Wednesday, May 28, 2014

ကော်မရှင်၏သတိပေးချက်ကို ဒေါ်အောင်ဆန်းစုကြည် တုန့်ပြန်ဖို့လိုပါသည် (တူမောင်ညို)

0 comments
ကော်မရှင်၏သတိပေးချက် ကို ဒေါ်အောင်ဆန်းစုကြည် တုန့်ပြန်ဖို့လိုပါသည် (တူမောင်ညို)
(၂ဝ၁၄ ခုနှစ်၊ မေလ ၂၇ ရက်)
ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်တင်အေးက သမ္မတပြောခွင့်ရ ဦးရဲထွဋ်ကဲ့သို့ ရိသဲ့သဲ့ မပြော၊ “တည်ဆဲ ဥပဒေစကား”ပဲပြောသည်။ “တရားဥပဒေစိုးမိုးရေး” စကား ပါးစပ်မှတဖွဖွပြောတတ်သူ၊ လက်တွေ့တွင် လွှတ်တော် “တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်ရေး ချမ်းရေးကော်မတီ”ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ၊ ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒီချုပ်ပါတီဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်း စုကြည်အား“ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာ၊ တည်ဆဲဥပဒေများနှင့်အညီဟောပြောရန်” ဗိုလ်တင်အေးကော်မရှင်က သတိပေး လိုက်သည်။

ဤသတိပေးချက်က “စည်းကမ်း ပြည့်ဝသောဒီမိုကရေစီ”နှင့် ထို စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစည်းဝိုင်းထဲက နိုင်ငံရေးပါတီတစ်ရပ်၊ နိုင်ငံရေးသမားတစ်ဦး၏ဘဝသရုပ်အမှန်ကို ဖော်ပြနေပါသည်။ “ဝင် - ပြင်” ဆိုသည့်လမ်းကိုလျှောက်ခဲ့ကြသူများ လက်ငင်း ရင်ဆိုင်နေရသည့် ခါးသီးသောအတွေ့အကြုံနှင့် သင်ခန်းစာလည်းဖြစ်သည်။ “၂ဝဝ၈ အခြေခံဥပဒေနှင့် အခြားတည်ဆဲဥပဒေ” ဆိုသည်များ တည်မြဲနေသမျှကာလပတ်လုံး ဤကဲ့သို့သောဖြစ်ရပ်များကို ရင်ဆိုင်ကြုံတွေ့နေရပေလိမ့်ဦးမည်။

ကော်မရှင်၏ဤသတိပေးချက်နှင့်ပတ်သက်ပြီး နိုင်ငံရေးအမြင်အရ ပြတ်ပြတ်သားသားပြောသူဆို၍ ရှေ့နေဦးကိုနီ၏ ပြောဆို သံကိုသာကြားရပြီး၊  ဒီချုပ်နှင့်၈၈ငြိမ်း/ပွင့်တို့မှ တာဝန်ရှိသူများ(နိုင်ငံရေးသမားများဘက်မှ)ပြောဆိုနေ သည်မှာ အမှုလိုက်ရှေ့နေတစ်ဦး တရားရုံး၌ လျောက်လှဲချက်တင်သွင်းနေသည်နှင့် တူနေသေးတော့သည်။

 ရှေ့နေဦးကိုနီ၏ပြတ်သားမှုကို လှိုက်လှိုက်လှဲလှဲ နှစ်ထောင်းအားရဖြစ်သော်ငြားလည်း သူ့အတွက် အထူးစိုးရိမ်မိပါသည်။ “၂ဝဝ၈ အခြေခံဥပဒေ” ပြင်ဆင်ရေးအတွက် လှည့်လည်ဟောပြောစဉ် ကလည်း ရှေ့နေဦးကိုနီတို့၏ဟောပြောမှုများကို သင်္ကန်းဝတ်စွမ်းအားရှင်များက အစ္စလာမ်ဘာသာဝင် (မူဆလင်)ဖြစ်သည်ဟုဆိုကာ အနိုင်ကျင့်ပိတ်ပင်တားမြစ်ခဲ့သည်။ ဤအချက်နှင့်ပတ်သက်၍ ဒီချုပ်ပါတီဘက်မှ နိုင်ငံရေးအရ တစ်စုံတစ်ရာတာဝန်ယူဆောင်ရွက်မှု မတွေ့မမြင်မိခဲ့ပါ။ (မဘသ)များ ဂျိုကြွအောင်သွေးထိုးပေးနေသည့် ယနေ့ အချိန်ကာလတွင် ရှေ့နေဦးကိုနီ၏ ပုဂ္ဂိုလ်ရေးလုံခြုံမှုသည် စိုးရိမ်ဖွယ်ရာ ဖြစ်ပါသည်။

ဤသို့ တစ်ယောက်တစ်မျိုးတုန့်ပြန်ပြောနေကြသည်ထက် ဖြစ်သင့်သည်မှာ ကော်မရှင်၏ သတိပေးချက်နှင့်ပတ်သက်ပြီး ဒီချုပ်ပါတီဘက်မှ (သို့မဟုတ်) ဒီချုပ်ပါတီနှင့် ၈၈ ငြိမ်း/ပွင့် ပူးပေါင်းကော်မတီဘက်မှ နိုင်ငံရေးအရ တည်ကြည်လေးနက်စွာတုန့်ပြန်ဖို့လိုအပ်ပါသည်။ အထူးသဖြင့် ဒီချုပ်ဥက္ကဋ္ဌထံလိပ်မူထားသော ကော်မရှင်၏သတိပေးချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပွင့်လင်းပြတ်သားစွာတုန့်ပြန်ရန် ပို၍ပင်လိုအပ်နေပါသည်။

“၂ဝဝ၈အခြေခံဥပဒေ”အပါအဝင် ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ စသဖြင့် “တည်ဆဲဥပဒေများ” ဆိုသည်မှာ မတရားသည့်အမိန့်ဥပဒေများပင်ဖြစ်ပါသည်။  
ယခုအခါ ဗိုလ်တင်အေးကော်မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၄ (က) အရ “ညွန်ကြား/ကြီးကြပ်” နေပါပြီ။ ပုဒ်မ ၂၄ (ဂ၊ ဃ၊ င) အရ ကော်မရှင်က ဆက်လက် လုပ်ဆောင်လာခဲ့လျှင် မည်သို့ရင်ဆိုင်ကြမည်နည်း။



0 comments:

Post a Comment