Friday, May 30, 2014

၂ဝ၁၄ မေ အကုန်ပိုင်းမှာရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ မေ အကုန်ပိုင်းမှာရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)
 (နွားသားစားတဲ့လှည်းဆရာ ကျားကြောက်သတဲ့)
 လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းဟာ လူတင်ပါလို့ နွား ကျားကိုက်တာ။ စစ်ဗိုလ်တွေ ကိုယ်ကျိုးရှာဖို့ တိုင်းပြည်လက်ညှိုးထိုးရောင်းစားတဲ့ကိစ္စ။
ဝမ်ပေါင်ဘက်ကရတဲ့ အကျိုးအမြတ်ထက် ဦးပိုင်(စစ်ဗိုလ်ပိုင်)ဘက်ကရတာ အချိုးချကြည့်ဖို့လိုမယ်။ တိုင်းသိပြည်သိလုပ်ရတဲ့ခေတ်မျိုးလည်းဖြစ်၊ တံခါးကလည်းအားလုံးလာ စုပ်ယူသွားနိုင်အောင် ဖွင့်ပေးထားရတဲ့စီးပွားရေးခေတ်မျိုးဆို တရုတ်ထက် နည်းပညာအပါအဝင် အစစအရာရာသာတဲ့နိုင်ငံကြီးတွေက ကုမ္ပဏီကြီးတွေလာပြီး ပိုပြီးပညာသားပါပါနဲ့ ညှစ်ထုပ်ယူမှာပဲ။ ပရိယယ်ကြွယ်တော့ သွေးအကုန်လုံးပါသွားတောင် အခံရသက်သာမှာတော့ ကျိန်းသေတယ်။ ခုဖြစ်နေတာက လှည်းသမားက သူ့လူတင်မှုကြောင့် အကိုက်ခံရတဲ့နွားတွေကို ကျားကြီးကို သူပါကြောက်ရကြောင်း ဟန်လုပ်မျက်နှာသေနဲ့ မြားဦးလှည့်ပေးတော့ နွားတွေခမျာ ကျားဘက်လည်ထွက်သွားရှာတယ်။ လှည်းသမားကို မျက်ခြေပြတ်သူပြတ်သွားတယ်။ ကျားပဲကြမ္မာငင်ရမှာလိုလိုဖြစ်လာတယ်။ လှည်းသမားရဲ့လှည့်ကွက်မှာ မျိုးချစ်စိတ်ဟုန်းဟုန်းတောက်တွေ လက်သည်ပျောက်သွားတယ်။ အမျိုးဘာသာ သာသနာတွေ လှည်းသမားဘက်က ကူနာပြတယ်။ အဆီယစ်နေတဲ့စစ်ဗိုလ်တွေက
ကျားနဲ့အတူ အမဲသားပွဲတော်တည်နေတယ်။ ဒဏ်ရာဗလဝနဲ့နွားတချို့ခမျာ ကိုယ့်အသားပဲ့ပါသွားတာတောင် မနာနိုင်အားပဲ လှည်းသမားတောင် ပြန်သနားလိုသနား၊ အားပေးစကားတွေ ပြောလိုပြော၊ ခမျာများ သနားစရာဖြစ်လိုဖြစ်နဲ့။ စစ်ဗိုလ်တွေ တစ်ယောက်တပေါက် အလေနတောပြောနေကြတာပါကွာလို့တော့ ပေါ့ပေါ့တန်တန်မတွေးလေနဲ့။ သူတို့နှုတ်ထွက်စကားတိုင်းမှာ တရားပါတယ်။ စကားလုံးနောက်က အနက်နဲ့အဓိပ္ပါယ်ကို မြင်အောင်ကြည့်တတ်မှဖြစ်လိမ့်မယ်။ နို့မို့ဆို ကိုယ်ပါရောပြီး အသားအပဲ့ခံကာ စစ်ဗိုလ်ဆိုးတွေရဲ့ကိုယ်ကျိုးစီးပွားကိုဖျေက်ပြီး အသနားတွေပိုမိသွားမှာပဲ။ တရုတ်မှမဟုတ်ဘူး တိုင်းပြည်နဲ့လူထုဆီက သွေးစုပ်ခွင့်ပေးသူဟာ ကျနော်တို့ကို ဂုတ်ခွစီးထားတဲ့ စစ်အာဏာရှင်တွေပဲ။ သူတို့စနက်ပဲ။ ဝမ်ပေါင်ထက်ပိုကြောက်စရာကောင်းတာ ဦးပိုင်ပဲ။ တိုင်းပြည်ကို နိုင်ငံရေးကို အာဏာကို သယံဇာတကို မောင်ပိုင်စီးထားတာ စစ်အာဏာရှင်တွေပဲ။

(ပြင်တော်မူကိုကိုကြီး)
ပြည်တော်သာခင်ခင်ကြီးတို့ ရေနံ့သာခင်ခင်ကြီးတို့ရှိတယ်ဗျာ။ ဂန္တဝင်မြောက်ဝတ္ထုကြီးတွေဆိုပါစို့။ ခု ၈၈-ငြိမ်း/ပွင့်ပဲ့နင်းကြီးကိုလည်း ဂန္တဝင်မြောက်ရလေအောင် "ပြင်တော်မူကိုကိုကြီး"ဆို ဘယ့်နှယ်တုန်း။ သူလည်း သမိုင်းထဲကလူ၊ ဂန္တဝင်မြောက်သင့်တဲ့သူပဲမဟုတ်လား။

(ပေါင်း-ပြင်ကနေ ပေါင်းပင်ဖြစ်မသွားဖို့)
အရင်တုန်းကဆို ဟုတ်ဟုတ် မဟုတ်ဟုတ် ပြောစရာရှိရင် ကိုယ့်လူတွေဟဲ့ဆိုပြီး (အတိုက်အခံအင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေ၊ အတိုက်အခံဒီမိုကရေစီသမားတွေ) ဘာညာနဲ့ မစားရဝခမန်းသုံးသုံးပြီးပြောရတာအမော။ ခုလည်းကြရော ဒေါ်စုက အတိုက်အခံဆို နားခါးလေသယောင်... Opposition ဆို သံရည်ပူလောင်းချလေသယောင် မှာတော်မူလိုက်တော့ သူတို့ကိုပြောချင်ရင် ဘာကိုဘယ်လို ဘယ်စကားသုံးပြောရမှန်းတောင် မသိဘူးဖြစ်သွားတယ်။ ခုတော့ ၈၈-ငြိမ်း/ပွင့် ကိုကိုကြီးကျေးဇူးနဲ့ စကားလုံးသစ်ရသွားပြီ။ ကျေးဇူးဗျာ။ နောက်ဆို "ပေါင်းပြင်"တွေလို့ခေါ်တော့မယ့်။ စာလုံးပေါင်း မမှားဖို့တော့ စာရိုက်တိုင်းဂရုစိုက်ရမယ်။ မတော် (ပေါင်းပြင်)ရိုက်တာ (ပေါင်းပင်)သွားမှ အသင်ပါခံရမယ့်ကိန်း။

(ချမ်းအေးထိုးတဲ့လက်မှတ်)
မောင်စူးစမ်း(ဦးချမ်းအေး)က ခြေဥပြင်ရေး(၄၃၆ ပြင်ရေး)လက်မှတ်ထိုးတယ်..တဲ့။ ကျော်ဝင်းရော ထိုးဦးမလား မပြောတတ်။ ကိုယ့်ရင်ဝကိုယ်ပြန် ဓါးနဲ့ထိုးလိုက်ဖို့ပဲ။ ဒါမှမဟုတ်လည်း တယောက်နောက်ကျောတယောက် အပြန်အလှန်ထိုးဖို့သာကောင်းတော့တယ်။ လက်မှတ်ထိုးလှုံ့ဆော်ပွဲဆိုတာမျိုးက ဒီမှာတော့ သိတ်အဆာမကျယ်ပါဘူး။ နိုင်ငံရေး၊ လူမှုရေး၊ အခွင့်အရေးဆိုင်ရာတခုခု စတဲ့ရည်မှန်းချက်မျိုးတွေအတွက် နိုင်ငံရေးသမားတွေကိုယ်စား အော်ဂနိုက်ဇာတွေကလုပ်ရတဲ့ကိစ္စမျိုးပေါ့။ အများအားဖြင့်တော့ အာဏာသဘောပါတဲ့နိုင်ငံရေးနဲ့တော့ အပတ်အသက်မများလှပါ။ ဒီက နိုင်ငံရေးအခင်းအကျင်းနဲ့ ဒီကဂွင်ထဲမှာတော့ လိုအပ်ချက်လို့ပြောရင်လည်း မမှားပါဘူး။ တခါတလေ နောက်က ဒိုနာနဲ့ ပရိုပိုဆယ်လ်နဲ့ ဖန်းဒင်န်းနဲ့ဝေဝေဆာဆာမို့ ပျော်တောင်ပျော်စရာကြီး။ ဟိုမှာတော့ ဒေါ်စုလိုနိုင်ငံရေးသမားနဲ့ ၈၈-ငြိမ်း/ပွင့်တွေကဦးဆောင်တော့ အကြီးကြီးမှ တကယ့်အကြီးကြီး။ ရွှေပြည်ကြီးမှာ အဲ့လိုလုပ်နေကြတာမြင်တော့ မိတ်ဆွေတစ်ယောက်က "အော်ဂနိုက်ဇာငှားလိုက် ပြီးရောကွာ၊ အလကား အချိန်ကုန်ခံ အပင်ပမ်းခံလို့၊ ဘယ်လောက်မှလည်း ကုန်တာမဟုတ်ပဲနဲ့" လို့ပြောတော့ (အင်း..သူလည်း သူ့နားလည်ချက်နဲ့သူပဲကိုး)လို့ တွေးရုံမှတပါးအခြားမရှိတော့။ သူ နားလည်အောင်လည်း ရှင်းမပြတတ်တော့။ လက်မှတ်ထိုးလှုံ့ဆော်မှုကနေ အာဏာနိုင်ငံရေး Power Politics သဘောထိ ပါသွားအောင်ဆို ဘယ်အထိ အာဏာဖီဆန်ဝံ့မလဲပဲ၊ ဘယ်အထိ လူထုနဲ့လိုက်ပါရင်း ဦးဆောင်သွားနိုင်မလဲပဲ။ လက်မှတ်တွေ လွှတ်တော်ထဲယူသွားပြီး ၇၆ ရာခိုင်နှုန်းထောက်ခံမဲမရခဲ့ရင် ဘာလုပ်မလဲ။ ရတယ်ပဲထားဦး ပြည်သူ့ဆန္ဒခံယူပွဲလုပ်လို့ မဲပေးနိုင်သူရဲ့ ထက်ဝက်ကျော်ထောက်ခံမဲ မရခဲ့ရင်ရော။ မောင်စူးစမ်းလက်မှတ်ထိုးတာ ပြင်ရဖို့ဖြစ်နိုင်ခြေမရှိလွန်းတာသေချာပြီဆိုပြီး ထိုးတာရော မဖြစ်နိုင်ဘူးလား။ ဒီဖွဲ့စည်းပုံနဲ့ ဒီအရေခြုံစစ်အာဏာရှင်တွေကို ခါးသီးမုန်းတီးလွန်းလို့ ရိုးရိုးသားသားလက်မှတ်လာထိုးကြ ပါဝင်လာကြသူတွေကို လှိုက်လှိုက်လှဲလှဲအားပေးကြိုဆိုပေမယ့် မောင်စူးစမ်းနဲ့ အဲ့ဒီပြည်သူတွေကို တတန်းထားမြင်လို့မရတာတော့ အမှန်ပဲ။ (သစ်ကောင်းအိမ်နဲ့ ရင်ဝဓါးထိုးတဲ့အကြောင်းပြောနေတုန်း မောင်စူးစမ်းလက်မှတ်ထိုးတာမြင်ပြီး အတွေးဆက်ကုန်တာ)


