေးပွဲအောင်ရန် မရပေ။ လက်တွေ့အတန်းများကို မပျက်မကွက်တက်ပြီး မှန်မှန်ကြိုးစားစာဖတ်မှ တော်ရုံကျပေသည်။ သည်အထဲ သမဂ္ဂလုပ်ငန်းကို လုံးလုံးလျားလျားလုပ်ပြီး စာမေးပွဲမဖြေရသဖြင့် ကျောင်းသက်မှာ ရှည်ရခြင်း ဖြစ်လေသည်။
          ၁၉၃၉ ခုမှစ၍ သူသည် ကျောင်းစာကို လိုက်ရလေသည်။ ထိုနှစ်မှ စ၍ သူသည် သမဂ္ဂဥက္ကဋ္ဌသက်တမ်းစေ့သဖြင့်သာ အမ်ဘီဘီအက်စ်ဆရာဝန်ဘွဲ့ကို ဆွတ်ခူးခွင့်ရခဲ့ပေသည်။
          နောက်ဆုံး အမ်ဘီဘီအက်စ် နှုတ်ဖြင့်မေးသောစာမေးပွဲတွင် ဆေးတက္ကသိုလ်အဖွဲ့မှ ဆေးမင်းကြီးက ၁၉၃၈ ခု၊ ကျောင်းသားအရေးတော်ပုံသည်မှန်သလောဟူသောမေးခွန်းမျိုးကို ကိုလှရွှေအား မေးသည်ဟုကြားရသည်။ ကိုလှရွှေသည် အရေးတော်ပုံဘက်မှနေ၍ ရဲရင့်စွာပင် အချက်အလက်များနှင့်ဖြေကြားခဲ့ပေသည်။ ထိုအခါက နယ်ချဲ့စနစ်သည် ခိုင်မြဲလျက်ရှိသေးသည်။
          အကယ်၍သာ ကျောင်းမှထွက်ပြီး နိုင်ငံရေးဆက်လိုက်လျှင် သူ၏ကျော်ဇောခြင်းအရှိန်နှင့် ယခုအခါ အတော်အရေးပါသော တနေရာတွင်ရောက်နိုင်ရန်အလားအလာ ရှိခဲ့ပေသည်။
          သို့သော် သူသည် သမဂ္ဂကထွက်ပြီးကတည်းက အေးချမ်းငြိမ်ဝပ်စွာ နေခဲ့သည်။ ဆရာဝန်ပညာကိုသာ စိတ်အားထက်သန်ခဲ့ပေသည်။ ဆရာဝန်ကြီးတဦးက ကိုလှရွှေအား `ငယ်ရွယ်သော်လည်း ထက်မြက်လှသော အခွဲအစိပ် ဆရာဝန်တဦးဖြစ်လေသည်´ဟု ချီးကျူးခဲ့သည်။
          ဂျပန်တက်စ ဘီအိုင်အေခေတ်က ကျွန်တော်သည် ကျိုက်လတ်မြို့ရှိ ဗမာအစိုးရ၏အုပ်ချုပ်ရေးကိစ္စတခုဖြင့် ဖျာပုံသို့ရောက်ခဲ့ရာ သူ့အိမ်တွင် သူ့ကို သွားတွေ့သည်။ သူသည် အုပ်ချုပ်ရေးမှူးလုပ်လျက်ရှိသည်။
          သူက `ကျွန်တော်တော့ဗျာ မတတ်သာလို့သာ အုပ်ချုပ်ရေးမှူးလုပ်နေတာဘဲ´ ဟုညည်းသည်။ ဂျပန့်ခေတ်ကလည်း ပြည်သူ့ဆေးရုံကြီးတွင် အခွဲအစိပ်ကိစ္စများကို လုပ်ကိုင်လျက်ရှိခဲ့သည်။ နောက်တဖန် မအူပင်သို့ခရိုင်ဆရာဝန်အဖြစ် ပြောင်းသွားသည်။
          လူအဖြစ်ကား ကိုလှရွှေသည် ဘော်ရွေ ပြူငှာလှသည်။ သဘောကောင်းသည်။ ရယ်စရာတခုခုပြောပြီး ဟက်ဟက်ပက်ပက် ရယ်မောတတ်သည်။ သူ၏ ရယ်သံမှာ တောမြိုင်အတွင်းရှိ ရေယဉ်စမ်းမှစီးကျသံလို ကာရန်ညီ၍ စီးချက်ကျနေသည်။ သူနှင့်စကားပြောလျှင် ပျင်းစရာမကောင်း။ သူ့တွင် ဟာသရှိသည်။
          တရာမဂ္ဂဇင်းကို သူ့ထံသွားပေးသည့်အခါ သူသည် မျက်နှာဖုံးကစ၍ ဝေဘန်ချက်ပြောလေ့ရှိသည်။ သူ့တွင် ဝေဘန်စစ်ဆေးခြင်း မျက်စိရှိသည်။ `ငွေလှေပေါ်ကအနမ်း´ ကဗျာကိုကား `ခင်ဗျားဟာက ကိုယ်မရတိုင်း ကိုယ်မဖြစ်တိုင်း ကိုယ်ဖြစ်ချင်တာတွေ အိပ်မက် မက်တာပဲလားဗျ´ဟု ရယ်ကာ ပြောလေသည်။
