Monday, May 19, 2014

၂ဝ၁၄ မေ ဒုတိယနဲ့တတိယပတ်မှာရေးတဲ့ တိုနန့်နန့်လေးတွေ-၂-(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ မေ ဒုတိယနဲ့တတိယပတ်မှာရေးတဲ့ တိုနန့်နန့်လေးတွေ-၂-(မျိုးမြင့်ချို)
ရခိုင်တွေအနေနဲ့ ရိုဟင်ဂျာနဲ့ ရခိုင်ပြည်နယ်နေအစ္စလာမ်ဘာသာဝင်တွေကို ကြိုက်သလိုလုပ် ကြိုက်သလောက်သတ် စစ်အုပ်စုကမျက်နှာလွှဲပေးမှာပဲ။ လွှဲလည်း လွှဲပေးတာခုထိပဲ။ ကာလည်း ကာကွယ်ပေးတာပဲ။ လိုအပ်ရင် အလိုတူအလိုပါပါ ကူညီပေးတာပဲ။ အေး...ရခိုင်ပြည်ကထွက်တဲ့ ဓါတ်ငွေ့၊ ရေနံနဲ့အခြားသယံဇာတတွေကို ရခိုင်တွေပဲစီမံခန့်ခွဲမယ်တို့၊ ကျောက်ဖြူကူမင်းလမ်း ရခိုင်ဘက်ကအပိုင်းလည်း ရခိုင်တွေသဘောကျဖြစ်ရမယ်တို့ဘာတို့တော့လုပ်မလာနဲ့ တို့တာဝန်အရေး(၃)ပါးနဲ့ကိုင်ပြီး အပြတ်ချေမှုန်းပစ်မှာပဲ။ ကြပ်ကြပ်သတိထား။ တောင်ကုပ်ကိစ္စအပါအဝင် လူသတ်မီးရှို့သတ်ဖြတ်လုယက်မှုတွေမှာ ဘယ်သူတွေ ဘယ်လက်တွေ ဘယ်အထိပါကြောင်း စစ်အုပ်စုမှာအထောက်အထားအကုန်ရှိပြီးသား။ နိုင်ဖဲအဖြစ်ထားတာ။ ခုနေခါ ထိုးကျွေးရမယ့်အနေအထား ချကျွေးရမယ့်အနေအထားဆို သူတို့အလွတ် ရခိုင်ချည်းသက်သက် တရားခံလုပ်ပစ်လို့ရတယ်။ နိုင်ကွက်ကိုင်အထက်စီးနဲ့ကစားနည်းကို ခင်ဗျားတို့ကိုမပြောနဲ့ သူတို့အချင်းချင်းကိုတောင် ကစားတာမျက်မြင်ပဲ။ ခင်ဗျားတို့ဆီကလုယက်ထးတဲ့ ရခိုင်ပြည်နယ်အကျိုးစီးပွားဟာ စစ်အုပ်စုအကျိုးစီးပွားဖြစ်တယ်။ သူ့အကျိုးစီးပွားတော့
သွားမထိနဲ့ မီးပွင့်သွားမယ်၊ ဝီခေါ်သွားမယ်။ လိုင်စင်မဲ့ကားတဝီဝီလုပ်နေတာ ရခိုင်လက်နက်ကိုင်တွေတင်မဟုတ်ဘူး။ (ပြန်မတောင်းဝံ့သူများ)

အမေရိကားကို ဒုက္ခသည်အနေနဲ့ရောက်ခဲ့သူတွေ(ကျနော်လည်း အဲ့အဆင့်အတန်းနဲ့ ရောက်တာပါ) မှာ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ ဘာသာရေးအရ လူမျိုးရေးအရ စသည်ဖြင့် ဆက်စပ်ဖြစ်ရပ်နောက်ခံတွေ ကိုယ်စီပါလာကြသလို ဒီအစိုးရရဲ့သတ်မှတ်ချက်လည်း တိတိကျကျကိုရှိပါတယ်။ ယေဘုယျသဘောအရသာ အားလုံးကိုဒုက္ခသည် Refugees လို့ပြောပေမယ် အတိအကျလိုအပ်တဲ့အခါမယ် နိုင်ငံရေးအရဖြစ်လာတဲ့ဒုက္ခသည်ကို Political Refugee လို့သုံးစွဲရပါတယ်။