(ရေစုန်မမျောစေချင်တဲ့ဇာတ်)
လာမယ့် ၂ဝ၁၅ ဟာ ဗိုလ်ချုပ်အောင်ဆန်း အနှစ် ၁ဝဝ ပြည့်မှာပဲ။ အထုပ္ပတ္တိဇာတ်ကားကြီး ရိုက်ကူးထုတ်လုပ်မယ်ကြားတော့ ကြည့်ချင်ဇောနဲ့မျှော်မိတာပဲ။ တောပြောတောင်ပြော ပြောသံတွေကြားလည်း ဇွဲနဲ့စောင့်နေတာပဲ။ ဒီတသက် ကြည့်ခွင့်ကြုံနိုး မကြုံနိုးကတော့ ပြောမရဘူး။ ဘာမှ မြဲတာမှ မဟုတ်တာ။ အစစအရာရာ ကောင်းကောင်းမွန်မွန်လေးထွက်လာလို့ မသေခင်လေးကြည့်သွားရတယ်ဆို မဆိုးပါဘူး။ မသေခင်တော့ကြည့်ရတယ် ကြည့်ရကျိုးမနပ်လောက်အောင် ပုံပျက်ပန်းပျက်ကြီးနဲ့ဆို မကြည့်ပဲသေသွားတာကမှ ကောင်းမလားပဲ။ အစစအရာရာ အဆင်ပြေပြေ ချောချောမောမောနဲ့ လှလှပပသပ်သပ်ရပ်ရပ်လေး ဖြစ်ပါစေတော့။ ဗိုလ်ချုပ်နေရာသရုပ်ဆောင်မယ့် မင်းသားလောင်းလည်း စစ်သင်တန်းတက်ခိုင်းမယ်ကြားတာကြာပြီ။ တက်ဖြစ်သလားမသိ။

(ကဗျာ့နိုင်ငံရေး)
တခေတ်တုန်းက နိုင်ငံရေးပါရင် ကဗျာဟာ ကြွေးကြော်သံဆန်သတဲ့..။ ခုများမတော့ ကဗျာမှန်ရင် နိုင်ငံရေးပါမှလို့များ ဖြစ်လေရော့သလား အကိုတို့။ အကုန် ပြောမပစ်လိုက်ပါနဲ့။ နည်းနည်းတော့ ချန်ပါ့။ တော်ကြာနေ ဟို နိုင်ငံရေးသမားတွေ ကဗျာ ထ ရေးနေကြဦးမယ်။

(ပြောစရာလိုကို လိုတဲ့ကိစ္စ)
ဗိုလ်တင်အေးသတိပေးချက်ကို မသိချင်ကျိုးကျင်ပြုမရပါ။ စကားနည်းရန်စဲ လုပ်လို့မဖြစ်ပါ။ ပါးစပ်ညောင်းရင်ပိတ်သွားမှာပေါ့သဘောထားလို့ မဖြစ်ပါ။ တိတိကျကျ တည်တည်ကြည်ကြည် တုန့်ပြန်ရမည်တွေးပါသည်။ စကားနာထိုးသလို ထေ့သလို ငေါ့သလိုလုပ်လျှင် သမ္မတပြောခွင့်ရဗိုလ်ရဲထွဋ်က ရိသလိုကလိသလိုလုပ်ပါလိမ့်ဦးမည်။ ဗိုလ်တင်အေးကော်မရှင်အားတုန့်ပြန်ချက်သည် ဖြောင့်ဖြောင့်ကြီး၏ရပ်တည်ချက်အား အတိအလင်းထုတ်မပြော ပြောအောင် ဖိအားဖြစ်စေလိမ့်မည်တွေးပါသည်။

(ကိုယ့်ဒီမိုကရေစီနဲ့ကိုယ်)
ကျနော် အကောင်းမြင်သမားမဟုတ်တဲ့အကြောင်းက တကန်တကပြောဖို့ လိုပါသလားခင်ဗျာ။ ကျနော် ရေးတာပြောတာတွေဖတ်ရင် ကျနော် ဘာအမြင်သမားမှန်း ပေါ်လွင်မှာပါ။ အခြင်းအရာ ကိစ္စတရပ်ရပ်မှာ ခင်ဗျား ကျနော် သူ အမြင်ချင်း တထပ်တည်းကျဖို့တော့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးပါ။ မတူတိုင်းလည်း ရန်ထထဖြစ်စရာလိုမယ် မထင်ပါဘူး။ ရန်ဖြစ်တိုင်းလည်း ရန်သူဖြစ်ကြမယ်မမြင်ပါဘူး။ နည်းနည်းနီးစပ်တယ်ဆိုရင်ပဲ ဝမ်းသာစရာကောင်းလှပြီ။ လုပ်လို့ရတာတွေ ရှိလှပြီ။ ဝေးကြလို့ ဆန့်ကျင်ဘက်ဖြစ်ကြလို့ရော ဘာဆန်းသလဲဗျာ။ ရန်သူဖြစ်ရင်တိုက်ကြရုံပေါ့။ နှစ်ဖက်စလုံး ပမ်းတဲ့အခါ ခဏတဖြုတ်လက်ဆွဲနှုတ်ဆက်ပြီး ယာယီမိတ်ဆွေလုပ်ကြတာပေါ့။ ခင်ဗျားထက်ကြောက်စရာကောင်းတဲ့သူရှိနေသရွေ့ ခင်ဗျားနဲ့ကျနော် မဟာမိတ်ဖြစ်ကြတာပေါ့။ နောက်တခုက ဒီမိုကရေစီဗျာ။ ကျနော့်ဒီမိုကရေစီမှာ အကန့်အသတ်ရှိပါတယ်။ နိုင်ငံရေးအကျိုးစီးပွားဘက်သဘောအရ ကျနော်နဲ့အမြင်ချင်း အတွေးအခေါ်ခြင်း ရပ်ခံချက်ခြင်းတူတဲ့သူ နီးစပ်တဲ့သူတွေအတွက်တော့ ကျနော့်ဒီမိုကရေစီဟာ အပြည့်အဝပါ။ ဒါနဲ့ ဆန့်ကျင်ဘက်ကလူတွေအတွက်တော့ ကျနော့်ဒီမိုကရေစီမှာ နေရာမရှိပါဘူး။ သူတို့အဖို့ ကျနော့်သဘောထား အဲ့သလောက်ကြီးလည်း မကြီးပါဘူး။ ခင်ဗျားလည်း ခင်ဗျားဒီမိုကရေစီမှာ အကန့်အသတ်နဲ့မို့လား။ ဘာဆန်းသလဲဗျာ။

(အာဘော်နောက် ကောက်ကောက်မပါဖို့)
နိုင်ငံရေးဆိုတဲ့သဘောမှာ တခုခုမလုပ်ခင် အာဘော်ဖန်တီးကြည့်ရတာမျိုးရှိတတ်တယ်။ အရပ်ပြော ပြောရရင် အသံထုတ်ကြည့်တာပေါ့။ ပြန်လာမယ့်အသံကြည့်ပြီး ဆက်တိုးမယ် မတိုးဘူး ဆုံးဖြတ်ရတာမျိုး။ မူအပေါ် ပိုင်ပိုင်နိုင်နိုင်နဲ့ ဝံ့ဝံ့စားစားမရှိတဲ့အခါမျိုးနဲ့ လူတွေကဖြစ်စေ့ချင်လွန်းလို့လုပ်ရတာပါဆိုတဲ့ဆင်ခြေကန်ဖို့လိုတဲ့အခါမှာ ထိုးရတဲ့ဇာတ်ဆိုပါတော့။ (ဥပမာ- စစ်အုပ်စုနဲ့အပစ်ရပ်ပြီး ကားပါမစ်နဲ့အခြားအခွင့်အရေးတွေကို ခေါင်းဆောင်ပိုင်းတချို့ ဝေစုမျှော်တော့ "စစ်တပ်ထဲက အောက်ခြေထုရဲဘော်လေးတွေသနားပါတယ်..တို့။ ဘုမသိဘမသိနဲ့ ရှေ့တန်းမှာသေပေးနေရတယ်တို့။ တချို့ရဲဘော်လေးတွေများ ဘယ့်လောက်သနားဖို့ကောင်းသလဲဆို ဂျင်းဘောင်းဘီတောင်မဝတ်ဖူးရှာဘူး" တို့ ဆိုတာတွေလည်းအာဘော်ဖန်တီးမှုထဲမယ် အကြုံးဝင်တယ်)ထားပါတော့ လိုရင်းချော်သွားမစိုးလို့။ ဝက်စ်ပွိုင့်အမေရိကန်ဗိုလ်သင်တန်းဆင်းပွဲမှာပြောတဲ့ ဘရက်ခ်အိုဘားမားရဲ့မိန့်ခွန်းဟာ (တပည့်တော်တို့လည်း တရုတ်ကိုကြောက်ရပါတယ်)ဆိုတဲ့အာဘော်ဖန်တီးမှုကို တိုက်ရိုက်တုန့်ပြန်ချက်သဘောပဲ။ တရုတ်များ ကြောက်စရာလိုက်လို့၊ မင်းနောက်မှာ ငါရှိတယ်ဆိုတဲ့သဘောကို ခုမှ ဗြောင်ချပြတာ။ ဒီ (တရုတ်ကိုကြောက်ရပါတယ်) အာဘော်ဖန်တီးချက်ဟာ ဘယ်အထိ တာသွားသလဲဆို စစ်အာဏာရှင်ဆန့်ကျင်စိတ်အခြေခံရှိတဲ့ အရပ်သူအရပ်သားများကြားက တရုတ်အားကိုးမအေလိုးဆိုကာ တရုတ်နဲ့ကော်တုပ်ခဲ့ကြတဲ့အသံတွေကိုတောင် တိမ်တန်သလောက် ထိမ်ပေးနိုင်တာလည်းမြင်လိုက်ရတယ်။ နောက်ဆို "သနားစရာ စစ်အာဏာရှင်လေးတွေခမျာ"ဆိုပြီးတောင် ဖြစ်လာလေဦးမလား။ မြက်မှာတော့ အနေတတ်တတ် မတတ်တတ် ကျွဲခတ်ပလားလို့ ညပ်တာပဲ။ ဖွတ်ဖွတ်ကြေတာပဲ။ မြေဇာမြက်မှာ ရွေးချယ်ခွင့်နဲ့ပြဌာန်းခွင့်မှမရှိတာ။ တိုင်းပြည်ကြတော့ အာဏာလက်ရှိရဲ့အမြော်အမြင်ရှိမှု မရှိမှုပေါ်တည်ပြီး နေတတ်ခြင်း မနေတတ်ခြင်းဖြစ်ကာ ညပ်ခြင်းမညပ်ခြင်းလည်းဖြစ်ရတယ်။ ဒါကို နိုင်ငံခြားရေးပေါ်လစီမှာ အတိအလင်းပြဌာန်းပေးထားရတယ်။ တဖက်ဘက်ကရပ်တယ် မရပ်ဘူး။ ကြားနေတယ် မနေဘူးဆိုတဲ့သဘော။ အမှန်က နိုင်ငံရေးမှာ ကြားဆိုတာ ကြားကောင်းတဲ့စကားပါ။ ခု အမေရိကန်-တရုတ်ခတ်ပွဲမှာ စစ်ဗိုလ်တွေအနေမတတ်ရင် တိုင်းပြည်ညပ်နိုင်တယ်။ လူထုဘဝ ခုထက်ပို အဆပေါင်းများစွာကြေမွသွားနိုင်တယ်။