          `ခင်ဗျားမူအတိုင်း မပျက်စေနဲ့၊ တန်ဘိုးကို အမြဲထိန်းသိမ်းနော်´ဟု ကျွန်တော့ကို ပြောတတ်သည်။
          တာရာတွင် ဘာဝနှင့် ပတ်သက်သောဆောင်းပါးများ ရေးပေးမည်ဟု ကတိပေးဘူးသည်။ သို့သော် သူ့မှာ မအားလပ်သဖြင့် မရေးဖြစ်ခဲ့။
          သူသည် ခေတ်အယူအဆ၊ စာပေစသည်တို့ကို လစ်လျူရှုသူမဟုတ်ပေ။ သူရေးခဲ့သော `ဇနီးမောင်နှံရာသက်ပန်´ကား စာအုပ်ကောင်းတအုပ်ဖြစ်၍ မကွယ်မထောင့် ရှင်းလင်းပြတ်သားလှသည်။ ခေတ်ပေါ် ဗမာ ကာမသျှတ္တရစာအုပ်များထဲတွင် သူ့စာအုပ်သည် ပညာအဆန်ဆုံး၊ အခိုင်လုံဆုံး ဖြစ်ပေသည်။
          (၅)
          ဆရာဝန်ဆို၍ကိုလှရွှေတယောက်ရှိသည်မှာ မိတ်ဆွေရဲဘော်များအတွက်လည်း များစွာအားကိုးစရာဖြစ်ခဲ့သည်။ ဂျပန်ခေတ်က သခင်ဘဟိန်း အသားဝါရောဂါဖြစ်နေစဉ် ကိုလှရွှေသည် မနက်အစောကြီးပေါက်လာကာ ဆေးထိုးပေး၏။ သခင်ဘဟိန်းမှာ အိပ်ရာထ နေမြင့်၍ ကိုလှရွှေသည် စောင့်၍ဆေးထိုးပေးရ၏။ ကျောင်းသားဘ၀ကလည်း ကိုလှရွှေသည် သခင်ဘဟိန်းကို ဆေးထိုးပေးခဲ့သည်။ ဆေးထိုးရန်အတွက် ဆေးထိုးတံကိုပြင်နေစဉ် သခင်ဘဟိန်းက လက်မောင်းကိုပွတ်ရင်း `ဟုတ်မှ ဟုတ်ရဲ့လားကွာ တော်ကြာဆေးထိုးမှားလို့ ကြွနေပါဦးမယ်´
          ကိုလှရွှေကား ဟက်ဟက်ပက်ပက်ရယ်မောကာ `အလကားထိုးပေးရလို့ ကိုယ့်လူ၊ မောင်ရင်က ပိုက်ဆံပေးရမှ အဟုတ်ထင်တာကိုး၊ အောင်မယ်လေး ... ထိုးပေးရတဲ့လူကတောင် ချော့နေရသကိုး´
          ကျွန်တော်တို့ကား ရှုံ့ရှုံ့မဲ့မဲ့နှင့်ခံနေသော သခင်ဘဟိန်းအား ရယ်၍သာ နေကြ၏။ ကိုလှရွှေက အပ်ကိုဆွဲထုတ်ရင်း `အပ်ကြီးကြီးနဲ့ ထိုးလိုက်ရတာ အသားဘဲဟေ့´ဟု ရယ်မောလျက်ရှိ၏။
          ၁၉၄၆ ခုနှစ်က ကျွန်တော်သည် ၀မ်းကိုက်ရောဂါဖြစ်၍ ကိုလှရွှေထံတွင် အကြိမ်(၆၀)ခန့် ဆေးထိုးရဘူး၏။ သူ ဆေးထိုးမည်ပြုလျှင် ကျွန်တော်က အင်္ကျီလက်ကိုပင့်ယင်း `ဖြည်းဖြည်းလုပ်နော်´ဟုပြောရာ `ဒီတခါတော့ အပ်ကြီးကြီးနဲ့ကိုထိုးရမယ်ဗျ´ဟုပြောပြီး ထိုးလေ့ရှိ၏။
          သူ့အိမ်သို့ ဆေးထိုးသွားလျှင် တက်ဘုန်းကြီးသိန်းဖေ၊ သခင်ဗတင်စသည်တို့ကို တွေ့ရတတ်သည်။ ကိုထွန်းအုံနှင့်ကား ဆေးထိုးဆုံ၍ နေတတ်၏။ ကိုလှရွှေဆေးထိုးမည့်နေ့ဆိုလျှင် သူ့ဇနီး `ရီ´သည် ဆေးထိုးတံ အပ် စသည်တို့ကို ဆေးစိမ်၍ထားလေ့ရှိ၏။ ကိုလှရွှေ ရေးပေးသောအညွှန်းအတိုင်း ဆေးစပ်ပေးလေ့ရှိ၏။ ကိုလှရွှေသည် ချစ်ဇနီး `ရီ´ကို အတော်ချစ်ပုံရလေသည်။
