Sunday, May 4, 2014

၂ဝ၁၄၊ မေ ပထမပတ်မှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)

0 comments
ငါးကြင်းဝမ်းပျဉ်းသားမှာအဆီဝင်းလို့ Win-Win ဖြစ်ရ (မျိုးမြင့်ချို)
ကလေးနှစ်ယောက် ကစားစရာလုရင်းရန်ဖြစ်တော့ အတန်းပိုင်ဆရာမက မိသားစုရေးရာ အတိုင်ပင်ခံဆရာမကြီးဆီခေါ်လာပြီး ဖြစ်ကြောင်းကုန်စင်ပြောပြတယ်။ နားထောင်နေတဲ့ဆရာမကြီးက ဘွဲ့မရဘူး။ သူတို့ခေတ်က အထက်တန်းအောင်လောက်နဲ့ မူလတန်းပြဆရာမဘဝကနေ လုပ်သက်အရတက်လာတာ။ အတွေ့အကြုံကြီးတယ်။ သူ့သားအကြီးဆုံးကောင်တောင် ခု အထက်တန်းကျောင်းအုပ်ဖြစ်နေပြီ။ သူကတော့ မူလတန်းကျောင်း မိသားစုရေးရာအတိုင်ပင်ခံဆရာမကြီးဘဝနဲ့ လုပ်သက်ပြည့်လွန် ပင်စင်ယူတော့မယ်။ ဒီကျောင်းက ဘယ်အတန်းကဘယ်ဆရာမ ဘာစရိုက်ရှိမှန်းလည်း ငယ်ထိပ်ပေါက်အောင်သိတယ်။ ခုပြဿနာမှာလည်း ဘယ်ကျောင်းသားအလွန်နဲ့ ဆရာမဘယ်ဘက်ကပါကို ရိပ်မိတယ်။

ဒါပေမယ့် သူ မဆုံးဖြတ်သေးပဲ အတန်းပိုင်ဆရာမကို ဘယ်နည်းနဲ့ဖြေရှင်းတာကောင်းမလဲ မေးတယ်။ ဆရာမက ပညာရေးနဲ့ဘွဲ့ရပြီး ဆရာမလုပ်သက် ၃ နှစ်လောက်ရှိတယ်။ တက်ကြွပြီး ကျောင်းမှာသင်ခဲ့တာတွေအလွတ်ရနေသေးသလို ပညာရေးစာစောင်တွေမှာလည်း စာတွေရေးတယ်။ ကျောင်းမှာ မျက်နှာပွင့်တယ်ဆိုပါတော့။ ပြန်ကောက်ရရင် ဆရာမကြီးအမေးကို  သူက Win-Win Strategy ကိုအခြေခံပြီး ၂ ဘက်လုံး နိုင်မည့်နည်းနဲ့ဖြေရှင်းသင့်တယ်လို့ဆိုတယ်။ ဆရာမကြီးကပြုံးပြုံးပြုံးပြုံးနဲ့ “အဲ့ဒီနည်းနာက ၂ ယောက်ကြားမှာဖြစ်တဲ့ပြဿနာကို ရှင်းတဲ့နည်းမဟုတ်ဘူး ဆရာမရဲ့၊ တခြားနည်း စဉ်းစားကြည့်ပါဦး”တဲ့။ အခန်းထဲကထွက်လုဆဲ ကျနော့်ခြေလှမ်းတွေ တွန့်ကနဲဖြစ်သွားတယ်။ ဒါပေမယ့် ကျနော့်ကိစ္စမဟုတ်တော့ အခန်းထဲရှိမနေသင့်ဘူးထင်လို့ အပြင်ထွက်ခဲ့တယ်။ ဒါပေမယ့် ဆရာမကြီးရဲ့ “အဲ့ဒီနည်းနာက လူ(၂)ယောက်ကြားမှာဖြစ်တဲ့ပြဿနာကို ရှင်းတဲ့နည်းမဟုတ်ဘူးဆရာမရဲ့” ဆိုတဲ့စကားသံဟာ ကျနော်နဲ့ ခုချိန်ထိ ကပ်ပါလာတယ်။
ကြုံရင် ဆရာမကြီးရဲ့အတွေးအမြင်ကိုမေးမယ်။ ပြီးရင်ပြန်ရေးမယ်လို့ တေးထားလိုက်တယ်။

