Friday, May 9, 2014

တစ်ခါက တော်လှန်ရေးတပ်သား အခုတော့ ပြန်တမ်းဝင်သစ္စာခံ (တူမောင်ညို)

0 comments
တစ်ခါက တော်လှန်ရေးတပ်သား အခုတော့ ပြန်တမ်းဝင်သစ္စာခံ တူမောင်ညို
(၂၀၁၄ ခုနှစ်၊ မေလ ၈ ရက်)မေလ ၅ ရက်နေ့က  “နယ်ခြားစောင့်တပ်များ၏ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ဝင်များအား ဂုဏ်ထူးဆောင်ပြန်တမ်း ဝင် အရာရှိခန့်အပ်ခြင်းအခမ်းနား” ဆိုသည်ကို ကျင်းပခဲ့သည်။  အုပ်စိုးသူများဘက်မှပြောရလျှင် ဒူးထောက်သစ္စာခံသူကို သူကောင်းပြုခြင်းပင်ဖြစ် သည်။ တန်းတူရေးနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး တိုက်ပွဲဝင်တော်လှန်ရေးများဘက်မှပြောရလျှင် အုပ်စိုးသူထံ ဒူးထောက်၊ အညံ့ခံပြီး၊ တန်းတူရေးနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးတိုက်ပွဲအပေါ် သစ္စာဖောက်ခြင်းဖြစ်သည်။  
စုစုပေါင်း (၁၅)ဦးကို နာမည်ဖော်ပြထားသည်။ နာမည်တွေကိုကြည့်တာနှင့်ဘယ်အဖွဲ့အစည်းနှင့် လူမျိုးစုထဲက အများဆုံးပါ ဝင်နေသည့်အချက်ကို  ထင်းခနဲသဘောပေါက်နိုင်သည်။
 “သစ္စာခံ”ဆိုသည့်စကားလုံးကို ၂၀၀၈ ခုနှစ်၊သြဂုတ်လတွင် ဒုတိယအကြိမ် တည်းဖြတ်ပုံနှိပ်ထုတ်ဝေသည့် မြန်မာအဘိဓာန်က “လက်အောက်ခံအဖြစ် မိမိကိုယ်ကိုအပ်နှံသည်”ဟု ဖွင့်ဆိုထားပါသည်။
ထိုသူတို့သည် သူတို့ကိုယ်သူတို့နှင့် သူတို့ကွပ်ကဲသည့်တပ်ဖွဲ့ဝင်များကိုယ်ပါ သူတစ်ပါးလက်အောက်ခံအဖြစ် အပ်နှံလိုက်ကြခြင်း ဖြစ်သည်။ ယခုအခါမှစ၍သူတို့သည် အုပ်စိုးသူအစိုးရစစ်တပ်၏ “ဂုဏ်ထူးဆောင်သစ္စာခံများ”။ “ပြန်တမ်းဝင်သစ္စာဖောက်များ” ဖြစ်သွားပြီ။ အုပ်စိုးသူအစိုးရနှင့်စစ်တပ်အပေါ်သစ္စာခံမည့်သူများ အမြင့်ဆုံးရနိုင်မည့်အဆင့်နေရာနှင့်ဆုလာဘ်ကို ဒီလိုလုပ်ရင်- ဒီလိုရမယ်ဆိုပြီး လက်တွေ့ပြသ၊ ကြော်ငြာလိုက်ခြင်းလည်းဖြစ်သည်။
တစ်ချိန်တစ်ခါက ထိုသူများသည် တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အလံလွှင့်ထူထားသည့် သက်ဆိုင်ရာလူမျိုးစုများ၏ အမျိုးသား လွတ်မြောက်ရေးတပ်မတော် သို့မဟုတ် တပ်ဖွဲ့များမှ ဦးစီးသူများဖြစ်ခဲ့ကြပါသည်။ အချို့မှာ ပင်မအဖွဲ့ကြီးမှ ခွဲထွက်ခဲ့ကြသူများဖြစ်ပါသည်။ ခွဲထွက်သည်/တစ်စင်ထောင်သည်ကို (ရန်သူ့ထံဒူးထောက်အညံ့မခံသေးသမျှ) သစ္စာဖောက်သည်ဟု ဧကန်ဧဝမပြောနိုင်သေးသော်လည်း၊ “မဟာလူမျိုးကြီးဝါဒကို လက်ရင်းထားဖိနှိပ်သူ(ဝါ)အမျိုးသားရန်သူ”ထံ ဒူးထောက်သစ္စာခံလိုက်ကြပြီဖြစ်သဖြင့် သူတို့ တစ်ချိန်က သစ္စာတည်ဖူးခဲ့သော တန်းတူရေးနှင့်လွတ်မြောက်ရေးတိုက်ပွဲဝင်မှုကိုမူ တိတိလင်းလင်း သစ္စာဖောက်သွားကြပြီဟုပြောလို့ရပါသည်။
