Thursday, September 6, 2012

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၁၈ (မျိုးမြင့်ချို)

0 comments

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၁၈ 
(မျိုးမြင့်ချို) စက်တင်ဘာ ၆ ရက်၂၀၁၂ နေ့က အာရ်အက်ဖ်အေမှထုတ်လွှင့်ပြီး။
သောတရှင်များခင်ဗျား..
(၁၉၈၈) နောက်ပိုင်း အပစ်အခတ်ရပ်စဲရေးကိစ္စတွေကိုပြောကြမယ် ဆိုရင် (၁၉၈ဝ)ခုနှစ်က မဆလအစိုးရနဲ့ ဗကပ၊ ကေအိုင်အိုတို့ရဲ့ လျှို့ဝှက်ဆွေးနွေးပွဲအကြောင်းတွေကိုလည်း ချန်ထားခဲ့လို့ဖြစ်မယ် မထင်ပါဘူး။ (၁၉၇၉) ခု ပွင့်လင်းရာသီမှာ မဆလဟာ ဗမာပြည်မြောက်ပိုင်းနဲ့ အရှေ့မြောက်ဒေသတွေကို စစ်ရေးအရ ထိုးစစ်ဆင်တာ မအောင်မြင်တော့တဲ့အဆုံး နည်းလမ်းတစ်မျိုးသုံးပြီး (၈ဝ) ခု မေလကနေ သြဂုတ်လအထိ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တောတွင်းအင်အားစုတွေကို လက်နက်ချဖို့အခွင့်အလမ်းပေးလိုက်ပါတယ်။ တချို့လည်း ချကြတာမို့ သူ့ရည်မှန်းချက်တစိတ်တပိုင်း အောင်မြင်တယ်လို့ဆိုရပါမယ်။ လွတ်ငြိမ်းခွင့်သက်တမ်းကုန်ဆုံးပြီးတဲ့နောက် စက်တင်ဘာ (၂၃) ရက်နေ့မှာ ဗကပဘက်က စစ်ရပ်စဲပြီး ငြိမ်းချမ်းရေးတည်ဆောက်ဖို့ဆွေးနွေးမယ်ဆိုတဲ့ကမ်းလှမ်းချက်ကို မဆလအစိုးရဆီ ပို့ခဲ့တာရှိပါတယ်။ စာမှာ (လျှို့ဝှက်ဆွေးနွေးကြပြီး အောင်မြင်မှသာလျှင်တိုင်းပြည်ကို ထုတ်ပြန်ဖို့) လို့ အကြံပြုထားတဲ့အတိုင်း နှစ်ဘက်သဘောတူပြီးမှ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ အပစ်ရပ်ထားခြင်းမရှိပဲ ဆွေးနွေးပွဲတွေကိုတော့ တရုတ်ပြည်မှာ (၂) ကြိမ်တိုင်တိုင်ကျင်းပခဲ့ကြပါတယ်။ ပထမအကြိမ်ဆွေးနွေးပွဲကိုယ်စားလှယ်တွေက မဆလဘက်က ဦးနေဝင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးလေးမောင်၊ မဆလပါတီအတွင်းရေးမှူးတစ်ဦးဖြစ်တဲ့ ဦးသန်းလှိုင်တို့ဖြစ်ပြီး၊ ဗကပဘက်ကတော့ ဥက္ကဋ္ဌသခင်ဗသိန်းတင်၊ ဒုဥက္ကဋ္ဌ ဦးဖေတင့်နဲ့ ဗဟိုကော်မတီဝင်ဦးရဲထွန်းတို့ဖြစ်ကြပါတယ်။ ဒုတိယအကြိမ်ဆွေးနွေးပွဲမှာတော့ မဆလဘက်က ဒုဗိုလ်ချုပ်ကြီးဧကို၊ ဦးသန်းလှိုင်နဲ့ ရမခတိုင်းမှူး ဗိုလ်မှူးကြီးမြင့်လွင်တို့ဖြစ်ပြီး ဗကပဘက်ကတော့ ဒုဥက္ကဋ္ဌဦးဖေတင့်၊ ဗဟိုကော်မတီဝင်ဦးရဲထွန်းနဲ့ ဦးဖရန်ဂန်ဒီးတို့ဖြစ်ကြပါတယ်။ အဲဒီ ဆွေးနွေးပွဲတွေမတိုင်မီမှာ ဦးနေဝင်းနဲ့သခင်ဗသိန်းတင်တို့ တရုတ်ပြည်မှာ တစ်နာရီခွဲလောက် တွေ့ဆုံဆွေးနွေးခဲ့ကြတာလည်းရှိခဲ့ပါတယ်။

