
ဟုတ်သားပဲ
ဒီလောက်အေးခဲပြီး လူနေကျဲလှတဲ့အရပ်မှာ ဗမာပြည်သားဒုက္ခသည်တွေလည်း ရှိမယ်တော့မထင်ပါဘူး။
ကျနော့်ညာဘက်က
Mr. Vincent Cochetel ပါ။ သူက ကုလဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး အမေရိကန်ပြည်ထောင်စုတစ်ခုလုံးရဲ့
ဒေသဆိုင်ရာအကြီးအကဲဖြစ်ပါတယ်။ ကမ္ဘာ့ဒုက္ခသည်များအရေးကို နှစ်ပေါင်းများစွာကတည်းက နိုင်ငံပေါင်းများစွာမှာတာဝန်ယူခဲ့သူ
ဖြစ်ပါတယ်။ သူစကားပြောရင် သူ့မိခင်ဘာသာစကား(ပြင်သစ်သံ)နဲ့မို့ စတွေ့တွေ့ခြင်းမှာ(မနှစ်တုန်းက)
မနည်းနားစိုက်ထောင်ရပါတယ်။ သူ Something လို့ပြောရင် ကျနော့်နားထဲ Somesings လို့ချည်းကြားတယ်ဗျ။ ခုတော့ နားနည်းနည်းယဉ်လာတာမို့
သိတ်မခက်တော့ဘူးလို့ ဆိုရမှာပဲ။ ကျနော့် နံမည်ကို အပီဆုံးထွက်နိုင်တာ သူတစ်ယောက်ပဲရှိတယ်။
သူကတော့ အမေရိကနတစ်ပြည်လုံးကိုကိုယ်စားပြုရတဲ့ ကုလဒုက္ခသည်ဆိုင်ရာဝန်ထမ်းတွေထဲက အကြီးဆုံးလို့ပြောရမှာဖြစ်ပါတယ်။
လူမျိုးပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံနေရသူမို့လို့လား မပြောတတ် ဘူးဗျ။ ဘာသံဝဲဝဲနဲ့အင်္ဂလိပ်လိုပြောပြော
အကုန်နားလည်တယ်ဗျာ။ အံ့ရောပဲ ကျနော်ဖြင့်။ နောက်ပြီး မနှစ်တုန်းကကျင်းပခဲ့တဲ့ ကုလဒုက္ခသည်များဆိုင်ရာ
ပဋိဉာဉ်စာချုပ်ချုပ်ဆိုခြင်း နှစ်ခြောက်ဆယ်ပြည့်မြောက်ခြင်းနဲ့ ဒုက္ခသည်များညီလာခံကျင်းပတော့
တစ်ပြည်နယ် တစ်ယောက်နှုန်းနဲ့ လူ(၅ဝ)ရယ်၊ ဒီရောက်ပြီးနယ်ပယ်တစ်ခုခုမှာ အောင်မြင်နေတဲ့ဒုက္ခသည်
(၁ဝ)ဦးရယ်၊ ပေါင်း လူ (၆ဝ)ကိုဖိတ်တော့ ကျနော်လည်း သွားတက်ရပါတယ်။ ညီလာခံမှာ သူက အဖွင့်စကားအမှာနဲ့အပိတ်ကျေးဇူးတင်
စကားတွေပြောတယ်ဗျ။ ညီလာခံ နောက်ဆုံးနေ့ညနေပိုင်းမှာ ကျနော်တို့ လူ(၆ဝ) ကွန်ဂရက်စ်အဆောက်အဦးကြီးထဲသွားပြီး
ကြည့်ရှူလေ့လာရေးလုပ်တော့လည်း သူပဲ ဦးဆောင်တာပါ။ သူ့လက်ထောက်တွေနဲ့ ကွန်ဂရက်စ်ဝန်ထမ်းတွေက
လိုက်ရှင်းပြပြောပြ၊ ကျနော်တို့ကလည်း မေးကြမြန်းကြပေါ့လေ။ အပြန်ကျတော့ အမှတ်တရဓါတ်ပုံရိုက်ကြတယ်ဗျ။
လူတိုင်းလိုလို ကင်မရာပါတော့ တယောက်က ဒိုင်ခံပြီးကင်မရာတွေအကုန်ရိုက်ရတာ ဆိုတော့ အကြာကြီးမတ်တပ်ရပ်ပေးရတာလေ။
အဲဒါကိုကျနော်က (ဒါမှတကယ့်ဒုက္ခ) လို့တွေးမိပြီးပြုံးတာကို (၄)ယောက်ကျော်ကနေ သူမြင်တော့