ဘာဒုက္ခသည်အဆင့်နဲ့ပဲရောက်ရောက် ဒီရောက်ပြီးပြီဆို ယေဘုယျအနေနဲ့ ဒုက္ခသည်ဟောင်း Former Refugee လို့ ကင်ပွန်းတပ်တာပါပဲ။ ဒီရောက်ပြီးမှတော့ သူဟာ ဒုက္ခသည်အဖြစ်အနေသဘောကနေ လွတ်သွားပြီဆိုတဲ့သဘောပါ။ ဘဝဖြစ်တည်မှု(ဇာတိ ဇရာ ဗျာဓိ မရဏာကို ဒုက္ခလို့ မှတ်သူတွေအဖို့တော့) ဒုက္ခဟောင်းတစ်ခုကနေလွတ်ပြီး ဒုက္ခသစ်တစ်ခုထဲကို ကိုယ့်ဆန္ဒအလျှောက် ခုန်ဝင်လာကြတယ်လို့ဆိုနိုင်မှာပဲ။ ဒါပေမယ့် လူဟာ ပိုကောင်းမယ်ထင်လို့ ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ကြတာပဲမဟုတ်လား။ ဒုက္ခဖြစ်မယ်မှန်းသိသိနဲ့ တခုခုကိုလုပ်တဲ့သူဆိုတာ လောကမှာရှိမယ်မဟုတ်ပါဘူး။ ဒုက္ခချင်းအတူတူတောင် ပိုခံသာမယ့်ဒုက္ခကိုပဲ ရွေးချယ်ကြတာပဲမဟုတ်လား။ ဒါဓမ္မတာပါပဲ။ ဘယ်သူကမှ အမေရိကားမသွားလို့ တရားစွဲမှာ ရိုက်သတ်မှာမှမဟုတ်တာ။ မိမိကိုယ်ပိုင် အသိစိတ်ရှိရှိနဲ့ ရွေးချယ်ဆုံးဖြတ်ပြီးရောက်လာကြတာချည်းပဲ မဟုတ်လား။

အဲ့သလိုပါပဲ။ ဒီရောက်ပြီး အချိန်တန်လို့ အမေရိကန်နိုင်ငံသားခံယူမယ် မယူဘူးဆိုတာလည်း မိမိဆုံးဖြတ်ရွေးချယ်မှုပဲမဟုတ်လား။ ရောက်ရောက်ခြင်း စဝင်တဲ့လေဆိပ်မှာပဲ I-94 လို့ခေါ်တဲ့ တရားဝင်လူဝင်မှုအဆင့်ပြလက်မှတ် ထုပ်ပေးလိုက်ပြီးသားပါ။ အဲ့လက်မှတ်မှာက သက်တမ်းကုန်သွားတဲ့ရက်ရယ်လို့မရှိပါဘူး။ ခင်ဗျားသေမှ သက်တမ်းကုန်မယ့် လက်မှတ်ပါ။ ပျောက်သွားပျက်သွားရင် အသစ်ပြန်လုပ်လို့(အကြိမ်ကြိမ်)ရပါတယ်။ လုပ်ခကတော့ မိမိကပေးရပါတယ်။ တခါအသစ်ပြန်လုပ်ရင် ဒေါ်လာ(၄ဝဝ)မပြည့်တတ်ပြည့်တတ်ပါ။ အဲ့လက်မှတ်နဲ့ပဲ သေတဲ့အထိအမေရိကန်မှာ နေထိုင်လုပ်ကိုင်စားသောက်ခွင့်ရှိကြောင်း လက်မှတ်ပေါ်မှာ တံဆိပ်တုံးထုပြီးအတိအလင်းပြောထားပြီးသားပါ။ ဘာမှ ပူစရာမရှိပါ။

အဲ့လက်မှတ်နဲ့ (၁)နှစ်နေပြီးရင် ဂရင်န်းကဒ်လို့ခေါ်တဲ့ အမြဲတမ်းနေထိုင်ခွင့်လက်မှတ် (လျှောက်ချင်ရင်) လျှောက်လို့ရပါတယ် မလျှောက်လို့လည်း ဘာမှမဖြစ်ပါဘူး။ ဂရင်းကဒ်ကတော့ သက်တမ်းရှိပါတယ်။ သတ်မှတ်သက်တမ်းပြည့်တိုင်း အသစ်ပြန်ပြန်လဲလဲပေးရပါတယ်။ လဲခ ကိုယ်ကပဲပေးရပါတယ်။ ဂရင်းကဒ်နဲ့ အမေရိကန်ပြင်ပခရီးသွားချင်ရင် ခရီးသွားလက်မှတ်လျှောက်လို့ရပါတယ်။ ခရီးသွားလက်မှတ်က တစ်နှစ်ခံပါတယ်။ တစ်နှစ်ပြည့်လို့အသစ်လိုချင်ရင် ထပ်တိုးခပေးပြီး တိုးတိုးသွားလို့ရပါတယ်။ ဂရင်န်းကဒ်နဲ့လည်း ခင်ဗျားမသေမချင်း အမေရိကန်မှာနေသွား သေသွားလို့ရပါတယ်။ ဘာမှ ပူစရာမရှိပါ။

