ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း ၂ဝ-(မျိုးမြင့်ချို)စက်တင်ဘာ ၂၀ ရက် ၂၀၁၂
နေ့က ထုတ်လွှင့်ပြီးဖြစ်ပါတယ်။ သောတရှင်များခင်ဗျား… အခု ကိုးကန့်အဖွဲ့လို့ဆိုကြတဲ့ ကိုးကန့်တပ်ဖွဲ့တွေဟာ
ဗကပ အရှေ့မြောက်ဒေသကိုရောက်လာချိန်ကစပြီး ဗကပတပ်အဖြစ် တစ်လျှောက်လုံးရှိနေခဲ့ရာကနေ
(၁၉၈၉) ခု မတ်လထဲမှာ ဗကပဆီကခွဲထွက်လာခဲ့ပါတယ်။ အဲဒီနောက် ဘိန်းဘုရင်ဟောင်းလော်စစ်ဟန်က
ကြားဝင်ပေးပြီး နဝတနဲ့အပစ်အခတ်ရပ်စဲခဲ့ပါတယ်။ ပြောရမယ်ဆိုရင် လော်စစ်ဟန်ရောဖုန်ကြာရှင်းပါ
တချိန်တုန်းက ကိုးကန့်စော်ဘွားတပ်က လူတွေဖြစ်ပါတယ်။ နောက်ပိုင်း လော်စစ်ဟန်က သူ့လက်နက်ကိုင်တပ်ကလေးကိုဖျက်၊
စစ်တပ်နဲ့ပေါင်းမိတော့မှ သာမန်ဘိန်းကုန်သည်လေးဘဝကနေ စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်သွားခဲ့တာပါ။
ဖုန်ကြာရှင်းကတော့ ဗကပထဲရောက်ပြီး ကိုးကန့်ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ ကိုးကန့်တွေခွဲထွက်ကြတော့ ဖုန်ညီနောင်လို့ဆိုတဲ့ ဖုန်ကြာရှင်းဖုန်ကြာဖူး၊
ရန်ညီနောင်လို့ခေါ်တဲ့ ရန်မိုအမ်း၊ ရန်မိုးလျံတို့က ခေါင်းဆောင်တွေဖြစ်နေကြပါတယ်။ ဗကပထဲမှာရှိစဉ်ကထဲက
ဖုန်နဲ့ရန်ညီနောင်တွေကြားမှာ ပဋိပက္ခတွေရှိပေမယ့် ရန်သူလိုထချကြတဲ့အထိတော့မဖြစ်ခဲ့ဘူးလို့
ဆိုပါတယ်။ အပစ်အခတ်ရပ်ပြီး ကိုးကန့်တွေအများစုနေတဲ့ ရှမ်းပြည်မြောက်ပိုင်းက လောက်ကိုင်ဒေသကို
ရှမ်းပြည်မြောက်အထူးဒေသ(၁) လို့ အစိုးရကသတ်မှတ်ပေးပြီး ကိုးကန့်တို့ရဲ့တပ်ဖွဲ့၊ နယ်မြေနဲ့၊
အဖွဲ့အစည်းတည်ရှိခွင့်ကို နှုတ်ကတိနဲ့တရားဝင်ခွင့်ပြုခဲ့ပါတယ်။ တပ်အင်အားအနေနဲ့ (၃)
ထောင်လောက်ရှိပြီး အစောဆုံးပူးပေါင်းသူဖြစ်တဲ့အလျှောက် ဘယ်သူမှမရဖူးတဲ့အခွင့်ထူးတွေနဲ့အတူ
ပစားလည်းအပေးခံခဲ့ရပါတယ်။ အဲဒီအချိန်က အစိုးရမီဒီယာတွေမှာ ဗိုလ်ချုပ်ခင်ညွန့်နဲ့တတွဲတွဲ
မြင်ခဲ့ကြရတာပါ။