လက်မလေးလှမ်းထောင်ပြီး(တောင့်ထား)ဆိုတဲ့သဘော အချက်ပြခဲ့တာလေး မှတ်မိနေတယ်။ သူလည်းမှတ်မိတယ်ဗျာ
အဲဒီအခိုက်အတန့်လေးကို။ ခု တနှစ်ကြာပြီးပြန်တွေ့ချိန်မှာ အဲဒါပြန်ပြောပြီး ကျနော်တို့ရီမောဖြစ်သေးတယ်လေ။
ရှေ့က
အမျိုးသမီးက Hadidja Nyiransekuye ဖြစ်ပါတယ်။ ရဝမ်ဒါကနေ ရောက်လာပြီး (၂ဝဝဝ) ခုနှစ်မှာ
နိုင်ငံရေးခိုလှုံခွင့်ရသူဖြစ်ပါတယ်။ (၁၉၉၄) ရဝမ်ဒါမှာ ဟူတူနဲ့တွတ်ဆီတွေ လူမျိုးတုန်းသုတ်သင်ပွဲဖြစ်ချိန်က
မျက်မြင်သက်သေဖြစ်ခဲ့ပြီး The lances were looking down အမည်ရှိ အောက်မေ့ဖွယ်အဖြစ်ဆိုးတွေအကြောင်း
စာအုပ်ပြုစုရေးသားခဲ့သူပါ။ သူက ဟူတူ၊ သူ့အမျိုးသားကတွတ်ဆီ။ ခုတော့ ကွယ်လွန် ရှာပါပြီ။
အဲဒီတုန်းက လူမျိုးစု (၂)ဘက် စလုံးက သူတို့မောင်နှံကို
ရန်သူလို့သတ်မှတ်ပြီး အပြတ်ရှင်းမယ်ကြံနေကြတုန်း အမေရိကန်က အထူးပညာသင်ဆုပေးပြီး သူတို့ကို
ခေါ်ထုတ်လိုက်ပါတယ်။ ဆွာဟီလိ၊ အင်္ဂလိပ်၊ ပြင်သစ်နဲ့ရဝမ်ဒါဘာသာစကား (၄) မျိုးစလုံးကို
အပီအပြင် ပြောနိုင် ရေးနိုင်ဖတ်နိုင်သူပါပဲ။ ခု သူက ဒုက္ခသည်အမျိုးသမီး အရေးအရာများဘာသာရပ်နဲ့
ပီအိပ်ခ်ျဒီတက်နေပါတယ်။ ဖြေတစ်ဖက်မသန် ရှာတော့ လမ်းလျှောက်အားပြုကိရိယာတပ်ပြီး
တုတ်ထောက်နဲ့လမ်းလျှောက်ရတယ်။ ကျနော်က ဂျိုင်းထောက်နဲ့ဆိုပေမယ့် သူ့ထက်မြန်မြန လျှောက်နိုင်ရွှေ့နိုင်တော့
သူကပြောတယ်ဗျ။ (မျိုး..ငါက ခြေလက်အပြည့်အစုံရှိပေမယ့် မင်းလောက်မြန်မြန်မသွားနိုင်တော့
ခက်တာ ပဲနော်) တဲ့။ တနေ့ သူနဲ့ကျနော် တက္ကစီတစင်းနဲ့ ဟော်တယ်လ်ကိုအတူပြန်တယ်။ ကားပေါ်ကဆင်းချိန်မှာ
ကျနော်ကနောက်ခန်းက အရင်ထွက်ပြီး ရှေ့ခန်းတံခါးကိုသွားဖွင့်ပေးတော့ မျက်လုံးနှစ်ဖက်လုံး
မျက်ရည်တွေအပြည့်နဲ့ (မျိုးရေ.. ရုပ်ပိုင်းအရမသန်သူ Handicap ဖြစ်ရုံနဲ့ အဲဒီသူကို
မသန်မစွမ်းသူ Disable ပြောရင်မမှန်နိုင်ဘူးဆိုတာ တို့လိုလူတွေကသက်သေပြနိုင်အောင် ကြိုးစားကြရမှာပဲ)တဲ့။
ခုလောလောဆယ် ကော်လိုရာဒိုပြည်နယ် ဒင်န်ဗာမြို့မှာနေပြီး ရာဇဝတ်မှုအကျူးလွန်ခံရသူတွေကိုအကာအကွယ်ပေးတဲ့
အေဂျင်စီမှာအလုပ်လုပ်ရင်း လိုသူတွေကို အကူအညီနေပါတယ်။ တရားရုံး၊ အကျဉ်းထောင်၊ ရဲစခန်း၊
