ဘယ်ကြောင်းမှ
မပြန် မသွားတဲ့ ယဉ်ကျေးမှုသစ် (မျိုးမြင့်ချို)
ဒီကနေ့ စစ်တပ်ကတောင်းနေတဲ့
”နိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင်
တပ်မတော်ကပါဝင်ထမ်းဆောင် နိုင်ရေး”ကို
ဖြည်ကြည့်ရင် အချိန်နဲ့ပတ်သက်လို့ ကန့်သတ်ချက်မပါတာတွေ့ရမယ်။
သူတို့ကြိုက်သလောက်ဟာ “အချိန်အတိုင်း အတာဖြစ်တယ်”ဆိုတဲ့
သဘောပဲ။ ”အမျိုးသားနိုင်ငံရေး” ဆိုတဲ့နှပ်ကြောင်း ပေးထားတာတွေ့ရမယ်။ ဒီ
အမျိုးသားနိုင်ငံရေးဆိုတာ
ဘောင်နဲ့ကန့်သတ်ဖို့ခက်တဲ့၊ ချဲ့တိုင်းကျယ်တဲ့အလံမှန်း လူတိုင်းသိတယ်။
ဦးဆောင်မှုအခန်းက
ပါမယ်ဆိုတာပါတယ်။ ပူးပေါင်းမလုပ်ဘူး၊ နောက်မလိုက်ဘူးလို့ပြောတာပဲ။
ချုပ်ရရင် ကာလအကန့်အသတ်မရှိ
ချဲ့တိုင်းကျယ်တဲ့အမျိုးသားနိုင်ငံရေးဆိုတာမှာ စစ်တပ်ကဗိုလ်လုပ်မယ်လို့
ဗြောင်ပြောတာပဲဖြစ်တယ်။
ရှူပ်နေတာ တစ်လုံးမှမပါလောက်အောင်ကို တကယ့်အဓိပ္ပါယ်တွေ ရှင်းလင်းလှတယ်။
လက်တွေ့မှာလည်းမြင်နေရတယ် သူတို့ပြောတဲ့ အမျိုးသားရေးဦးဆောင်မှုဆိုတာကို။
ဒါဆို
တသက်လုံးအာဏာသိမ်းပြီး
ဗိုလ်ကျစိုးမိုးနေတဲ့ကောင်တွေက ဘာအဆန်းလုပ်ပြီး
ဦးဆောင်မှုကဏ္ဍမှာပါမယ်လို့ပြောနေစရာလိုသလဲလို့ တွေးစရာပေါ်နိုင်တယ်။
လိုပါတယ်၊ လိုလို့ပါ။ အရင်က”နိုင်ငံတော်အာဏာကို” အဓမ္မသိမ်းယူခဲ့ပေမယ့်
ခု လက်ရှိအခြေအနေတွေက အဲ့သလိုလုပ်ဖို့ အခွင့်မသာတော့လို့”ဦးဆောင်မှုကဏ္ဍ”ကို
ဗြောင်အနုကြမ်းစီး၊
ဓါးမြတိုက်ယူတာပါ။ မလွှဲမရှောင်သာတို့၊ ချောက်ထဲကျဖို့တို့၊ လက်နှစ်လုံးအလိုတို့ထက်စာရင် ဒါက ပို စကားလုံးယဉ်ကျေးဟန်ရှိတယ်။
ဒါကိုတောင်မှ တိုင်းပြည်နဲ့လူထုဆီက တောင်းခံတာတော့မဟုတ်ပါ။
ဘာလို့အခွင့်မသာရသလဲ
ဘာလို့အခြေအနေကခွင့်မပြုတာလဲကို ဆက်တွေးကြည့်တော့ ပြည်တွင်းက သဏ္ဍန်မျိုးစုံလူထုတိုက်ပွဲတွေနဲ့