အပစ်အခတ်ရပ်ပြီးချိန်မှာ ကိုးကန့်အဖွဲတွင်းခေါင်းဆောင်မှုကြားမှာ ရှိပြီးသားပြဿနာတွေဟာ
ပိုကြီးထွားလာခဲ့ပါတယ်။ သစ်လုပ်ငန်း၊ ကျောက်တူးခွင့်၊ ဘိန်းစိုက်ပျိုးရေးနဲ့အခြားစီးပွားရေးပိုင်ဆိုင်မှုတွေ
အဝေမတည့်ဖြစ်ရာကနေ အာဏာလုပွဲတွေ ပေါ်လာပါတယ်။ ဖုန်နဲ့ရန်ညီနောင် ဘတပြန်ကျားတပြန်အာဏာသိမ်းပွဲတွေဖြစ်ကြရင်း
ရန်ညီနောင်အရေးနိမ့်တော့ မုန်းကိုးဘက်ထွက်ပြေးရပြီး နောက်ဆုံးမှာ လက်ကျန်အင်အား (၃ဝဝ)
လောက်နဲ့အတူ စစ်အစိုးရဆီအညံ့ခံ ကိုးကန့်အသွင်ပြောင်းရဲလိုလိုဘဝနဲ့ နိဋ္ဌိတံသွားရပါတယ်။
ရန်ညီနောင်လည်း တရုတ်ပြည်ဘက်ထွက်ပြေးပြီး ဟိုမှာပဲကွယ်လွန်ကုန်ပြီလို့ ဆိုကြပါတယ်။
ကိုးကန့်အဖွဲ့တွင်းကရှိပြီးသားပဋိပက္ခတွေ ပိုကြီးထွားလာအောင်နဲ့ အချင်းချင်း ထချတာတွေအထိဖြစ်လာအောင်
စစ်အုပ်စုက စနစ်တကျလုပ်ခဲ့တာတွေလည်း ပါပါတယ်။ အာဏာလုပွဲတွေပြတ်ပြီဆိုတော့ တပ်ကိုရောစီးပွားရေးတွေကိုပါ
ဖုန်ညီနောင်က အပိုင်စီးမိလိုက်ပါတယ်။ နောက်ပိုင်းမှာ ဖုန်ညီနောင်စီးပွားတောင့်တင်းလာတော့
တပ်အင်အားတိုးချဲ့ပြီး လက်နက်စက်ရုံပါ ရှိလာတယ်လို့ဆိုကြပါတယ်။ အဲဒီအချိန်ထိ နဝတနဲ့အဆင်ပြေနေပါသေးတယ်။
နောက်ပိုင်းမှာ စစ်အုပ်စုက နယ်ခြားစောင့်တပ်အသွင်ပြောင်းရမယ်ဆိုပြီး အကျပ်ကိုင်ရာကနေ
ထိပ်တိုက်တိုးမိကြတော့တာပါပဲ။ ကိုးကန့်အဖွဲ့တွင်းမှာလည်း ဥက္ကဖြစ်တဲ့ဖုန်ကြာရှင်းနဲ့
နောက်ပိုင်းမှာစစ်ဦးစီးဖြစ်လာမယ့် ပယ်ဆောက်ချိန်တို့အကြား ဓနဥစ္စာနဲ့စီးပွားရေးအကျိုးအမြတ်အပေါ်အခြေခံတဲ့ပြဿနာတွေဟာ အကြီးအကျယ်ဖြစ်နေချိန်ပါပဲ။ ဒီအတွင်းပဋိပက္ခကို အချိန်ကိုက်အသုံးချပြီး
စစ်အုပ်စုဘက်က (ကိုးကန့်တွေ မူးယစ်ဆေးဝါးစိုက်ပျိုးတယ်၊ လက်နက်စက်ရုံတည်တယ်)လို့ အကြောင်းပြချက်နဲ့
(၂ဝဝ၉) ခုနှစ်မှာ စစ်အင်အားအလုံးအရင်းနဲ့ဝင်တိုက်ပြီး ဖုန်အညီကိုကို ဖယ်ရှားပြစ်လိုက်ပါတယ်။
သူတို့သြဇာခံဖြစ်လာမယ့် ပယ်ဆောက်ချိန်ဆိုသူလက်ထဲကို ကိုးကန့်တပ်နဲ့စီးပွားရေးတွေ အပ်လိုက်ပါတော့တယ်။