ဆွေးနွေးကြရာမှာ ဗကပဘက်ကတင်ပြခဲ့တဲ့ (အဖွဲ့အစည်းတည်ရှိခွင့်) ကိုတော့ မဆလဘက်က (၁၉၆၄) ခုနှစ် အမျိုသားစည်းလုံးညီညွတ်ရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေအရ ဗမာပြည်မှာ မဆလကလွဲလို့ အခြားမည်သည့်နိုင်ငံရေးပါတီအဖွဲ့အစည်းကိုမှ တည်ရှိခွင့်၊ လှုပ်ရှားခွင့်မပေးနိုင်ဘူးဆိုပြီး ပယ်ချလိုက်ပါတယ်။ နောက်တခါ (တပ်တည်ရှိခွင့်) တောင်းဆိုလာတာကိုတော့ မဆလက သူ့မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့လို လက်နက်ကိုင်တပ်တွေရှိနေပြီးသားမို့ ဗကပတပ် ရှိလို့ မရဘူးလို့ဆိုပါတယ်။ (အခြေခံဒေသများတည်ရှိခွင့်) ဆိုတာကိုကျတော့လည်း လုံးဝအသိအမှတ်မပြုနိုင်ဘူးဆိုပြီး (၃) ချက်စလုံးကို အပြတ်ပယ်ချလိုက်လို့ ဆွေးနွေးပွဲပျက်ခဲ့ရတာဖြစ်ပါတယ်။ ဒီ့နောက်တော့ ဦးနေဝင်းက နှစ်ဘက်သဘောတူညီချက်ကိုဖောက်ဖျက်ပြီး (၁၉၈၁) ခု မေလ (၁၄) ရက်နေ့မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အပြီးအပိုင်ဖျက်သိမ်းလိုက်တဲ့အကြောင်းပြောခဲ့ပါတယ်။ အဲလိုပြောအပြီး တစ်လအကြာ ဇွန် (၁၄)ရက် နေ့မှာတော့ ဗကပဗဟိုကော်မတီနဲ့ သခင်ဗသိန်းတင်တို့ဘက်ကလည်း ပြည်သူလူထုထံသို့တင်ပြချက်ဆိုပြီး ဆွေးနွေးပွဲဖြစ်စဉ်အသေးစိတ်ကို ထုတ်ပြန်ချပြခဲ့ပါတယ်။ မဆလဘက်ကတော့ ဗကပရဲ့တောင်းဆိုချက်တွေဖြစ်တဲ့ တပ်တည်ရှိခွင့်၊ နယ်မြေတည်ရှိခွင့်နဲ့ ပါတီတည်ရှိခွင့်တောင်းဆိုတာတွေကို လိုက်လျောချင်ပေမယ့် သူတို့ဟာ ဖွဲ့စည်းအုပ်အုပ်ပုံအခြေခံဥပဒေဘောင်ကိုလွန်ပြီးလုပ်လို့မရ၊ ဘယ်လိုမှမဖြစ်နိုင် ခွင့်မပြုနိုင်ဆိုတာနဲ့ကိုင်ပြီး ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