Wednesday, May 28, 2014

လွှဲသာတဲ့ရွေးချယ်မှု(မျိုးမြင့်ချို)

0 comments
အမေရိကားကို ဒုက္ခသည်အနေနဲ့ရောက်ခဲ့ သူတွေ(ကျနော်လည်း အဲ့အဆင့်အတန်း နဲ့ရောက်တာပါ)မှာ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ ဘာသာရေးအရ လူမျိုးရေးအရ စသည်ဖြင့် ဆက်စပ်ဖြစ်ရပ်နောက်ခံတွေ ကိုယ်စီပါလာကြ သလို ဒီအစိုးရရဲ့သတ်မှတ်ချက်လည်း တိတိကျကျ ကိုရှိပါတယ်။ ယေဘုယျသဘောအရသာ အားလုံးကိုဒုက္ခသည် Refugees လို့ပြောပေမယ် အတိအကျလိုအပ်တဲ့အခါမယ် နိုင်ငံရေးအရဖြစ်လာတဲ့ဒုက္ခသည်ကို Political Refugee လို့သုံးစွဲရပါတယ်။

ဘာဒုက္ခသည်အဆင့်နဲ့ပဲရောက်ရောက် ဒီရောက်ပြီးပြီဆို ယေဘုယျအနေနဲ့ ဒုက္ခသည်ဟောင်း Former Refugee လို့ ကင်ပွန်းတပ်တာပါပဲ။ ဒီရောက်ပြီးမှတော့ သူဟာ ဒုက္ခသည်အဖြစ်အနေသဘောကနေ လွတ်သွားပြီဆိုတဲ့သဘောပါ။ ဘဝဖြစ်တည်မှု(ဇာတိ ဇရာ ဗျာဓိ မရဏာကို ဒုက္ခလို့မှတ်သူတွေအဖို့တော့) ဒုက္ခဟောင်းတစ်ခုကနေလွတ်ပြီး ဒုက္ခသစ်တစ်ခုထဲကို ကိုယ့်ဆန္ဒအလျှောက် ခုန်ဝင်လာကြတယ်လို့ဆိုနိုင် မှာပဲ။ ဒါပေမယ့် လူဟာ ပိုကောင်းမယ်ထင်လို့ ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ကြတာပဲမဟုတ်လား။ ဒုက္ခဖြစ်မယ်မှန်းသိသိနဲ့ တခုခုကိုလုပ်တဲ့သူဆိုတာ လောကမှာရှိမယ်မဟုတ်ပါဘူး။ ဒုက္ခချင်းအတူတူတောင် ပိုခံသာမယ့်ဒုက္ခကိုပဲ ရွေးချယ်ကြတာပဲမဟုတ်လား။ ဒါဓမ္မတာပါပဲ။ ဘယ်သူကမှ အမေရိကားမသွားလို့ တရားစွဲမှာ ရိုက်သတ်မှာမှမဟုတ်တာ။ မိမိကိုယ်ပိုင် အသိစိတ်ရှိရှိနဲ့ ရွေးချယ်ဆုံးဖြတ်ပြီး

ရောက်လာကြတာချည်းပဲမဟုတ်လား။

အဲ့သလိုပါပဲ။ ဒီရောက်ပြီး အချိန်တန်လို့ အမေရိကန်နိုင်ငံသားခံယူမယ် မယူဘူးဆိုတာလည်း မိမိဆုံးဖြတ်ရွေးချယ်မှုပဲမဟုတ်လား။ ရောက်ရောက်ခြင်း စဝင်တဲ့လေဆိပ်မှာပဲ I-94 လို့ခေါ်တဲ့ တရားဝင် လူဝင်မှုအဆင့်ပြလက်မှတ် ထုတ်ပေးလိုက်ပြီးသားပါ။ အဲ့လက်မှတ်မှာက သက်တမ်းကုန်သွားတဲ့ရက် ရယ်လို့မရှိပါဘူး။ ခင်ဗျားသေမှ သက်တမ်းကုန်မယ့်လက်မှတ်ပါ။ ပျောက်သွားပျက်သွားရင် အသစ်ပြန် လုပ်လို့(အကြိမ်ကြိမ်)ရပါတယ်။ လုပ်ခကတော့ မိမိကပေးရပါတယ်။ တခါအသစ်ပြန်လုပ်ရင် ဒေါ်လာ(၄ဝဝ)မပြည့်တတ်ပြည့်တတ်ပါ။ အဲ့လက်မှတ်နဲ့ပဲ သေတဲ့အထိအမေရိကန်မှာ နေထိုင်လုပ်ကိုင်စားသောက်ခွင့်ရှိကြောင်း 

လက်မှတ်ပေါ်မှာတံဆိပ်တုံးထုပြီး အတိအလင်းပြောထားပြီးသားပါ။ ဘာမှ ပူစရာမရှိပါ။

အဲ့လက်မှတ်နဲ့ (၁)နှစ်နေပြီးရင် ဂရင်န်းကဒ်လို့ခေါ်တဲ့ အမြဲတမ်းနေထိုင်ခွင့်လက်မှတ် (လျှောက်ချင်ရင်) လျှောက်လို့ရပါတယ်။ မလျှောက်လို့လည်း ဘာမှမဖြစ်ပါဘူး။ ဂရင်းကဒ်ကတော့ သက်တမ်းရှိပါတယ်။ သတ်မှတ်သက်တမ်းပြည့်တိုင်း အသစ်ပြန်ပြန်လဲလဲပေးရပါတယ်။ လဲခ ကိုယ်ကပဲပေးရပါတယ်။ ဂရင်းကဒ်နဲ့ အမေရိကန်ပြင်ပခရီးသွားချင်ရင် ခရီးသွားလက်မှတ်လျှောက်လို့

ရပါတယ်။ ခရီးသွားလက်မှတ်က တစ်နှစ်ခံပါတယ်။ တစ်နှစ်ပြည့်လို့အသစ်လိုချင်ရင် ထပ်တိုးခပေးပြီး တိုးတိုးသွားလို့ရပါတယ်။ ဂရင်န်းကဒ်နဲ့လည်း ခင်ဗျားမသေမချင်း အမေရိကန်မှာ နေသွား သေသွားလို့ရပါတယ်။ ဘာမှ ပူစရာမရှိပါ။

တခါ ဂရင်းကဒ်နဲ့နေသား(၄)နှစ်၊ I-94 နဲ့နေသား(၁)နှစ် စုစုပေါင်း အမေရိကန်မှာ တဆက်တည်း တောက်လျှောက်နေသားချည်းသက်သက်(၅)နှစ်ရှိရင် နိုင်ငံသားလျှောက်ချင်ရင် လျှောက်လို့ရပါတယ်။ မလျှောက်လို့လည်း ဘာမှမဖြစ်ပါ။ မလျှောက်မနေရမဟုတ်သလို မလျှောက်ပဲနေမရအောင်လည်းလုပ်မထားပါ။ (တခုတော့ရှိပါတယ် I-94 ကနေ ဂရင်န်းကဒ်၊ ဂရင်န်းကဒ်ကနေ နိုင်ငံသား စတဲ့အဆင့်လိုက်လျှောက်ထားသူတွေကို သက်ဆိုင်ရာက လိုအပ်မယ့်စစ်ဆေးမှုတွေ သူတို့ဘာသာလုပ်ပါတယ်။ မလိုအပ်ရင် ဘယ်သူ့ကိုမှ လူခေါ်ပြီး မေးတာမြန်းတာမလုပ်ပါ။ မသင်္ကာရင်တော့ ထိန်းသိမ်းရေးစခန်းထဲသွင်းပြီး စစ်ဆေးမေးမြန်းတာလုပ်ပါတယ်) နိုင်ငံသားဖြစ်သွားတဲ့အတွက် ပါ့စ်ပို့တ်လျှောက်လို့ရပြီ။ ပါ့စ်ပို့တ်က တစ်ခါလျှောက်ရင်(၁))နှစ်ပါ။ ဓါတ်ပုံဖိုးပါ အပါမှ ဒေါ်လာ(၁၅ဝ)ဆိုပါတော့။ တရားဝင်ရောက်လာသူဖြစ်လို့ I-94 နဲ့နေနေ ဂရင်န်းကဒ်နဲ့နေနေ နိုင်ငံသားဖြစ်ဖြစ် ခင်ဗျားကိုဘယ်သူကမှ ဘာမှထွေထွေထူးထူး ပြောနေဆိုနေတာလည်းမရှိပါ။ ဘာမှပူစရာမရှိပါ။ 


ပြောချင်တာက ဒီကိုရောက်တာလည်း မိမိရွေးချယ်ဆုံးဖြတ်မှု။ တခါ ဒီရောက်ပြီးမှ 
ဟိုဟာဒီဟာလျှေက်တာ မလျှောက်တာကလည်း မိမိဆုံးဖြတ်ချက်နဲ့ လွတ်လွတ်လပ်လပ် 
လုပ်ခွင့်ရှိတဲ့ကိစ္စ။ ဘယ်သူကမှ အတင်းအကျပ်ပို့လို့ရောက်လာတာလည်း မဟုတ်။ ဘယ်သူကမှ အဓမ္မခိုင်းလို့ နိုင်ငံသားဖြစ်ရတာလည်းမဟုတ်ပါပဲလျှက် "ကျနော်/ကျမတို့မှာ ရွေးချယ်စရာ ဘာမှမရှိတော့လို့ အမေရိကန်နိုင်ငံသားလျှောက်ထား ခံယူလိုက်ရတာပါ" ဆိုတဲ့ ဆင်ခြေပေးမှုကို ခင်ဗျားဘယ်လိုမြင်မလဲ။ နောက်ဆုံးကုန်ကုန်ပြောမယ် နိုင်ငံသားမလျှောက်လို့ ရိုက်သတ်မယ်ဆိုတောင် မလျှောက်ရေးသဘောထားရှိရင် ခင်ဗျား ရိုက်အသတ်ခံခြင်းကို ရွေးချယ်ခွင့်ရှိပါတယ်။ 

ခုဟာက ရိုက်လည်းမသတ် တရားလည်းမစွဲ လက်ဖျားနဲ့တောင်မတို့ပါပဲ မိမိဆန္ဒအလျှောက် ပြုမူဆုံးဖြတ်ရွေးချယ်တဲ့ကိစ္စကို ဘယ်နှယ်လို့ ရွေးချယ်စရာမရှိလို့ ရွေးချယ်ရတယ်ပြောနိုင်သလဲ။ သူ့စကားအတိုင်းပဲ ပြန်တွေးကြည့်ပါ ရွေးချယ်စရာမရှိလို့ရွေးချယ်တယ်
ဆိုတာမှာတောင် "ရွေးချယ်တယ်"ဆိုတာ ပါပြီးသားပါ။