ပယ်ဆောက်ချိန်ဟာ ကိုးကန့်အဖွဲ့ကို နယ်ခြားစောင့်တပ် အမှတ်(၁ဝဝ၆) အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ပြီး
စစ်အုပ်စုအောက် ခေါင်းလျှိုဝင်ရောက်သွားပါတော့တယ်။ ဒီလိုနည်းနဲ့ နောက်ဆုံးမှာ ကိုးကန့်အဖွဲ့ကြီးဟာ
အစိတ်စိတ်အမွှာမွှာပြိုကွဲပြီး အင်အားချိနည့်သွားပါတော့တယ်။
သောတရှင်များခင်ဗျား…ကိုးကန့်တွေခွဲထွက်ပြီး တလလောက်အကြာမှ ဝ တပ်ဖွဲ့တွေလည်း
ထပ်ပြီးခွဲထွက်လာပြန်ပါတယ်။ ဝ တပ်ဖွဲ့ကို ဦးဆောင်သူတွေက မြောက်ပိုင်းဝခရိုင်မှူးကျောက်နီလိုင်နဲ့
ဗကပအလယ်ပိုင်းစစ်ဒေသဦးစီးမှူး ပေါက်ယိုချမ်းတို့ဖြစ်ပါတယ်။ ခွဲထွက်ခါစကအမည်ကို အပစ်အခတ်ရပ်စဲရေးလုပ်ပြီးမှာတော့
UWSA (ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ) လို့ပြောင်းလဲခဲ့ပါတယ်။ စစ်အစိုးရက သူတို့ကိုလည်း
အဖွဲ့အစည်း၊ တပ်၊ နယ်မြေတည်ရှိခွင့်တွေကိုအသိအမှတ်ပြုသလို စီးပွားရေးလုပ်ငန်းတွေ အမြောက်အမြားကိုလည်း
ချပေးခဲ့ပါတယ်။ ဝ နဲ့ ကိုးကန့်ဟာ ဗကပခွဲထွက်တွေမှန်ပေမယ့် မတူတဲ့အနေအထားတော့ရှိပါတယ်။ ဝ မှာက စစ်ရေးအတွေ့အကြုံနဲ့ တိုက်ရည်ခိုက်ရည်ပြည့်တဲ့
တပ်မှူးတပ်သားတွေရှိနေတာရယ်၊ ခွဲထွက်လာချိန်မှာ ဗကပရဲ့လက်နက် အကုန်ရလိုက်တာရယ်၊ ခွဲထွက်အဖွဲ့တွေ
အတော်များများကိုစုစည်းပြီး (ငြိမ်းချမ်းရေး အမျိုးသားတပ်ဦး) လို့ကြွေးကြော်ဖွဲ့စည်းနိုင်ခဲ့တာတွေ
လည်းရှိနေပြန်ပါတယ်။ ကျောက်နီလိုင်ရဲ့ (မြေတစ်လက္မမှလက်မလွှတ်၊ သေနတ်တစ်လက်မှ မပေးအပ်)
ဆိုတဲ့မူကို အတိအလင်းပြတ်ပြတ်သားသား ချပြကိုင်စွဲထားတာလည်းရှိပါတယ်။ အစိုးရနဲ့အပစ်ရပ်ပြီးနောက်ရလာတဲ့
စီးပွားရေးနဲ့နိုင်ငံရေးအခွင့်အလမ်းတွေကို ထိထိမိဆုပ်ကိုင်ပြီး တပ်အင်အားကြီးထွားအောင်လုပ်နိုင်သလို
စစ်ရေးနိုင်ငံရေးမဟာမိတ်တွေလည်းတောင့်တင်းလာတာမို့ နဝတဘက်က အပေးအယူအလျှော့အတင်းတွေ
