Allen County Public Library (ACPL) Fort Wayne, IN က Perspective Conversation ခေါင်းစဉ်နဲ့ဟောပြောပွဲကို ဧပြီလ (၁၆)ရက် ၂၀၁၂ နေ့က စာကြည့်တိုက်ရုပ်ရှင်ခမ်းမမှာ ကျင်းပခဲ့ပါတယ်။ ခေါင်းစဉ်ငယ်အဖြစ် စာတမ်းထိုးပေး တာက Anti-genocide activists share their stories for further the dialog on ending violence and fostering peace ဖြစ်ပါတယ်။ ဟောပြောပေးဖို့ ဖိတ်ကြားခံရသူတွေကတော့ Carl Wilkens, Doris Fogel နဲ့ ကျနော် ပါခင်ဗျ။ စုစုပေါင်းဟောပြောချိန်က (၃) နာရီမို့၊ တစ်ယောက် (၁)နာရီကြာ ပြောရပါတယ်။
Carl Wilkens က "World outside my shoes" မှတ်တမ်းကားဒါရိုက်တာနဲ့ ၁၉၉၄ ခုနှစ်က ရဝမ်ဒါမှာ ဟူတူနဲ့တွတ်ဆီတွေ သွေးချောင်းစီးသတ်ပွဲတွေဖြစ်နေတုန်း အမေရိကန်ကိုပြန်လာဖို့ အစိုးရကခေါ်ပေမယ့် မပြန်ပဲဟိုမှာချန်နေခဲ့တဲ့ တစ်ဦးတည်းသောအမေရိကန်စာရေးဆရာပါ။ ကိစ္စတွေပြီးလို့ အမေရိကန်ပြန်ရောက်တော့ I'm not leaving ဆိုပြီး သူ့အတွေ့အကြုံတွေကို လက်ပေါက်စိတ်စိတ် တိတိကျကျဖော်ပြထားတဲ့ စာအုပ်တစ်အုပ် ရေးခဲ့ပါတယ်။ စာအုပ်က အထိုက်အလျှောက်လူသိခဲ့ပေမယ့် ဟိုးလေးတကျော်ကြီးတော့မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် သူ့ လက်တွေ့မျက်မြင်အတွေ့အကြုံတွေနဲ့ ရိုက်ယူမှတ်တမ်းတင်လာခဲ့တဲ့ ဓါတ်ပုံတွေ ဗီဒီယိုအပိုင်းအစတွေကတော့ အလွန့်ကိုတန်ဖိုးရှိသလို စကားပြောနဲ့တရားဟောလည်း အလွန်ကောင်းသူဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ တိုင်းပြည်တဝှမ်းက တက္ကသိုလ်တွေ အဖွဲ့အစည်းတွေ ဋ္ဌာနဆိုင်ရာတွေက သူ့ကိုဖိတ်ပြီး ဟောပြောပွဲတွေ လုပ်ရလွန်းလို့လက်မလည်ဖြစ်နေသူလို့ ဆိုရမယ်ထင်ပါတယ်။ ပြောသမျှစကားလုံးတိုင်း ထိထိရှရှရှိသလောက် မျက်နှာကတော့ အမြဲပြုံးချိုနေလို့ ခင်မင်စရာကောင်းသူပါပဲ။ သူရေးတဲ့စာအုပ်ကို ဟောပြောအပြီးမှာ ရောင်းပေးပါတယ်။ ကျနော့်ကိုတော့ သူ့ လက်မှတ်ထိုးပြီး တစ်အုပ်လက်ဆောင်ပေးပါတယ်။
