ထားဝယ်ကမိတ်ဆွေတစ်ဦး
လက်ဆောင်ပေးခဲ့သဖြင့် (၄၊၇၊၁၉၃၆)ရက် ထုတ် သူရိယသတင်းစာ နှစ်လည်အထူးစာစောင် The Sun
Annual number တစ်စောင်၊ (၁၂)ပဲ စာစောင်ဟောင်းကြီးကို လက်ခံရရှိခဲ့ပါ သည်။ စာရွက်တွေမှာဆွေးမြည့်နေ၍
တစ်မျက်နှာချင်းကိုပင် အသာ အယာ အသက်အောင့်ကာလှန်ကြည့်နေရသည့် အခြေအနေ၊ လေတိုး ရင်တောင်
စာရွက်အပိုင်းအစတွေက တစ်စစီပဲ့ကြွေကျ မတတ်ပါပဲ။ ထိန်းသိမ်းစောင့်ရှောက်သညကြားမှပင်
နာဂစ်ဒဏ်ကို အလူးအလဲခံစား လိုက်ရပြန်ပါတယ်။ အသက်(၇၃)နှစ် ရှိပြီဖြစ်တဲ့ ဦးသူရိယရဲ့စာမျက်နှာ အသက်သွေးကြောတွေကို
တစ်စစီ၊ တစ်ပိုင်းစီ၊ ချုပ်တန်ချုပ်၊ ဖာတန်ဖာ၊ ထေးတန်ထေး၊ ကပ်တန်ကပ်၊ အထွေထွေ ရောဂါများကို
အချိန်ယူ ကုသပြီးမကြာမီ အသက်ပြင်းပြင်းရှူသံနှင့်အတူ သူ့စကားသံကိုတိုးမြှင့်စွာကြားလိုက်ရသည်။
သွေး ချည်မျှင်တွေတွဲခိုနေတဲ့သူ့မျက်ဝန်းအိမ်နဲ့ တစပ်စပ်တုန်ရီနေတဲ့ ဖြူလျော့လျော့နှုတ်ခမ်းလွှာမှ
အားကိုးတကြီးဖြင့် သူ့ဖြတ်သန်းမှုဘဝအထိုထိုကို ပြန်ပြောခိုင်းနေသလို အေးစက်တောင့်တင်းနေတဲ့
သူ့လက်ဖဝါးနုနုတွေက ကျွန်တော့်အသားစိုင်တွေကိုင်တွယ်ထိမိချိန်မှာ မထင်မှတ်ဘဲ ကျွန်တော့်တစ်ကိုယ်လုံး
လျှပ်စစ်စီးဆင်းသလိုတုန်ခါသွားမိတယ်။ အမှန်တရားယုံကြည်ချက်စတဲ့ အားအင်တွေပေးလိုက်သလို
ရရှိခံစားချိန်မှာ ကျွန်တော် သူ့ကိုလေးနက်စွာ ခေါင်းညိတ်ပြလိုက်တယ်။
''ယခု တင်ပြချက်များသည် ကျွန်ုပ်၏အာဘော်များ လုံးဝမဟုတ်ပါ'' တစ်ချိန်တစ်ခါက တန်ခိုးထက်မြက်ခဲ့သော သူရိယသတင်းစာပါ သမိုင်းစာမျက်နှာများ၏ အထောက်အထားများကိုသာ ဖော်ပြခြင်းပါသည်။ မြင်ကွန်းမင်းသားကြီး အဘယ်ကြောင့် ဘုရင် မဖြစ်သနည်း။ မြင်ကွန်းမင်းသားကြီးသည် အခြားသော မင်းတုန်းမင်းတရားကြီး၏သားတော်များနှင့်မတူ၊ အမူကွဲပြားထူးခြားသော၊ စွမ်းရည်သတ္တိနှင့် ပြည့်စုံကြောင်း၊ ထိုကဲ့သို့ ထူးခြားမှုရှိခြင်းကြောင့် ထိုမင်းသားကြီးအကြောင်းကို ရှေ့မီ၊ နောက်မီဖြစ်ကြကုန်သော မြန်မာလူကြီးအပေါင်းတို့က မကြာခဏ ပြောပြလေ့ရှိကြသည်။ မြန်မာပြည်အရှေ့တောင်ဘက်ရှိ တည်ရှိအပ်သော ပြင်သစ်ပြည်အပိုင် အာနံပြည် ဆေးဂုံမြို့တွင် နေထိုင်တော်မူသော မြန်မာတို့၏ဘုရင် ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတုန်းမင်းတရားကြီး၏ သားတော်ကြီးတစ်ပါးဖြစ်ပေသော သက်တော်(၇၉)နှစ်ရှိ မြင်ကွန်းမင်းသားကြီးသည် ၁၂၈၃ ခုနှစ်၊ တော်သလင်းလဆုတ် (၇)ရက်နေ့၊ နံနက်(၉)နာရီ (၃ဝ)မိနစ် အချိန်တွင် ကံကုန်တော်မူလေရာ ကြွင်းကျန်ရစ်ခဲ့ပါသောရုပ်အလောင်းကို ၄င်းနှစ် သီတင်းကျွတ်လဆန်း (၄)ရက်နေ့၊ ညနေ (၄)နာရီခွဲ အချိန်တွင် ဖုတ်ကြည်းသင်္ဂြိုဟ်လိုက်ကြောင်း၊ ယခုအခါ ဆေးဂုံမြို့တွင် ထိုမင်းသားကြီး၏အဆက်အသွယ် သားတော်၊ သမီးတော်များနှင့်မြေးတော်တို့မှာ ပေါင်းကိုးပါး ကျန်ရစ်ခဲ့သည့်လက္ခဏာရှိကြောင်း၊ အကြောင်းကိုဆိုသော အသုဘတရားတော်နာဖိတ်ကြားစာတွင် မင်းသမီးခင်လေးဘုရား၊ သခင်မလေးထိပ်တင်မကြီး၊ မင်းသမီးရင်နီမြင်ကွန်း၊ မင်းသမီးဂျပ်နီမြင်ကွန်း၊ မင်းသမီးဆူဇနီမြင်ကွန်း၊ မင်းသားဗလင်တိုင်မြင်ကွန်း၊ မင်းသမီးဟယ်တီနီမြင်ကွန်းနှင့် မင်းသမီးမာဆေလေမြင်းကွန်းဟု ဖိတ်ကြားစာတွင်ပါရှိကြောင်း ကျွန်ုပ်တို့ ရေးသားဖော်ပြခဲ့ဖူးပါသည်။ မင်းတုန်းမင်းတရားကြီးသည် ညီတော်ကနောင်မင်းကို အိမ်ရှေ့စံအပ်နှင်းတော်မူခြင်းကြောင့် ၄င်း၏ သားတော်ကြီးများမှာ အမွေရိုက်ရာ လက်ခံသိမ်းမြန်းစိုးပိုင်ဖို့အရေးနှင့် အလွန်တစ်ရာမှဝေးသွားပေရာ သားတော်ကြီးများမှာ မကျေမနပ်ဖြစ်ကြရပြီးလျှင် ထိုသို့ ကနောင်မင်းသားကို အိမ်ရှေ့စံအပ်ပြီးနောက် သုံးနှစ်မြောက်သော သက္ကရာဇ် ၁၂၃၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်နေ့၊ ၃ ချက်တီးကျော်၊ ၆ မောင်းအချိန်၊ တမိုဃ်းလုံး သွေးကဲ့သို့နီမြန်းပြီးလျှင် ၄ ချက်တီးအချိန် မည်းမိုက်၍ မိုဃ်းကြီးရွာရာ နန်းတော်အရှေ့မြောက်၊ ရွှေမြို့တော် အရှေ့မြောက်အရပ်များတွင် မိုဃ်းကြီး လောင်မီးကျသည်။ ယင်းသို့ဖြစ်ပွားပြီး လပြည့်ကျော်(၇)ရက်နေ့၊ နေ့(၂)ချက်တီးကျော်အချိန်တွင် နန်းမြေ ဘုံသာစံနန်းတော်လွှတ်တော်အနီး တဲကြီးတွင် သဿမေဓအခွန်မှူးမှစ၍ တိုင်းရေး၊ ပြည်ရေးများကိုရှင်းလင်းစစ်ဆေးနေစဉ် အမှတ်တမဲ့နေခိုက်၊ မြင်းကွန်းမင်းသား၊ မြင်းခုံတိုင်မင်းသားတို့သည် ငဘဲကြီး၊ စံခိုင်၊ ဝတုတ်၊ ငဖြူသီး၊ ငကျွတ်၊ ငအုန်းခိုင်၊ ဇော်ဂျီဗိုလ်တို့နှင့် လူပေါင်း (၅ဝ)ကျော်တို့ကို အရက်သေစာများတိုက်ပြီးလျှင် မြင်းကွန်းမင်းသားနှင့်အပေါင်းအပါများသည် စံနန်းတော်ထောင့် နေအိမ်ဝင်းက ဓားသွားဖွေးဖွေးနှင့်ထွက်လာကြ၍ မင်းမူမင်းရေးအစည်းအဝေးပြုလုပ်နေသည့် အိမ်ရှေ့မင်း ဝန်ကြီးတို့ကိုလုပ်ကြံမည်လာရာ အိမ်ရှေ့မင်းလည်း ရှောင်တခင်ဖြစ်၍ တဲကြီးကဆင်းသွားရာ လွှတ်တော်တောင် လှေကားအနီးတွင် ငဖြူသီးလုပ်ကြံ၍ နတ်ရွာစံတော် မူလေသည်။ မြတောင်မြို့စား သေနတ်ဝန်ကြီး သတိုးမင်းကြီးမဟာမင်းလှစည်သူလည်း ဓားထိခိုက်၍ဆုံးချေသည်။ လောင်းရှည်မြို့စားဝန်ကြီး၊ လက်ဝဲဝင်းမှူး၊ မြေဒူးမြို့စား၊ လက်ဝန်သံတော်ဆင့်၊ နားခံပြော့ကြီးမှူး ငရနဲ(ခေါ်)သန္တိ၊ ၂မြို့အုပ်တို့နှင့်လူအများလည်း ဓားထိခိုက်ဒဏ်ရာ အနာတရ ဖြစ်ကြရကြောင်း၊ ဝန်ထောက် မြို့သစ်မြို့စား၊ မိုးနဲဗိုလ်မှူးဝန်ထောက်၊ ပုပ္ပားမြို့စား၊ ကျောက်ရဲမြို့စား၊ သစ်တောမြို့ဝန်၊ ကျီးဝန်၊ ဆင်ဝန်၊ ပင်းတလဲဝန်၊ တောင်ငူ၊ ရမည်းသင်း၊ ၂မြို့ဝန်တို့မှစ၍ မှူးတော်မတ်တော်တို့လည်း ကိုယ်လွတ်ရုန်းရှောင်ရှားကြရလေသည်။ သားတော် မလွန်မင်းသား၊ ညီတော် ပြင်စည်မင်းသား၊ စကုမင်းသားတို့ကို အိမ်ရှေ့မင်းအမိန့်တော်နှင့်ဆို၍ ခေါ်ပြီးလျှင် လက်ယာဝင်းတံခါး အပြင်တွင် သတ်ရာ ကံကုန်တော်မူကြသည်။ နောက် သူပုန်လေးငါးဆယ်နှင့် မြင်ကွန်းမင်းသား၊ မြင်းခုံတိုင်မင်းသားတို့သည် နန်းမြေဘုံသာသို့တက်၍ အတွင်းဝန်ရေနံချောင်းမြို့စား၊ မင်းကြီးမဟာမင်းလှကျော်ခေါင်တို့ကို ဓားကွက်ပြီးလျှင် သစ္စာပေးသည်။ သူရဲဝန်ရွှေပြည်ရန်အောင်၊ မြင်းဝန်သတိုးမင်းကြီး၊ မဟာသမိန်တို့ကသစ္စာမခံ၍ ငဖြူသီးမှလုပ်ကြံရာ နန်းတော်ပေါ်တွင် ဆုံးချေသည်။ ဘဝရှင်မင်းတရားကြီး ဘုရားပွဲတော်ဆောင်တွင်စံတော်မူစဉ် ရုတ်ရုတ်သဲသဲအသံများကြောင့် ကင်းဝန်မင်းမဟာမင်းလှသူကတင်လျှောက်ရာ မြင်ကွန်းမင်းသား၊ မြင်းခုံတိုင်မင်းသား အပေါင်းအပါ သူပုန်၊ ရန်သူတော်များဖြစ်ကြောင်း၊ ခမည်းတော်ကိုမကြံစည်အပ်ဟု ဆင့်ဆိုပြီးလျှင် မြင်းခုံတိုင်မင်းက -----------------( စာများဆက်ရှာ၍ မရတော့ပါသဖြင့်ချန်လှပ်ပြီး နောက်ဆက်တွဲစကားပိုဒ်ဖြင့် ဆက်ပေးလိုက်ပါသည်။) ဘဝရှင်မင်းတရားကြီးဘုရား ကိုယ်တော်တိုင်ကွပ်ကဲ၍ ခုခံတိုက်ခိုက်ကြောင်း၊ အမြောက်ဝန်မဟာနော်ရထာ၊ အမြောက်စာရေးမောင်ကြီးတို့က သူပုန်တို့ရှိရာသို့ အမြောက်နှင့်ချိန်၍ပစ်ဖောက်ကြလေသည်။ သူပုန်တို့ကလည်း ရွှေနန်းတော်ကြီးဆီသို့ အမြောက် စိန်ပြောင်းနှင့် မရပ်မနား ပစ်ခတ်ကြလေသည်။ မြင်းကွန်းမင်းသားတို့မှ ခမည်းတော်ဘုရားအမိန့်တော်ကိုနာခံလိုကြောင်း၊ ပုရပိုက်ပေါ်တွင် စာရေးထား၍ ပိုးနီပဝါ ရစ်ပတ်လျက် ခမည်းတော်ကိုတင်လျှောက်ရာ တင်လွှာတွင်အရေးတောင်းဆိုသည့်စာ ပါရှိရာ ဘဝရှင်မင်းတရားကြီးဘုရားက ကန့်ကွက်ခြင်းမရှိ၊ ရဲရင့်တည်ကြည်တော်မူသည်နှင့်အညီ ပညာသတ္တိနှင့်နှိုင်းစာတော်မူပြီးလျှင် ငါ့ကိုရန်မပြုနှင့်ဟူသော အမိန့်တော် စာပုရပိုက်ကိုရေးသား၍ ပဝါနီရစ်ပတ်ပြီးလျှင် မြင်ကွန်းမင်းသား၊ မြင်းခုံတိုင်မင်းသားတို့မယ်တော် တောင်ရွှေရေးမိဖုရားကိုယ်တိုင် သားတော်များရှိရာသွားရောက် ------------( ဝမ်းနည်းစွာဖြင့် စာလုံးများပျက်စီးသွားခဲ့ရပါသည်။ အဆုံးပိုဒ်ကို ဆက်ရလျှင်မူ) မြင်ကွန်းမင်းသားတို့ညီနောင်သည် မီးသင်္ဘောဖြင့် ရန်ကုန်သို့စုန်ဆင်းလာပြီးလျှင် အင်္ဂလိပ်အစိုးရမင်းတို့နယ်တွင် မှီခိုလေသည်)။ ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားအနီးအိမ်တော်တွင် အင်္ဂလိပ်အစိုးရကခေတ္တထားစဉ် ညီတော်မြင်းခုံတိုင်မင်းသား မကျန်းမာ၍ကံတော်ကုန်လေသည်။ ထို့နောက် မြင်ကွန်းမင်းသားကိုလည်း အင်္ဂလိပ်အစိုးရက မြန်မာပြည်တွင်မထားဘဲ၊ အိန္ဒိယပြည်သို့ပို့ထားရာ ထိုပြည်မှ ရုပ်ဖျက်၍ ပြင်သစ်ပိုင် ကိုချင်ချိုင်းနားနယ်သို့အရောက် ထွက်ပြေးလေသည်ဟု ပြောဆိုကြကြောင်း၊ ထိုသို့ ပြင်သစ်နယ်သို့ရောက်ရှိပြီး ပြင်သစ်အစိုးရတို့က အကန့်အသတ်ဖြင့် စောင့်ရှောက်ကြည့်ရှုထားသည်ဟုသိရှိကြောင်းဟု အဆုံးသတ်ထားပါသည်။ စားရေးသူ အမည်ဖော်ပြထားခြင်းမရှိပါ။ ယနေ့ဂျာနယ်လစ်တို့စကားနဲ့ပြောရလျှင် သူရိယဝိုင်းတော်သားတစ်ဦးဖြစ်နိုင်ဖွယ်ရှိကြောင်း ဝင်ရောက်စွက်ဖက်ရေးမိလိုက်ပါသည်။ နတ်ရွာစံသီပေါမင်းတရားကြီး မြန်မာပြည်ကြီးသည် မြန်မာလူမျိုးတစ်မျိုးလုံးပင် ယူကျုံးမရရင်ဘတ်စည်တီး ဝမ်းနည်းခြင်းမက ဝမ်းနည်းကြရခြင်း၊ အကြောင်းသော်ကာ ကုန်းဘောင်မင်းဆက်၊ ဆယ့်တစ်ဆက် ဖြစ်တော်မူသော ကျွန်တော်တို့ မြန်မာပြည်ကြီးနင်း သီပေါမင်းကြီးသည် အိန္ဒိယနိုင်ငံ ရတနာဂီရိမြို့၌ မြန်မာသက္ကရာဇ် ၁၂၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် (၆)ရက်နေ့တွင် ကံကုန်တော်မူသည်။ ကုန်းဘောင်မင်းတို့၏ ဇာတာတော်ဘွဲ့များအမည်ဖြင့် ရေးသူ နေမျိုးမင်းထင်ကျော်ခေါင်ဘွဲ့ရ အဝေးရောက်မင်း (ရွှေဘိုမြို့)ရဲ့ သီပေါမင်းတို့၏ဇာတာတော် ဘွဲ့ရှစ်ဆယ်ပေါ်တေးထပ်ကို ပူးတွဲတင်ပြလိုက်ပါသည်။ ၁၂၂ဝ ပြည့် နတ်တော်လဆုတ် ၁၂ ရက်နေ့၊ စနေနေ့၊ နံနက် လေးချက်တီးကျော်စဉ် နက္ခတ် ၁၆ လုံး ၃ ပါဒ်၊ ၅ ဗီဇနာ။ ၁၂၄၇ ခု၊ တန်ဆောင်မုန်း လဆုတ် ၈ ရက်၊ တနင်္ဂနွေနေ့၊ နေ့ ၃ ချက်တီးကျော်အချိန်၊ စဉ်နက္ခတ် ၁ဝ လုံး ၁ ပါဒ် ၄ ဗီဇနာ။ ၄င်းအခါ ဘွဲ့ရှစ်ဆယ်တော် သတ်စတ္တာလီ စမ္မီအစ်၊ မြန်မာပြည်သက္ကရာဇ်၊ ပျက်ယိမ်းပုံ၊ ဖန်ပြီစနစ် ခက်ကိန်းကြုံသည် အချက်ကြိမ်းစုံ ဆုံပြီကို။ တန်ဆောင်မာသ ဆုတ်ရှစ်ခါတွင် အုပ်ရှစ်ပမာ ပြိုကွဲပြီတို့မို့။ နေ့သူရဇ္ဇအခါတန်လျှင် ကြမ္မာကံပင်အမြင်ဆို့၊ မိဿလဂ်ဝင်သိဟ် တခို့ မတော့၊ စန်းနှင့်ဟိုင်းတို့ ခြင်္သေ့လှုံ၊ ကြွက်မင်းကညာ၊ မကာရပူးမင်းရာဇ ဗြိစ္ဆာရွှေဂဠုန်၊ ရေနက်ရှိုင်းလို့ တိုင်းမေစုံမှာ ဆဒ္ဒန်ပြောင်ဟု ဓနုနန်းပ၊ ပြဒုစခန်းကွယ်ဖုံး မြတ်မဟာ၊ ဆယ်လုံးတပါဒ်သာ ထီးသုံးစည်ပေါက် ပြည်မှောက်ခါငယ်၊ မကြည်နောက်စွာ ပျက်ကိန်းကြုံရလေ။ မြန်မာပြည်တွင် ဂဠုန်တွေ ထပုံ ရေးသူ ဂဠုန်ဦးစော ဂဠုန်အရေးတော်ပုံနှင့်ပတ်သက်၍ သတင်းအဖြစ်ရေးသားရန် အယ်ဒီတာချုပ်ဦးဘကလေးက အကျွန်ုပ်အား ပြောကြားသောကြောင့် သတင်းအဖြစ်နှင့်သာ အကျွန်ုပ်ရေးသားခြင်းဖြစ်ကြောင်း၊ အခြားရည်ရွယ်ချက် တစ်စုံတစ်ရာမရှိပါဟု မြန်မာပြည်တွင် ဂဠုန်တွေ ထပုံ၊ သတင်းအဆုံးပိုဒ်တွင် စကားချပ် ဂဠုန်ဦးစောဟု ပါရှိပါသည်။ လက်နက်လုံလောက်စွာမရှိဘဲ၊ မနိုင်ဘဲသိလျက်နှင့် အသေခံ၍ ဤကဲ့သို့သူပုန်ထခြင်းကို အကျွန်ုပ်မကြိုက်ပါဟု စာရေးသူမှ သူထင်မြင်ယူဆချက်ကို တင်ပြထားပြန်ပါသည်။ အထက်ပါ သတင်းဆောင်းပါးကိုမတင်ပြမီ စာရေးသူဂဠုန်ဦးစောနှင့် သူရိယသတင်းစာတို့ပတ်သက်ဆက်နွယ်ပုံများကို