ကျနော်တို့ သူမနာကိုယ်မနာနည်းလို့ လက်တန်းပြောနေတဲ့ Win-Win နည်းဟာ ဆရာမကြီးအသိနဲ့အတွေ့အကြုံအရ ဘက်(၂)ကြားက ဒါမှမဟုတ် လူ(၂)ယောက်ကြားကပြဿနာကို ရှင်းတဲ့နည်းမဟုတ်ဘူး…တဲ့။

ကျနော်ကတော့ အီရတ်၊ လစ်ဗျားနဲ့ အာဖဂန်အရေးတွေမှာ အနောက်အုပ်စု(အထူးသဖြင့်အမေရိကန်)နဲ့ ရုရှားတို့ တရုတ်တို့ အမျိုးသားအကျိုးစီးပွား၊ ရေနံနဲ့နိုင်ငံရေးအမြတ်စတဲ့ တိုက်ရာပါပစ္စည်းတွေဝေစုခွဲကြတာမှာ ဘယ်သူမှမနာအောင် အဲ့ဒီ Win-Win နည်း သုံးခဲ့တာလို့မြင်ဖူးတယ်။ မတိုက်ခင်ကတည်းက ပြီးရင်ဘယ်လိုဝေပုံချကြမယ်ဆိုတဲ့ Win-Win စဉ်းစားချက် ရှိထားကြပြီးသားပါ။ ဝင်းကုန်ကြတာ စစ်တိုက်ပြီးအမြတ်ထုတ်တဲ့ကောင်နဲ့ ကျည်ဆံမကုန်ပဲအမြတ်ထွက်ကြတဲ့ ဘက်(၂)ဘက်က ကောင်တွေပါ။ ဖြစ်တာက အမေရိကန်နဲ့အီရတ်၊ အမေရိကန်နဲ့လစ်ဗျား၊ အမေရိကန်နဲ့အာဖဂန်နစ္စတန်မဟုတ်ပါ။ တကယ်တော့ အဲ့နိုင်ငံတွေဟာ ဝမ်းပျဉ်းသား အညီအမျှယူဖို့ ပါးစပ်ကနေအမြီးဖျားထိ ထောင်လိုက်အခွဲခံလိုက်ရတဲ့ ငါးကြင်းပါ။ အဲ့နိုင်ငံတွေရဲ့သယံဇာတ၊ အဲ့နိုင်ငံတွေရဲ့ပထဝီနိုင်ငံရေးအရ အရေးပါမှုကို လုယက်ယူငင်ကြတာမှာ အမေရိကန်နဲ့ ရုရှား၊ တရုတ်တို့ ထိပ်တိုက်မတိုးမိအောင်ရှောင်ဖို့ “Win-Win နည်းနဲ့ ဝမ်းပျဉ်းသား ခွဲကြတာ” လို့ ခုထိမြင်နေတုန်းပါ။

တကယ်တော့ Win-Win ဆိုတာ မြေခွေး(၂)ကောင် ငါးကြင်းဝမ်းပျဉ်းသားခွဲတဲ့နည်းပါ။ ငါးကြင်းဝမ်းပျဉ်းသားမှာ အဆီမဝင်းရင် မြေခွေးတွေ Win-Win နေကြမယ်မထင်ပါ။ ဆရာမကြီးကိုမေးရင်း ကျနော့်အတွေးလည်းပြောပြမယ် တွေးထားပါတယ်။ (Win-Win အကြောင်း)