Burma Night ရဲ့ အစိုးရ(မျိုးမြင့်ချို)

0 comments
Burma Night ရဲ့ အစိုးရ
မနေ့ညက Indiana Purdue University Fort Wayne(IPFW) မှာ ဖို့တ်ဝိန်းအခြေပြု Burmese Advocacy Center (BAC)က ကမကထလုပ်တဲ့ Burma Night (ဗမာည)အခမ်းအနား သွားတက်ဖြစ်ခဲ့တယ်။ လုပ်ရတဲ့အဓိကအကြောင်းက ဘီအေစီရဲ့ ၆ နှစ်တာခရီးရဲ့ အောင်မြင်ခဲ့မှုတွေ၊ ကူညီပံ့ပိုးပေးနိုင်ခဲ့တာတွေရှင်းပြတာနဲ့ လုပ်ဖော်ကိုင်ဘက်အဖွဲ့အစည်းတွေ၊ ဌာနတွေ၊ လူပုဂ္ဂိုလ်တွေကိုဖိတ်ပြီး စကားစမည်ပြောကြ ဗမာစာလေးတွေစားကြတဲ့ မိတ်ဆုံလက်ဆုံပွဲလို့ဆိုရမှာပါ။ ဖို့တ်ဝိန်းနေ ဗမာပြည်ဖွားစီးပွားရေးလုပ်ငန်းရှင်ငယ် ၂ဝ လောက်တက်လာပြီး သူတို့လုပ်ငန်းလေးတွေနဲ့ သူတို့ကြိုးပမ်းတည်ဆောက်ရင်း အောင်မြင်လာပုံလေးတွေပြောပြတော့ ကြားရသူတွေ ဝမ်းသာပီတိနဲ့ မုဒိတာပွားစရာပါ။ ၂ဝ၁၃-၁၄ ပညာသင်နှစ်မှာ အထက်တန်းအောင်မြင်ပြီး ကောလိပ်တက်ကြတော့မယ့် ဗမာပြည်ဖွားမိဖတွေရဲ့သားသမီး ကျောင်းသား (၈၈)ဦးနဲ့ ဟိုတလောက အင်္ဂလိပ်စာလုံးပေါင်းသတ်ပုံပြိုင်ပွဲမှာ ခရိုင်အဆင့်ပထမဆုရခဲ့တဲ့ကျောင်းသားလေးကိုဂုဏ်ပြုတဲ့ အစီအစဉ်လည်းပါ၊ ကလေးငယ်တွေရဲ့မြန်မာ့အက၊ ခြောက်လုံးပတ်ကြေးနောင်နဲ့၊ စည်တိုတွေတီး၊ တိုင်းရင်းသားဝတ်စုံလေးတွေနဲ့ ဖက်ရှင်ရှိုးလေးတွေလည်းပါသမို့ သိုက်သိုက်မြိုက်မြိုက်ရှိတယ်လို့ဆိုရမှာပါပဲ။

မြို့တော်ဝန် Tom Henry အပါအဝင် မြို့နဲ့ဆိုင်တဲ့၊ မြို့ကွန်မြူနတီတွေနဲ့ဆိုင်တဲ့၊ မြို့အေဂျင်စီတွေနဲ့ဆိုင်တဲ့၊ ဖို့တ်ဝိန်း-မြန်မာ ညီအမမြို့ ဖြစ်မြောက်ရေးကော်မတီနဲ့ဆိုင်တဲ့၊ ဒုက္ခသည်/လူဝင်မှုကြီးကြပ်ရေးနဲ့ဆိုင်တဲ့လူပုဂ္ဂိုလ်တွေကလည်း ဗမာညကိုတက်လာပြီး ဗမာပြည်ဖွားနဲ့ အမေရိကန်ဖွား ဗမာကလေးငယ်တွေရဲ့အောင်မြင်မှုကို အထူးတလည်ချီးမွမ်းကြတာဆိုတော့ နောက်လာဦးမယ့်ကလေးတွေအတွက်လည်း အားတက်စရာဖြစ်ကြမှာသေချာပါတယ်။ ကိုမင်းကိုနိုင်ရဲ့ ပြောနေကြထက်မပိုတဲ့ ဗီဒီယိုနှုတ်ခွန်းဆက်ဂုဏ်ပြုစကားလေးလည်း မြင်ရ ကြားရပါတယ်။ စကားပြောသူတွေထဲမယ် မြို့တော်ဝန်လည်းပါပါတယ်။ လက်ရှိမြို့တော်ဝန်တွမ်ဟင်နရီဟာ ဇန်နဝါရီ ၁ ရက် ၂ဝဝ၈ ကတည်းကနေ ခုချိန်ထိ ဆက်တိုက်အရွေးကောက်ခံခဲ့ရသူဖြစ်ပြီး ကွန်မြူနတီတွေကလုပ်တဲ့ပွဲတိုင်း ဖိတ်သာဖိတ် မလာမရှိဆိုတဲ့လူမျိုးပါ။ ဗမာပြည်သားတွေနဲ့မှ မဟုတ်ပါဘူး။ ဘယ်နိုင်ငံသား ဘာလူမျိုး ဘာ ဘာသာကိုးကွယ်ကိုးကွယ် တရင်းတနှီးနဲ့ နွေးနွေးထွေးထွေးရှိသူမျိုးပါ။ သူနဲ့ စဆက်ဆံဖူးစက ဒါ နိုင်ငံရေးသမားပဲလေ၊ လူတွေ(မဲဆန္ဒရှင်တွေ)နဲ့ အဆင်မပြေပြေအောင် ဖောရှောလုပ်တာမျိုးနေမှာပါလို့ ထင်တဲ့အထင်ဟာ ကျနော်တို့ ဂိုးလ်ဒင်န်းမွန်းလို့ခေါ်တဲ့ မြန်မာရုပ်/သံအစီအစဉ်လေးလုပ်ဖြစ်ချိန်မှာ ပျက်ပြယ်သွားခဲ့ပါတယ်။ ပင်ကိုယ်ကိုက ဘယ်သူ့ကိုမဆို ရီရီပြုံးပြုံးနဲ့ ရင်းရင်းချာချာနေတတ်သူဖြစ်ပြီး သူ့မြို့မှာ နိုင်ငံတကာက လူမျိုးစုံ ဘာသာစုံတွေ လူဝင်မှုအဆင့်အတန်းပေါင်းစုံနဲ့ ဘာသာစကားတွေ၊ ရိုးရာအစားအစာတွေ၊ ဝတ်စားဆင်ယင်မှုတွေပါဆောင်ကျဉ်းပြီး လာရောက်အခြေချနေကြတာကို အကြေနပ်ကြီး ကြေနပ်နေသူမှန်းသိသာပါတယ်။

အခမ်းအနားအစီအစဉ်ခေတ္တနားချိန်မှာ ကိုယ်လက်သန့်စင်ခန်းထဲ သူနဲ့ သွားဆုံပါတယ်။ သူက ကျနော့်နောက်မှ ဝင်လာတာဖြစ်ပြီး ကျနော့်တို့ထက်အရင် ရောက်နှင့်ပြီးဆီးသွားနေတဲ့ ၉ နှစ်သားလောက် ဗမာကလေး ၂ ဦးလည်း အထဲမှာရှိနေပါတယ်။ သူ့တွေ့တော့ ကလေးတစ်ဦးက လှမ်းပြီး Are you officer? မင်းက အရာရှိလားလို့ မေးပါတယ်။ သူက “မဟုတ်ဘူး ငါက မြို့တော်ဝန်ပါ”လို့ပြန်ဖြေတယ်။ ဒီတော့ ကလေးက “မြို့တော်ဝန် ဆိုတာ ဘာလဲ”…တဲ့။ သူက” မြို့တော်ဝန်ဆိုတာ မြို့ကအရာရှိတွေရဲ့လူကြီးပေါ့ကွာ”..တဲ့။ ဒီတော့ ကလေးက တခုခုကိုသဘောပေါက်သွား ဟန်နဲ့ “ဒါဆို မင်းက အစိုးရပေါ့..ဟုတ်လား”တဲ့။ သူက လက်ဆေးရင်း ရီရီမောမောနဲ့“သေချာတာပေါ့ကွာ၊ ငါက အစိုးရပေါ့”လို့ ပြန်ဖြေတယ်။ “အစိုးရက ဘာလုပ်လဲ”လို့ ကလေးက စကားဆက်တယ်။ သူက “အစိုးရက လူကြီးတွေအေးအေးဆေးဆေးနေရအောင်နဲ့ ကလေးတွေ ပျော်ပျော်ရွှင်ရွှင်နေရအောင်လုပ်ပေးတာပေါ့”လို့ ပြန်ဖြေတော့ ကလေးက ဝေးလို့အော်ပြီး Thank you very much လို့ပြောတယ်။ သူက You are welcome ပြောရင်း ကလေးကိုလက်ဆွဲနှုတ်ဆက်ပြီး ပြန်ထွက်သွားတယ်။

Burma Night မှာ ကျနော့်ရင်ထဲ အငြိဆုံးနဲ့အကြည်နူးရဆုံးအကွက်က ဒါလေးပဲဖြစ်မယ်ထင်ပါတယ်။ အသက် ၉ နှစ်ရွယ် လူမမယ်လေးကို တရေးတယူနဲ့စကားပြောနှုတ်ဆက်တယ်ဆိုတာက သာမန်ကိစ္စပါ။ ကလေးငယ်တယောက်ရဲ့ခေါင်းထဲကို“အစိုးရဆိုတာ ..ဘာ” ဆိုတဲ့ အနက်ဖွင့်ပေးသွားနိုင်ခဲ့တာကတော့ဖြင့် သာမန်ထက်အဆပေါင်းများစွာပိုတဲ့ကိစ္စပဲ မဟုတ်ပါလား။ နိုင်ငံရေးသမားရဲ့နှုတ်ထွက်စကားတိုင်းမှာ တိကျသေချာပြီး သူ့အနေအထားအလိုက် လူတွေနားလည်နိုင်မယ့် လွယ်ကူရှင်းလင်းတဲ့အနက်တွေပါရမယ်မဟုတ်လား။

ကျနော်တို့ ကျမ်းကျိန်မထားဘူး(မျိုးမြင့်ချို)