ထိုနေ့ထုတ် သူရိယသတင်းစာမှာ ခမ်းခမ်းနားနားဖော်ပြထားခြင်းဖြင့် ဂဠုန်ဦးစော၏အရေးပါပုံကို သိနိုင်ပေလိမ့်မည်။ နိုင်ငံခြားကိုယ်စားလှယ်အထောက်တော် ဂဠုန်ဦးစောဟူ၍ ထိုသတင်းစာ၌ပါရှိသလို ဗမာပြည်တွင် မည်သည့်သတင်းစာမှ မစီမံသေးသောအလုပ်ဟူ၍ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ မန်ချူးကိုး၊ ယိုးဒယား စသော နေထွက်သည့် အရှေ့ဘက်တလွှားနိုင်ငံများသို့ လေယာဉ်ပျံနှင့်တစ်မျိုး၊ မီးသင်္ဘော၊ မီးရထား၊ မော်တော်ကားဖြင့်တဖုံ၊ ဂဠုန်ကိုပျံဝဲစေလျက် ဗမာပြည်၊ ဗမာလူမျိုးတို့တန်ခိုးကြီးစေရန် သူရိယက ဆောင်ရွက်ခဲ့ပြီးကြောင်း၊ သူရိယနေမင်းသည် ဂဠုန်ကိုစေလွှတ်၍ ကမ္ဘာတွင် ဗမာတွေကျော်ကြားရန်တစ်မျိုးထွင်ပုံက နေဝင်သည့်အနောက်တလွှားနိုင်ငံများသို့ ဂဠုန်ကိုပျံဝဲစေလျက် ဥရောပတိုက်၏နိုင်ငံရေး၊ သပွတ်အူများ၊ ကမ္ဘာ့၏ဆူပူသောင်းကျန်းမှုများ၊ အရှုပ်အထွေးတို့ကို ရှာဖွေစုဆောင်း၍ အကျိုးနှင့်အကြောင်း ကိုယ်တွေ့မျက်မြင်သတင်းထူး၊ သတင်းဆန်း၊ သတင်းကောင်း၊ သတင်းမှန်တို့ကို သူရိယတွင်ရေးသားလိမ့်မည်ဖြစ်ကြောင်း၊ ဂဠုန်ဦးစော သွားရန်စီစဉ်ထားသည့် တိုင်းပြည်နိုင်ငံများမှာ အီတလီ၊ ဆွစ်ဇလန်၊ သြစတြေးရီးယား၊ ဇာစ်ကိုစလိုးဗီးယား၊ ပိုလန်၊ ဂျာမနီ၊ ဟော်လန်၊ ဘယ်ဂျီယန်၊ ပြင်သစ်၊ အင်္ဂလန်၊ အိုင်ယာလန်၊ အီဂျစ်၊ အိန္ဒိယ၊ သီဟိုဠ်ကျွန်းတို့ ဖြစ်ကြောင်း၊ ၂ဒ x ၁ ၁/၂ဒ ခန့်သတင်းစာရွက်ပေါ်တွင် ပုံနှိပ်ဖေါ်ပြခဲ့သည်။ သူရိယနှင့်ဂဠုန် ဂျပန်ပြည်တွင်နာမည်ကြီးနေပုံ ဂျပန်ပြည်၌သတင်းစာတိုက်ပေါင်း ၂ဝဝဝ ကျော်ရှိသည့်အနက် တစ်နေ့လျှင် စောင်ရေတစ်သန်းခွဲထုတ်ဝေရသော အိုစကာအဆာဟိအမည်ရှိသတင်းစာကြီးက ခေါင်းစဉ်စာလုံးကြီးများဖြင့် သူရိယသတင်းစာနှင့် ဂဠုန်ဦးစောတို့အကြောင်းကို ယခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်ထုတ်သတင်းစာတွင် အထူးတလည်ရေးသားထားကြောင်း၊ ရန်ကုန်တက္ကသိုလ်ကျောင်း သမဂ္ဂအသင်းရုံးကြီးနှင့် ရန်ကုန်အစိုးရဟိုက်စကူးကျောင်းကြီးတွင် ရဟန်းရှင်လူပရိသတ်များစွာရှေ့၌ ဥပဒေပြုလွှတ်တော်အမတ်ဦးစော ဟောပြောသောတရားတို့ကို ပုံနှိပ်ထုတ်ဝေပြီး ကျွန်ုပ်တို့ထံပို့ပေးသဖြင့် များစွာဝမ်းမြောက် ကျေးဇူးတင်ပါကြောင်း၊ စသည်ဖြင့် ဂျပန်ပြည်၌ တန်ခိုးကြီးသတင်းစာကြီးက အထူးချီးကျူး၍ ရေးသားထားသည်ကို တွေ့ရှိရပါသည်။ စာရေးသူ ဂဠုန်ဦးစောသည် ဒေါက်တာဘမော်၊ သာယာဝတီဦးပုတို့က ဆရာစံအတွက်ရေးသားထားသော ထုချေလွှာကြီးကို ဘာသာပြန်ဆိုခြင်းဖြစ်သည်။ လုံးစိ၊ ပတ်စိမဟုတ်ဘဲ ဆိုလိုခြင်း၊ ဆိုလိုရင်းအဓိပ္ပာယ်ကိုသာ ဘာသာပြန်ဆိုပြီး သတင်းအဖြစ် ပြန်လည် ရေးသားခြင်းဖြစ်သည်။ (အပိုင်းအစများကို ရနိုင်သလောက်စုစည်းပြီး တင်ပြထားပါသည်။ မူရင်းလောက် ပြည့်ပြည့်စုံစုံမရှိနိုင်ပါ။) ''ဂဠုန်ဆိုသည်မှာ'' ဂဠုန်ဆိုသည်မှာ လက်နက်စွဲကိုင်၍ ဗြိတိသျှအင်္ဂလိပ်အစိုးရတို့ကို ခံချသူတို့ဖြစ်၏။ တော်လှန်ကြသူတို့ဖြစ်၏။ ပုန်ကန်ကြသူတို့ ဖြစ်၏။ အင်္ဂလိပ်အစိုးရဘက်တော်သားတို့ကို သတ်ဖြတ်၏။ ၄င်းတို့လည်း အသေခံကြသူတို့ ဖြစ်၏။ ''ဂဠုန်ဘယ်ကစ'' မြန်မာနိုင်ငံတော်တစ်ဝှမ်း များစွာသောမြို့ရွာနယ်ပယ်တို့တွင် ဂဠုန်ထကြွ၏။ အထူးသဖြင့် အင်္ဂလိပ်အစိုးရအုပ်ချုပ်သည့် နှစ်ပရိစ္ဆေဒ ကြာမြင့်ပြီးဖြစ်သော အောက်မြန်မာပြည် စီရင်စုနယ်ပယ်တို့တွင် ဂဠုန်တို့ပိုမိုထကြွ၏။ ''ဂဠုန်ဝါဒ'' ဂဠုန်တို့သည် ဘာသာမတူ၊ အယူကွဲပြားသောလူမျိုးခြားများကို အလွန်အကြူး ထူးကဲစွာမုန်းကြဟန်တူ၏။ ဤစကားမှန်ကြောင်း သက်သေခံထင်ရှားပုံမှာ၊ ဂဠုန်စ၍ထလျှင်ပင် သာယာဝတီအင်းရွာ မီးရထားကုန်းအနီးတွင် နေထိုင်စားသောက်လျှက်ရှိသော ကုလားနှင့်တရုတ်လူမျိုးများပိုင် ဈေးဆိုင်၊ အိမ်ခြေတို့ကို မီးတင်ရှို့၏။ လူ(၃)ယောက်ကိုလည်း သတ်လိုက်သည့်အကြောင်း ထောက်၍သိနိုင်၏။ ထိုမှတစ်ပါး ဂဠုန်တို့ထုတ်ပြန်သော ကြော်ငြာစာရွက်များနှင့်အတူ ဗြိတိသျှအင်္ဂလိပ်ရှင်ဘုရင်တို့၏တရားလိုဘက်မှတင်ပြသော သက်သေခံစာတမ်းများအရလည်း ဂဠုန်တို့သည် အင်္ဂလိပ်လူမျိုးနှင့်အင်္ဂလိပ်အစိုးရတို့ကိုတွန်းလှန်ဖြိုဖျက် မြန်မာနိုင်ငံမှ လူမျိုးခြားအစိုးရကိုထွက်ပြေးရအောင် အလိုရှိပုံပေါ်၏။ နှစ်သက်လိုလားဟန်တူ၏။ ရည်ရွယ်ကြဟန်တူ၏။ ထမြောက် အောင်မြင်မည်။ မအောင်မြင်မည်တို့ကို ၄င်းတို့သည်စဉ်းစားခြင်း မပြု၊ မိမိလူမျိုးနှင့်ဗုဒ္ဓဘာသာသာသနာအတွက်သူတစ်ပါးကိုသတ်ရသည်နှင့် မိမိတို့လည်းအသေခံမည်ဆိုပြီး ထကြွတိုက်ခိုက်သူတို့လည်း ရှိသည်ဆို၏။ ''ဂဠုန်အစစ်'' စားနပ်ရိက္ခာလိုလျှင် ချိုချိုသာသာနှင့် ပစ္စည်းရှင်တို့အား ရိုသေခန့်ငြားသောအမူအရာပြ၍ မုန်းတီးရွံရှာသွားခြင်းများစွာ မဖြစ်ကြဟူ၍လည်း သတင်းသန့်သန့်ကို ထိုအချိန် ထိုအခါကကြားဖူး၏။ ထိုသို့သောဂဠုန်များမှာ ဂဠုန်အစစ်နှင့်တူသည် ဟုဆိုကြ၏။ ''ဂဠုန်အတု'' ဂဠုန်အတုဆိုသူတို့မှာ ဖဲသမား၊ ဘိန်းစားနွားခိုး၊ လူဆိုးတစ်စုဖြစ်ပြီး နို့ဆီဘူး၊ ငါးသေတ္တာ၊ ငါးခြောက်၊ ငါးပိဆန်ဆီမကျန် ရသမျှအဝတ်အထည် စားသောက်ရန်အမျိုးမျိုးတို့ကိုပါ အတင်းအဓမ္မတိုက်ခိုက်လုယူလေ့ရှိကြသည်။ ပစ္စည်းရှင်များမှာ နှမြောခြင်း၊ မုန်းတီးရွံရှာခြင်းဖြစ်ကြသည်။ ဂဠုန်တု ဂဠုန်ယောင်တို့ကို အော့နှလုံးနာခြင်းဖြစ်ကြသည်ဟုဆို၏။ 'ဆရာစံကိုမိသည့်အခါ' ဆရာစံကို ကြိုးမိန့်ပေးအသတ်ခံရပုံမှာ အတော်ပင်မှတ်သားလောက်ပေ၏။ ဆရာစံကို ရှမ်းပြည်နယ်၊ ရှမ်းရွာမှ ဖမ်းမိ၍ သာယာဝတီသို့ယူဆောင်လာပြီး ရုံးတင်အမူစစ်သောအခါ ဆရာစံဘက်မှ ယခုအခါ ပညာရေးဝန်ကြီးချုပ်ဖြစ်နေသည့် ဒေါက်တာဘမော်က