သောတရှင်များခင်ဗျား..
မဆလဟာ ဗကပနဲ့ဆွေးနွေးနေသလိုပဲ ကေအိုင်အိုနဲ့လည်း နည်းနည်းလေးစောပြီး လျှို့ဝှက်ဆွေးနွေးခဲ့ ပါတယ်။ အဲဒီတုန်းက ကေအိုင်အိုနဲ့ ဗကပဟာ စစ်ရေးမဟာမိတ်တွေဖြစ်ကြပေမယ်လို့ အတူတစ်ဝိုင်းတည်းမတွေ့ပဲ ခွဲပြီးတွေ့တာ၊ ကေအိုင်အိုနဲ့တော့ တိုးတိုးတိတ်တိတ် အပစ်အခတ်ရပ်ထားပြီး  ရန်ကုန်သမ္မတအိမ်တော်အထိ ခေါ်တွေ့တာတွေဟာ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာလို့ ဆိုနိုင်ပါတယ်။ 
(၁၉၈ဝ)ခု အောက်တိုဘာ (၂ဝ) ရက်မှာ မဆလဘက်က ဦးစန်းယု၊ ကေအိုင်အိုဘက်က ဦးဘရန်ဆိုင်းတို့ ဦးဆောင်ပြီး သမ္မတအိမ်တော်မှာတွေ့ကြတော့ ကေအိုင်အိုက (၁) သီးခြားသမ္မတနိုင်ငံထူထောင်ရေးမူကို စွန့်လွှတ်ကြောင်း (၂) ဆိုရှယ်လစ်စနစ်ကို ယုံကြည်လက်ခံကြောင်း (၃) တစ်ပါတီစနစ်ကို လက်ခံကြောင်းပြောပြီး အဲဒီ (၃) ချက်အောက်ကနေ သူတို့ကို (စစ်မှန်တဲ့ကချင်ကိုယ်ပိုင်အုပ်ချုပ်ရေး (သို့မဟုတ်) ကိုယ်ပိုင်စီမံခန့်ခွဲ့ရေးအာဏာရရှိသည့် ပြည်နယ်သတ်မှတ်ပေးရန်) ဆိုပြီး တင်ပြပါတယ်။ အခြေခံရမယ့် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနဲ့လူမှုရေးဆိုင်ရာ အသေးစိတ်တွေလည်း ပူးတွဲပါရှိပါတယ်။ ဆွေးနွေးပွဲတိုင်းမှာ မဆလဘက်က သူတို့ရဲ့ (၁၉၇၄) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ကိုင်ပြီး ပြောခဲ့တာချည်းပါပဲ။ ဒုတိယကနေစပြီး စတုတ္ထအကြိမ်ထိဆွေးနွေးပွဲတွေကိုတော့ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်မှာ တွေ့ဆုံခဲ့တာကြပါတယ်။ နောက်ဆုံးအကြိမ် မတ်လ (၃) ရက်နေ့ မှာတွေ့ကြတော့ မဆလဘက်က (ကချင်ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ရေးကိစ္စ ထပ်ပြောမနေပါနဲ့တော့ ငြိမ်းချမ်းရေးအတွက်ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မတ်လ (၁၁) ရက်နေ့ နောက်ဆုံးထားပြီးအကြောင်းပြန်ပါ၊ ပြီးရင် ရှေ့ပြေးဆက်သွယ်ရေးအဖွဲ့ကိုလွှတ်ပေးပါ၊ ပြီးတော့မှ အပစ်အခတ်ရပ်ရေးငြိမ်းချမ်းရေးဆွေးနွေးမယ်) လို့ ရာဇသံသဘောမျိုး ဆိုလိုက်ပါတယ်။ ကေအိုင်အိုက မဆလပေးတဲ့အချိန်ဟာ သူတို့အနေနဲ့ ဆုံးဖြတ်ချက်ချဖို့မလုံလောက်တဲ့အတွက် ရက်ထပ်တိုးပေးဖို့ တောင်းပေမယ့် ခွင့်မပြုတာနဲ့ပဲ ဆွေးနွေးပွဲဟာရှေ့တိုးလို့မရတော့ပါဘူး။ ဒီလိုနဲ့နောက်ဆုံးမှာ မဆလဟာ ထုံးစံအတိုင်းပဲ ဆွေးနွေးပွဲကိုတဖက်သတ်ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ ဘာ့ကြောင့်ဖျက်ရတယ်ဆိုတဲ့အကြောင်းပြချက်တွေဟာ စိတ်ဝင်စားစရာဖြစ်ပေမယ့် ဘယ်လောက်မှန်ကန်မှုရှိမရှိကိုတော့ ဆန်းစစ်ကြည့်နိုင်ရင်ကောင်းမယ်လို့ထင်ပါတယ်။