ဖိအားတွေရှိခဲ့တာကြောင့်လို့ ပြောရမှာပါ။ ပြည်ပဖိအားဆိုတာကတော့ အရန်သဘောလောက်ပါ။ အရန်သဘောလို့ဆိုရတာက
အာဏာကုလားဖန်ထိုးပွဲတစ်ကြိမ်၊ အာဏာသိမ်းပွဲ တစ်ကြိမ်နဲ့ အာဏာလက်လွှဲပွဲတစ်ကြိမ်၊ ပေါင်း(၃)ကြိမ်လုံးကို
အဲ့ဒီ ပြည်ပလို့ဆိုတဲ့နိုင်ငံကြီးတွေက ဆန့်ကျင်ကန့်ကွက်အရေးမယူရုံမက အားပေးအားမြှောက်လုပ်ခဲ့တာတွေတောင်ရှိပါတယ်။
တချို့နိုင်ငံကြီးတွေက ကွန်မြူနစ်ချေမှုန်းအားကောင်းလို့၊ တချို့နိုင်ငံကြီးတွေက ဆိုရှယ်လစ်မျက်နှာဖုံး ကပ်ထားလို့
စတဲ့အကြောင်းအချက်ကိုယ်စီနဲ့ပါ။ တချို့ဆို စစ်အာဏာရှင်တွေ အကျပ်အတည်း ဆိုက်ရင် ထောက်ကူကျားကန်ပေးတာတောင်ရှိခဲ့ပါတယ်။
ဖိအားဆိုတာက သံခင်းတမန်ခင်း စကားလုံးတွေနဲ့ညာသံပေးပြီး သူတို့အမျိုးသားအကျိုးစီးပွားအတွက်
ဖြားယောင်းနားချနေတာမျိုးပါ။ တချို့ဆို ဗြောင်ကို ထွက်ပြောပါတယ်။ ဟိုနိုင်ငံလောက် ဒီနိုင်ငံလောက်
အလှည့်အပြောင်းလေးလုပ်မယ်ဆို အိုကေတယ်ဆိုတဲ့အထိ။
နောက်တချက်က
ပြည်ပဖိအား ဘယ်အချိန်မှာပေါ်သလဲဆိုတာပါ။ ၁၉၈၈ တိုင်းပြည်အဝှမ်း လူထုအုံကြွမှုကြီး မျက်ဝါးထင်ထင်ဖြစ်တော့မှ
အသံမြည်ပါတယ်။ ၉ဝ ရွေးကောက်ပွဲရလဒ်မြင်ပြီးတဲ့အခါ “ပြည်ပဖိအား”အသံ အတော်ကျယ်လောင်လာပါတယ်။
ဒီ့ မတိုင်မီကဖြစ်ခဲ့တဲ့ လူထုလှုပ်ရှားဆန့်ကျင်မှုတွေ မှာ ဘာ့ကြောင့် ပြည်ပဖိအားမကျယ်လောင်ရသလဲဆိုရင်
အဲ့ဒါတွေဟာ ၈၈ လို လူထုအုံကြွမှုကြီး တနည်းပြောရရင် အရေးတော်ပုံကြီးလိုမဖြစ်ခဲ့ပဲ အရေးအခင်းဆိုတာလောက်တွေနဲ့
စခန်းသိမ်းခံခဲ့ရလို့ ချည်းပါပဲ။ ဆိုတော့ ပြည်ပဖိအားဆိုတာ ပြည်တွင်းဖိအားမရှိရင်ပေါ်မလာဘူးလို့ပြောနိုင်ပြီး၊
ပြည်တွင်းဖိအား
အတက်အကျပေါ်တည်ပြီး ပြည်ပဖိအားအတိုးအကျယ်လည်းဖြစ်ရတာလို့ အပ်ချမတ်ချပြောနိုင်ပါတယ်။
ပြည်တွင်းဖိအားအတက်အကျကသာလျှင် ပြည်ပဖိအားအပြောင်းအလဲနဲ့ အလှည့်အပြောင်းကိုဖန်တီးနိုင်တာပါ။