ဆေးရုံဆေးခန်းတွေမှာ စကားပြန် ဘာသာပြန်နဲ့လူမှုလုပ်သား အဖြစ်ပေါ့ဗျာ။ သူက အရံဘုတ်အဖွဲ့ဝင်အဖြစ်နဲ့
ကော်လိုရာဒိုပြည်နယ်ကို ကိုယ်စားပြုပါတယ်။
အဲဒီအမျိုးသမီးနောက်တည့်တည့်ကရပ်နေသူက
Omar Bah တဲ့။ ကျနော်က သူ့ကို အိုမာလို့မခေါ်ပဲ ဥမ္မာလို့ခေါ်တော့ (ဘာအဓိပ္ပါယ်လဲ) လို့မေးတယ်လေ။
ကျနော်က (ယဉ်ယဉ်လေးပြောရရင်..အလွန်ချောမောလှပပြီး တွေ့သမျှပုရိဿတွေကို ရူးသွပ်သွားစေနိုင်တဲ့အလှပိုင်ရှင်
အိန္ဒိယတိုက်ဖွား ရာဇဝင်ထဲကမိန်းမလှတစ်ယောက်ပေါ့လေ) ဆိုတော့ သူက ထပ်မေးတယ်(ရိုင်းရိုင်းလေးပြောရင်ရော)တဲ့။
ကျနော်က (ပုထုဇနောဥမ္မတကော) လို့ဘုရားဟောရှိတဲ့အကြောင်း၊ ဒါပေမယ့် အဲသလိုဆိုတာနဲ့ လူတိုင်းဟာသွက်သွက်ခါရူးနေကြတဲ့
အရူးကြီးတွေလို့ တော့ မှတ်ယူဖို့မဟုတ်ကြောင်း၊ လူသားဟာ သူ စူးစိုက်ပျော်ဝင်ရာတစ်ခုခုမှာ
ရူးသွပ်နေကြတာဆိုတာကို မြတ်ဗုဒ္ဓကဥဒဟာရုံသဘော ဆောင်တာဖြစ်ကြောင်းရှင်းပြတော့ အားရပါးရရီပြီး(
ဟုတ်တယ်..ငါက ကမ္ဘာကျော် ဂျာနယ်လစ်ကြီးဖြစ်ချင်လို့ရူးနေ Crazy ဖြစ်နေတာကွ၊ ဗုဒ္ဓဝါဒကို
အလွန်သဘောကျပေမယ့် ထဲထဲဝင်ဝင်တော့ ငါ မလေ့လာခဲ့ဖူးဘူး။ ခု မင်းပြောတော့ ငါ့လေ့လာချင်စိတ်ကို
ပြန်ဆွပေးလိုက် သလိုပဲ) လို့ပြောတယ်လေ။ သူလည်း (၂ဝဝ၇) ထဲမှာ Gambia ဂမ်ဘီယာနိုင်ငံရောက်လာတာပါ။
အသက်က ခုမှ(၃၃) နှစ်သား၊ ဒါပေမယ့် Rhode Island ပြည်နယ်မှာ နိုင်ငံတကာဒုက္ခသည်များအကျိုးဆောင်နဲ့
ကူညီထောက်ပံ့ရေးအေဂျင်စီကိုစထူထောင်ခဲ့သူပါပဲ။ သူ့ တိုင်းပြည် ဟောင်းမှာနေတုန်းက အာဏာရှင်အစိုးရရဲ့
လူ့အခွင့်အရေးချိုးဖေါက်တာ၊ အကျင့်ပျက်ချစားတာ၊ တိုင်းပြည်နဲ့လူထုအပေါ်နှိပ်ကွပ်တာတွေကို
ကမ္ဘာသိအောင်ဖွင့်ချဖော်ထုတ်ခဲ့လို့ အစိုးရက အသေရရအရှင်ရရ ဖမ်းဝရမ်းထုတ်တာနဲ့ အိမ်နီးခြင်း
ဆီနီဂေါလ်နိုင်ငံကိုထွက်ပြေး အဲဒီမှာ ကုလအကူအညီနဲ့ (၁၁) လလောက်နေခဲ့၊ နောက်ဆုံး ဒီကို
ဒုက္ခသည်အဖြစ်နဲ့ရောက်လာတာပါ။ ခုလောလောဆယ်မှာ အိမ်ခြံမြေအပေါင်ခံ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တယ်၊
ကျောင်းလည်းတက်နေတယ်၊ လူမှုကူညီရေးတွေလုပ်တယ်။ ကမ္ဘာကျော်ဂျာနယ်လစ်ကြီးဖြစ်ချင်တဲ့ အိပ်မက်တွေတပွေ့တပိုက်နဲ့
