Sunday, December 15, 2019

(သိန်းဆုကြီးများ ပေါက်စေ့ချင်)

0 comments
(သိန်းဆုကြီးများ ပေါက်စေ့ချင်)
ကျနော် ထီမထိုးဖူးဘူး၊ ချဲ တကျပ်တန် ဆယ်ကွက်ထိုးဖူးတယ်၊ မပေါက်ဘူး၊ မထိုးတာက ကံကို ယုံလို့မယုံလို့လည်း မဟုတ်ဘူး၊ ထိုးပြီး မပေါက်ရင် ချွေးနှဲစာလေး နှမြောလို့။
ဗမာပြည်နေတုန်းက ကျနော်တို့ အိမ်ဘေးက အထက်တန်းပြကျောင်းဆရာအကိုကြီး ထီထိုးသလားမမေးနဲ့၊ ထီဖွင့်ချိန်ရောက်လို့ သူ ထီတိုက်ပြီးတယ်ဆို ထီပေါက်စဉ်ရော ထီလက်မှတ်တွေရော ကျနော်တို့အိမ်ဘေးက ရေမြောင်းထဲမှာ ပွစာကြဲလို့၊ အဲ့အကိုကြီးက အသက်ကြီးမှ ဘီအီးဒီနဲ့ကျောင်းပြီးတာ၊ ကျောင်းဆရာဝင်လုပ်တော့ စေလိုရာစေဆိုပြီး လုပ်ချလိုက်တော့ သွားရော့လဟယ်ဆိုပြီး ကချင်ပြည်နယ် အစွန်အဖျားဆုံးကမြိ့ုပိစိကွေး လဟယ်ကို တကယ်ရောက်သွားတယ်၊ လဟယ်မှာ သုံးလေးနှစ်နေပြီးတော့ ရန်ကုန်ပြန်ရောက်တယ်၊ ရောက်ရောက်ချင်းပဲ အထက်တန်းပြရာထူးနဲ့ လှည်းကူးကျောင်းမှာ ပို့စ်တင်န်းကျတယ်၊ လဟယ်ကနေ လှည်းကူးပေါ့။
အဲ့အကိုကြီးက အသက်ကြီးမှ ဘွဲ့ရသလို အသက်ကြီးမှလည်း အိမ်ထောင်ကျတာ၊ သူ့ချစ်သူ အပျိုကြီးကလည်း သူ့စောင့်ရင်း အသက်တွေကြီးကုန်ကြတာ၊ အပျိုကြီးနံမယ်က ပိုပိုတဲ့။ ဈေးထဲမှာ စက်ချုပ်တယ်၊ အဲ့မတိုင်က ရက်ကန်းခတ်တယ်၊ လက်ခတ်သံလက်ခတ်သံ မလေးလက်ခတ်သံတို့ ခေတ်ကပေါ့၊ နောက်တော့ ရက်ကန်းတွေ ခေတ်ကုန်ပြီး စက်ချုပ်တာတွေ ခေတ်စားလာတယ်၊ ဒီတော့ သူလည်း စင်းဂါးလား နတ်သမီးလား မသိဘူး ခြေနင်းစက်ကလေး ဂျောက်ဂျက် ဂျောက်ဂျက်နဲ့ တကုန်းကုန်း ချုပ်ရရှာတယ်၊ အပျိုကြီးက ချောတယ်၊ အသားအရည်က ဝင်းမွှတ်နေတာ၊ မေးမှာလည်း စပယ်တင်မှဲ့လေးနဲ့၊ ရယ်လိုက်ပြုံးလိုက်ရင် ချစ်စရာသိတ်ကောင်းတယ်။ လူကတော့ ဖိုင့်တိုင့်တိုင့်ရယ်။
