Thursday, September 27, 2012

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း ၂၁-(မျိုးမြင့်ချို)

0 comments

ငိမ်းချမ်းရေးပဲ့တင်သံ အပိုင်း ၂၁-(မျိုးမြင့်ချို) စက်တင်ဘာ ၂၇ ရက်၂၀၁၂ နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်။ သောတရှင်များခင်ဗျား.. မိုင်းလားတပ်ဖွဲ့လို့လူသိများတဲ့ NDAA နဲ့ အစိုးရကြား အပစ်အခတ်ရပ်စဲရေးကိစ္စတွေကို အကျဉ်းသဘောတင်ပြလိုပါတယ်။ မိုင်းလားအဖွဲ့ဟာ ၁၉၈၉ခုနှစ်မှာ အရင် ဗကပ (၈၁၅)စစ်ဒေသ လက်အောက်ခံတပ်တွေနဲ့ တပ်မဟာ(၇၆၈)တို့ ပူးပေါင်းပြီး  ဗကပဆီကနေ တတိယမြောက် ခွဲထွက်လာတဲ့အဖွဲ့ဖြစ်ပါတယ်။ ဦးစိုင်းလင်းခေါ်လီမင်းရှင်နဲ့ ဦးကြည်မြင့်ခေါ်ကျန်ဇီမင်းတို့ ဦးဆောင်ပါတယ်။ နဝတနဲ့ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းခဲ့ပြီးတဲ့နောက်မှာ ဘိန်းဘုရင်ဟောင်းလော်စစ်ဟန်ရဲ့ညီ လော်စစ်မင်းရဲ့ ကြားဝင်ဆက်သွယ်မှုနဲ့ အပစ်ရပ်ခဲ့တာဖြစ်ပါတယ်။ (၁၉၈၉) ခု ဇွန်လထဲမှာ နဝတက မိုင်းလားအဖွဲ့ကို မတရားသင်းကနေပယ်ဖျက်ပေးခဲ့သလို ကျိုင်းတုံအရှေ့ဘက် လာအိုမြန်မာနယ်စပ်ကို ရှမ်းပြည်အရှေ့ပိုင်းအထူးဒေသ (၄)လို့သတ်မှတ်ပြီး မိုင်းလားဒေသမှာ ဋ္ဌာနချုပ်ထားခွင့်လည်းရခဲ့ပါတယ်။ အဲဒီအဖွဲ့ဟာ နိုင်ငံရေးအရစစ်အာဏာသိမ်းအစိုးရကို အကြီးအကျယ်ထောက်ခံခဲ့လို့ နိုင်ငံခြားသတင်းဋ္ဌာနတွေနဲ့တွေ့ပြီး  သတင်းစာရှင်းလင်းပွဲတွေဘာတွေတောင် လုပ်ခွင့်ရခဲ့ပါတယ်။ ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်အောက်ကနေ စီးပွားရေးနဲ့ဘိန်းလုပ်ငန်းတွေ အကြီးအကျယ်လုပ်ခဲ့လေတော့ ငွေကြေးတောင့်တင်းလာတာနဲ့အမျှ လက်နက်အင်အား၊ တပ်အင်အားပါတိုးချဲ့ခဲ့ပါတယ်။ ခေါင်းဆောင်ပိုင်းကိုယ်ကျိုးရှာမှုတွေနဲ့ မကောင်းသတင်းတွေလှိုင်နေပေမဲ့၊ စစ်အစိုးရက ဦးစိုင်းလင်းကို လူမှုထူးချွန်ပထမအဆင့်ဆုတောင်ချီးမြှင့်ခဲ့ပါသေးတယ်။ နောက်တော့ ဘိန်းစိုက်ပျိုးမှု မတန်တဆကြီးထွားလာပြီး ကမ္ဘာ့ဘိန်းအထွက်ဆုံးဒေသလို့ပြောလာကြတော့မှပဲ စစ်အစိုးရဟာ မိုင်းလားဒေသကို ဘိန်းစိုက်ပျိုးမှုပပျောက်ရေး (၆) နှစ်စီမံကိန်းနဲ့ (၁၉၉၇)မှာ မူးယစ်ကင်းစင်ဒေသဆိုပြီး ကြေညာခဲ့ပါတယ်။ မိုင်းလားအဖွဲ့ဟာ စစ်အစိုးရနဲ့အဆင်အပြေဆုံးအဖွဲ့လို့ ပြောရမလိုပါပဲ။