ဘာသာစကား (၄) မျိုးလောက် ကျွမ်းကျင်တတ်မြောက်သူပါပဲ။ ပြန်ခါနီး နှုတ်ဆက်တော့ (မျိုး..မင်း
ငါ့ကို ဗုဒ္ဓဝါဒနဲ့ပတ်သက်လို့လေ့လာစရာ အင်္ဂလိပ်လိုရေးထားတဲ့၊ အွန်လိုင်းကနေဝယ်လို့ရမယ့်
Sources တွေပို့ပေးပါလား) တဲ့။ သူက ရိုဒ်အိုင်လင်းန်ဒ်၊ ကွန်နက်တီကပ်၊ မက်ဆာချူးဆက်၊
မိန်း Maine၊ နူးဟမ့်ရှိုင်းယား၊ နူးဂျာစီနဲ့ဗားမောင့်ပြည်နယ်တွေကို ကိုယ်စားပြုပါတယ်။
သူ့ဘေးက
ဝတ်စုံပြည့်နဲ့မျက်မှန်နဲ့ စတိုင်ကျကျပုဂ္ဂိုလ်ကတော့ Thon Moses Chol တဲ့ဗျ။ ဆူဒန်သားဗျ။
ဒီကို (၂ဝဝဝ) ခုကရောက်တာပါ။ သူတို့အကြောင်း “Lost Boys” ဆိုပြီးရိုက်ထားတဲ့ ဖြစ်ရပ်မှန်မှတ်တမ်းကားလည်းရှိသဗျ။
သူက ဝေါ်ရှင်တန်ဒီစီမှာ အမေရိကန်အစိုးရရဲ့ ဒုက္ခသည်များဆိုင်ရာအကျိုးဆောင်နဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်ပါတယ်။
ပညာရေးဝန်ထမ်းနဲ့ လူမှုလုပ်သားအဖြစ်လည်း အသက်မွေး ဝမ်းကြောင်းပါတယ်။ လူကောင်ကြီးပြီး
အရပ်ကြီးသာမိုးထိုးနေတာ စကားပြောရင် တိုးတိုးညင်ညင်သာသာပြောသူဆိုတော့ ဘုတ်အဖွဲ့ အစည်းအဝေးမှာ
သူပြောတဲ့အခါတိုင်း မနည်းနားစိုက်ထောင်ရပါတယ်။
တစ်ခါမတော့ အိုင်ဒါဟိုပြည်နယ်သား (အိုင်ဒါဟို၊ မွန်တာနာ၊ နီဗားဒါး၊ အော်ရီဂွန်၊
ယူတာခ်၊ ဝေါ်ရှင်တန်ပြည်နယ်နဲ့ ဝိုင်ယိုမင်းပြည်နယ်တွေကို ကိုယ်စားပြု ဘုတ်အဖွဲ့ဝင်ဖြစ်တဲ့)
Mr. Fidel Nshombo က သူနဲ့တစ်ယောက်ကျော်မှာ ထိုင်နားထောင်နေရာက (မစ္စတာသွန်ခင်ဗျား..အသံနည်းနည်းကျယ်ပြီး
ပြောပေးပါလားဗျာ) လို့ပြောတော့မှ ခနလေး နည်းနည်းကျယ်လာတယ်။ နောက်တော့လည်း နဂိုအတိုင်းပြန်တိုးသွားတာပါ။
သူအသက် (၄) နှစ်သားမှာ ဆူဒန်ပြည်တွင်းစစ် ကြီးက သူ့အိမ်ဝရောက်ချလာတာလေ။ ဒီတင် သူနဲ့
သူ့သူငယ်ချင်းတွေလည်း မိတကွဲဖတကွဲနဲ့ အုပ်စုလိုက်ကြီး ခြေဦးတည့်ရာထွက်ပြေး ကြတော့တာပဲ။
ဆူဒန်တပြည်လုံးအနှံ့ပဲ။ နောက်တော့ ကပ်ရက်က အီသီယိုးပီးယား၊ ကင်န်ညာ စတဲ့နိုင်ငံတွေထဲအထိရောက်။
ဒုက္ခတွေ အစုံတွေ့။ အဲသလို နှစ်ပေါင်းများစွာ ဒုက္ခပင်လယ်တွေဝေနေခဲ့ပြီးနောက်ဆုံး ယူအင်န်က
အဲဒီကလေးအုပ်ကြီးကိုရှာတွှေ၊ အဆက်အသွယ်ရပြီး သူလည်း အမေရိကန်ရောက်လာတာပါ။ (ဘားတော့ဘရက်ရဲ့-