ပြည်တွင်းမှာ ဘာဖိအားမှမရှိရင် ပြည်ပက ဘာမှ ဝင်ပိပေးလို့မရပါ။ ဒါ့ကြောင့်မို့ ပြည်ပဖိအားယုံစားကြီးသူတွေကို
စစ်အုပ်စုက ပြည်ပအားကိုးပုဆိန်ရိုးလောက်ပဲ သဘောထားတာပါ။ မကြောက်ပါ။ လူထုတိုက်ပွဲကိုတော့
သေမလောက်ကြောက်ပါတယ်။ ကြောက်လို့ သွေးရူးသွေးတမ်းရှင်းတာပါ။ ခွင့်ပြုမိန့်နဲ့ဆန္ဒဖော်ထုတ်တာ၊
လက်မှတ်ထိုးကမ်ပိန်းလုပ်တာ၊ ဟောပြောစာရွက်စာတမ်းဝေတာ၊ အွန်လိုင်းနဲ့မီဒီယာတွေကနေ ပြောတာဆိုတာရေးတာသားတာ၊
ဆဲတာဆိုတာတွေဟာ လူထုတိုက်ပွဲလက္ခဏာ မဆောင်ပါ။ မဆောင်လို့ မလုပ်ရဘူးအဓိပ္ပါယ်မထွက်ပါ။ စစ်အုပ်စုက
မကြောက်ဘူးလို့ဆိုလိုရင်းပါ။ လူထုကိုစည်းရုံးပြီး လူထုတိုက်ပွဲလှုပ်ရှားမှုမျိုးလုပ်ကြည့်ပါ။
သူတို့ဘယ်လိုတုန့်ပြန်ခဲ့သလဲ။ ကိုယ်စီမှာ အတွေ့အကြုံတွေ ရှိကြပြီးသားပါ။
“အမျိုးသားနိုင်ငံရေးဦးဆောင်မှုကဏ္ဍ”သူတို့ရနေမှပဲ
စစ်အာဏာဘယ်တော့မှမသိမ်းတော့ဘူးလို့ ကံသေကံမပြောမဖြစ်ပါ။ ခုထိ ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့စခန်းသွားလို့
ရနေသေးပါတယ်။ လွှတ်တော်ထဲက
စစ်ဗိုလ်
၂၅ ရာခိုင်နှုန်းလည်း ထက်အောက်အမိန့်နာခံအောင်လုပ်ထားလို့
ရနေပါသေးတယ်။ နောက်ကြောင်းရော ရှေ့ကြောင်းရော ဘယ်ကြောင်းမှ မပြန်ပါ။
မသွားပါ။ ဒီအခြေအနေကို
ပြည်ပဖိအားတွေက ကြိတ်ကြိုက်နေမှန်း စစ်ဗိုလ်တွေနောကြေပါတယ်။ ဒါပေမယ့်
ဒီလောက်နဲ့
စိတ်လုံကိုယ်လုံနေလို့မရမှန်းတွက်မိသလို တင်းတိမ်နေမယ်လည်းမထင်ပါ။
တိုင်းပြည်နဲ့လူထုအပေါ်ကျူးလွန်ခဲ့တဲ့
လူမဆန်တဲ့ရာဇဝတ်မှုကြီးတွေနဲ့ အပြစ်ပေးခံရမှာတွေး တိုင်းသွေးပျက်သလို
အာဏာနဲ့ရှာထားတဲ့စီးပွားအထိအပါးခံရမှာ သေအောင်ကြောက်ပါတယ်။
နိုင်ငံတကာမှာလည်း မိုးကောင်းတုန်းဓါးထက်ခဲ့သူတွေ
အာဏာလက်မဲ့ဖြစ်တော့ ဘယ်အဖြစ်နဲ့ နိဌိတံကြသလဲဆိုတာမြင်နေရတာပဲ။