သူကောင်းပြုရခြင်း၏ရည်ရွယ်ချက်ကို ကာချုပ်ဗိုလ်မင်းအောင်လှိုင်က ဤသို့ပြောပါသည်။
“နိုင်ငံတော်နှင့်တပ်မတော်အပေါ်တွင် သစ္စာရှိရှိနှင့် ရိုးသားဖြူစင်စွာတာဝန်ထမ်းဆောင်ခဲ့ကြသော နယ်ခြားစောင့်တပ်များ၏ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ဝင်များအား ဂုဏ်ထူးဆောင်ပြန်တမ်းဝင်အရာရှိများအဖြစ် ထိုက်ထိုက်တန်တန်ချီးမြှင့်ခန့်အပ်” ခြင်းဖြစ် သည်။ ၅ နှစ်တာမျှဖြတ်သန်းစေပြီးနောက် ဤသို့ယုံယုံမှတ်မှတ် ခန့်အပ်ခြင်းလည်းဖြစ်လိမ့်မည်။
၂၀၀၉ ခုနှစ်၊ ဧပြီလ ၂၈ ရက်မှ စ၍ တပ်မတော်ကွပ်ကဲမှုအောက် နယ်ခြားစောင့်တပ် (BGF)နှင့် ပြည်သူ့စစ်အဖြစ် အသွင်ကူး ပြောင်းရေးဆောင်ရွက်ခဲ့ပြီး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို နယ်ခြားစောင့်တပ် ၂၃ တပ်နှင့်အသွင်ပြောင်း ပြည်သူ့စစ် (ဌာနေ) အဖွဲ့ ၈၄ ဖွဲ့ အဖြစ် ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားပါသည်။
ထို့အပြင် ဖက်ဒရယ်တပ်မတော်မတော်(ဝါ)ပြည်ထောင်စုတပ်မတော်အဖြစ် ပြောင်းလဲရေးပြောဆိုနေမှုများကို လက်မခံနိုင်ကြောင်း ကာချုပ်ဗိုလ်မင်းအောင်လှိုင်က အတိအလင်းပယ်ချလိုက်ပြီး၊ ၂၀၀၈ အခြေခံဥပဒေနှင့် ပုဒ်မ ၃၃၈ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး စစ်တပ်ကွပ်ကွဲမှုအောက်ရှိရမည်ဟုလည်း ထပ်မံသတိပေးသွားခဲ့သည်။
သမိုင်းဖြစ်ရပ်များကို လိုသလိုအသုံးချပြီး လိမ်ညာဖုံးကွယ်ပြောဆိုသွားသည့်အချက်များလည်း ကာချုပ်ဗိုလ်မင်အောင်လှိုင် ပြောဆိုမှုထဲတွင် ပါရှိနေပါသည်။
ပထမအချက်အနေဖြင့်“တိုင်းရင်းသားများထဲမှ ဦးစီးချုပ်တာဝန်ထမ်းခဲ့သူများရှိသကဲ့သို့ တိုင်းမှူးနှင့်အထက်အဆင့်မြင့်တာဝန် ထမ်းဆောင်နေသူများထဲတွင်လည်း တိုင်ရင်းသားများပါရှိသည်” ဆိုသည့်အချက်ဖြစ်သည်။
ဤအချက်မှာ ပထမဆုံးကာချုပ် ဗိုလ်ချုပ်စမစ်ဒွန်းကို ရည်ညွန်းခြင်းဖြစ်ပုံရသည်။ ဗိုလ်ချုပ်စမစ်ဒွန်းသည် ၁၉၄၈ ဇန်နဝါရီ ၄ ရက်မှ - ၁၉၄၉၊ ဇန်နဝါရီ ၃၁ ရက် ထိ သာ ကာချုပ်လုပ်ခဲ့ရသူဖြစ်ပြီး၊ KNDO ပုန်ကန်မှုဖြစ်ပေါ်လာသောအခါ အုပ်စိုးသူများက ဖယ်ရှားခဲ့ပြီး ဗိုလ်နေဝင်းအား ကာချုပ်တင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ထိုစဉ်က စစ်တပ်ထဲရှိကရင်လူမျိုးစစ်ဗိုလ်စစ်သားများကို “ခွင့်ရက်ရှည် ပေးသည့်နည်း” ဖြင့် လက်ရှိရာထူးတာဝန်မှ  စစ်တပ်ထဲမှ ပ ထုတ်ခဲ့ကြသည်။