ကလေးတွေအမေပျောက်စဉ်က-ကဗျာတောင်ပြန်သတိရချင်စရာ) ခုတော့ Social Work ဘာသာတွဲနဲ့ ရိုးရိုးဘွဲ့ရပြီးလို့
မာစတာတန်း ဆက်တက်နေပါတယ်။ သူ့အကြောင်းက ပြောစရာအများသားဗျ။ အတော်ကြိုးစား ပြီး အတော်လည်း
ထူပေထာပေ တုံးပေကပ်သပ်နိုင်သူလို့ ပြောရမှာပဲ။ ဒီလောက် ဘဝဒုက္ခတွေရင်စည်းခံခဲ့တာတောင်
ခုချိန်ထိအပြုံးက မပျက်ဘူး။ အစိုးရအလုပ်ထဲမှာတင် မကပါဘူး အပြင်က လူမှုရေးလုပ်ငန်းတွေ
မြို့နဲ့ဆိုင်တဲ့ အသင်းအပင်းအဖွဲ့အစည်းတွေမှာလည်း အချိန်ပြည့်စေတနာ့ဝန်ထမ်းလုပ်တာဗျ။
ကျနော်က သူ့ကိုနောက်ပြီး (မင်းကို သူများတွေက သွန် Thon လို့ခေါ်ပေမယ့် ငါကတော့ ဖြစ်နိုင်ရင်
ချို Cho လို့ခေါ်ပါရစေ) ပြောတော့သူက (မင်းခေါ်တဲ့ Cho က L အသံမပါဘူးနော်) လို့ဆိုပါတယ်။
ကျနော်က (အေးလေ ငါ့ ကလောင်အမည် က မျိုးမြင့်ချို ဆိုတော့ မင်းနံမည်ကိုလည်း ငါက ဗမာလိုခေါ်တာပေါ့ကွ)
ဆိုတော့ အသံတိုးတိုးလေးနဲ့ရီပြီး(ကောင်းသားပဲ)လို့ပြောတယ်ဗျ။ သူ့မှာ IPad လေးပါလာတော့
ဓါတ်ပုံတွေလည်း သူပဲဒိုင်ခံရိုက်နေသလားတောင်မှတ်ရပါတယ်။
နောက်ဆုံးတစ်ယောက်ကတော့
ဧည့်သည်ပါ။ ကျနော်တို့ Refugee Congress Advisory Board (RCAB) လည်းမဟုတ်တာရယ် တွေ့ချိန်က
နည်းလွန်းတော့ နံမည်မေးမိတ်ဆက်တာလေးတောင် လုပ်ချိန်မရလိုက်ပါဘူးဗျာ။
အမှန်တကယ်
ဒီအစည်းအဝေးကိုတက်လာရမှာက စုစုပေါင်း ဘုတ်အဖွဲ့ဝင် (၈) ဦး၊ အရံအဖွဲ့ဝင် (၁)ဦးနဲ့
ကုလသမဂ္ဂအမေရိကန် ပြည်ထောင်စုဒေသဆိုင်ရာရုံးက တာဝန်ခံအပါအဝင် အခြားအရာရှိ(၃) ဦးဖြစ်ပါတယ်။
ကုလတာဝန်ရှိသူတွေ အကုန်တက်ခဲ့ပါတယ်။ ဘုတ်အဖွဲ့ဝင်တွေထဲက (၂)ဦးက ပျက်ကွက်ခွင့် ကြိုတင်တောင်းခံထားပြီးသားဆိုတော့
သူတို့ဆီအစည်းအဝေးမှတ်တမ်းနဲ့ ဆုံးဖြတ်ချက်တွေကို ပို့ပေးခဲ့ပါတယ်။ အွန်လိုင်းကနေ၊
အီးမေးလ်ကနေ တယ်လီဖုန်းစပီကာဖွင့်ပြီး တဆင့်ဝင်ဆွေးနွေးကြပါတယ်။ ကျနော်တို့ (RCAB-Members)တွေကို ဘယ်လို ရွေးချယ်ခဲ့သလဲဆိုတာရယ်
အခန်းကဏ္ဍနဲ့တာဝန်ရှိမှုတွေ Roles and Responsibilities အကြောင်းရယ်၊ ကျနော်တို့ ဘာတွေလုပ်ခဲ့ကြ
ပြောခဲ့ဆိုခဲ့ဆွေးနွေးခဲ့ဆိုတာတွေကို နောက်ပိုင်းဆက်ပြီး ပြောပြပေးသွားမယ် စိတ်ကူးထားပါတယ်ခင်ဗျား။
မျိုးမြင့်ချို
0 comments:
Post a Comment