ရခိုင်တွေအနေနဲ့ ရိုဟင်ဂျာနဲ့ ရခိုင်ပြည်နယ်နေအစ္စလာမ်ဘာသာဝင်တွေကို ကြိုက်သလိုလုပ် ကြိုက်သလောက်သတ် စစ်အုပ်စုက မျက်နှာလွှဲပေးမှာပဲ။ လွှဲလည်း လွှဲပေးတာခုထိပဲ။ ကာလည်း ကာကွယ်ပေးတာပဲ။ လိုအပ်ရင် အလိုတူအလိုပါပါ ကူညီပေးတာပဲ။ အေး...ရခိုင်ပြည်ကထွက်တဲ့ ဓါတ်ငွေ့၊ ရေနံနဲ့အခြားသယံဇာတတွေကို ရခိုင်တွေပဲစီမံခန့်ခွဲမယ်တို့၊ ကျောက်ဖြူကူမင်းလမ်း ရခိုင်ဘက်က အပိုင်းလည်း ရခိုင်တွေသဘောကျဖြစ်ရမယ်တို့ ဘာတို့တော့လုပ်မလာနဲ့ တို့တာဝန်အရေး(၃)ပါးနဲ့ကိုင်ပြီး အပြတ်ချေမှုန်းပစ်မှာပဲ။ ကြပ်ကြပ်သတိထား။ တောင်ကုပ်ကိစ္စအပါအဝင် လူသတ်မီးရှို့ သတ်ဖြတ်လုယက်မှုတွေမှာ ဘယ်သူတွေ ဘယ်လက်တွေ ဘယ်အထိ ပါကြောင်း စစ်အုပ်စုမှာ အထောက်အထားအကုန်ရှိပြီးသား။ နိုင်ဖဲအဖြစ်ထားတာ။ ခုနေခါ ထိုးကျွေးရမယ့်အနေအထား ချကျွေးရမယ့် အနေအထားဆို သူတို့အလွတ် ရခိုင်ချည်းသက်သက် တရားခံလုပ်ပစ်လို့ရတယ်။ နိုင်ကွက်ကိုင်အထက်စီးနဲ့ကစားနည်းကို ခင်ဗျားတို့ကို မပြောနဲ့ သူတို့အချင်းချင်းကိုတောင် မချန်တာမျက်မြင်ပဲ။ ခင်ဗျားတို့ဆီကလုယက်ထးတဲ့ ရခိုင်ပြည်နယ်အကျိုးစီးပွားဟာ စစ်အုပ်စုရဲ့ အကျိုးစီးပွားဖြစ်တယ်။ သူ့အကျိုးစီးပွားတော့သွားမထိနဲ့ မီးပွင့်သွားမယ်၊ ဝီခေါ်သွားမယ်။ လိုင်စင်မဲ့ကားတဝီဝီလုပ်နေတာ ရခိုင်လက်နက်ကိုင်တွေတင်မဟုတ်ဘူး။ (လူသတ်လိုင်စင်ရကိစ္စ)

မင်းမနိုင်လို့ကျိန်စာတိုက်လည်း Superstition ပဲဆိုရင်တောင် မိုးမရွာလို့လွန်ဆွဲတာထက်တော့ ခံစားနားလည်ပေးလို့ရတယ်။ ကျိန်စာဝလေ မောင်လှလေတွေမို့ အလကားပါကွာလို့မပြောရက်သလို ပြောလည်းမထွက်ဘူး။ ပိုပိုသာသာပြောရရင် ဒါလည်း ဖိနှိပ်သူကိုဆန့်ကျင်တဲ့ နည်းနာတစ်ခုအဖြစ်တောင်မြင်တယ်။ အင်္ဂါသမီးကြီးနဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်ဖို့ အင်္ဂါနေ့တိုင်း ဘုရားတက်ဆုတောင်းကြ ငါးတွေငှက်တွေလွှတ်ကြတဲ့နည်းတူလို့ဆိုရင် တထပ်တည်းမကျတောင် မမှားဘူး။ (ကျိန်စာတိုက်တာမှ စူပါစတီးရှင်န်းတဲ့လား)