0 comments
(ကျနော်တို့ ကျမ်းကျိန်မထားဘူး)
ပထမကြားဖြတ်အပြီးမှာ ဗိုလ်တင်အေးလက်လျှိုခိုင်းပြီး ပီအာရ်နဲ့စကြပ်တယ်။ နောင်လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ထွက်လာနိုင်ခြေရှိတဲ့အဖြေကိုတွက်မိလို့ပဲ။ ပထမကြားဖြတ်မတိုင်ခင်မှာ ဒီကြားဖြတ်ဟာ ထင်တာထက်တောင် ပိုလွှတ်ပေးလိမ့်မယ်လို့ ကြိုခန့်မှန်းတာဆိုလို့ ဖိုးသံ(လူထု)ရဲ့အသံတခုပဲ ပီပီမြည်မြည်ထွက်တာသတိပြုမိဖူးတယ်။ အဲ့ဒီကြားဖြတ်မှာ လိုတာထက်ပိုပြီးလွတ်လပ်ပေးလိုက်လို့ ပါတီကြီးတခုက ထင်ရာမြင်ရာတွေလုပ် ကော်မရှင့်စေတနာကိုအလွဲသုံးစားလုပ်တယ်လို့ စောင်းပါးရိပ်ခြေ ဟန့်လုံးထုတ်တာက ဗိုလ်တင်အေး။ ပီအာရ်ကို အာဘော်ဖန်တီးချိန်မှာ တက်တက်ကြွကြွအားပေးခဲ့တာက အန်င်အယ်လ်ဒီခွဲထွက် ဒေါက်တာသန်းငြိမ်း။ ကျယ်ကျယ်လောင်လောင် ရေလာမြောင်းပေးတာက ကြံ့ဖွံ့ကဗိုလ်ဌေးဦး၊ အခါတော်ပေးဟူးရားက စာရေးဆရာဆိုတဲ့ ဗကပပျက်ကျော်ဝင်း။ ပြတ်ပြတ်သားသားဆန့်ကျင်တာက ဆရာဦးဝင်းတင်။
နောက်တော့ ပီအာရ်အာဘော်ဖန်တီးတာကို ခနငုတ်ထားလိုက်ပြီး ပါတီတွေနိုင်ငံခြားအထောက်အပံ့တို့ တရားမဝင်ရန်ပုံငွေလက်ခံတာတို့
လုပ်နေတာတွေသိတယ်၊ မပြောချင်လို့နေတာ၊ အရေးယူလို့ရတယ်ဆိုပြီး ဗိုလ်တင်အေး အငှားပါးစပ်နဲ့ စစ်အုပ်စုဆင်ကြံကို နောက်တဆင့်လှည့်ဖော်လာတယ်။ အဲ့အချိန်မှာ အင်န်အယ်လ်ဒီက ဘာရန်ပုံငွေပွဲတို့ ညာရန်ပုံငွေပွဲတို့ခေါင်းစဉ်နဲ့ မင်းသားမင်းသမီးတွေခေါ် ခရိုနီတွေခြံရံပြီး ပွဲသဘင်ခံအပျော်လှိုင်းမူးနေချိန်။ ခရိုနီ့ပိုက်ဆံမယူလို့ ခင်ဗျားလာပေးမှာလားဆိုပြီး မျက်နှာပြောင်ထွက်တိုက်တာက အင်န်အယ်လ်ဒီဦးအုန်းကြိုင်၊ သူတို့မှာလည်းပြင်ခွင့်ရှိပါတယ်၊ မတရားသဖြင့်ယူထားတဲ့ပိုက်ဆံတွေကို အကျိုးရှိရာရှိကြောင်း ပြန်သုံးရမယ်ဆိုကာ ဖိတ်ချင်းဖိတ်တို့ဆီပဲဖိတ်စေပေါ့ သဘောပြောတာက ဒေါ်စု။ တိုင်းပြည်ပိုင်ငွေ၊ အဆောက်အဦး၊ ကား တခုမကျန် ပါတီရန်ပုံငွေလုပ်ပြီး အမြိုင့်သားထိုင်သုံးဖြုန်းပြီး တုတ်တုတ်မှမလှုပ်တာက ကြံ့ဖွံ့။

ဒီလိုနဲ့ တနေ့တလုံး ရွှေဥ ဥပေးနေတဲ့ငန်းမကြီး သတ်ရလောက်အောင် မမိုက်မဲတဲ့စစ်ဗိုလ်တွေဟာ အလှည့်ကျနှစ်ပါးခွင်တွေမှာ
ရင်နှစ်ခြမ်းဗြန်းဗြန်းကွဲစေတော့ဆိုကာ အသုံးတော်ခံကြလေရဲ့။ ဥကုန်ချိန်ထိစောင့်ပြီး ဥတုန်းရင်တောင် အသားပေါ်စားဖို့ ချိန်ရွယ်ကြံစည်ထားလေသလားမှတ်ရတဲ့အထိ။ အယုံခံသမ္မတကြီးတို့၊ ဥက္ကဌဖြောင့်ဖြောင့်ကြီးတို့ တလှည့်စီ ရှေ့ထွက်မင်းသားလုပ်ကြချိန်ဆိုတော့ ရဲရင့်တဲ့စစ်သားတစ်ယောက်ကတော့ တိုင်းမှူးတွေလူမွေးရင်း
လေးဦးလေးဖလှယ်တွေ့ပါရစေဆိုတာကို ဖုတ်လေတဲ့ငါးပိ။

ခု ရှေ့ထွက်မင်းသားကြီး (၂)ပါး အသုံးတော်ခံပြီး ကန်လန့်ကာနောက် ခနဝင်နားချိန်။ ကော်မရှင်ဗိုလ်တင်အေးလောက်နဲ့လွှတ်ထားလိုက်
ဇာတ်ထုတ် စ ကပြီထင်ရတယ်။ ခုနောက်ဆုံး လှည့်ကြပ်တာကို ၄၃၆ အင်အားပြပွဲမှာ စစ်အမတ်တွေကို သိမ်းသွင်းဟန်ပြောဆိုမှုကို အစဆွဲထုတ်လာတယ်။ ဗိုလ်သိန်းစိန်လိုလို ဟိုလူ့လိုလို ဒီလူ့လိုလို မထိခလုပ်ထိခလုပ်လေးတွေနဲ့ စောင်းကာမြောင်းကာ စကားနာလည်း အထိုးများလှတယ်။ ပြဿ နာကအဲ့ဒါပဲ ယောက်ျားနဲ့ မိန်းမမှာ။ မိန်းမက လက်မပါဘူး။ စကားလုံးတွေနဲ့ ပစ်လာခတ်လားလား စောင်းလားချိတ်လား ထေ့လားငေါ့လား စကာနာများ ထိုးပလားဆို အတောင်နှစ်ဆယ်ဝတ်တွေ ခံရခက်လှသမို့လား။ ဒါမျိုးက ယေက်ျားဘသားများအဖို့ တယ်လည်း မခံချိမခံသာဖြစ်ရတာမျိုးပ။ စိတ်မထိမ်းနိုင်လို့ ကိုယ့်ဘက်က လက်ပါပြန်တော့လည်း ကိုယ်အလွန်။ လက်မပါပဲပြန် နှုတ်သီးကောင်းလျှာပါး လုပ်ဖို့ကလည်း ခုချိန်ကြီးမှာ မဖြစ်။ လူမြင်လို့မကောင်းတော့ဘူး။ ကိုယ့်ကိုယ်ကိုရင့်ကျက်တဲ့စစ်အာဏာရှင်အသွင်ကို ဒီမိုကရေစီနဲ့အရေခြုံထားရချိန်မို့လား။
၈၈ ပြီးကာစ ကာလတွေများကဆို မှတ်မိကြမှာပဲ။ ဒေါ်စုက တခုခုများ ကလိလိုက်ရင် ခင်ညွန့်တို့အုပ်စု လုပ်လိုက်ရတဲ့သတင်းစာရှင်းလင်းပွဲ။ ကက်ကက်လန်အောင် ရန်ပြန်ပြန်ထောင်ရတာလည်း အမော။ ဒီတုန်းက စစ်ဗိုလ်ဆိုးတွေရဲ့ဘဝဟာ ရန်တွေ့ကောင်းတဲ့ငါးစိမ်းသည်မကြီးတွေနဲ့ နင်လားငါလား။ သတင်းစာတွေ တီဗီ ရေဒီယိုစတာတွေမလည်း အမည်ဖော်မပြောပဲ မျက်စောင်းတထိုးထိုးနဲ့။

ခုတော့ သူတို့ ရင့်ကျက်တဲ့စစ်အာဏာရှင်ပုံဖမ်းတတ်သွားပြီ။ ကိုယ့်ဘက်က ခေါင်းဆောင်ကိုတောင် ကလေးစိတ်ကောက်တာတို့ ဘာတို့သဘော ပြောလာနေပြီ။ ကိုယ့်ဘက်မလည်း တခါတခါကြ ပြောချင်စရာတွေက မပြေးသော်လည်းကန်ရာရှိခဲ့ပြီ။

ခုနောက်ဆုံး ကော်မရှင်ဗိုလ်တင်အေး ကြပ်တဲ့အကြပ်ဟာ နှယ်နှယ်ရရမဟုတ်သလို၊ ပေါ့ပေါ့တန်တန်သဘောထားလို့လည်းမဖြစ်ဘူး။
နောက်နေတာ မဟုတ်ဘူး။ ကိုယ့်ကြိုးနဲ့ကိုယ်ပြန်ချည်တာပဲ။ ဖွတ်မြီးနဲ့ ဖွတ်ပြန်အချည်ခံရတာပဲ။ လေးစားလိုက်နာကာကွယ်စောင့်ရှောက်ပါ့မယ်ဆိုပြီး ကျမ်းကျိန်တာနဲ့ ပြန်ကိုင်တာပဲ။ ကျမ်းစူးတာ မစူးတာတော့ မသိဘူး။
စကားကတော့ စူးနေပြီ။ စကားဦးလည်း ကျွံနေပြီ။ ကဲ...ဘာလုပ်မလဲ။ ၄၃၆ ပြင်ရေးလက်မှတ်ထိုးကန်ပိန်းဟာ လူထုလှုပ်ရှားမှုမဟုတ်တာကတော့ သေချာတယ်။ ကန်ပိန်းလောက်နဲ့ပဲ အဖျားရှူးမသွားဖို့ပဲဆန္ဒဖြစ်မိတယ်။ ရှေ့မှာ ရှူးပေါင်းများလို့ ဒီတခါ ရှူးစရာအဖျားတောင် ကျန်ပါဦးမလားလည်း ပူတယ်။ စစ်ကိုင်းရောက်လိုက် ပဲခူး(ပဂိုး)ရောက်လိုက် မြင်းတစီးဓါးတလက်နိုင်ငံရေးနေညိုချိန်လည်း မရောက်စေချင်ဘူး။
ပြင်ပေး၊ မပြင်ပေးရင် ဘာရွေးကောက်ပွဲမှမဝင်ဘူးလို့ ကြွေးကြော်သံဟာ စိန်ခေါ်သံအဖြစ် ထီကနဲမြည်လိုက်စေချင်တယ်။ No Vote ကန်ပိန်းလောက်ပြောတာ မဟုတ်ဘူး။ ပြင်ပြင်/မပြင်ပြင်ဝင်မှာပဲဆိုတာကလည်း ဟိုလူကြီး စိတ်ရူးပေါက်လို့ပြောတာပါဆိုလည်း ပြီးတာပါပဲ။

