Monday, May 19, 2014

အရှက်ပြေ(မျိုးမြင့်ချို)

0 comments
အမေရိကားကို ဒုက္ခသည်အနေနဲ့ရောက်ခဲ့သူတွေ(ကျနော်လည်း အဲ့အဆင့်အတန်းနဲ့ ရောက်တာပါ) မှာ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ ဘာသာရေးအရ လူမျိုးရေးအရ စသည်ဖြင့် ဆက်စပ်ဖြစ်ရပ်နောက်ခံတွေ ကိုယ်စီပါလာကြသလို ဒီအစိုးရရဲ့သတ်မှတ်ချက်လည်း တိတိကျကျကိုရှိပါတယ်။ ယေဘုယျသဘောအရသာ အားလုံးကိုဒုက္ခသည် Refugees လို့ပြောပေမယ် အတိအကျလိုအပ်တဲ့အခါမယ် နိုင်ငံရေးအရဖြစ်လာတဲ့ဒုက္ခသည်ကို Political Refugee လို့သုံးစွဲရပါတယ်။

ဘာဒုက္ခသည်အဆင့်နဲ့ပဲရောက်ရောက် ဒီရောက်ပြီးပြီဆို ယေဘုယျအနေနဲ့ ဒုက္ခသည်ဟောင်း Former Refugee လို့ ကင်ပွန်းတပ်တာပါပဲ။ ဒီရောက်ပြီးမှတော့ သူဟာ ဒုက္ခသည်အဖြစ်အနေသဘောကနေ လွတ်သွားပြီဆိုတဲ့သဘောပါ။ ဘဝဖြစ်တည်မှု(ဇာတိ ဇရာ ဗျာဓိ မရဏာကို ဒုက္ခလို့ မှတ်သူတွေအဖို့တော့) ဒုက္ခဟောင်းတစ်ခုကနေလွတ်ပြီး ဒုက္ခသစ်တစ်ခုထဲကို ကိုယ့်ဆန္ဒအလျှောက် ခုန်ဝင်လာကြတယ်လို့ဆိုနိုင်မှာပဲ။ ဒါပေမယ့် လူဟာ ပိုကောင်းမယ်ထင်လို့ ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ကြတာပဲမဟုတ်လား။ ဒုက္ခဖြစ်မယ်မှန်းသိသိနဲ့ တခုခုကိုလုပ်တဲ့သူဆိုတာ လောကမှာရှိမယ်မဟုတ်ပါဘူး။ ဒုက္ခချင်းအတူတူတောင် ပိုခံသာမယ့်ဒုက္ခကိုပဲ ရွေးချယ်ကြတာပဲမဟုတ်လား။ ဒါဓမ္မတာပါပဲ။ ဘယ်သူကမှ အမေရိကားမသွားလို့ တရားစွဲမှာ ရိုက်သတ်မှာမှမဟုတ်တာ။ မိမိကိုယ်ပိုင် အသိစိတ်ရှိရှိနဲ့ ရွေးချယ်ဆုံးဖြတ်ပြီးရောက်လာကြတာချည်းပဲ မဟုတ်လား။

အဲ့သလိုပါပဲ။ ဒီရောက်ပြီး အချိန်တန်လို့ အမေရိကန်နိုင်ငံသားခံယူမယ် မယူဘူးဆိုတာလည်း မိမိဆုံးဖြတ်ရွေးချယ်မှုပဲမဟုတ်လား။ ရောက်ရောက်ခြင်း စဝင်တဲ့လေဆိပ်မှာပဲ I-94 လို့ခေါ်တဲ့ တရားဝင်လူဝင်မှုအဆင့်ပြလက်မှတ် ထုပ်ပေးလိုက်ပြီးသားပါ။ အဲ့လက်မှတ်မှာက သက်တမ်းကုန်သွားတဲ့ရက်ရယ်လို့မရှိပါဘူး။ ခင်ဗျားသေမှ သက်တမ်းကုန်မယ့် လက်မှတ်ပါ။ ပျောက်သွားပျက်သွားရင် အသစ်ပြန်လုပ်လို့(အကြိမ်ကြိမ်)ရပါတယ်။ လုပ်ခကတော့ မိမိကပေးရပါတယ်။ တခါအသစ်ပြန်လုပ်ရင် ဒေါ်လာ(၄ဝဝ)မပြည့်တတ်ပြည့်တတ်ပါ။ အဲ့လက်မှတ်နဲ့ပဲ သေတဲ့အထိအမေရိကန်မှာ နေထိုင်လုပ်ကိုင်စားသောက်ခွင့်ရှိကြောင်း လက်မှတ်ပေါ်မှာ တံဆိပ်တုံးထုပြီးအတိအလင်းပြောထားပြီးသားပါ။ ဘာမှ ပူစရာမရှိပါ။