အောက်လင့်ခ်မှာ အောက်ကစကားကိုတွေ့လို့ရေးတာပါ။ ဒီစကားဟာ အားပေးစကားမဟုတ်ပါ။ စစ်ထောက်လှမ်းရေး စစ်ကြောရေး စခန်းတွေဖြစ်တဲ့(ရေကြည်အိုင်၊ လေတပ်ထောက်လှမ်းရေး(၁)နဲ့ထောက်(၆)တို့မှာ အနှိပ်စက်အညှဉ်းပမ်းခံရတုန်းက သွားပဲ့တဲ့အထိ အံကြိတ်ခံပေမယ့်) မခံနိုင်တဲ့အဆုံးမှာ ငယ်သံပါအောင် အော်ဟစ်ငြီးတွားဖူးတယ်။ နာလွန်းလို့ မျက်ရည်ပါ ပိုးပိုးပေါက်ပေါက်ကျခဲ့ဖူးတယ်။ မဲ့မိရုံ တွန့်မိရုံတင်မကဘူး ကွေးကောက်လှိမ့်ပိန့်နေအောင်ကိုဖြစ်ခဲ့ရတာ။ လိမ့်နေအောင်ကိုခံရတာ။ ဒါပေမယ့် အပေးအယူလုပ်စေ့စပ်ပြီး
ကိုယ်နဲ့ယုံကြည်ချက်တူသူတွေ၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်သူတွေ၊ ဒီမိုကရေစီလိုလားသူတွေကိုသစ္စာမပျက်ခဲ့ဘူး။ မဖျက်ခဲ့ဘူး။ ကိုယ်လွတ်မရုန်းခဲ့ဘူး။ ဒူးမထောက်ခဲ့ဘူး။ ထိုးမကျွေးခဲ့ဘူး။ လူထုကိုနည်းမျိုးစုံနဲ့ နှိပ်စက်ညှဉ်းပမ်းသတ်ဖြတ်နေသူတွေနဲ့မိတ်ဖြစ်ဖို့ မိတ်ဆွေတွေကိုရန်သူမလုပ်ဘူး။ ပြည်သူကိုဖိစီးမယ့်ဘယ်ဥပဒေကိုမှ ကာကွယ်စောင့်ရှောက်မယ်လို့မပြောခဲ့ဘူး။ အဲ့ဒါမျိုးလုပ်မိရင်တော့ ရှက်စိတ်နဲ့မျက်နှာဖော်ဝံ့ပါ့မလားတော့တွေးမိတယ်။

(ဒီမိုကရေစီမိခင်ကြီး၏ ရဲရဲတောက်စိတ်ဓာတ်)
ကျမ စစ်ကြောရေးမှာ လက်သည်းခွံခွာတာမျိုး၊ မျက်နှာပိတ်ရေလောင်းတာမျိုး၊ ညှို့သကျည်းဝါးလုံးလှိမ့်တာမျိုးတွေလုပ်ခံရမှာ မကြောက်ဘူး စစ်ကြောရေးလုပ်သူတွေရှေ့မှာ နာလို့ မျက်နှာရှုံ့မိတာတို့၊ အော်သံထွက်မိမှာတို့ပဲ ကြောက်တယ်။ နာလွန်းရင် အဲဒီလိုဖြစ်နိုင်တယ်။ အဲဒီလို ဖြစ်ရင် အတော်ရှက်စရာကောင်းတယ်လို့ထင်တယ်။ ကိုယ့်ကိုညှင်းပန်းနေသူတွေ ရှေ့မှာ အော်မိ ညည်းမိ မဲ့မိ တွန့်မိတာမျိုးမဖြစ်ချင်ဘူး။
လူဆိုတာ ညှဉ်းရင်နာမှာပေါ့။ နာရင် တွန့်မိ အော်မိမှာပေါ့။ ကျမကတော့ အဲဒါမျိုး ဖြစ်မိမှာစိုးတယ်။ ဖြစ်မိရင်လည်း ရှက်စရာကောင်းတယ်လို့ ထင်တယ် ။
ဒေါ်အောင်ဆန်းစုကြည်
(ဘဘဦးဝင်းတင်၏ ဘာလဲဟဲ့ လူ့ငရဲမှ)
https://www.facebook.com/min.nyo.796/posts/217038461840687?fref=nf
(ရှက်နည်းဖြင့်မတူပါလေ)