ကဲ..ခင်ဗျား ကျနော် ပြည်သူတွေကရော။ လူထုဘက်ကတော့ ရှင်းတယ်။ ဘယ်တစ်ယောက်ကမှ ကျနော် ကျမတို့သည် ဤ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား လေးစားလိုက်နာပါ့မည်..တို့။
ကာကွယ်စောင့်ရှောက်ပါ့မယ်တို့ဆိုပြီး လွှတ်တော်ထဲမှာ ဗိုလ်ရွှေမန်းရှေ့ ဦးညွှတ်ကျမ်းကျိန်ထားတာမရှိဘူး။ လေးစားလိုက်နာစရာ
ကာကွယ်စောင့်ရှောက်စရာ ဘာအကြောင်းမှမရှိဘူး။
ကိုယ်မကြိုက်တဲ့ဥပဒေ တိုင်းပြည်၊ လူထု၊ အခြေအနေနဲ့ မဟပ်စပ်တဲ့ဥပဒေကို ချိုးဖေါက်ခွင့်ရှိတယ်၊ မလိုက်နာပဲနေခွင့်ရှိတယ်၊ ဆန့်ကျင်ဖီဆန်ခွင့်ရှိတယ်။

နောက်ပြီး ဖွဲ့စည်းပုံဖျက်တဲ့အတွေ့အကြုံဟာ စစ်အုပ်စုမှာမှ မဟုတ်ဘူး၊
လူထုမှာလည်းရှိတယ်။ ၁၉၇၄ ဖွဲ့စည်းပုံဟာ စစ်တပ်ကဖျက်လို့ပျက်တာမဟုတ်ဘူး၊ ၈၈ ဒီမိုကရေစီရေးလူထုအုံကြွမှုကြီးကဖျက်လို့ ပျက်တာ။ ၂ဝဝ၈ လည်း လူထုဖျက်မှ ပျက်မှာ။
ခင်ဗျား ကျနော်လို သာမန်ပြည်သူတိုင်းမှာ မလိုက်နာခွင့် မကာကွယ်ခွင့်ရှိသလို ဖျက်ပိုင်ခွင့်လည်းရှိတယ်။ ကျနော်တို့ ကျမ်းကျိန်မထားဘူး။

နွားနို့ မသောက်ပါရစေနဲ့ ဦးသိန်းစိန် (မျိုးမြင့်ချို)

0 comments
နွားနို့ မသောက်ပါရစေနဲ့ ဦးသိန်းစိန်(မျိုးမြင့်ချို) ပူတဲ့အခါ အေးအောင်၊ အေးတဲ့ အခါ နွေးအောင်၊ လေဝင်လေထွက်ကောင်းအောင် စနစ်တကျ တည်ဆောက်ထားတဲ့ ခေတ်မီ တင်းကုပ်ကြီးထဲက ဖင်နဲ့ခေါင်းလှည့်သာရုံ သံတန်း အကန့်တွေကြားက ကောက်ရိုးကမ္ဗလာပေါ် အိပ်နေရာက ဒါမှမဟုတ် ငိုက်မြည်းနေရာက နိုးလာတယ်၊ ထတယ်၊ ရှေ့ စားကျင်းထဲကအစာကို စားတယ်၊ ဘေး ရေခွက်ထဲကရေကိုသောက်တယ်၊ ပြီးရင် စားမြုံ့ပြန်တယ်၊ အီးပါတယ်၊ သေးပေါက်တယ်၊ တခါတခါ ဘာအလိုမကျတာလား အလိုကျတာလားဝေခွဲမရတဲ့အသံနဲ့ တဘဲဘဲအော်တယ်၊ ခနနေတော့ သံမဏိစက်မောင်းတန် နွားကန်ကြီးကလာတွန်းလို့ အုပ်လိုက်ကြီး တကောင့်နောက်တကောင် တန်းစီရင်း နို့တွေနဲ့ပြည့်တင်းဖေါင်းကားနေတဲ့နို့အုံကြီးတွေမနိုင်မနင်းနဲ့ အမြန်ဆုံး နို့အညှစ်ခံရဖို့အရေး၊ အမြန်ဆုံး နို့မျက်ပျောက်ဖို့အရေး ဝမ်းသာတကြီးနဲ့နို့ညှစ်ခန်းကြီးထဲ တိုးဝင်သွားတယ်၊ ကွန်ပြူတာရိုက်ဇ်နို့ညှစ်စက်လက်ချောင်းတွေလှုပ်လှုပ်ရွရွ၊ တတီတီ တကျီတကျီအသံတွေ တစီစီ၊ အယ်လ်အီးဒီအနုမြူမီးလေးတွေ တဖျတ်ဖျတ်၊ ရာဘာနို့စုပ်ပြွန်တွေ တပြွတ်ပြွတ်နဲ့ တစက်မကျန် စုပ်စို့ထုတ်ယူသွားပြီးနောက်၊ အိတွဲပျော့လဘတ် နို့အုံကြီးတွေနဲ့ နေသာထိုင်သာရှိသွားဟန်နှစ်ခြိုက်မှုမျိုးနဲ့
ခေတ်မီတင်းကုပ်ကြီးထဲက ကောက်ရိုးကမ္ဗလာဆီ သက်သောင့်သက်သာပြန်လာ၊ စားကျင်းထဲခေါင်းထိုး၊ ရေသောက်၊ စားမြုံ့ပြန်၊ အီးပါ သေးပေါက်၊ ညောင်းလာတော့
ဝပ်ချလိုက်၊ ယားရင် နံရံတွေနဲ့ပွတ်လိုက် လျှာနဲ့လျှက်လိုက်၊ အမြီးနဲ့ရမ်းလိုက်၊ နောက် ၈ နာရီလောက်ကြာတော့ နို့အုံကြီးတွေမှာ နို့ရည်တွေပြန်ပြည့်တင်းဖေါင်းကားလာ၊ ဒီလိုနဲ့ စက်လက်တန်နွားကန်ကြီး လာတို့၊ ဒီလိုနဲ့ အချိန်ပြည့် အိပ်လိုက်စားလိုက် အီးပါလိုက်သေးပေါက်လိုက်၊ မလှုပ်သာမလှည့်သာအကန့်လေးတွေထဲ ထိုင်လိုက်ထလိုက် လှဲလိုက်စောင်းလိုက်၊ တနေ့ ၃ ကြိမ် နို့ညှစ်ခံလိုက်၊ တနေ့ ၃ ကြိမ် နို့မျက်ဒဏ်ခံလိုက်နဲ့ နဖါးကြိုးအထိုးမခံရတဲ့၊ ထွန် ထယ် ထမ်းပိုးနဲ့ရုန်းဖို့မပြောနဲ့ ကြိမ်လုံးတောင်အဝံ့မခံရတဲ့၊ ပိုးထက်တောင် တယုတယအမွေးခံရတဲ့ နို့စားနွားမကြီးတွေဘဝဟာ ဇိမ်ကျလှချည်ရဲ့လို့ မထင်ရက်အား။ နွားဟာ သက်ရှိစင်စစ်က နို့ထုပ်စက်အဖြစ်ရောက်ရတဲ့ ဘဝ။ ပါးစပ်က စားသမျှသောက်သမျှဟာ(ကျင်ကြီး ကျင်ငယ်နဲ့) နို့အဖြစ်ပြန်ထုပ်ပေးရတဲ့ နို့လုပ်စက်ကြီးဘဝ။ ကွင်းပြင်ကျယ်၊ မြက်ခင်းစိမ်း၊ ရေကြည်စမ်း၊ ဘာသာဘာဝ မိတ်လိုက်မှု၊ နွားပျိုမတွေရဲ့ မြိုင်ထ၊ ဇီးရင့်နေတဲ့ သားလှောင်သယ်၊ မျိုးဆက် ဆက်ဖို့သားပေါက်ခြင်း၊ နွားသိုးတို့တွန်သံ စတာတွေဘာတခုမျှမရှိတဲ့ ဒီနွားမကြီးတွေကြည့်ရင်း ကျနော် နွားနို့ မသောက်ချင်တော့။

ကျနော် ခုတလော တစ်ပတ်ကို ၂ ရက် သွားသွားပြီး အလုပ်လုပ်နေတဲ့ အိုဟိုင်းယိုးပြည်နယ်က နို့စားနွားမ အကောင် ၁၅ဝဝ မွေးထားတဲ့နွားခြံကြီးထဲက နို့ညှစ်ခန်းထဲ မနေ့က တနေကုန် အလုပ်လုပ်နေရင်း။

ကော်မရှင်၏သတိပေးချက်ကို ဒေါ်အောင်ဆန်းစုကြည် တုန့်ပြန်ဖို့လိုပါသည် (တူမောင်ညို)

0 comments
ကော်မရှင်၏သတိပေးချက် ကို ဒေါ်အောင်ဆန်းစုကြည် တုန့်ပြန်ဖို့လိုပါသည် (တူမောင်ညို)
(၂ဝ၁၄ ခုနှစ်၊ မေလ ၂၇ ရက်)
ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်တင်အေးက သမ္မတပြောခွင့်ရ ဦးရဲထွဋ်ကဲ့သို့ ရိသဲ့သဲ့ မပြော၊ “တည်ဆဲ ဥပဒေစကား”ပဲပြောသည်။ “တရားဥပဒေစိုးမိုးရေး” စကား ပါးစပ်မှတဖွဖွပြောတတ်သူ၊ လက်တွေ့တွင် လွှတ်တော် “တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်ရေး ချမ်းရေးကော်မတီ”ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ၊ ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒီချုပ်ပါတီဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်း စုကြည်အား“ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာ၊ တည်ဆဲဥပဒေများနှင့်အညီဟောပြောရန်” ဗိုလ်တင်အေးကော်မရှင်က သတိပေး လိုက်သည်။

ဤသတိပေးချက်က “စည်းကမ်း ပြည့်ဝသောဒီမိုကရေစီ”နှင့် ထို စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစည်းဝိုင်းထဲက နိုင်ငံရေးပါတီတစ်ရပ်၊ နိုင်ငံရေးသမားတစ်ဦး၏ဘဝသရုပ်အမှန်ကို ဖော်ပြနေပါသည်။ “ဝင် - ပြင်” ဆိုသည့်လမ်းကိုလျှောက်ခဲ့ကြသူများ လက်ငင်း ရင်ဆိုင်နေရသည့် ခါးသီးသောအတွေ့အကြုံနှင့် သင်ခန်းစာလည်းဖြစ်သည်။ “၂ဝဝ၈ အခြေခံဥပဒေနှင့် အခြားတည်ဆဲဥပဒေ” ဆိုသည်များ တည်မြဲနေသမျှကာလပတ်လုံး ဤကဲ့သို့သောဖြစ်ရပ်များကို ရင်ဆိုင်ကြုံတွေ့နေရပေလိမ့်ဦးမည်။

ကော်မရှင်၏ဤသတိပေးချက်နှင့်ပတ်သက်ပြီး နိုင်ငံရေးအမြင်အရ ပြတ်ပြတ်သားသားပြောသူဆို၍ ရှေ့နေဦးကိုနီ၏ ပြောဆို သံကိုသာကြားရပြီး၊  ဒီချုပ်နှင့်၈၈ငြိမ်း/ပွင့်တို့မှ တာဝန်ရှိသူများ(နိုင်ငံရေးသမားများဘက်မှ)ပြောဆိုနေ သည်မှာ အမှုလိုက်ရှေ့နေတစ်ဦး တရားရုံး၌ လျောက်လှဲချက်တင်သွင်းနေသည်နှင့် တူနေသေးတော့သည်။