သောတရှင်များခင်ဗျား..
အခု တင်ပြခဲ့တဲ့ (၈၀) ခုနှစ်ဆွေးနွေးပွဲနဲ့ (၆၃) ခုဆွေးနွေးပွဲ ဘာကွာသလဲဆိုတာကတော့ (၁၉၆၃) နှစ်တုန်းက စစ်အာဏာရှင်တွေဟာ ဗြောင်ကျကျစစ်အာဏာသိမ်းပြီး စစ်မိန့်နဲ့အုပ်ချုပ်တဲ့စစ်အစိုးရဖြစ် ပါတယ်။ (၁၉၈၀) ခုကျတော့ အရပ်ဝတ်နဲ့ စိတ်တိုင်းကျရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ အရပ်သားအရေခြုံအစိုးရအဖြစ် ဟန်ကျနေချိန်ဖြစ်ပါတယ်။ သေနတ်ပြအုပ်ချုပ်တဲ့အခါ စစ်မာန်နဲ့စစ်သံပေါက်ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့အရပ်သားအရေခြုံတဲ့အခါမှာတော့ ဥပဒေဆိုပြီး ပြောတာပဲကွာပါတယ်။ အာဏာသိမ်းအစိုးရတိုင်းဟာ အာဏာကိုရေရှည်ကိုင်တွယ်တော့မယ်ဆိုရင် စိတ်တိုင်းကျဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းပြီး လူထုနဲ့တိုင်းပြည်ကိုလှည့်စားရပါတယ်။ သူတို့ရေးဆွဲတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေတွေဟာလည်း (၁ဝဝ) ရာခိုင်နှုန်းလူထုထောက်ခံတယ်လို့ မပြောရုံတမယ်ပါပဲ။ မဆလကလည်း သူတို့ရဲ့ (၇၄) ဖွဲ့စည်းပုံကို လူထုထောက်ခံမှု (၉ဝ) ဒဿမ (တစ်ကိုး) ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။ အဲဒီ ဖွဲ့စည်းပုံနဲ့ ကိုယ်ကျိုးစီးပွားကို အတိအလင်းအကာအကွယ်ယူပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာဟာမပြင်ကောင်း မဖျက်ကောင်းတဲ့အရာသဖွယ် ပြောဆိုဝါဒဖြန့်တတ်တာ ဒါမှမဟုတ်လည်း ပြင်ဖို့ဖျက်ဖို့မလွယ်အောင် ကန့်သတ်ထားတာတွေ လုပ်လေ့ရှိကြပါတယ်။

သောတရှင်များခင်ဗျား..ပြည်တွင်းစစ်ကိုရပ်ချင်ရင်၊ ငြိမ်းချမ်းရေးကို အမှန်လိုလားတယ်ဆိုရင် ဓါးမိုးရေးဆွဲထားပြီး၊ သေနတ်ပြအတည်ပြုထားတဲ့(ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ) ဆိုတာကို ဖျက်ပစ်နိုင်ရပါလိမ့်မယ်။ အနည်းဆုံးပြင်ပေးရပါလိမ့်မယ်။ ဒါမှမဟုတ် ပြင်ဆင်ဖို့အတွက် အခွင့်အလမ်းတွေပေးရပါလိမ့်မယ်။ အဲသလို မဟုတ်ရင်တော့ လူထုဟာ သူ့နည်းနဲ့သူ့အားသုံးပြီးအဖျက်ကို ခံရစမြဲပဲဖြစ်ပါတယ်။ ဒီဘက်ခေတ်ဆွေးနွေးပွဲတွေအကြောင်းကိုလည်း တတ်နိုင်သလောက်အကျဉ်းချုပ်ပြီး နောက်အပတ်တွေမှာ ဆက်လက်တင်ပြပေးပါ့မယ်။
ကျနော် မျိုးမြင့်ပါခင်ဗျား။

0 comments:

Post a Comment