          တညနေတွင် ကျွန်တော်သည် ဆေးရုံဝင်းထဲရှိအိမ်တွင် ဆေးထိုးရန် ကိုလှရွှေကို စောင့်လျက်ရှိ၏။ ကိုယ်တော်တပါးသည် ဒေါက်တာမောင်လှရွှေကို တွေ့ချင်သည်ဆို၍ ဧည့်ခန်းသို့ဝင်လာ၏။
          မကြာမီ ကိုလှရွှေသည် ဆေးရုံမှရောက်လာသည်။ ကိုယ်တော်က ခြေတွင်ထုံကျင်ကိုက်ခဲသောဝေဒနာစွဲကပ်၍ ဆေးရုံတက်လိုကြောင်း ပြောပြ၏။ ကိုလှရွှေက နောက်တနေ့တွင် ဆေးရုံ ပြင်ပလူနာဌာနသို့ လာရောက်ရန်ချိန်းဆို၏။ သို့သော် ကိုယ်တော်ကား အတော်ကြာပင် ဆေးရုံအကြောင်းကိုမေးမြန်းနေလေ၏။ ကိုလှရွှေကား စိတ်ရှည်လက်ရှည် ရှင်းပြနေ၏။ နားထောင်ရသော ကျွန်တော်ပင် စိတ်မရှည်ပေ။
          ကိုလှရွှေ ခေတ္တအိပ်ခန်းထဲဝင်သွားသောအခါ ကိုယ်တော်က `အာဏာရှင်ကြီးမောင်လှရွှေ လခ ဘယ်လောက်ရလဲ၊ တထောင်ကျော်လား´ စသည်ဖြင့် ကျွန်တော့်အား မေးလျက်ရှိ၏။ ကိုယ်တော်သည် ကျောင်းသားခေါင်းဆောင်အဖြစ် ကိုလှရွှေကို အတော်စွဲလမ်းပုံရသည်။
          (၆)
          မသွားခင် တလကျော်ကျော်လောက်က သူနှင့်တွေ့သောအခါ အမေရိကန်ပြည်သို့ သင်္ဘောနှင့်သွားမည်ဟု ကျွန်တော့်ကိုပြော၏။ နောက်မှ လေယဉ်ပျံနှင့်သွားမည်ဆိုကာ သိရ၏။ သူသည် အင်္ဂလန်ပြည် မနီဆိုတာတက္ကသိုလ်၌ အခွဲအစိပ်ပညာကို ပညာတော်သင်အဖြစ် သွားရောက်သင်ကြားရန် ဖြစ်သည်။ သူသည် ဆေးသိပ္ပံပညာ၌စိတ်ဝင်စားလျက် ရှိနေသည်။
          `ကျွန်တော်တို့တတွေ သိပ္ပံပညာဘက်မှာ ပြည့်ပြည့်၀၀ ခေတ်မီမီတတ်ကျွမ်းနားလည်ဘို့လိုတယ်။ လေ့လာဆည်းပူးစရာတွေ အများကြီးရှိသေးတယ်။ ...´ဟု ကျွန်တော့်အား ကိုလှရွှေကပြော၏။
          ထင်ကြီးနှင့် တက္ကသိုလ်တခုတည်းဆို၍ ထင်ကြီးကတဖွဖွမှာနေသောတာရာမဂ္ဂဇင်းများကို ကိုလှရွှေနှင့်ပါးလိုက်ရန် သူ့ဆီ သွားတွေ့၏။ ထိုနေ့က သူ အင်းစိန်သွားနေသဖြင့် မတွေ့လိုက်ရ။ လေယာဉ်ပျံတွင် ယူနိုင်သည့် ၀န်စည်စလယ်အလေးချိန်မှာပြည့်နေပြီဟု ကြားရသဖြင့် ဆန်းကဖေးမန်နေဂျာတွန်မီထွန်းတင်နှင့် ပေးလိုက်ရလေသည်။
          များမကြာမီ အာရေဗျပင်လယ်ကွေ့၌ လေယာဉ်ပျံပျက်သည့်သတင်းကြားရရာ ထိတ်ကနဲဖြစ်သွားသည်။ တနှစ်အတွင်း မိတ်ဆွေရဲဘော်များ အထူးသဖြင့် သမဂ္ဂဥက္ကဋ္ဌများသည် ကွယ်လွန်ရှာကြလေပြီ။ ပဌမ ကွန်မြူနစ်ခေါင်းဆောင် သခင်ဘဟိန်း ... နောက် ဖဆပလ ဥက္ကဌ သခင်အောင်ဆန်း ... နောက်ဆုံး ၁၉၃၈ ခုနှစ် ကျောင်းသားအရေးတော်ပုံ၏ခေါင်းဆောင် ကိုလှရွှေ။         ။
          ဒဂုန်တာရာ
          အောက်တိုဘာလ၊ ၁၉၄၇

0 comments:

Post a Comment