လူပျိုကြီး ဆရာကျောင်းက လူကပိန်ပိန် ရှည်ရှည်၊ ကလန်ကလားလို့တောင် ပြောလို့ရတယ်၊ ဆေးလိက်လည်း ဘာသောက်သလဲမမေးနဲ့ဆိုတဲ့ အတန်းထဲက၊ လဘက်ရည်ကလည်း ကြိုက်သေး၊ ဝိုင်းကောင်း လူကောင်းရင် ပိုကာလေးဒေါင်းလိုက် ရှိူးလေးဆွဲလိုက်နဲ့နေချင်တာမျိုး၊ ဖဲရိုက်တာ စီးပွားဖြစ် ရေကုန်ရေခမ်းရိုက်တာတော့ မဟုတ်ဘူး၊ ဒါပေမယ့် ထမင်းပန်ကန်ထဲ ဟင်းပုံ ဇွန်းတပ်ပြီး ခြေကို ဘုရားထိုင်တင်ပလင်ခွေ ထိုင်ရင်း ထမင်းခပ်လိုက် ဖဲဆွဲလိုက်နဲ့ နေကုန်နေခမ်းရိုက်တာ၊ မထတော့ဘူး၊ တခါများ နွေရာသီကျောင်းတွေပိတ်ထားတုန်း မတင်အေး+ကိုရှိန်တို့အိမ်မှာ ချိန်းဝိုင်းကောင်းကောင်းနဲ့ သုံးရက်လောက် မထတမ်းဆက်တိုက်ရိုက်လိုက်တာ ပြန်လည်းထရော ချိသလိုတောင်ဖြစ်သွားတယ်၊ လီနမင်တွေလူးကြ ဝိုင်း နင်းဟနှိပ်ဟလုပ်တော့မှ အီးအီးအားအားအော်ပြီး ခြေဆန့်လို့ ပြန်မတ်တပ်ရပ်လို့ရသွားတာ၊။
မတင်အေးတို့ ကိုရှိန်တို့ကလည်း စစ်တပ်ယဉ်တန်းတွေနဲ့ ဆီမှောင်ခို ဓာတ်မြေသြဇာတို့ ဆန်တို့ မှောင်ခိုချနေတာ၊ သူတို့လိုက်တဲ့စစ်ယဉ်တန်း အင်ချပ်ဂျ်က နံမည်ကျော် ဘောလုံးသမားဟောင်း ဗဟာဒူး၊ သူက အဲ့အချိန်က ထောက်ပို့တပ်ထဲမှာ ၃ ပွင့်ရာထူးနဲ့ ပင်စင်သွားကာနီးဖြစ်နေပြီ၊ မင်္ဂလာဒုံ၊ မှော်ဘီ စတဲ့ ထောက်ပို့တပ်တွေကပစ္စည်းတွေကို ရှမ်းပြည်ဘက်ပို့ရတယ်၊ အဲ့ဒီယဉ်တန်းတွေက အမြဲလိုလိုရှိတယ်၊ ဒီတော့ မတင်အေးတို့က ထောက်ကြန့်ကနေ ဆီတွေဆီတွေ ပေပါလိုက်ကြီးတွေ၊ ဆန်တွေ ဓာတ်မြေသြဇာတွေ အိပ် ရာချီပြီး အဲ့ဒီ စစ်ယဉ်တန်းတွေနဲ့ ရှမ်းပြည်ကိုပို့တာ၊ စစ်ယဉ်တန်းဆိုတော့ လမ်းမှာ အေးဆေးပဲ၊ ဘာစစ်ဆေးရေးဂိတ်မှ မှူစရာမလိုဘူး၊ အပြန်လည်း ပြန်ကုန်တွေ ပါပါလာတယ်၊ တရုတ်လုပ် ဓာတ်ဗူးတို့ လေသေနတ်တို့ စက်ဘီးတို့ ပေါင်းအိုးတို့ ၆ လုံး ၆ ပြား တီးဆက်တို့လိုဟာတွပေါ့၊ သွားကုန်ပြန် စစ်ယဉ်တန်းနဲ့ မှောင်ခိုကုန်ကူးနေကြတာ၊ ဒါပေမယ့် ချမ်းသာသလားဆိုတော့ မချမ်းသာကြဘူး၊ ရတာနဲ့ပြန်ပေးရတာကိ ထေမိတယ်ဆိုရံပဲ၊ အိမ်စားရိတ်လုံရုံလောက်ပဲ၊ ပေးရတာကလည်းကြည့်ဦး ရဲရော၊ ရပ်ကွက်ကောင်စီရော၊ ပါတီယူနစ်ရော ဘာမှမကျန်ဘူး။