အဲ့လက်မှတ်နဲ့ (၁)နှစ်နေပြီးရင် ဂရင်န်းကဒ်လို့ခေါ်တဲ့ အမြဲတမ်းနေထိုင်ခွင့်လက်မှတ် (လျှောက်ချင်ရင်) လျှောက်လို့ရပါတယ် မလျှောက်လို့လည်း ဘာမှမဖြစ်ပါဘူး။ ဂရင်းကဒ်ကတော့ သက်တမ်းရှိပါတယ်။ သတ်မှတ်သက်တမ်းပြည့်တိုင်း အသစ်ပြန်ပြန်လဲလဲပေးရပါတယ်။ လဲခ ကိုယ်ကပဲပေးရပါတယ်။ ဂရင်းကဒ်နဲ့ အမေရိကန်ပြင်ပခရီးသွားချင်ရင် ခရီးသွားလက်မှတ်လျှောက်လို့ရပါတယ်။ ခရီးသွားလက်မှတ်က တစ်နှစ်ခံပါတယ်။ တစ်နှစ်ပြည့်လို့အသစ်လိုချင်ရင် ထပ်တိုးခပေးပြီး တိုးတိုးသွားလို့ရပါတယ်။ ဂရင်န်းကဒ်နဲ့လည်း ခင်ဗျားမသေမချင်း အမေရိကန်မှာနေသွား သေသွားလို့ရပါတယ်။ ဘာမှ ပူစရာမရှိပါ။

တခါ ဂရင်းကဒ်နဲ့နေသား(၄)နှစ်၊ I-94 နဲ့နေသား(၁)နှစ် စုစုပေါင်း အမေရိကန်မှာ တဆက်တည်းတောက်လျှောက်နေသားချည်းသက်သက်(၅)နှစ်ရှိရင် နိုင်ငံသားလျှောက်ချင်ရင် လျှောက်လို့ရပါတယ်။ မလျှောက်လို့လည်း ဘာမှမဖြစ်ပါ။ မလျှောက်မနေရမဟုတ်သလို မလျှောက်ပဲနေမရအောင်လည်းလုပ်မထားပါ။ (တခုတော့ရှိပါတယ် I-94 ကနေ ဂရင်န်းကဒ်၊ ဂရင်န်းကဒ်ကနေ နိုင်ငံသား စတဲ့အဆင့်လိုက်လျှောက်ထားသူတွေကို သက်ဆိုင်ရာက လိုအပ်မယ့်စစ်ဆေးမှုတွေ သူတို့ဘာသာလုပ်ပါတယ်။ မလိုအပ်ရင် ဘယ်သူ့ကိုမှ လူခေါ်ပြီးမေးတာမြန်းတာမလုပ်ပါ။ မသင်္ကာရင်တော့ ထိန်းသိမ်းရေးစခန်းထဲသွင်းပြီး စစ်ဆေးမေးမြန်းတာလုပ်ပါတယ်) နိုင်ငံသားဖြစ်သွားတဲ့အတွက် ပါ့စ်ပို့တ်လျှောက်လို့ရပြီ။ ပါ့စ်ပို့တ်က တစ်ခါလျှောက်ရင်(၁))နှစ်ပါ။ ဓါတ်ပုံဖိုးပါ အပါမှ ဒေါ်လာ(၁၅ဝ)ဆိုပါတော့။ တရားဝင်ရောက်လာသူဖြစ်လို့ I-94 နဲ့နေနေ ဂရင်န်းကဒ်နဲ့နေနေ နိုင်ငံသားဖြစ်ဖြစ် ခင်ဗျားကိုဘယ်သူကမှ ဘာမှထွေထွေထူးထူး ပြောနေဆိုနေတာလည်းမရှိပါ။ ဘာမှပူစရာမရှိပါ။

ပြောချင်တာက ဒီကိုရောက်တာလည်း မိမိရွေးချယ်ဆုံးဖြတ်မှု။ တခါ ဒီရောက်ပြီးမှ ဟိုဟာဒီဟာလျှေက်တာ မလျှောက်တာကလည်း မိမိဆုံးဖြတ်ချက်နဲ့ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိတဲ့ကိစ္စ။ ဘယ်သူကမှ အတင်းအကျပ်ပို့လို့ရောက်လာတာလည်း မဟုတ် ဘယ်သူကမှ အဓမ္မခိုင်းလို့ နိုင်ငံသားဖြစ်ရတာလည်းမဟုတ်ပါပဲလျှက် "ကျနော်/ကျမတို့မှာ ရွေးချယ်စရာ ဘာမှမရှိတော့လို့ အမေရိကန်နိုင်ငံသားလျှောက်ထား ခံယူလိုက်ရတာပါ" ဆိုတဲ့ ဆင်ခြေပေးမှုကို ခင်ဗျားဘယ်လိုမြင်မလဲ။ နောက်ဆုံးကုန်ကုန်ပြောမယ် နိုင်ငံသားမလျှောက်လို့ ရိုက်သတ်မယ်ဆိုတောင် မလျှောက်ရေးသဘောထားရှိရင် ခင်ဗျား ရိုက်အသတ်ခံခြင်းကို ရွေးချယ်ခွင့်ရှိပါတယ်။ ခုဟာက ရိုက်လည်းမသတ် တရားလည်းမစွဲ လက်ဖျားနဲ့တောင်မတို့ပါပဲ မိမိဆန္ဒအလျှောက် ပြုမူဆုံးဖြတ်ရွေးချယ်တဲ့ကိစ္စကို ဘယ်နှယ်လို့ ရွေးချယ်စရာမရှိလို့ ရွေးချယ်ရတယ်ပြောနိုင်သလဲ။ သူ့စကားအတိုင်းပဲ ပြန်တွေးကြည့်ပါ ရွေးချယ်စရာမရှိလို့ရွေးချယ်တယ်
ဆိုတာမှာတောင် "ရွေးချယ်တယ်"ဆိုတာ ပါပြီးသားပါ။

0 comments:

Post a Comment