 ရှေ့နေဦးကိုနီ၏ပြတ်သားမှုကို လှိုက်လှိုက်လှဲလှဲ နှစ်ထောင်းအားရဖြစ်သော်ငြားလည်း သူ့အတွက် အထူးစိုးရိမ်မိပါသည်။ “၂ဝဝ၈ အခြေခံဥပဒေ” ပြင်ဆင်ရေးအတွက် လှည့်လည်ဟောပြောစဉ် ကလည်း ရှေ့နေဦးကိုနီတို့၏ဟောပြောမှုများကို သင်္ကန်းဝတ်စွမ်းအားရှင်များက အစ္စလာမ်ဘာသာဝင် (မူဆလင်)ဖြစ်သည်ဟုဆိုကာ အနိုင်ကျင့်ပိတ်ပင်တားမြစ်ခဲ့သည်။ ဤအချက်နှင့်ပတ်သက်၍ ဒီချုပ်ပါတီဘက်မှ နိုင်ငံရေးအရ တစ်စုံတစ်ရာတာဝန်ယူဆောင်ရွက်မှု မတွေ့မမြင်မိခဲ့ပါ။ (မဘသ)များ ဂျိုကြွအောင်သွေးထိုးပေးနေသည့် ယနေ့ အချိန်ကာလတွင် ရှေ့နေဦးကိုနီ၏ ပုဂ္ဂိုလ်ရေးလုံခြုံမှုသည် စိုးရိမ်ဖွယ်ရာ ဖြစ်ပါသည်။

ဤသို့ တစ်ယောက်တစ်မျိုးတုန့်ပြန်ပြောနေကြသည်ထက် ဖြစ်သင့်သည်မှာ ကော်မရှင်၏ သတိပေးချက်နှင့်ပတ်သက်ပြီး ဒီချုပ်ပါတီဘက်မှ (သို့မဟုတ်) ဒီချုပ်ပါတီနှင့် ၈၈ ငြိမ်း/ပွင့် ပူးပေါင်းကော်မတီဘက်မှ နိုင်ငံရေးအရ တည်ကြည်လေးနက်စွာတုန့်ပြန်ဖို့လိုအပ်ပါသည်။ အထူးသဖြင့် ဒီချုပ်ဥက္ကဋ္ဌထံလိပ်မူထားသော ကော်မရှင်၏သတိပေးချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပွင့်လင်းပြတ်သားစွာတုန့်ပြန်ရန် ပို၍ပင်လိုအပ်နေပါသည်။

“၂ဝဝ၈အခြေခံဥပဒေ”အပါအဝင် ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ စသဖြင့် “တည်ဆဲဥပဒေများ” ဆိုသည်မှာ မတရားသည့်အမိန့်ဥပဒေများပင်ဖြစ်ပါသည်။  
ယခုအခါ ဗိုလ်တင်အေးကော်မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၄ (က) အရ “ညွန်ကြား/ကြီးကြပ်” နေပါပြီ။ ပုဒ်မ ၂၄ (ဂ၊ ဃ၊ င) အရ ကော်မရှင်က ဆက်လက် လုပ်ဆောင်လာခဲ့လျှင် မည်သို့ရင်ဆိုင်ကြမည်နည်း။



Tuesday, May 20, 2014

အညှာကိုင်နိုင်ဖို့ဆိုလျှင် ထိရောက်သည့်အင်အားသုံးရလိမ့်မည် (တူမောင်ညို)

0 comments
အညှာကိုင်နိုင်ဖို့ဆိုလျှင် ထိရောက်သည့်အင်အားသုံးရလိမ့်မည် (တူမောင်ညို)(၂၀၁၄ ခုနှစ်၊ မေလ ၁၉ ရက်) “ဗိုလ်စိန်မှန် နဲ့ အောင်ပင်လယ်” မှ ဟောပြောသည့်အသံများသည် ပီလည်းပီ၏၊ မြည်လည်းမြည်၏ဟု ပြောရပါမည်။ ယခုလို အခါတွင်  ဆရာဦးဝင်းတင်ကို သာ၍သတိရမိပါသည်။ ဆရာအသက်ထင်ရှားရှိနေဦးမည်ဆိုလျှင် မည်သို့ စောကြောလေမလဲဟုလည်း အတွေးပွားမိပါသည်။ ဆရာကား မရှိတော့ပြီ။ ဆရာမရှိပေမယ့် ဆရာ၏ ဘာမထီသောအရေးတော်ပုံစိတ်ဓါတ်၊ ကမ္ဘာမကြေသည့်သတ္တိ တို့သည်ကား ပြည်သူ့အကျိုးကိုမျက်နှာမူသောလှုပ်ရှားမှု  မှန်သမျှ၏တပ်ဦးတွင် တလူလူလွှင့်ပျံနေပေလိမ့်မည်။ ဆရာဦးဝင်းတင်ကမူ စစ်အာဏာရှင်စနစ်အား အင်းလျားကန်ထဲလောက်သာ ပစ်ချချင်သူမဟုတ်၊ ဘင်္ဂလားပင်လယ်အော်ထဲ ကန်ချလိုသူဖြစ်ပါသည်။
            ဆရာမသေခင်က ပြောသွားခဲ့ဖူးသောမှတ်သားနာယူဖွယ်၊ ကျင့်ကြံလုပ်ဆောင်ဖွယ်၊ လမ်းညွန်စကားများစွာအနက်“ကျယ်ကျယ် လောင်လောင်တောင်းဆို၊ မေးခွန်းများများထုတ်”ဆိုသည့်စကားကို ယနေ့အချိန်တွင် ပို၍သတိတရရှိမိပါသည်။ ယခုရေးသားချက်သည်  ယင်းသို့ ဆရာမှာကြားထားချက်နှင့်အညီ မေးခွန်းများများထုတ်လိုက်ခြင်းဖြစ်သည်ဟု ယူဆစေလိုပါသည်။
“ဗိုလ်စိန်မှန် နဲ့ အောင်ပင်လယ်”တွင် ပြောကြားခဲ့သည်များမှာ အဓိကအားဖြင့် “ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလုပ်ငန်းစဉ်”တွင် ကာချုပ်နှင့်စစ်တပ် ပါဝင်လာရေးကို အဓိကဦးတည်ချက်ထားပြောခဲ့သည်ဟုဆိုလျှင် ရမည်ထင်ပါသည်။ ဆရာဦးဝင်းတင်ကွယ်လွန်ခြင်းကို မှတ်တိုင်တစ်ခုအဖြစ်ထားပြီးပြောရလျှင် ဒီချုပ်ဥက္ကဋ္ဌ၏အသံသည် ဆရာမကွယ်လွန်မီအချိန်ကပြောခဲ့သည့် စကားသံများထက် ဆရာကွယ်လွန်ပြီးနောက် ပြောသည့်အသံက ပို၍မာမာကြောကြော ရှိလာပါသည်။ ထင်ရှားသည့် ဥပမာတစ်ခုပြပါမည်။
“နိုင်ငံရေးလုပ်ချင် တပ်ကထွက်”။
ဤအချက်သည် “နိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး” ဟူသည့် ၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ ၆ (စ) နှင့် ပုဒ်မ ၁၀၉ (ခ) နှင့် ပုဒ်မ ၁၄၁ (ခ) တို့တွင်ပြဋ္ဌာန်းထားသည့် “စစ်သားအမတ် (၁၁၀+၅၆=၁၆၆) ဦး” ကို ရည်ရွယ်ခြင်းဖြစ်ပါသည်။
၂၀၀၈ အခြေခံဥပဒေထဲမှ ဖော်ပြပါအချက်များကဲ့သို့ ဒီမိုကရေစီစံနှုန်းနှင့်မကိုက်ညီသောအချက်များကို မည်သို့ဖယ်ရှားမည်နည်း။ မည်သည့်နည်းလမ်းဖြင့် ဖယ်ရှားမည်နည်း။ ဒီချုပ်ဥက္ကဋ္ဌက “ပုဒ်မ ၄၃၆ သည် အညှာ”ဟု ပြောကြားခဲ့ပြီး၊ “အေးချမ်းတဲ့နည်းနဲ့ လွှတ်တော်တွင်းကပြင်သွားမယ်”ဟု ဆိုခဲ့သဖြင့် မည်သို့/မည်သည့်နည်းလမ်းဖြင့်ဆိုသည့်ပုစ္ဆာအတွက် ဖြေရှင်းလိုက်သည့်သဘောဖြစ် ပါသည်။
            “ပုဒ်မ ၄၃၆ သည် အညှာဖြစ်သည်”ဟု မည်သို့ပင်ဆိုစေကာမူ။ ထိုအညှာသည်  ဒီချုပ်ပါတီကလက်ထဲက “အညှာ”မဟုတ်။  ထို “အညှာ”သည် ကြံ့ဖွံ့ပါတီနှင့်ကာချုပ်တို့ ချုပ်ကိုင်ထားသည့် “အညှာ”ဖြစ်သည်ဟူသောအချက်ကိုမူ သတိပြုကြရပေလိမ့်မည်။ သူတို့ (ကြံ့ဖွံ့ပါတီနှင့်ကာချုပ်) ပြင်ဆင်မပေးသမျှ ထိုအညှာသည် ကြွေကျလိမ့်မည်မဟုတ်။ တုတ်တုတ်မျှပင် လှုပ်လာလိမ့်မည်မဟုတ်ပါ။ သူတို့ အညှာခိုင်မာကြောင်း အညှာပိုင်/အညှာကိုင်များဖြစ်ကြသည့် သမ္မတ(ဗိုလ်)ဦးသိန်းစိန်၊ အမတ်ချုပ်(ဗိုလ်)ဦးရွှေမန်း၊ ကာချုပ်ဗိုလ်မင်းအောင် လှိုင်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ (ဗိုလ်)ဦးတင်အေးတို့က သူ့နည်းသူ့ဟန်ဖြင့် သူတို့သဘောထားကို ထုတ်ဖော်ပြောထားပြီးဖြစ်သည် မဟုတ်ပါလား။
“အေးချမ်းတဲ့လွှတ်တော်တွင်းနည်းလမ်း”ဟု ဆိုထားသဖြင့် “ပုဒ်မ ၄၃၆ ပြင်ဆင်ရေးသည်” ကြံ့ဖွံ့ပါတီအမတ်များနှင့် ကာချုပ်၏ စစ်သားအမတ်များပြင်ပေးမှ သို့တည်းမဟုတ် ပြင်ဆင်ပေးသလောက်သာ ရမည်ဖြစ်သည်။ သမ္မတ(ဗိုလ်)ဦးသိန်းစိန်၊ အမတ်ချုပ် (ဗိုလ်)ဦးရွှေမန်း၊ ကာချုပ်ဗိုလ်မင်းအောင်လှိုင်တို့ကမူ “ဥပဒေနဲ့အညီ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်နှင့်အညီ၊ အခန်း ၁၂ ၊ပုဒ်မ ၄၃၆ ပြဋ္ဌန်းချက်နှင့်အညီ ပြင်ဆင်ရမည်” ဆိုသည့်အချက်ကို စကားလုံးကုလားဖန်ထိုးလျက် ပြောနေကြသည်မဟုတ်ပါလား။
            ဒီချုပ်ဥက္ကဋ္ဌက “အားကိုးစရာ ပိုက်ဆံလည်းမရှိဘူး၊ အားကိုးစရာလက်နက်လည်းမရှိဘူး။  အားကိုးစရာ မှန်ကန်တဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေလည်းမရှိဘူး။ ပြည်သူကိုပဲ အားကိုးရမှာပဲ” ဟုပြောပါသည်။
            “အားကိုးစရာမှန်ကန်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေလည်းမရှိဘူး”ဟု ပြောဆိုနေပြီး အဘယ့်ကြောင့် ၂၀၀၈ အခြေခံဥပဒေနှင့် ဖွဲ့စည်းထားသည့်လွှတ်တော်ထဲက ပြင်ဆင်ရေးနည်းလမ်းဖြင့် ပြင်ဆင်ရန်ကြိုးပမ်းနေပါသနည်း။ လက်တွေ့တွင် လွှတ်တော်တွင်းနည်းလမ်း ဆိုသည်မှာ ကြံ့ဖွံ့ပါတီနှင့်စစ်တပ်၏ လက်ခုပ်ထဲက ရေသာဖြစ်သည်။ သွန်လိုသွန်၊ မှောက်လိုမှောက်နိုင်သည်။
            “၄၃၆ ပြင်ဆင်ရေး” လက်မှတ်ထိုးဆန္ဒပြုသည့် ပြည်သူများ၏ဆန္ဒကို ကြံ့ဖွံ့ပါတီနှင့်စစ်တပ်လွှမ်းမိုးထားသည့်လွှတ်တော်က ဘယ်အတိုင်းအတာအထိ အသိအမှတ်ပြုပါမည်နည်း။
            ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြု/ဖျက်သိမ်းပစ်ခဲ့သော၊ နာဂစ်လေမုန်တိုင်းဒဏ်ခံနေရသောပြည်သူများ အပေါ်စာနာမှုကင်းမဲ့စွာဖြင့် ၂၀၀၈ အခြေခံဥပဒေကို အတင်းအဓမ္မအတည်ပြုခဲ့သော (နဝတ-နအဖ) စစ်အစိုးရ၏အမွေစားအမွေခံ ကြံ့ဖွံ့အစိုးရ၊ လွှတ်တော်နှင့်စစ်တပ်သည် ပြည်သူများ၏ “ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆန္ဒပြုမှု”ကို လေးစားပါမည်လော။

