ကျနော်
တခါတလေ အွန်လိုင်းမှာ မသိသေးသူတချို့နဲ့ဆုံပါတယ်။ တဦးကိုတဦးမိတ်ဆက်ချိန်မှာ “ယူ့”
နာမည်က ဘယ်လိုခေါ်သလဲ၊ “ယူ”ကဘယ်မှာနေတာလဲတို့ စသည်ဖြင့်ပေါ့ဗျာ အမေးခံရပါတယ်။ အင်္ဂလိပ်စကားပြောချင်စိတ်ရှိတာကိုပြတာလို့ထင်မိပြီး
လူကြီးတွေပြော ဖူးတဲ့ စစ်ကြိုခေတ် စစ်ပြီးခေတ်တွေတုန်းက “ယူ” တို့ “အိုင်” တို့ဆိုတဲ့ အသုံးတွေများ
ခေတ်တခါပြန်စားလာလေ သလားလို့လည်းတွေးမိပါ တယ်။ ပြောချင်စိတ်ရှိတာဆို အလွန်ကောင်းပါတယ်ဗျာ။
ကြိုးစားပါ။ အားပေးပါးတယ်။ ဘာသာစကားများများတတ်တာဟာ ကိုယ့်အတွက်ရော လူ့အဖွဲ့အစည်းအတွက်ပါ
အကျိုးများအောင်သုံးရင် အကျိုးအလွန်များပါတယ်။ နောက်တခုက အင်္ဂလိပ်လိုလည်းမရိုက် မြန်မာဖေါင့်နဲ့ လည်းမရိုက်ပဲ
nay kaung ler တို့ bae hmar nay lel တို့ စသည်ဖြင့်ပေါ့ဗျာ အဲသလိုတွေ ရိုက်တော့၊ ရေးတော့၊
မေးတာတော့ ခွကျတယ်ဗျာ။ တခါတလေ သူမေးတာပြန်ဖြေဖို့နေနေသာသာ သူ့အမေးကိုနားမလည် ဘာသာမပြန်တတ်လို့
သူ့ပြန်ပြန်မေးနေရတာနဲ့တင် ခရီးကမတွင်တော့ဘူးပေါ့ဗျာ။ ကျနော့်သဘောကတော့ဗျာ အင်္ဂလိပ်လိုပြောရတာမှာ
ဘာသာစကားအခက်အခဲရှိလို့ မရိုက်ချင်လည်းနေပါ။ အပြစ်လည်းမဆိုပါဘူး။ မတတ်ရကောင်းလားပြောရအောင်
ကျနော်လည်း ဘာမှတတ်တာမဟုတ်ပါဘူး။ (တတ်သားပဲ မရိုက်ချင်လို့ဆိုသူတွေကိုတော့ ဘာမှမပြောလိုပါဘူး)
မတတ်တဲ့ဘာသာစကားနဲ့ဆို မရိုက်နဲ့ဗျာ။ ပင်ပန်းတယ်။ တချို့လည်း တတ်တော့နည်းနည်းတတ်တယ်
ဒါပေမယ့် အလှောင်များခံရမလားဆိုပြီး ရှက်ရွံ့နေတတ်တယ်လေ။ ဖြစ်တတ်ပါတယ်။ (ဘာသာခြားစကား ကို
မပီ့တပီနဲ့ပြောရမှာ ရှက်တတ်တာလည်း သဘာဝပါ)။ မရှက်နဲ့ဗျ။ ဒါ ရှက်ရမယ့်ကိစ္စမဟုတ်ပါဘူး။
ခင်ဗျားပြောလို့ အသံထွက် အဓိပ္ပါယ် အနက် အကောက်အယူ သဒ္ဒါအထားအသို အသုံးအနှုန်းလွဲရင် တတ်သူကပြင်ပေးမှာပါ။
လှောင်သူလည်း ရှိမှာပါပဲ။ အလှောင်ခံရမှာ မရှက်နဲ့ဗျာ။ တကယ်ရှက်ရမှာက လှောင်သူဗျ။။ အဲဒီလူဟာ
သူ့မိခင်စကားမဟုတ်တာကိုလေ့လာတဲ့အခါ ဒီလိုပဲကြုံရမယ်ဆိုတာ ကိုယ်တိုင်မတွေးမိလို့နေမှာပါ။
ထားပါတော့ဗျာ။ ဒါဆိုလည်း မြန်မာဖေါင့်လေးတွေနဲ့ မြန်မာလိုရိုက်တတ်အောင်လေး အားထုတ်ကြပါလားဗျာ။
အားလည်းထုတ်ကြစေချင်ပါတယ်။
လူ့လက်ချောင်းလေးတွေက
နှစ်ဘက်ပေါင်းရင် ၁ဝ ချောင်း၊ အဆစ်ကလေးတွေအနေနဲ့ဆို အဆစ် ၃ဝ ပါ။ ကျနော့်မှာ လက်ကတစ်ဘက်ပဲ ရှိတယ်လေ။