အလောင်းပြန်ဖော်အရိုးပြန်ကောက်ပြီး
နောက်ကြောင်းပြန်စွဲချက်တွေနဲ့အရေးယူခံရတာပဲ။ “အရင်တုန်းကလုပ်ခဲ့တာ
ခုရောနောင်ပါ ဘယ်သောအခါမှ
အပြစ်ပေးအရေးယူခြင်းမရှိစေရ” ကြိုက်သလောက်ပြော။ တကယ်ဖြစ်လာရင် သိကြားမင်း
နားကင်းကြီးနဲ့ဆင်းကယ်တောင်မရဘူး။
ဒါ့ကြောင့် ဖွဲ့စည်းပုံမှာ “အရေးပေါ်အခြေအနေ”ဆိုတာကို ထည့်တာပါ။ အရေးပေါ်ရင်
အာဏာမသိမ်းပဲ
စစ်တပ်ကိုအာဏာလွှဲပေးတာလို့ ယဉ်ကျေးထားပါတယ်။ သူတို့ပြောတဲ့
“နိုင်ငံရေးယဉ်ကျေးမှုသစ်”ထဲမှာ အဲ့ဒါလည်း ပါမယ်ထင်တယ်။
ဗမာပြည်ဆိုတာကလည်း
အရေးပေါ်အခြေအနေဆိုပြီး ပြစရာအကြောင်းများတဲ့ ပြည်ကိုး။ လူမျိုးရေး၊ ဘာသာရေးအကဲဆတ်သလောက်
အစွန်းရောက်အယူသီးအတွေးအခေါ်နဲ့ သံမှိုစွဲသလိုမြဲနေသူတွေ ဒုနဲ့ဒေး။ အောက်ခြေနဲ့အလွှာအသီးသီးမှာ
နိုင်ငံရေး လူမှုရေး စီးပွားရေးမကျေနပ်ချက်တွေကလည်း အုံနဲ့ကျင်းနဲ့။ လူမျိုးစုပြဿနာ၊
ပြည်ထောင်စုကိစ္စစတာတွေလည်း မီးအကျစောင့်နေတဲ့ ယမ်းပုံ။ ဆိုတော့ ဒါတွေထဲက တခုခုကို အရေးပေါ်အခြေအနေဆိုပြီးပြဖို့
သိတ်မခက်လှဘူး။
နောက်တချက်က
လွှတ်တော်ထဲက စစ်အမတ်တွေ။ ဒီစစ်အမတ်တွေကရော ဘယ်အထိ စိတ်ချရမလဲ။ ဘယ်အထိ မတရားမှုအပေါ်သစ္စာခံ
ကြမလဲ။ ဘယ်အထိ ထက်အောက်အမိန့်နာခံနိုင်မလဲက တွေးစရာပါ။ စစ်သားဆိုပေမယ့် သူတို့ကလွှတ်တော်ထဲရောက်နေတယ်။
ဒီမိုကရေစီရုပ်ပြကောင်တွေဖြစ်ပေးနေရတယ်။ ဗိုလ်ချုပ်လူထွက်ကြံ့ဖွံ့ပါတီခေါင်းဆောင်တချို့ထက်တောင်
သူတို့က နိုင်ငံရေးစကားကို သိမ်သိမ်မွေ့မွေ့ပြောရသေးတယ်။ ပြီးတော့လည်း အရပ်သားနိုင်ငံရေးသမားတွေနဲ့၊
မီဒီယာတွေနဲ့၊ နိုင်ငံခြားသားတွေနဲ့၊ သံတမန်တွေနဲ့၊ ပြည်ပကလူတွေနဲ့ထိတွေ့ပြောဆို လုံးထွေးနေရတာတွေရှိတယ်။
စစ်တန်းလျားထက်စာရင်တော့ အပြင်ကမ္ဘာကို၊ လူထုနဲ့တိုင်းပြည်ကို မြင်ရဖို့အပေါက်နည်းနည်းကျယ်တယ်။