            ကြံ့ဖွံ့အစိုးရ၊ လွှတ်တော်နှင့်စစ်တပ်တို့ကလည်း ဒီချုပ်ဥက္ကဋ္ဌ၏ အညှာနှင့်အထာကို ကောင်းစွာသိပုံပေါ်ပါသည်။
ဥပဒေကိုလေးစားလိုက်နာတတ်သော၊ ကတိသစ္စာတည်ကြည်စွဲမြဲသော၊  စည်းကမ်းရိုသေတတ်သော၊ ရလဒ်ထက် နည်းလမ်းက ပို၍အရေးကြီးသည်ဆိုသော၊ “ရွှေမူဝါဒ”ကိုကိုင်စွဲသော၊ “ဖေဖေ့တပ်မတော်”အပေါ် သံယောဇဉ်ကြီးရှာလွန်းသော၊ အတိတ်ကို အတိတ်မှာ ထားလိုသော၊ တာဝန်ခံစိတ်၊ တာဝန်ယူစိတ်ပြင်းပြထက်သန်သော ဒေါ်အောင်ဆန်းစုကြည်၏ အညှာနှင့်အထာကိုသိရှိထားပြီး၊ ပိုင်နိုင်စွာ ကိုင်တွယ်ထားပုံ ပေါ်ပါသည်။
            ဒါကြောင့်ဖြစ်မည်လားဟူ၍ မပြောတတ်။ “ဗိုလ်စိန်မှန်”ရော “အောင်ပင်လယ်”မှာပါ အနှောင့်အယှက်တစ်စုံတစ်ရာမျှ မကြားရ။ ယခင်ကဆိုလျှင် ကြံ့ဖွံ့အစိုးရက တမင်ဖန်တီးသည့် “တည်းခိုးစရာနေရာကိစ္စ၊ ခွင့်ပြုမိန့်ကိစ္စ၊ ဟောပြောမည့်နေရာကိစ္စများ”နှင့်ပတ်သက်၍ ဟန့်တားမှုများ၊ ထစ်ငေါ့ထားမှုများ တစ်ခုမဟုတ်တစ်ခု ရှိနေတတ်သည်။ (နောက်ပိုင်းဟောပြောပွဲများ၌မည်သို့ရှိလာမည်ကိုမူ မပြောတတ်ပါ) (မဘသ)များနှင့် ဝံသာနုပါတီဆိုသည်များကတော့ ဂျိုသွေးနေကြပါသည်။
            ရန်ကုန်နှင့်မန္တလေး အစဉ်အလာမြို့ကြီး ၂ မြို့မှာပဲကျင်းပပြီး၊ မြို့တော်သစ်နေပြည်တော်မှာ ဘာကြောင့် မကျင်းပသလဲ။ ဒီချုပ် ပါတီ၏ဘက်မှ “ပြန်လည်သင့်မြတ်ရေး”သဘောထားဖြင့် နေပြည်တော်ကိုအားနာ၍ မကျင်းပခြင်းလား။ သို့တည်းမဟုတ် ကြိုတင်ညှိနှိုင်း သဘောတူညီမှုကြောင့်လား။ သို့တည်းမဟုတ် နေပြည်တော်၌ ဟောပြောခွင့် မရခြင်းကြောင့်လား၊ ဟောပြောခွင့် မပြုခြင်းကြောင့်လား။
            ထူးသည်ဟုပဲ လွယ်လွယ်ဆိုကြပါစို့၊ “ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်သည့်လူထုဟောပြောပွဲကျင်းပ”ဟူသောခေါင်းစဉ်ဖြင့် အစိုးရပိုင်သတင်းစာများတွင် သတင်းအင်တာဗျူးနှင့်သတင်းဓါတ်ပုံကို ဖော်ပြထားသေးသည်။
ဤသည်တို့မှာ ကြံ့ဖွံ့အစိုးရ၏ ဘုရားစူး “သဘောထားကြီးမှု”ပေလော။
ယင်းသတင်းအင်တာဗျူးတွင် ဦးသိန်းညွန့်၊ ဦးကြီးမြင့်၊ ဦးမြအေးတို့ကို ဗျူးထားသည်။ အဓိကပေးချင်သည့် သဘောထားမှာ ဦးသိန်းညွန့်ပြောကြားချက်သာဖြစ်သည်။ ကျန် ၂ ဦး ( ဦးကြီးမြင့်နှင့်ဦးမြအေး) ကိုထည့်သွင်းရသည်မှာ သိပ်ပြီးဗြောင်ကျလွန်းနေမည် စိုးသဖြင့်လည်းကောင်း၊ မီဒီယာပရိယာယ်အရ မျှတမှုကိုဟန်ဆောင်ပန်ဆောင် ဖော်ပြခြင်းသာဖြစ်သည်။
            ဦးသိန်းညွန့်ပါးစပ်မှ တဆင့်ကြံ့ဖွံ့အစိုးရကပေးချင်သည့်သဘောထားမှာ လွှတ်တော်ပြင်ပမှာ ဘာတွေပဲလုပ်နေနေ၊ အချိန်တန်လျှင်  “၁၀၉ ဦး ကော်မတီ”၊ “၃၁ဦးကော်မတီ”တို့မှ အဆင့်ဆင့်တင်ပြလာသည်များကို“ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌန်းချက်၊ အခန်း ၁၂ အရ” ပြည်ထောင်စုလွှတ်တော်ကပြင်ဆင်သည့်အတိုင်း (အများဆန္ဒအရဆုံးဖြတ်တာကို အနည်းစုကလက်ခံရမယ်)လက်ခံရမည်ဟု ပြောလိုရင်း ဖြစ်ဟန်တူပါသည်။
            နိဂုံးချုပ်၍ ပြောရလျှင် “ပုဒ်မ ၄၃၆” သည် ဒီချုပ်ဥက္ကဋ္ဌပြောနေသလို အညှာမဟုတ်သေး။
တကယ့်အညှာနှင့် အညှာကိုင်ထားသူများမှာ ကြံ့ဖွံ့အစိုးရ၊ ကြံ့ဖွံပါတီနှင့်စစ်တပ်ပင်ဖြစ်သည်။ အညှာကိုင်ထားသူများကို ကိုင်လှုပ်နိုင်ဖို့ လိုသည်။ ထိုအညှာကိုင်ထားသူများလှုပ်ရှားလာအောင် လူထုအင်အားဖြင့် ထိထိရောက်ရောက်ဖိအားပေးရပေလိမ့်မည်။ အင်အားသုံးရေးနှင့်ပတ်သက်လာလျှင် ဒီချုပ်ဥက္ကဋ္ဌအနေဖြင့် သရိုးသရီဖြစ်နေပုံပေါ်သည်။ အရာကိစ္စများသည်အဆုံး၌ အင်အားကသာ အဆုံးအဖြတ်ပေးတာဖြစ်သည်။ လွှတ်တော်ထဲတွင် အမတ်အင်အားသာလွန်သည့်ပါတီကသာ အနိုင်ရစမြဲမဟုတ်ပါလား။
 ဒီမိုကရေစီ၏ မူ ကလည်း အများစု၏အဆုံးအဖြတ်ကို အနည်းစုက လက်ခံကြရသည် မဟုတ်ပါလား။ ရာစုနှစ်ဝက်ကျော်ကြာ ဗိုလ်ကျရမ်းကားနေသော စစ်အုပ်စုကိုရင်ဆိုင်ရာတွင် အင်အားကိုထိရောက်စွာအသုံးပြုရပေလိမ့်မည်။ အင်အားမသုံးလိုလျှင် အညှာကိုင်နိုင်မည်မဟုတ်။ စကားကုန်ကုန်ပြောရလျှင် တစ်ဦးချင်း သူခိုး၊ ဓါးမြ၊ လူရမ်းကား၊ အကြမ်းဖက်သမားကို ရင်ဆိုင်ဖမ်းဆီးရာတွင်ပင် ဒူးကို ပစ်ပြီး ဖမ်းရမလာ ၊ ခေါင်းကိုပစ်ပြီးဖမ်းရမလားဆိုသည်မှာ အခြေအနေအပေါ်ကြည့်ပြီး အင်အားကိုသုံးစွဲရပါသည်။
 ယနေ့ ၂၀၀၈ အခြေခံဥပဒေဝတ်ရုံခြုံထားသည့်စစ်အုပ်စုသစ်ကိုရင်ဆိုင်ရာတွင် လူထုအင်အားကို ထိထိရောက်ရောက်သုံးစွဲဖို့ လိုပါသည်။ ကိုယ်က အင်အားသုံးဖို့ပျက်ကွက်လျှင် သူကအင်အားသုံးစွဲပြီး အနိုင်ယူသွားတာကို ခံရမည်သာဖြစ်ပါသည်။         
ညွန်း
-       ၁၇-၅-၂၀၁၄၊ ဒီချုပ်ဥက္ကဋ္ဌ၏ ဗိုလ်စိန်မှန်ကွင်း၊ ရန်ကုန်မြို့တွင်ပြောကြားချက်
-       ၁၈-၅-၂၀၁၄၊ဒီချုပ်ဥက္ကဋ္ဌ၏ အောင်ပင်လယ်ကွင်း၊ မန္တလေးမြို့ တွင်ပြောကြားချက်
-       ၁၈-၅-၂၀၁၄၊ မြန်မာ့အလင်းသတင်းစာ