ရှေ့နေလိုက်၏။ ဆရာစံဘက်မှ အကျွန်ုပ်အားသက်သေအဖြစ်တင်ပြရန် ပဌမ စီစဉ်သည်ဟုသိရှိရ၏။ အကျွန်ုပ်အားသက်သေလာခံမလားဟု သံကြိုးရိုက်၍ မေး၏။ လာ၍ သက်သေခံပါမည်ဟု သံကြိုး ပြန်လိုက်၏။ နောက်တစ်နေ့တွင် အကျွန်ုပ်သက်သေခံခြင်းကို အလိုမရှိတော့ဟု သံကြိုးစာတစ်စောင် လာပြန်၏။ အကြောင်းဘယ်သို့နည်း၊ အကျွန်ုပ် ယခုတိုင် မသိရပေ။ အကျွန်ုပ်၏ဆောင်ရွက်ချက်ဖြင့် ဘိလပ်အောက်ပါလီမန်တွင် ဆာဆီဘာနတ်ဆိုသူက အင်္ဂလိပ်အစိုးရနှင့် ယှဉ်ပြိုင်တိုက်ခိုက်သောဂဠုန်တို့မှာ စစ်ဝတ်စစ်စားနှင့် စည်းကမ်းကျနစွာ တိုက်ခိုက်သည်ဖြစ်ခြင်းကြောင့် INTERNATIONAL LAW ကမ္ဘာကလိုက်နာရမည့်စည်းမျဉ်းဥပဒေအရ အဆိုပါ ဂဠုန်များကို ကြိုးမပေးထိုက်ပါဟု ပါလီမန်အစည်းအဝေးတွင်ပြောဖူး၏။ ၄င်းပြင် သာယာဝတီမြို့၌ တရားဝန်ကြီးမစ္စတာကန်းလစ်နှင့် ဦးဘဦးတို့ရုံးတွင် ဆရာစံ၏အမှုကိုတင်သွင်းစစ်ဆေးသောအခါ ဆရာစံကအမှုတွင် ထုလား၊ ချေလားမလုပ်ပဲ ဇွတ်ငုတ်တုတ်နေလျှင် သတ်ပစ်ရမှာလည်းအခက်၊ လွှတ်ရမှာလည်းမလွယ်နှင့် တရားသူကြီးလုပ်သူများ အခက်အခဲနှင့်တွေ့ကြုံနေရ၏။ အင်္ဂလိပ်အစိုးရကမူ ဂဠုန်အရေးနှင့်ပတ်သက်၍ ဂဠုန်ဘုရင်နန်းဆက်သစ်ထူထောင်ရန်အတွက် မြန်မာပြည်ကြီးကို အလုံးစုံသိမ်းကျုံးလုယူလိုသည့် ရည်ရွယ်ချက်ဖြစ်သည်ဟု မြန်မာပြည်ရှိအင်္ဂလိပ်အစိုးရဘက်က အတိအလင်းစွပ်စွဲထား၏။ အမှန်တကယ်တွင် ဂဠုန်တို့သည် အင်္ဂလိပ်အစိုးရကိုတွန်းလှန်ဖြိုဖျက်ပြီးနန်းလုလို၍ ဤသို့ထကြွကြသည် မဟုတ်၊ ထမင်းငတ်မတတ် ဆင်းရဲဒုက္ခရောက်ကြရသည်က တစ်ကြောင်း၊ အချို့မှာ ထမင်းနပ်ကျော် စားကြရသည်။ ဤသို့ စီးပွားရေးဘက်ကကြည့်ပါက နာလန်မထူနိုင်လောက်အောင် ဆင်းရဲမွဲပြာနေကြရသည်။ လူခွန်တော်ကောက်ခံရာတွင် လက်အောက်အရာရှိတို့က အမျိုးမျိုးညှဉ်းပန်းနှိပ်စက်သည့်ဒဏ်ကို မခံမရပ်နိုင်ဖြစ်ခါ ဆရာစံတည်းဟူသော ၄င်းတို့၏ခေါင်းဆောင် ပေါ်ပေါက်လာသည်နှင့်တပြိုက်နက်ထဲ ရှူးရှူးရှားရှားနှင့်လက်နက်စွဲကိုင်၍ တညီတညာတည်း သူပုန်ထကြလေသည်။ ဤကဲ့သို့ဖြစ်စဉ်အမှန်ကို အကျွန်ုပ်နှင့်တကွ ပြည်သူ့ကိုယ်စားလှယ်တို့က အကြောင်းပြချက်ခိုင်လုံစွာတင်ပြရာ အင်္ဂလိပ်အစိုးရက မဟုတ်မမှန်တင်ပြသည်ဟု ငြင်းဆို၏။ စီးပွားရေးနှင့်မသက်ဆိုင်၊ နိုင်ငံရေးအတွက် ဂဠုန်ထခြင်းဖြစ်သည်ဟု ဥပဒေပြုအဖွဲ့အစည်း အတွင်းအပြင်တို့၌ အင်္ဂလိပ်အစိုးရတို့က တွင်တွင်ကြီးပြော၊ တွင်တွင်ကြီးရေးသားကြ၏။ ဂဠုန်အရေးနှင့်ပတ်သက်၍ သာယာဝတီ၊ အင်းစိန်၊ ပြည်၊ သရက်၊ ဖျာပုံ၊ ဟင်္သာတနယ်တို့တွင် ဂဠုန်နှင့်ပတ်သက်သူများ၊ ထောင်ချုပ်ခံရသူတို့မှာ တစ်သောင်းနှစ်ထောင် ခန့်ရှိ၏။ အင်္ဂလိပ်အစိုးရစစ်သည်တော်တပ်များ၏လက်ချက်ဖြင့်သေဆုံးရသူတို့မှာ မည်၍ မည်မျှဟု သေချာစွာမသိရသော်လည်း