Thursday, September 13, 2012

(ဗိုလ်ချုပ်ကျောဇောပြည်တော်ပြန်ရေးနဲ့စပ်လို့)ဗမာပြည်ကွန်မြူနစ်ပါတီပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းသို့ ဆက်သွယ်မေးမြန်းချက်

0 comments
(ဗိုလ်ချုပ်ကျောဇောပြည်တော်ပြန်ရေးနဲ့စပ်လို့) (ဗမာပြည်ကွန်မြူနစ်ပါတီပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းသို့ ဆက်သွယ်မေးမြန်းချက်) ရဲဘော်သုံးကျိပ်ဝင်လည်းဖြစ်၊ ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ ကျန်းမာရေးသတင်းနှင့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏ဖိတ်ကြားချက်သတင်းများကို ဗီအိုအေ၊ အာ(ရ)အက်(ဖ)အေ အသံလွှင့်ဌာနများမှ ကြားသိရသည့်အတွက် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူဖိုးသံချောင်းကို မြန်မာအင်ဒီပဲန်ဒင့်ဂျာနယ်မှ အီးမေး(လ)ဖြင့် မေးမြန်းခဲ့ပါသည်။ ဖိုးသံချောင်း၏ဖြေကြားချက်များမှအချို့ကို စာဖတ်ပရိသတ်များ ဖတ်ရှုအကဲခတ်နိုင်ရန် ကောက်နုတ်ဖော်ပြလိုက်ပါသည်။
မေး- မြန်မာအင်ဒီပဲန်ဒင့်သတင်းဂျာနယ်အနေနဲ့ ဗိုလ်ချုပ်ကျော်ဇောရဲ့ကျန်းမာရေးအခြေအနေကို စိုးရိမ်ပူပန်မိပါတယ်။ ကျန်းမာရေး အခြေအနေအလားအလာကို ဆေးပညာအရ ဘယ်လိုခန့်မှန်းမိသလဲ ဆိုတာ သိလိုပါတယ်။
ဖြေ- သူ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး အသံလွှင့်ဌာနတွေရဲ့အင်တာဗျူးတွေမှာ ရဲဘော်လှကျော်ဇော ပြောထားတာတွေက အပြည့်စုံဆုံးပါ။ ကျွန်တော်က ဆေးပညာဗဟုသုတ နည်းပါတယ်။ အသက်ကြီးလို့ အသီးမှည့်တဲ့အချိန်မှာဖြစ်ပေါ်လေ့ရှိတဲ့ဓမ္မတာအတိုင်း ရောဂါစုံဝင်ပါတယ်။ အထူးသဖြင့် အဆုတ်ပြဿနာလို့ပဲ နားလည်မိပါတယ်။
မေး- မြန်မာအစိုးရအနေနဲ့ ဗိုလ်ချုပ်ကျော်ဇောကို ရဲဘော်သုံးကျိပ်ဝင်တစ်ဦးအနေနဲ့ တိုင်းပြည်ကိုပြန်လာဖို့ ဒေါက်တာလှကျော်ဇောဆီကို သမ္မတရုံးဝန်ကြီးဦးအောင်မင်းက သမ္မတကိုယ်စား ဖုန်းဆက်ပြောကြားတယ်လို့ ကြားရပါတယ်။ ဖိတ်ကြားမှုဟာ ပုဂ္ဂိုလ်ရေးအရသက်သက်လား၊ နိုင်ငံရေးအရပါ ပါသလားဆိုတာသိလိုပါတယ်။
