Friday, September 14, 2012

ခေတ်သစ် သင်ပုန်းကြီးဖတ်စာ(၁၀) ပြောင်းဖူးရိုး

0 comments
ခေတ်သစ် သင်ပုန်းကြီးဖတ်စာ(၁၀)
တရုတ်ပြည်မှာ မြစ်ရေနီလာသဖြင့် ပြည်သူများက
စိတ်ပူနေကြသည်ဟု ဆို၏။
မြန်မာပြည်မှာတော့ လူတွေ နီလာသည်။

အထဲနှင့် အထဲ၊ အထဲနှင့် အပြင်
အပြင်နှင့် အပြင်၊ အပြင်နှင့် အထဲ
ထစ်ခနဲဆို အပြစ်ဖို့ရမည့် တရားခံကိုရှာ၊
တိုင်းထွာပြီး ဆဲ၊ စာလုံးပေါင်း ပြောင်းပြီး ဆဲ၊
အဆဲဝဲဩဃမှာ ဒေါမနဿမီးများ ချင်းချင်းနီကြ၏။

ပြည်တော်ပြန်အချို့ကလည်း
လေဆိပ်မှာ လာမကြိုသဖြင့်၊
တည်းခိုရာမှာ လာမရှာသဖြင့်၊
ရုပ်ရှင်ရိုက်ရာမှာ နေရာမချန်သဖြင့်၊
စသဖြင့် စသဖြင့် ရင်နင့်နာကြည်း
သောကမီးများ စွေးစွေးနီကြ၏။

ပြည်တွင်းနရသိန်ပြန်အချို့ကလည်း
အကျိုးတော်ဆောင်သစ်များနှင့်လက်တွဲမိပြီးကတည်းက
အဝေးမှ အားပေးအားထုတ်အလုပ်လုပ်ခဲ့သူများအား
နောက်တန်း ထား၊ လျစ်လျူရှု တယ်မမှုချင်ကြဘဲ
သူရို့မှ သူရို့ဆိုသည့် မာန်မာနမီးများ ရဲရဲနီကြ၏။

ခေါင်းပေါင်းနှင့်ပုဝါများကလည်း
ဥပဒေအထက်မှာ မည်သူမှ မရှိဟုဆိုသည့်တိုင်
တရားစီရင်ရေးမဏ္ဍိုင်ကိုပင် မမှု
အပြုသဘော ဖြေရှင်းရန်မကြိုးစားဘဲ
ကျူငုတ်ရှင်းရန်သာ အားထုတ်သည့်
အာဃာတမီးများ မျှင်းမျှင်းနီကြ၏။

နိုင်ငံသားများမှာလည်း
ကျားကြောက်၍ ရှင်ကြီးကိုး၊
ရှင်ကြီး ကျားထက်ဆိုးကာ ဝမ်းကလည်း သိုးသဖြင့်
ရှင်ငယ်ဝမ်းကို ဝင်၊ မစင်စော်က သင်း
အချင်းချင်းကြား အချင်းများနေသည်ကိုကြည့်ကာ
တရားကျ သံဝေဂမီးများ ဖွားဖွားနီကြ၏။

သို့ဖြင့် ယန်ဇီမြစ်ရေ နီသည့် အနီထက်
ဧရာဝတီ့ရင်သွေးများ နီသည့် အနီက ပိုလေတော့၏။
အံ့ဩရပါသည်။

အင်းယားစောင်းမှာ ဂူအောင်းခဲ့ရသည့်
ဒေါင်းမိခင်ကလည်း
အနယ်နယ်အရပ်ရပ်၏ ရုံးအသီးသီးမှာ
မျိုးဆက်တိုက်ပွဲများ ပြင်းထန်နေခိုက်
နေပြည်တော်မှာ ကျောက်ချတစ်လှည့်
ပြည်ပမှာ တိုင်းခန်းလှည့်တစ်ချီ
အိမ်ကပ်သည် မရှိဖြစ်လာ၊
ငွေရတုတော့မည့် မျိုးဆက်ကြီးများခမျာလည်း
ရံပုံငွေရှာသည့်အလုပ်၊ ပြည်တော်ပြန် ဧည့်ခံသည့်အလုပ်၊
နှစ်ဆွေးဆုလာဘ်များ လက်ခံသည့်အလုပ်၊
ရန်ပြေရန် ကြားခံအဖြစ် အပ်ထည်အရှုပ်
စသည်များနှင့် ပျားတုပ်နေကြလာ၊
သည်အခါတွင်
အင်းစိန်ကျောင်းမှာ ဂူအောင်းဖူးသည့်
ဒေါင်းငယ်ကလေးများကသာ
ရပ်တကာ သွား၊ နယ်တကာရောက်
လယ်ကိုင်းပျောက်သည့် ဒေသခံများအရေး
ကိုယ်ဖိရင်ဖိ တွေးပူအားထုတ်
ပျားတုပ်လည်း ခံ၊ ကျည်တုပ်လည်း ခံ
အချိန်တန်သည့်တိုင် အိမ်မပြန်နိုင်ကြသေးပေါ့
အံ့ဩကုန်နိုင်ကြပါရော့။

မည်သို့ပင်ဖြစ်စေ
နိုင်ငံသားများ မျက်ထောင့်မနီကြရပါစေနှင့်။  ။
ယူတာက http://www.myanmarij.com/?p=5397

0 comments:

Post a Comment