ရာပေါင်းများစွာရှိ၏။ အစိုးရစစ်တပ်ဘက်မှလည်း မျက်နှာဖြူ၊ မျက်နှာမည်း၊ အနည်းငယ်ခန့် ဂဠုန်တို့လက်နက်ဖြင့် ကျဆုံးကြ၏။ ဆရာစံ၏ရှေ့နေဒေါက်တာဘမော်နှင့် ကွယ်လွန်သူ သာယာဝတီဦးပုတို့က ဆရာစံအတွက် ထုချေလွှာရှည်ကြီးကို အကျယ်တဝင့်ရေးပြီး ထုချေလွှာတွင် ဆရာစံကိုလက်မှတ်ရေးထိုးစေပြီး တင်သွင်းခဲ့၏။ ၄င်းထုချေလွှာတွင် အဓိကအချက်ကြီးများမှာ ၁။ ကျွန်တော်မျိုး ဆရာစံသည် သွေးထွက်သံယိုမှုကို မည်သည့်အခါမှ မလိုလားပါ။ ၂။ ကျွန်တော်မျိုးသည် အိန္ဒိယပြည်၌ မဟတ္တမဂန္ဒီ၏ သွေးထွက်သံယိုမပါသော အာဏာဖီဆန်ရေးကှိုစ်သက်သူဖြစ်ကြောင်း။ စာရေးသူ ဂဠုန်ဦးစော၏ထုချေလွှာ (သို့မဟုတ်)သတင်းဆောင်းပါး ကို ဖတ်ရမည်ဆိုလျှင် ဆရာစံ၏မွေးသက္ကရာဇ်နှင့် ဇာတာခွင်မှာ (၁၂၃၈)ခု တန်ဆောင် မုန်းလဆန်း(၈)ရက် အင်္ဂါနေ့ ညဥ့်(၁၁)နာရီ(၁၅)မိနစ် အချိန်တွင် ရတနာသုံးပါးဦးထိပ်ထား၍ မာတာမိခင်ဖွားသန့်စင်သည် ငယ်မည်တွင် စံရှား ခေါ်သတည်း။ အထက်ပါ သက္ကရာဇ်သည်ကား ဆရာစံ၏သက္ကရာဇ်ပင် ဖြစ်၏ လက္ခုဏုဇုကျမ်းတွင် မနုသာနံ လူတို့၏ အတ္တယ၊ အကျိုးငှာ လက္ခုဏုဇု ဖြောင့်မတ်မှန်ကန်သော ဓာတ်လက္ခဏာကျမ်းကို ဝါလက္ခဏာဥဇုကျမ်းကို၊ ဣဒါနိ ယခုအခါ၌ ဝါဣဒါနိ ယခု တပို့တွဲလဆုတ် (၂)ရက်၊ ကြာသပတေးနေ့၌ အဟံ ကျွန်ုပ် ဆရာစံသည်(ဝါ) ငယ်ကခေါ်ငြား မောင်စံရှားသည် ကထေဿာမိ ရေးသားပြုပြင်စီရင်ပေအံ့ဟူ၍ ရေးသားဖော်ပြပေ၏။ မြန်မာနိုင်ငံပြည် မငြိမ်သက် ဇိဝိန်ပျက်မျှ ပွက်ပွက်လျှံ ကြွက်ညံဝေဆူ အထက်မင်း၊ လက်ငင်းယူ ဖြူအင်္ဂလိပ် တစ်ကြိမ်တစ်ခါ တိမ်သဘာမှိန်ခဲ ဆရာဖက်ကြီးရေးသည့် လေးလုံးတစ်ပိုဒ် စာကလေး ဖြစ်ပါသည်။ မြန်မာနိုင်ငံကို ကုလားယူသည့်နေ့မှစ၍ လက်ရုံးလက်မောင်းတန်းခါ ပုန်ကန်ထကြွခဲ့သမျှတွင် အင်္ဂလိပ်ဘုန်းတန်ခိုးဖြင့် သူပုန်များနှိမ်နင်းခြင်းသာခံခဲ့ရသည်။ သူပုန်ဟု အဆိုခံရသူများလည်း စက်တိုင်ထက်တွင် လက်မှိုင်ချကာ အသေခံခဲ့ကြရ၏။ မြန်မာနိုင်ငံ၌ မောင်သန်၏ သူပုန်ထကြွရေး၊ ဗန္ဓကရသေ့၏ သူပုန်ထကြွရေး၊ နယ်ခြား သူပုန်ထကြွရေးဟူ၍ အမျိုးမျိုးရှိခဲ့ကြ၏။ နောက်ဆုံး သာယာဝတီတွင် အစိုးရက တကယ့်သူပုန်ဟု စွပ်စွဲခြင်းခံရလောက်အောင်၊ ထကြွကြသည့်နေ့သည် (၁၉၃ဝ)ပြည့် ဒီဇင်ဘာ (၂၂)ရက်နေ့ ဖြစ်၏။ တစ်နေ့နေ့တွင် သွေးထွက်သံယို ဖြစ်ကုန်ကြလိမ့်မည်။ သတိထားကြဟု သာယာဝတီအရေးတော်ပုံမဖြစ်မီက သတိပေးဖူးသောပုဂ္ဂိုလ်များနှင့်သတင်းစာများစွာ ရှိခဲ့၏။ စသည်ဖြင့် သူရိယမဂ္ဂဇင်းတွင် ရေးသားဖော်ပြ ခဲ့ဖူးကြောင်း။ အောင်ကျော်ဦးဦး

http://www.snapshot-news.com/?option=com_content&view=article&id=930%3A2009-08-01-06-13-48&catid=110%3Avol2-no44&Itemid=113&fontstyle=f-larger
0 comments:
Post a Comment