တခါ ဂရင်းကဒ်နဲ့နေသား(၄)နှစ်၊ I-94 နဲ့နေသား(၁)နှစ် စုစုပေါင်း အမေရိကန်မှာ တဆက်တည်းတောက်လျှောက်နေသားချည်းသက်သက်(၅)နှစ်ရှိရင် နိုင်ငံသားလျှောက်ချင်ရင် လျှောက်လို့ရပါတယ်။ မလျှောက်လို့လည်း ဘာမှမဖြစ်ပါ။ မလျှောက်မနေရမဟုတ်သလို မလျှောက်ပဲနေမရအောင်လည်းလုပ်မထားပါ။ (တခုတော့ရှိပါတယ် I-94 ကနေ ဂရင်န်းကဒ်၊ ဂရင်န်းကဒ်ကနေ နိုင်ငံသား စတဲ့အဆင့်လိုက်လျှောက်ထားသူတွေကို သက်ဆိုင်ရာက လိုအပ်မယ့်စစ်ဆေးမှုတွေ သူတို့ဘာသာလုပ်ပါတယ်။ မလိုအပ်ရင် ဘယ်သူ့ကိုမှ လူခေါ်ပြီးမေးတာမြန်းတာမလုပ်ပါ။ မသင်္ကာရင်တော့ ထိန်းသိမ်းရေးစခန်းထဲသွင်းပြီး စစ်ဆေးမေးမြန်းတာလုပ်ပါတယ်) နိုင်ငံသားဖြစ်သွားတဲ့အတွက် ပါ့စ်ပို့တ်လျှောက်လို့ရပြီ။ ပါ့စ်ပို့တ်က တစ်ခါလျှောက်ရင်(၁))နှစ်ပါ။ ဓါတ်ပုံဖိုးပါ အပါမှ ဒေါ်လာ(၁၅ဝ)ဆိုပါတော့။ တရားဝင်ရောက်လာသူဖြစ်လို့ I-94 နဲ့နေနေ ဂရင်န်းကဒ်နဲ့နေနေ နိုင်ငံသားဖြစ်ဖြစ် ခင်ဗျားကိုဘယ်သူကမှ ဘာမှထွေထွေထူးထူး ပြောနေဆိုနေတာလည်းမရှိပါ။ ဘာမှပူစရာမရှိပါ။

ပြောချင်တာက ဒီကိုရောက်တာလည်း မိမိရွေးချယ်ဆုံးဖြတ်မှု။ တခါ ဒီရောက်ပြီးမှ ဟိုဟာဒီဟာလျှေက်တာ မလျှောက်တာကလည်း မိမိဆုံးဖြတ်ချက်နဲ့ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိတဲ့ကိစ္စ။ ဘယ်သူကမှ အတင်းအကျပ်ပို့လို့ရောက်လာတာလည်း မဟုတ် ဘယ်သူကမှ အဓမ္မခိုင်းလို့ နိုင်ငံသားဖြစ်ရတာလည်းမဟုတ်ပါပဲလျှက် "ကျနော်/ကျမတို့မှာ ရွေးချယ်စရာ ဘာမှမရှိတော့လို့ အမေရိကန်နိုင်ငံသားလျှောက်ထား ခံယူလိုက်ရတာပါ" ဆိုတဲ့ ဆင်ခြေပေးမှုကို ခင်ဗျားဘယ်လိုမြင်မလဲ။ နောက်ဆုံးကုန်ကုန်ပြောမယ် နိုင်ငံသားမလျှောက်လို့ ရိုက်သတ်မယ်ဆိုတောင် မလျှောက်ရေးသဘောထားရှိရင် ခင်ဗျား ရိုက်အသတ်ခံခြင်းကို ရွေးချယ်ခွင့်ရှိပါတယ်။ ခုဟာက ရိုက်လည်းမသတ် တရားလည်းမစွဲ လက်ဖျားနဲ့တောင်မတို့ပါပဲ မိမိဆန္ဒအလျှောက် ပြုမူဆုံးဖြတ်ရွေးချယ်တဲ့ကိစ္စကို ဘယ်နှယ်လို့ ရွေးချယ်စရာမရှိလို့ ရွေးချယ်ရတယ်ပြောနိုင်သလဲ။ သူ့စကားအတိုင်းပဲ ပြန်တွေးကြည့်ပါ ရွေးချယ်စရာမရှိလို့ရွေးချယ်တယ်
ဆိုတာမှာတောင် "ရွေးချယ်တယ်"ဆိုတာ ပါပြီးသားပါ။ (အရှက်ပြေ)