မျက်စိနားပွင့်ဖို့အခွင့်အလမ်းက တပ်ထဲမှာထက် အများကြီးပိုရှိနေတယ်။ ကာချုပ်မကြိုက်လို့
ကြိုက်သလောက် ဖြုတ်/တပ်လုပ်ပေ့စေ။ လုပ်လေလေ အယောင်ပြနိုင်ငံရေးထဲက သူတို့ရခဲ့အသိတွေကို
တပ်ထဲမှာ (အနည်းဆုံးမိသားစုထဲမှာ) ပြန်ပြောဖို့နဲ့ ကိုယ်တိုင်ပြန်ဆင်ခြင်ဖို့အခွင့်အရေး
ရလေလေပဲ။ နိုင်ငံရေးအယူအဆ၊ ငွေကြေး၊ အာဏာ၊ စည်းစိမ်၊ ကျော်ကြားမှု၊ အမှန်တရားမြင်မှု၊
လူထုကိုစာနာစိတ် စတာမျိုးတွေကြောင့် စစ်အမတ်တွေ ဘယ်တော့မှဘက်ပြောင်းမသွားဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ။
ပြောင်းခဲ့တဲ့အစဉ်အလာတွေမှ တစ်ပုံကြီး။ တပ်ထဲနေပြီးအတွင်းကနေ ကလန်ကဆန်လုပ်တဲ့၊ တောခိုသွားတဲ့၊
အထက်ကိုပြန်လုပ်ကြံတဲ့တပ်မှူးတွေ၊ နိုင်ငံရေးထဲပါသွားတဲ့ တပ်မှူးတပ်သားတွေ(အင်န်အယ်လ်ဒီ
ဦးတင်ဦးအထိ)သက်သေရှိနေတာပဲ။ ဆိုတော့ လွှတ်တော်ထဲက စစ်အမတ်တွေဘက်ပြောင်းလည်း အရေးကပေါ်လို့ရတာပါပဲ။
ဒါတွေအပြင် အခြား အရေးက “အချိန်မရွေးပေါ်”လို့ရတာတွေလည်းရှိဦးမှာပါ။
ပြန်ချုပ်ရရင်
“နိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်မှပါဝင်ထမ်းဆောင်”
ရင်း အခြေအနေမဟန်ပုံမပေါ်တော့ရင် “အရေးပေါ်အခြေအနေ”နဲ့ စခန်းဆက်သွားမယ့်ခြေလှမ်းမှန်း သိသိနဲ့
ဓါးခုတ်ရာလက်ဝင်မလျှိုမိဖို့၊ ဗိုက်အငှားနဲ့ဓါးထိုးမခံမိဖို့၊ ကြောင်လက်နဲ့ ပြာပူကူမယက်မိဖို့ပါပဲ။
မျိုးမြင့်ချို
မေ ၂ဝ၁၄
(မှတ်ချက်။
၁၉၉၅ ခုနှစ် မတ်လ၊ ဖက်ဆစ်တော်လှန်ရေး ရွှေရတုအထိမ်းအမှတ် “ပြည်သူ့အာဏာဂျာနယ်”အထူးထုတ်မှ
(တော်လှန်ရေးနှင့် ဦးဆောင်မှုပြဿနာ)ဆောင်းပါးဖတ်ပြီး မိမိတည်မိတဲ့အတွေးကိုချရေးဖြစ်တာပါ။
နေရာအချို့မှာ သူ့ထဲကကောက်ချက်ဆွဲမှု သူ့ထဲက စကားလုံးတွေပါ အရင်းအတိုင်းယူပြီးဖော်ပြထားပါတယ်)
0 comments:
Post a Comment