ဖြေ- ကျွန်တော့်အမြင်အရတော့ အစိုးရဟာ နိုင်ငံရေးအရလက်ဦးကွက် တစ်ကွက်ယူလိုက်တာဖြစ်ပါတယ်။ စစ်အစိုးရဆက်ဆက်ဟာ ဗိုလ်ချုပ်ကျော်ဇောကို တစ်လျှောက်လုံး ဖုတ်လေတဲ့ငါးပိရှိလေတယ် မထင်ဟန်လုပ်ခဲ့ရုံမက သူနဲ့ပတ်သက်တဲ့သမိုင်းတွေကိုပါ ပြင်တာ။ ပိတ်ပင်တာတွေလုပ်ခဲ့တာကို ကျွန်တော်တို့မမေ့ပါဘူး။ သူတို့ဟာ ပြည်သူလူထုထဲမှာဩဇာကြီးလှတဲ့ ဗိုလ်ချုပ်ကျော်ဇောပါးစပ်က ထွက်မယ့်စကားကို ကြောက်ကြပါတယ်။ ဒါကြောင့် သူလုပ်နိုင်၊ ကိုင်နိုင်၊ ပြောနိုင်၊ ဆိုနိုင်နေတုန်းက သူ့ကို ပေယျာလကန်လုပ်ထားခဲ့ကြပြီး အခုကျမှ သူတို့နာမည်ကောင်းရအောင် ပြည်တွင်းကိုပြန်လာဖို့ ဖိတ်ခေါ်တယ်လို့လုပ်ကြတာပါ။ ပြည်ပမှာ သူ့သားသမီးသုံးယောက်ရှိတာကို (၂) ယောက်ထဲပဲ ပြန်လာခွင့်ပြုတာကိုကြည့်ရင်လည်း ဒါဟာနိုင်ငံရေးအဓိပ္ပာယ် အပြည့်ရှိတယ်ဆိုတာ ပေါ်လွင်ပါတယ်။
မေး- ဒေါ်လှကျော်ဇောရဲ့စကားအရ ဗ.က.ပ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့အတွက် ပါတီနဲ့တိုင်ပင်ပြီးမှ အကြောင်းပြန်မယ်လို့သိရပါတယ်။ ပါတီရဲ့သဘောထားကို သိပါရစေ။
ဖြေ- ကျွန်တော်တို့ပါတီအနေနဲ့ သူတို့မိသားစုကို လွတ်လပ်စွာဆုံးဖြတ်ခွင့် ပေးထားပါတယ်။ ရဲဘော်လှကျော်ဇောဟာ ပါတီနဲ့အတူအခက်အခဲများစွာဖြတ်သန်းလာခဲ့သူမို့ သူ့ရပ်တည်ချက်ကို ပါတီကယုံကြည်ပါတယ်။ နာခံခိုင်းတာ လုပ်ဖို့မလိုပါဘူး။
မေး- ပါတီက ပုဂ္ဂိုလ်တစ်ဦးချင်းအပေါ်ဖိတ်ခေါ်မှုကို ဘယ်လိုသဘောထားပါသလဲ။ ပါတီအနေနဲ့ ဖိတ်ခေါ်မှုပြုလုပ်သင့်တယ်လို့ ယူဆပါသလား။ ဖိတ်ခေါ်ခဲ့ရင် ဘယ်လိုတုံ့ပြန်ဖို့သဘောထားရှိပါသလဲ။
ဖြေ- အစိုးရအနေနဲ့ အဖွဲ့အစည်းထဲက တစ်ဦးချင်းကို ဖဲ့ဆွေးနွေးတာတွေလုပ်ပါတယ်။ ကျွန်တော်တို့ပါတီကလူကို လုပ်တာလည်းရှိပါတယ်။ ဒါဟာ ထောက်လှမ်းရေးလုပ်ဟန် ဖြစ်ပါတယ်။ သိက္ခာရှိတဲ့နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်၊ အစိုးရတစ်ရပ်ရဲ့လုပ်ဟန်မဟုတ်ပါဘူးလို့ ပြောပါရစေ။ ဒါမျိုးတွေကို ကျွန်တော်တို့ရဲဘော်တွေက မတုံ့ပြန်ပါဘူး။
မေး- အမျိုးသားညီညွတ်ရေးအတွက် လက်ရှိအစိုးရကို ဘာတွေလုပ်ဖို့တိုက်တွန်းလိုပါသလဲ။
ဖြေ- စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးမတည်ဆောက်ဘဲနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးမရှိနိုင်ဘူးဆိုတာ အထူးပြောစရာမလိုဘူးထင်ပါတယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးမရှိရင်လည်း အချိန်မရွေး စစ် ဖြစ်နိုင်ပါတယ်။ ဗမာပြည်မှာ ဖြစ်ပေါ်ခဲ့တဲ့ပြည်တွင်းစစ်ဟာ အုပ်စိုးသူတွေဘက်က အကြမ်းဖက်ဖိနှိပ်ရာက နေစခဲ့တာပါ။ အဲဒီလိုလုပ်ဟန်တွေ၊ အာဏာသိမ်းဖို့အခွင့်အာဏာကို အသိအမှတ်ပြု ထားတာတွေရှိနေသရွေ့ ပြည်တွင်းစစ် အပြတ်ချုပ်ငြိမ်းဖို့အတွက် အာမခံချက်မရှိနိုင်ပါဘူး။