ဗိုလ်နေဝင်းသေတော့
ဗိုလ်စောမောင်သေတော့
ဝမ်နည်းကြောင်းသဝဏ်လွှာ
ခင်ဗျားပို့မိခဲ့သလား
ဗိုလ်သန်းရွှေ
ဗိုလ်ခင်ညွန့်
ဗိုလ်သိန်းစိန်
ဗိုလ်ရွှေမန်းတို့
သေကြရင်ရော
ဝမ်းနည်းကြောင်းသဝဏ်လွှာ
ခင်ဗျားပို့မိလေမလား

ခု
ဦးဝင်းတင်ဆုံးတော့
သူသတ်သမားက
ဝမ်းသာအားရ
ဝမ်းနည်းကြောင်းသဝဏ်လွှာပို့ဆိုပ

ခင်ဗျားသေရင်
ဘယ်သူတွေ
အားပါးတရ
ဝမ်းနည်းကြမလဲ

ကျနော်ဟာ
ခုချိန်ထိ
မယဉ်ကျေးသေးဘူး
လူကြီးလူကောင်းလည်းမဆန်သေးဘူး
ဝမ်းနည်းဂုဏ်ပြုစကားကို
မျက်နှာထားပြီတီတီနဲ့ပြောတတ်မှဆို
ကျနော် ဘယ်တော့မှ ဒီမိုကရေစီရမယ်မထင်ဘူး (ဝမ်းသာအားရဝမ်းနည်းစကား)

ဦးဝင်းတင်ကျန်းမာရေးကြားရတာ အားမရဘူး။ မီးဇာကုန်ဆီခမ်းဆိုပေမယ့် သူ့မီးဇာနဲ့သူ့ဆီက ထောင်နဲ့စစ်ကြောရေးကြောင့် အကုန်နဲ့အခမ်းမြန်ရတာပဲ။ မလွန်စေချင်လည်း လွန်ဆန်မရတဲ့တရားမှန်းသိလည်း သိသိပဲ။ ဒီနေရာမတော့ အသိခေါက်ခက် အဝင်နက်လိုက်ချင်တာပဲ။ သူဆုံးရင် သူနဲ့အတူပါသွားမယ့်သမိုင်းတွေရှိပေသိ သူဆုံးလည်း ဘယ်တော့မှမဆုံးမယ့်သူ့သမိုင်းနဲ့ ဘယ်တော့မှမဆုံးမယ့်လူ့သမိုင်းကတော့ ဆက်ချီနေမှာပဲ။ ထောင်ဝင်စာမှာတစ်ကြိမ်ဖြတ်ကနဲလေးအဆုံ စစ်ထောက်လှမ်းရှေ့တင် ခေါင်းစွပ်ကိုဗျတ်ကနဲဆွဲမတည့်ပြီး နေကောင်းလားမမေးပဲ ”ဘာထူးသေးလဲဗျ”လို့ လှစ်ကနဲလှမ်းမေးတာ ခုထိအောက်မေ့နေတုန်း။ ကျနော် ၂၀၀၆ လောက်က ထိုင်းမှာနေတုန်းရေးဖြစ်ခဲ့တဲ့ ”ကွိ သို့မဟုတ် ယုံကြည်ချက်တွင်ရဲရင့်သူ” ပြန်ရှာပြီးတင်မယ်တွေးပါတယ်။ (ကွိ)