အကြိမ်ကြိမ်ပြန်လုပ်လာရပါတယ်။
(၁၉၉ဝ) ခုနှစ်မှာ စစ်အစိုးရတပ်တွေနဲ့ပေါင်းပြီး (၉ဝ၁)စစ်ဆင်ရေးအမည်နဲ့
ဘိန်းဘုရင်ခွန်ဆာထိမ်းချုပ်ရာဒေသတွေကို ထိုးစစ်တွေဆင်နွှဲ နယ်မြေသိမ်းတိုက်ပွဲတွေလုပ်ခဲ့ပါတယ်။
စစ်ဆင်ရေးကာလက (၆) နှစ်လောက်ကြာပြီး ဝ တပ်ဖွဲ့ (၃ဝဝဝ) လောက်သေကြေဒဏ်ရာရခဲ့တယ် လို့
ဆိုပါတယ်။ (၁၉၉၉) ခုနှစ်မှာခွန်ဆာလက်နက်ချပြီးတဲ့နောက်မှာတော့ စစ်အစိုးရနဲ့မူလရှိခဲ့တဲ့ သဘောတူညီချက်အရ
ရှမ်းပြည်တောင်ပိုင်းက နေရာဒေသတချို့မှာ ဝ အမျိုးသား (၈)သောင်းလောက် အခြေချနေထိုင်ခွင့်ရခဲ့သလို
ဝ တပ်အင်အားတချို့လည်း တပ်စွဲခဲ့ပါတယ်။
ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ အဲဒီ တောင်ပိုင်းဒေသက ဝ တပ်တွေ ပြန်ရုပ်သိမ်းပေးရမယ်ဆိုပြီး
အစိုးရကဖိအားပေးနေပါပြီ။ (၂ဝဝ၉) ခုနှစ် ဧပြီလ (၂၈) ရက်နေ့မှာ စစ်အစိုးရက အပစ်ရပ်လက်နက်ကိုင်အဖွဲ့အစည်းအားလုံး
နယ်ခြားစောင့်တပ်နဲ့ဋ္ဌာနေပြည်သူ့စစ်တွေအဖြစ် ပြောင်းလဲဖွဲ့စည်းရမယ်လို့ ပြောလိုက်တဲ့အခါမတော့
ဝခေါင်းဆောင် ပေါက်ယိုချမ်းကိုယ်တိုင်က သူတို့လိုလားတဲ့ပုံစံကို အစိုးဆီစာနဲ့ရေးပြီး
တင်ပြဆွေးနွေးခဲ့ပါတယ်။ မူလ သူတို့နဲ့အပစ်အခတ်ရပ်စဉ်တုန်းက သဘောတူညီချက်မှာ မပါခဲ့တာမှန်ပေမယ်လို့
ခုချိန်မှာအခြေအနေအရ အတိုးအလျှော့လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အချက်(၈)ချက်ပါတဲ့တောင်းဆိုမှုကို တင်ပြခဲ့တာဖြစ်ပါတယ်။
ဒီ တောင်းဆိုတင်ပြချက် (၈)ချက်လုံးကို စစ်အစိုးရဘက်က အပြတ်ပယ်ချလိုက်ပြီး (အသွင်ကူးပြောင်းရေးလုပ်ချိန်
လွန်သွားပြီ၊ လုပ်ခွင့်မရှိတော့ဘူး၊ လုံးဝလက်နက်ချရန်သာရှိတော့သည်) ဆိုတဲ့ သဘောနဲ့
ရာဇသံပေးခဲ့ပါတယ်။ ဒါ့ကြောင့် ဝဒေသလည်း သေနတ်သံတွေများ ပြန်ထွက်လာလေဦးမလားဆိုပြီး
လုတိုင်းတွေးပြီးပူနေရပြီဖြစ်ပါတယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
0 comments:
Post a Comment