ဒီနေ့ ဖို့တ်ဝိန်းကနေ တနာရီမရှိတတ်ရှိတတ်လောက်မောင်းရင်ရောက်တဲ့ Wolf's Giant Animal Swap Meet ကိုရောက်ခဲ့တယ်။ ဘာလဲလို့မေးရင် နှစ်တနှစ်ရဲ့ မေ၊ ဂျွန်၊ ဂျူလိုင်နဲ့ သြဂုတ်လတွေမှာ တစ်ကြိမ်စီလုပ်တဲ့ အင်ဒီယားနားနွားပွဲဈေးလို့ဆိုရင် သင့်မယ်ထင်ပါတယ်။ အပ်၊ သေနတ်၊ မြက်ဖြတ်စက်ကနေ လယ်ထွန်စက်အထိ၊ ပင့်ကူအရှင်၊ ကြက်ငှက်ကနေ မြေခွေးဝက်ဝံပေါက်အထိ ငွေသားနဲ့ချရောင်းတာပါ။ ကျနော့်အဖို့တော့ ဒါပါနဲ့ဆို (၄)နှစ်မြောက်၊ အကြိမ်နဲ့ဆို(၅)ကြိမ်မြောက်ရောက်တာပါ။ ရောက်တိုင်း ရေးမယ်ရေးမယ်နဲ့ ခုထိမရေးဖြစ်သေးပါ။ ခုလည်း ရေးမလို့ မဟုတ်သေးပါ။ ပြောချင်တာက ဆောင်းပြေးတာနဲ့ ဒေါင်းမွေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒေါင်းသွားဝယ်တာ။ ဒီနှစ်အတွက် ပထမဆုံးအကြိမ်မို့လို့လား အအေးပဲမကုန်သေးလို့လားတော့မပြောတတ်ဘူး အကောင်ပလောင်ရောင်းသူတွေ နည်းနေသေးတယ်။ ဒေါင်းတွေတော့ တွေ့တယ်။ လိုချင်တဲ့အရွယ်မဟုတ်ဘူး။ ဒေါင်းလားမြောက်ပြီးသား အမွှေးအတောင်စုံတွေပဲတွေ့တယ်။ ဈေးကလည်း မနှစ်ကထက် နည်းနည်းများတယ်။ မနှစ်က အဲ့အရွယ် ဒေါင်းဖိုဒေါင်းမတစ်စုံကို ၁၆ဝ ပဲရှိတာ။ ခုတော့ တစ်ကောင် ၁ဝဝ တဲ့။ ထားပါတော့လေ။ ဂျွန်၊ ဂျူလိုင်နဲ့သြဂုတ် (၃)ကြိမ်တောင်ကျန်သေးတာ နောက်မှ ထပ်သွားမယ်တွေးတာပဲ။ နောက်ဆုံးဈေးပတ်ဖြစ်တဲ့ သြဂုတ်ဆို ဝယ်ရခြမ်းရပိုကောင်းတယ် ဈေးလည်းချိုတယ်။ ရောင်းသူတွေက သူတို့အကောင်ပလောင်တွေ ပြန်သယ်သွားတာထက် ရတဲ့ဈေးနဲ့ချရောင်းတတ်ကြတာမို့ ဈေးကွဲချိန်ဆို ဈေးပေါင်ကျိုးနဲ့ရပါတယ်။ တချို့များ အဲ့ဒီအချိန်ထိ ပုဏ္ဏားသိမ်း သိမ်းဖို့ စိတ်ရှည်လက်ရှည်ကို စောင့်ကြတာမျိုးလည်းရှိပါတယ်။ စစ်စစ်ပေါက်ပေါက်ရောက်တတ်တဲ့ ဗမာပြည်သားတွေလည်း နှစ်တိုင်းတွေ့တယ်။ ဒီနေ့လည်း မျက်နှာသိ အတော်များများတွေ့တယ်။ ကျနော် ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးဖို့တ်ဝိန်းကိုလာချိန်မှာ အမေရိကန်နွားပွဲဈေးက ဈေးပေါင်ကျိုးဒေါင်းတွေ အကြောင်းရေးဖူးတယ်။ ခု ဒီမှာ ဒေါင်းဈေးတက်တယ်။ တောက်လျှောက်တက်သွားမှာလား နောက်အပတ်တွေမှာ ပုံမှန်ဈေးပြန်ကျပြီး ဈေးကွဲပတ်(သြဂုတ်)ကြမှ ဈေးပေါင်ကျိုးမလား။ ရွှေပြည်ကြီးက ဒေါင်းရောင်စုံလည်း ချွန်နိုင်မြနိုင်ကြသေးရဲ့လား တွန်နိုင်ကနိုင် ကြသေးရဲ့လား။ ဗကသ ခွပ်ဒေါင်းနီနီကတော့ (ကြက်စကားနဲ့ပြောရရင်) ဘယ်တော့မှ ခွပ်လက်မကျမယ့်ဒေါင်းမှန်း သမိုင်းနဲ့ချီ သိသာလှချည်ရဲ့။ ဒီမှာ ဒေါင်းဈေးကောင်းပေမယ့် ဒေါင်းဘဝက မြင်တဲ့အတိုင်း။ တွန်ဖို့၊ ကဖို့၊ ခွပ်ဖို့မပြောနဲ့ သန်းယားရင်တောင် နှုတ်သီးနဲ့လှည့်မကိုက်အား။ (နွားပွဲဈေးကဒေါင်း)


0 comments:

Post a Comment