ဒီနေ့ အိမ်မှာ မိတ်ဆွေတချို့နဲ့ ခေါက်ဆွဲကြော်စားတယ်။ ညီမက ကြော်ပေးတာ။ ကျနော့် ဗမာအမေရယ်၊ အမေရိကန်အမေရယ်၊ ယောက္ခမဘိုးတော်ဘွားတော်ရယ် လာကြတယ်။ စားပြီးပြန်ခါနီးတော့ ၄ ယောက်သားထိုင်ပေးပါပြောပြီး ဓါတ်ပုံလေးနှစ်ပုံ ရိုက်တယ်။ ရိုက်ပြီး ကွန်ပြူတာထဲကနေပြတော့ အမေရိကန်အမေက ”အင်း..၈၀ ကျော်များဆုံမိတာအမှတ်တရပေါ့” တဲ့။ ဟုတ်ပါ့..သူပြောမှ ဗမာအမေက ၈၂ နှစ်၊ အမေရိကန်အမေက ၈၁၊ ယောက္ခမ ဘိုးတော်က ၈၆၊ ဘွားတော်က ၈၅ ထဲဝင်ကြပြီ။ ”သူတို့လောက်အသက်ရှည်ပြီး ကျန်းမာရေးတွေလည်း သူတို့လိုထိုက်သလောက်ကောင်းခဲ့ရင် တို့တွေဘယ်လိုနေမယ်မသိဘူးနော”လို့ ဇနီးကိုမေးပြော ပြောကြည့်တော့ ”အဲ့အရွယ်ထိနေရဖို့ပဲ ဆုတောင်းပါဦး”တဲ့။ ပြောရရင် ကျနော့်ဗမာအမေက အဲ့လူကြီးသူမ(၄)ယောက်ထဲမှာ ကျန်းမာရေးအကောင်းဆုံး၊ သွား(၂)ချောင်းကျိုးပြီ၊ သွေးတိုး ဆီးချို နှလုံးစတဲ့ရောဂါမျိုးတွေမရှိ၊ မျက်မှန်လွတ်စာဖတ်နိုင်၊ လက်ကိုင်တုတ်မဆောင်ရသေး။ ဆိုတော့ အခြား(၃)ယောက်က အမြဲလိုလို ”မင်းအမေကို အားလည်းကျ မနာလည်းမနာလိုဘူး” တဲ့။ ကျနော်ထင်တာတော့ ကံ စိတ် ဥတု အာဟာရတွေ နည်းနည်းစီကွဲကြလို့နေမှာပဲ။ ဒီနေရာမှာ ကျနော်ဆိုတဲ့”ကံ” က ”ကမ္မ”လို့ဆိုတဲ့ ”အလုပ်”သဘောကိုပဲ ရည်ညွှန်းတာပါ။ တခြားထွေလီကာလီတွေ မပါပါဘူး။ အမေက တဘဝလုံး အလုပ်နဲ့လက်နဲ့မပြတ်အောင် လုပ်လာခဲ့ရသလို ခုလည်း ဘယ်တော့ကြည့်လိုက်ကြည့်လိုက် တလှုပ်လှုပ်နဲ့ တခုမဟုတ် တခုတော့လုပ်နေတာပဲ။ အငြိမ်နေတာဆိုလို့ အိပ်တဲ့အချိန်ပဲရှိသလားထင်ရတယ်။ ပါးစပ်ကလေးကလည်း တဖြိုးဖြိုးတဖျောက်ဖျောက်နဲ့ ဟိုဟာလေးဝါးလိုက် ဒါလေးဝါးလိုက်နဲ့။ ထမင်းစားပြီတိုင်း ဦးချိန်တီလေးစားလိုက် လျှက်ဆားလေး လျှက်လိုက်နဲ့။ ပြီးတော့ပြောသေးတယ် ”ဝမ်းမှန်ဖို့အရေးကြီးတယ် ဝမ်းတလုံးကောင်းရင် ခါင်းရင်ခေါင်းမခဲဘူးဟဲ့၊ ဝမ်းနှုတ်ဆေးလေးဘာလေးလည်း မှန်မှန်စားကြ”တဲ့။ အင်း..အမေနားလည်တဲ့ ဝမ်းတလုံးကောင်းခေါင်းမခဲနဲ့ ကျနော်နားလည်တဲ့ ဝမ်းတလုံးကောင်းခေါင်းမခဲက မတူဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အမေလည်း သူ့ဝမ်းတလုံးကောင်းခေါင်းမခဲနဲ့ သူ့ဟာသူ အလုပ်တော့ဖြစ်နေတာပဲ။ နေကောင်းထိုင်သာရှိနေတာသေးတာပဲ။ ကျနော့်မှာသာ ရွှေပြည်ကြီးကြည့်ကြည့်ပြီး တခါတခါနေမထိထိုင်မသာ။ (၈ဝ ကျော်တို့ ကျန်းမာနေ)



0 comments:

Post a Comment