ရှိနေတဲ့လက်တစ်ဘက်က အဆစ်ကလေးတွေ အားလုံးပေါင်းကြည့်တော့ ၅ ဆစ်ကို နည်းနည်းလေးကျော်တယ်ဗျ။ လက်သူကြွယ်လေးက
အဆစ်ဝက် မပြည့်တပြည့်လေး ကပ်ပြီးကျန်တယ်လေ။ ဆိုတော့ဗျာ အားလုံးပေါင်းမှ လက်ချောင်းလေး
နှစ်ချောင်းစာ မပြည့်ဘူးဗျ။ အဲဒါလေးနဲ့ ကျနော်ကြိုးစားရိုက်နေတာဗျ။ ကျနော် ၂၀၀၅ ခုနှစ်မှာမှ
ကွန်ပြူတာဆိုတာ စမြင်ဖူးတာပါ။ စလေ့ကျင့်တော့ သူငယ်ချင်းတစ်ယောက်က သူတို့အခေါ် ကီးခြောက်လို့ခေါ်တဲ့
ကီးဘုတ် အဟောင်းကြီးတခု လာပေးတယ်။ ကီးဘုတ်ကြီးသက်သက်ပဲ ဘာမှမပါဘူး။ အဲဒါကြီးနဲ့ အချိန်ရှိသရွေ့
တဗျောက်ဗျောက်ထိုင်ပြီး နှိပ်နေတာဗျ။ လက်ထိပ်ကလေးတွေလည်း နာသလားမမေးနဲ့။ ညညဆို လိမ်းဆေးလေး
ပွတ်ပွတ်ပေးရတာ။ ခလုပ်ကလေးတွေပေါ်မှာ အင်္ဂလိပ်လိုပါတော့ အင်္ဂလိပ်လိုက ပြဿနာ သိတ်မရှိဘူးလေနော။
ဗမာဖေါင့်နဲ့ကျတော့ ပြဿနာကတက်ရော။ သူငယ်ချင်းက ဗမာဖေါင့် (အဲ့တုန်းက ဇော်ဂျီမဟုတ်ဘူး။
ဝင်းဘားမီးစ်နဲ့ပေါ့) လက်ကွက် ပုံနှိပ်စာရွက်ကလေးတော့ ပေးထား တာပေါ့ဗျာ။ ဒါပေမယ့် ကိုယ်က
ကီးဘုတ်ပေါ်မှာသာ ခတ်တည်တည်နဲ့ရိုက်နေတာလေ မော်နီတာမှ မပါတော့ ရိုက်တဲ့စာက မှန်သလားမှားသလားဘယ့်နှယ်လို့
သိမှာလဲနော်။ နောက်တော့ ကွန်ပြူတာသုံးခွင့်လေးရလာတော့မှ တဖြည်းဖြည်း အဆင်ပြေလာတာဗျ။
ခုဆို အတော်ဟုတ်နေပြီဗျ။ သူများတွေ(လက်ဆယ်ချောင်းရှိသူတွေ) တစ်နာရီ ကြိုးစားရတာကို
ကျနော်က ၇ နာရီလောက် ကြိုးစားခဲ့ရတာဗျ။ ဒါပေမယ့် တန်ပါတယ်။ ကြိုးစားရကျိုးနပ်ပါတယ်။
ခု ကျနော် အဲဒီလက်ဆယ်ချောင်းရှိတဲ့သူငယ်ချင်းတချို့ထက်တောင် မြန်မာဖေါင့်တွေကို ပိုမြန်မြန်ရိုက်နေနိုင်ပြီလေ။
အဲတော့ဗျာ
ချုပ်ရရင် အင်္ဂလိပ်လိုပြောရမှာလည်းမရှက်နဲ့ဗျာ။ ပြောသာပြော။ မြန်မာလိုရိုက်တတ်အောင်လည်း
လေ့ကျင့်ဗျာ။ လုပ်သာလုပ်။ ခနလေးပါဗျ။ တစ်ပတ်လောက်ဆို ဘယ်နေရာ ဘာစာလုံးဆိုတာ မှတ်မိသွားမှာပါ။
ကျနော် ကူညီနိုင်တာရှိလည်း ပြောဗျာ။ အားမနာနဲ့။ ကူညီမယ်။ မရှက်နဲ့ဗျာ။ “ကျနော်/ကျမ
မြန်မာစာမရိုက် တတ်ဘူး၊ မြန်မာဖေါင့်တွေမရိုက်တတ်ဘူး” ဆိုတဲ့နေရာမှာ “ကျနော်/ကျမ မြန်မာလိုကောင်းကောင်း ရိုက်တတ်တာပေါ့”ဆိုတာလေးနဲ့
အစထားထိုးကြရအောင်ဗျာနော။
မျိုးမြင့်ချို
အောက်တိုဘာ ၂၉-၂ဝ၁၂
0 comments:
Post a Comment