ဒါပေမဲ့ နောက်ပိုင်းမှာ နယ်ခြားစောင့်တပ်အသွင်ပြောင်းရမယ်ဆိုပြီး စစ်အစိုးရဘက်က ဇွတ်ဖိအားပေးရာကနေ ပြဿနာတွေစတက်လာခဲ့ပါတော့တယ်။  (၂ဝ၁ဝ) ခုနှစ် ဇန်နဝါရီ (၂၇) ရက်နေ့မှာ အမည်မသိသေနတ်သမားများရဲ့လက်ချက်ကြောင့်ဆိုပြီး အဖွဲ့ရဲ့အတွင်းရေးမှူးဦးမင်းအိမ် လုပ်ကြံခံလိုက်ရပါတယ်။ ဦးမင်းအိမ်ဟာ စစ်အစိုးရအမျိုးသားညီလာခံတက်ခဲ့တဲ့ တိုင်းရင်းသားကိုယ်စားလှယ်ဖြစ်ပြီး၊ လုပ်ကြံခံရချိန်မှာ မိုင်းလားအဖွဲ့နဲ့စစ်အစိုးရအကြား ဆွေးနွေးပွဲတွေဟာလည်း သည်းသန်ပြင်းထန်နေချိန်လည်းဖြစ်နေပါတယ်။ ဒီ လုပ်ကြံမှုဟာစစ်အစိုးရရဲ့ပယောဂဖြစ်ပြီး၊  မိုင်းလားအဖွဲ့အတွက် နိုင်ငံရေးအရဆုံးရှူံးမှုကြီးမားခဲ့ရတယ်လို့ ပြောဆိုကြတာလည်းရှိပါတယ်။ ဦးမင်းအိမ်လုပ်ကြံခံရပြီးတဲ့နောက်  အဖွဲ့အစည်းရဲ့နိုင်ငံရေးအရဦးဆောင်မှု အထိုက်အလျှောက်ရွေ့သွားတာလည်း အထင်အရှားမြင်နေရပါတယ်။ နောက်ပိုင်းမှာ စစ်အစိုးရက တဆင့်ထပ်တက်လာပြီး မိုင်းလားအဖွဲ့ကိုနယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့တောင် လက်မခံနိုင်တော့ဘူး၊ အခွင့်အရေးမပေးနိုင်တော့ဘူး၊ တပ်ဖျက်ပြီးလက်နက်ချတော့လို့ ရာဇသံပေးခဲ့တာတောင်ရှိပါတယ်။ နှစ်ဖက်ဆက်ဆံရေးရုံးတွေ ပိတ်ပစ်တာမျိုး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေရပ်ပစ်တာအပြင်၊ စစ်အစိုးရကသူ့ဝန်ထမ်းတွေကိုပါ ပြန်ခေါ်ယူလိုက်ပါတယ်။
ဒါပေမယ်လို့ (၂ဝ၁၁)ခုနှစ်ကုန်ပိုင်းရောက်တော့ နဂိုအတိုင်း စစ်အစိုးရနဲ့ မိုင်းလားအဖွဲ့ကြားမှာ ပိုနေမြဲကျားနေမြဲအတွက် အစိုးရနဲ့ပြန်ဆွေးနွေးခဲ့ကြပြန်ပါတယ်။

သောတရှင်များခင်ဗျား..
၁၉၈၉ မှာ စစ်အစိုးရနဲ့ စတုတ္ထမြောက်အပစ်အခတ်ရပ်ခဲ့တဲ့အဖွဲ့ကတော့  နောက်ပိုင်းမှာ SSA (မြောက်ပိုင်း)အဖြစ်လူသိများတဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းဖြစ်ပါတယ်။ အပစ်ရပ်ခါစက SSA ရှမ်းပြည်တပ်မတော်ကိုရော၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPPကိုပါ ဗိုလ်ချုပ်ဆေထင်နဲ့ ကျောက်လွယ်မောင်းတို့ ဦးဆောင်ခဲ့ကြတာဖြစ်ပါတယ်။ အပစ်ရပ်ဖို့ကြားဝင်ပေးသူကတော့ ဘိန်းဘုရင်လော်စစ်ဟန်လို့ပဲ ဆိုကြပါတယ်။ ဗိုလ်ချုပ်ဆေထင်ဟာ SSA နဲ့ SSPP ကို ခေါင်းဆောင်ပြီး (၁၉၈၉)ခုနှစ် လားရှိုးမြို့မှာ စစ်အစိုးရကိုယ်စားလှယ်တွေနဲ့ အပစ်ရပ်ရေးဆွေးနွေးခဲ့သူဖြစ်ပါတယ်။ ဒီအဖွဲ့ကိုလည်း (၁၉၈၉)မှာ မတရားသင်းအဖြစ်ကနေပယ်ဖျက်ပေးခဲ့ပြီး၊ သီပေါမြို့နယ် စိန်ကျော့ဒေသမှာ ရှမ်းပြည်မြောက်ပိုင်းအထူးဒေသ(၃)အဖြစ် အခြေစိုက်ခွင့်ပေးခဲ့ပါတယ်။ (၂ဝဝ၅)ခုနှစ်မှာတော့ ဗိုလ်ချုပ်ဆေထင်ကို ပြည်ထောင်စုပြိုကွဲအောင်လုပ်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ထောင် (၁ဝ၆) နှစ် ချလိုက်ပါတယ်။ (၂ဝဝ၉) ဧပြီလကစပြီး အပစ်ရပ်အဖွဲ့အစည်းတွေအားလုံး ပြည်သူ့စစ် ဒါမှမဟုတ် နယ်ခြားစောင့်တပ်လုပ်ဖို့လို့ ဖိအားပေးလာတဲ့အခါ ဒီအဖွဲ့မှာရှိတဲ့ တပ်မဟာ (၃)ခုအနက် တပ်မဟာ (၃)နဲ့ တပ်မဟာ(၇)တို့ဟာ သူတို့မှာရှိတဲ့အင်အား (၁၂ဝဝ)လောက်နဲ့အတူ ကျောက်လွယ်မောင်းနဲ့ စပ်ကိုင်ဖတို့ရဲ့ဦးဆောင်မှုနဲ့ ပြည်သူ့စစ်အသွင်ပြောင်းခဲ့ကြပြီး အဲဒီ ဒေသမှာပဲ စိန်ကျော့ဋ္ဌာနေပြည်သူ့စစ်ဆိုပြီး ပြည်သူ့စစ်တွေအဖြစ်ရှိနေကြပါတယ်။ 