စစ်တပ်တွင် ဗိုလ်နေဝင်း ကာချုပ်ဖြစ်လာပြီးနောက် မည်သည့်တိုင်းရင်းသားလူမျိုးမျှ ကာချုပ်ဖြစ်မလာခဲ့တော့သည်မှာ ယနေ့ အထိပင် မဟုတ်ပါလား။ ကာချုပ်ဖြစ်လာသူသည် မည်သည့်တိုင်းရင်းသားဖြစ်သည်/မဖြစ်သည်ဆိုသည့်အချက်ထက် “ငါ့ကိုသာ အရှင်ဟု မှတ်၊ ငါ့မိဖုရား၊ ငါ့သားတော်သမီးတော်ကိုသာ အရှင်ဟုမှတ်၊ ငါ့မြေးတော်အဆက် မြစ်တော်အညွန့်ကိုသာ အရှင်ဟုမှတ်” ဆိုသည့် စကားအတိုင်း စစ်အုပ်စုထိပ်သီး ဗိုလ်နေဝင်းအပေါ်သစ္စာရှိဖို့သာ ပဓါနဖြစ်တော့သည်။ ဗိုလ်နေဝင်းသြဇာမကိုက်သူများသည် ကာချုပ်ဘဝမှပင် အကြောင်းအမျိုးမျိုးပြပြီး  ဖယ်ထုတ်ခြင်းကိုခံခဲ့ကြသည်။ ယနေ့ ကာချုပ်ဗိုလ်မင်းအောင်လှိုင်သည်လည်း ယနေ့ စစ်အုပ်စုထိပ်သီး ဗိုလ်သန်းရွှေအပေါ်ကျိုးနွံသူ၊ သစ္စာခံသူဖြစ်၍သာ ကာချုပ်ဖြစ်လာရသည် မဟုတ်ပါလော။
ဒုတိယအချက်မှာ ၁၉၈၈ စက်တင်ဘာလ ၁၈ ရက် စစ်တပ်ကအာဏာသိမ်းပြီးနောက် ချမှတ်ခဲ့သော (နဝတ) စစ်အစိုးရ၏ ကြေညာချက်အမှတ် (၁/၈၈) တွင်ပါရှိသော “တာဝန်ကြီး ၄ ရပ်” အား “တာဝန် ၃ ခု” အဖြစ် လိမ်ညာဖုံးကွယ်၍ပြောဆိုသည့်အချက် ပင်ဖြစ်သည်။ လိမ်ညာဖုံးကွယ်ထားသည့် အချက်မှာ “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပေးရေး”ဆိုသည့် တာဝန်ပင် ဖြစ်သည်။ ဤအချက်ကိုဖုံးကွယ်ရသည်မှာ “၁၉၉၀ ရွေးကောက်ပွဲရလဒ်” အား ဖုံးကွယ်ရန်အတွက်ဖြစ်သည်။ စစ်အုပ်စုက ဗိုလ်ချုပ်မှူး ကြီးစောမောင်အား ဖယ်ရှားခဲ့ရသည့်အချက်မှာ ဤအချက်ကြောင့်ပင်မဟုတ်ပါလား။ စစ်အုပ်စုသည် သူတို့အကျိုးမရှိလျှင် ကာချုပ်ကိုပင် ဖြုတ်ချရန်ဝန်မလေးချေ။ သူတို့၏အခြေခံလော့ဂျစ်မှာ သူတို့အပေါ်သစ္စာခံသူကို သူကောင်းပြုပြီး။ ဖီဆန်၊ အာခံတော်လှန်သူများကို အမြစ်ပြုတ်ချေမှုန်းမည်သာဖြစ်သည်။
ယခုအခါ သစ္စာခံသူများသည် ပြန်တမ်းဝင်ဖြစ်ခဲ့ကြပြီ။

ညွန်း
-       မြဝတီသတင်းစာ၊ ၂၀၁၄ ခုနှစ်၊ မေလ ၆ ရက်
-       တိုင်းကျိုးပြည်ပြု၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ဆောင်ရွက်ချက်သမိုင်းဝင်မှတ်တမ်း (၁၉၈၈ - ၁၉၉၁)


0 comments:

Post a Comment