မေး- အမျိုးသားညီညွတ်ရေးအတွက် ပါတီရဲ့လုပ်ငန်းစဉ်အကြမ်းကို သိလိုပါတယ်။
ဖြေ- အမျိုးသားညီညွတ်ရေးအတွက် အဓိကလိုအပ်တာဟာ ဒီမိုကရေစီ၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားတန်းတူရေး ဖြစ်ပါတယ်။ ဒီသုံးခုအထဲမှာ ဒီမိုကရေစီက အဓိကအကျဆုံးပါ။ ဒီအခြေခံပေါ်မှာ ကျန်တဲ့နှစ်ခုကို တည်ဆောက်ရတာပါ။ ဒါပေမယ့် ပြည်သူလူထုကအပ်နှင်းတာမဟုတ်ဘဲ “နိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်ကပါဝင်ထမ်းဆောင်မယ်” လို့ သတ်မှတ်ထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမျိုးဟာ ဒီမိုကရေစီကို အာမ မခံနိုင်ပါဘူး။ ဒါကြောင့် အမျိုးသားညီညွတ်ရေးအတွက် ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အဲဒီဥပဒေကိုအကာအကွယ်ပေးနေတဲ့ စစ်အာဏာရှင်စနစ်မရှိဖို့အတွက် လုံးပမ်းကြရပါမယ်။ အဲဒီရည်ရွယ်ချက်အတွက် တက်ကြွတဲ့အင်အားစုမှန်သမျှနဲ့ စည်းလုံးရပါမယ်။ အမျိုးသားညီညွတ်ရေးအတွက် ညီညွတ်တဲ့အင်အားစုကြီးတစ်ရပ် တည်ဆောက်ရပါမယ်။ ဒါဟာ အဖွဲ့အစည်းသဏ္ဌာန်နဲ့ ဟုတ်ချင်မှ ဟုတ်မှာပါ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်သန်ရာသန်ရာနယ်ပယ်ကနေ လှုပ်ရှားကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သေချာတာက လူထုကြီးပါဝင်မှမှာပါ။ လူထုကို အခြေခံ၊ လူထုနဲ့အတူချီတက်ကြရပါမယ်။
မေး- ပြည်သူလူထုကို ဘာသတင်းစကားများပေးလိုပါသလဲ။ အခြား နိုင်ငံရေးအင်အားစုများကိုရော ဘာပြောလိုပါသလဲ။ ပြောလိုတာရှိသေးရင် ပြောကြားပေးပါ။
ဖြေ- ဗိုလ်ခင်ညွန့်က ကျွန်တော်တို့ကို ဒေသတစ်ခုပေးပြီး “ငြိမ်းအဖွဲ့”လုပ်ဖို့ တိုးတိုးတိတ်တိတ် ကမ်းလှမ်းခဲ့တုန်းက ကျွန်တော်တို့က (၁) နှစ်ဖက်လျှို့ဝှက်ပြီး တွေ့ဆုံဆွေးနွေးဖို့၊ (၂) ဗမာပြည်တွင်းမှာပဲတွေ့ဖို့၊ တွေ့ကြမှ နှစ်ဖက်စိတ်ဝင်စားတဲ့ ပြည်တွင်းရေးကိစ္စများကိုတင်ပြဖို့၊ (၃) တွေ့ဆုံဆွေးနွေးတာကို လျှို့ဝှက်ထားဖို့၊ နှစ်ဖက်သဘောတူညီချက်ရမှ တိုင်းပြည်ကိုထုတ်ပြန်ဖို့ သဘောတူညီချက်မရရင်လည်း လျှို့ဝှက်ထားကြဖို့ကမ်းလှမ်းခဲ့ပါတယ်။ နောင်တော့ ဗိုလ်ခင်ညွန့် အရာကျသွားလို့ ထင်ပါတယ်။ ဘာမှဖြစ်မြောက် မလာခဲ့ပါဘူး။ အဲဒီတုန်းက ဆွေးနွေးဖြစ်ရင် တင်ပြဖို့အချက် (၃) ချက် စဉ်းစားထားပါတယ်။ အဲဒါကတော့ (၁) ၁၉၈၈ မတိုင်မီနဲ့ အဲဒီနောက်ပိုင်းမှာ မတရားအသင်းကြေညာခံထားကြရတဲ့ သမဂ္ဂတွေ၊ အဖွဲ့အစည်းတွေကို တရားဝင်ပါတီများအဖြစ် ပြန်လည်ပေးဖို့၊ (၂) ပိုနေမြဲ ကျားနေမြဲနည်းနဲ့ (ယာယီ)ဖြေရှင်းထားတဲ့ စစ်ရပ်စဲရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအရစေ့စပ်ဆွေးနွေးပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့၊ (၃) အထက်ပါ (၂) ချက် ပြေလည်ပြီဆိုမှ ကျွန်တော်တို့ပါတီ တရားဝင်တည်ရှိရေးအတွက် စေ့စပ်ဆွေးနွေးကြဖို့ဖြစ်တယ်။ (ကျွန်တော်တို့ပါတီကို မတရားအသင်းကြေညာတာကသူတို့မဟုတ်လို့ သူတို့လုပ်ခဲ့တဲ့ကိစ္စကိုပဲ အရင်ဦးစားပေးတာဖြစ်တယ်။) ဒါပေမယ့် ဗိုလ်ခင်ညွန့်နဲ့က အထက်မှာပြောခဲ့သလိုပဲ ဘာမှမဖြစ်ခဲ့ပါဘူး။ အခုတော့ အခြေအနေတွေပြောင်းလဲသွားပါပြီ။ “၂၀ဝ၈ အခြေခံဥပဒေ” အသက်ဝင်နေပါပြီ။ အခြေအနေသစ်မှာ အသစ်စဉ်းစားရမှာပါ။ (၁) ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီနိုင်ငံရေးစနစ်တစ်ခုရှိဖို့ လက်ရှိအာဏာပိုင်တွေနဲ့ စေ့စပ်ဆွေးနွေးချင်ပါတယ်။ (၂) စေ့စပ်ဆွေးနွေးပွဲဖြစ်လာဖို့အတွက် ဘာတွေကြိုတင်လိုအပ်မလဲဆိုတာကို တိုးတိုးတိတ်တိတ် အပြန်အလှန်တီးခေါက်ကြည့်တာက စရမယ် ထင်ပါတယ်။ (၃) အထက်ပါ (၂) ချက်ကိုလက်ခံရင် ကျွန်တော်တို့က “မစ်ရှင်”တစ်ခု လျှို့ဝှက်ပြီးလွှတ်ချင်ပါတယ်။ ဒါက“ကြံဆချက်”ပါ။ “၂၀ဝ၈ အခြေခံဥပဒေ” ရှိနေသမျှ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။
အနိမ့်ဆုံးတောင်းဆိုချင်တာက အလုပ်သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂနဲ့ ကျောင်းသားသမဂ္ဂဆိုတဲ့ သမဂ္ဂကြီး (၃) ခု တရားဝင် လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ခွင့် ဖြစ်ပါတယ်။ အခုလက်ရှိပုံစံနဲ့ သမဂ္ဂတွေတည်ရှိနေရတာဟာ ဘာအာမခံချက်မှ မရှိပါဘူး။ ဥပဒေမှာကိုက ပြဿနာရှိနေတာ ဖြစ်ပါတယ်။
စက်တင်ဘာ ၁၃-၁၀၁၂
(ယူတာကဒီကပါ) http://www.myanmarij.com/?p=5395

0 comments:

Post a Comment