ဗိုလ်ချုပ်ပန်ဖဦးဆောင်တဲ့ အင်အား (၃ဝဝဝ)လောက်ရှိတဲ့ တပ်မဟာ(၁)ကတော့ အဲဒီကိစ္စကို သဘောမတူခဲ့ပါဘူး။ ဒါ့ကြောင့် စစ်အစိုးရက ဒီနှစ်ဖွဲ့ကို ပေးတဲ့အခွင့်အရေးတွေကို သိသိသာသာကြီး ခွဲခြားပေးလိုက်ပြီး၊ နှစ်ဖွဲ့ကြားကရှိပြီးသားပြဿနာတွေ ပိုကြီးထွားလာအောင် ဖန်တီးခဲ့တာတွေလည်း ရှိပါတယ်။ ဒီလိုနဲ့ (၂ဝ၁ဝ)ထဲမှာ ဗိုလ်ချုပ်ပန်ဖတို့က ရှမ်းပြည်မြောက်ပိုင်းမှာ ညီလာခံတရပ်ခေါ်ယူပြီး ပါတီလုပ်ငန်းတွေရပ်ဆိုင်းနေတဲ့ SSPP ကို ပြန်စုဖွဲ့ခဲ့သလို၊ SSA (မြောက်ပိုင်း)ကိုလည်း တပ်မဟာ (၅)ခုနဲ့ ပြန်လည်ဖွဲ့စည်းခဲ့ပြီး စစ်ဒေသတွေခွဲဝေခဲ့ကြပါတယ်။ ဗိုလ်ချုပ်ပန်ဖဟာ ပါတီအထွေထွေအတွင်းရေးမှူးဖြစ်လာပြီး ဋ္ဌာနချုပ်ကို ကျေးသီးမြို့နယ်ဝမ်ဟိုင်းမှာ အခြေစိုက်လိုက်ပါတယ်။ (၂ဝ၁၁)ခုနှစ် ဖေဖေါ်ဝါရီလရောက်တဲ့အခါမှာတော့ ပြည်သူ့စစ်အသွင်ပြောင်းရေးကိုလက်မခံတဲ့ SSA မြောက်ပိုင်းထိန်းချုပ်ရာဒေသတွေကို စစ်အစိုးရက ဖြတ်လေးဖြတ်သဘောမျိုး စလုပ်လာပါတယ်။ ကုန်စည်စီးဆင်းမှုနဲ့ အရပ်သားဝင်ထွက်ခွင့်တွေကိုလည်း အတိအလင်းပိတ်ပင်ခဲ့သလို ဝမ်ဟိုင်းဋ္ဌာနချုပ်တဝိုက်မှာလည်း စစ်အစိုးရက သူ့အင်အားတွေတိုးချဲ့ဖြည့်တင်းလိုက်တဲ့အတွက် နှစ်ဘက် စစ်ရေးတင်းမာမှုတွေဖြစ်လာပါတယ်။

(၂ဝ၁၁)ခုနှစ် ဧပြီလထဲမှာတော့ ပြည်သူ့စစ်အဖြစ်ကိုလက်ခံသွားတဲ့ တပ်မဟာ(၇)က ခေါင်းဆောင်တွေကြားဝင်ပေးလို့ စစ်အစိုးရနဲ့ SSA (မြောက်ပိုင်း) ခေါင်းဆောင်တွေ လျှို့ဝှက်တွေ့ဆုံခဲ့ကြပေမယ့်လည်း အဆင်တော့မပြေခဲ့ကြပါဘူး။ ခုလောလောဆယ်မှာတော့ SSA မြောက်ပိုင်းနဲ့အစိုးရကြားကပဋိပက္ခဟာ မပြေလည်သေးသလို တိုက်ပွဲတွေကလည်း ဆက်ဖြစ်နေဆဲပဲဖြစ်ပါတယ်။ 

နောက်တစ်ပတ် ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။

0 comments:

Post a Comment