Doris Fogel ဆိုတဲ့အမျိုးသမီးကြီးကတော့ Fort Wayne မြို့က ဂျူးလူမျိုးများဖက်ဒရေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာ ဖြစ်ပါတယ်။ အသက် (၇)နှစ်သမီးမှာ မိဘနှစ်ပါးနဲ့အတူအဖမ်းဆီးခံရပြီး ဂျူးသုတ်သင်ရေးမီးလောင်တိုက်သွင်း အကျဉ်းစခန်း Holocaust ကို အပို့ခံခဲ့ရသူဖြစ်ပါတယ်။ အဲဒီကနေ မသေလို့ ထွက်ပြေးလွတ်မြောက်လာပြီး ရှန်ဟိုင်းမှာ နိုင်ငံရေးခိုလှုံခွင့်ရခဲ့ပါတယ်။ ရှန်ဟိုင်းမှာ (၇)နှစ်လောက်နေခဲ့ပြီးမှ အမေရိကားကို ငယ်ရွယ်သူဘဝမှာ ရောက်လာခဲ့ပြီး ဖို့ဝိန်းမြို့ကလေးမှာ အခြေချနေပါတယ်။ သားသမီးတွေကတော့ ရှိဂါးကိုးမှာနေကြတယ်လို့ ဆိုပါတယ်။ အားလုံးဟာ ပညာတတ်တွေဖြစ်ပြီး ဘဝအထိုင်ကျနေကြပြီမို့ သူ့ဘဝက အေးချမ်းသလိုပါပဲ။ ကလေးတွေ မြေးတွေကိုလွမ်းရင် သူတို့ဆီ သွားသွားလည်တယ်..တဲ့။ ကျနော် ပြောတာနားထောင်ပြီးတော့ ”မျိုး...မင်းကြုံခဲ့အဖြစ်တွေကို ပရိသတ်ကို ပြောပြနေချိန်မှာ ငါ ငိုမိလေသလားမပြောတတ်ပေမယ့် ဝမ်းနည်းစိတ်မကောင်း အတော်လေးဖြစ်ရပါတယ်” လို့ ပြောတယ်ဗျာ။
ကျနော်ကိုတော့ သိပြီးသားမို့ ကိုယ့်ကိုယ်ကို မိတ်မဆက်တော့ပါဘူးဗျာ။ အခမ်းအနားစစခြင်း အထက်တန်းကျောင်းသူလေးတွေက ကျနော်တို့ (၃)ယောက်ရဲ့ တစ်ယောက်ခြင်းစီနောက်ကြောင်းဘဝတွေကို ပရိသတ်နဲ့ အကျဉ်းချုပ်မိတ်ဆက်ပေးပါတယ်။ ကျနော့်ကိုတော့ ကျနော့်တူမချော(ကျော်ကျော်မြင့်ရဲ့သမီးကြီး ဒေါင်းနွယ်အေးက) မိတ်ဆက်ပေးပါတယ်။ သူ့အလှည့် ကျနော့်ကိုမိတ်ဆက်မပေးခင် ရှေ့ကမိတ်ဆက်ပေးခဲ့တဲ့ သူတွေအကြောင်းကြားတာရယ် ကျနော်တို့ညီအစ်ကို(သူ့အဖေနဲ့ကျနော်) အကြောင်း ပြန်တွေးမိတာလည်းပါမယ်ထင်ပါရဲ့ မိတ်ဆက်ပေးရင်း ဝမ်းနည်းနေပုံပဲ၊ အသံလေးတွေတုန်နေပါတယ်။
အဲဒီနေ့က တက္ကသိုလ်ကျောင်းသားတချို့နဲ့အတူ မြို့ကအဖွဲ့အစည်းတချို့ကသူတွေ ဋ္ဌာနဆိုင်ရာကလူတွေ စိတ်ဝင်စားသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ အင်ဒီယားနားနူးစ်စင်န်တာက တီဗီရိုက်သတင်းရေးပြီး ပြန်လွှင့်ပေးခဲ့ပါတယ်။ ကြည့်ဖို့လင့်ခ်က ဒီမှာပါခင်ဗျား။
http://www.indianasnewscenter.com/news/local/Survivors-Speak-Of-Peace-And-Ending-Violence-147671825.html
0 comments:
Post a Comment