အဲ့ဒီ မတင်အေးတို့အိမ်မှာက ဖဲဝိုင်း အမြဲလိုလိုရှိတယ်၊ တခါတလေလည်း လက်ကြီးသမားတွေ လာလာကစားတတ်တယ်၊ များသောအားဖြင့်တော့ ရှူံးတရာ နိုင်တရာလောက်ဝိုင်းပါ၊ လက်ကြီးတွေလာတယ်ဆို ရပ်ကွက်ကောင်စီကို ဆက်ကြေးပေးရတယ်၊ ဗဟာဒူးက ပြောမယ့်သာပြောတာ အရက်သာ နင်းကန်သောက်တာ ဖဲကျ ယောင်လို့တောင် ဝိုင်းနားမလာဘူး။ တရက် ကျနော်လည်း ပိုကာဒေါင်းမယ်ဆိုပြီး အဲ့အိမ်သွားတော့ ဗဟာဒူးက အိမ်ဦးခန်းမှာ မူးနေတယ်၊ ကျောင်းဆရာက အတော်ပဲ တအိမ်လိုနေတာနဲ့ဆိုပြီး ကျနော့်ကို သူ့ဘေးခေါ်ထိုင်ခိုင်းတယ်၊ ကျနော်က လက်တဘက်တည်းဆိုတော့ ဖဲကိုင်ရင် ပြတ်နေတဲ့ ညာခြေထောက်ကိုထောင် အဲ့ဒီခြေပြတ်ဒူးဂေါင်းပေါ် ဖဲ ၁၃ ချပ်ကို လက်ပြတ်နေတဲ့ဘက်က တံတောင်နဲ့ မှေးဖိပြီး ဘယ်လက်နဲ့ ဖဲဆွဲဖဲပစ် လုပ်ရတာ၊ ဆိုတော့ ဖဲမလုံဘူး၊ အထက်အိမ်အောက်အိမ်က ကျနော့်ဖဲကို မြင်ရတယ်၊ ကျောင်းဆရာက စည်းရှိတော့ ကျနော့်ဖဲကို ဘယ်တော့မှ ယောင်လို့တောင် ခိုးမကြည့်ဘူး၊ သူဆွဲစရာရှိဆွဲ ပစ်စရာရှိပစ်တာပဲ၊ သူ့ဖဲအထိုင်ပေါ်ကနေ သူ့ဟာသူကစားတာမို့ ဖဲကိုရိုးရိုးသားသား ကစားတယ်လို့ပြောရမှာပဲ။
နောက်တော့ မတင်အေးတို့လည်း ဘယ်သူ လက်ထောက်ချလို့လည်း မသိဘူး၊ မှောင်ခိုကုန်တွေမိပြီး အချုပ်ရောက် ရုံးရောက်ဂါတ်ရောက်တွေ ရောက်ကြတယ်၊ တယောက်ပြောတာတော့ ရပ်ကွက်ကောင်စီကို ဆက်ကြေးပေးတာ မမျှရာကနေစတာလို့ကြားတာပဲ၊ ဗဟာဒူးတို့ လူသိုက်လည်း သိတ်မလာတော့ဘူး၊ အလာကျဲသွားတယ်၊ နောက်တော့ ရှစ်ဆယ့်ရှစ်တွေဘာတွေဖြစ်၊ ကျနော်လည်း ထောင်ထဲတွေ ဘာတွေရောက်၊ မတင်အေးတို့လည်း စီးပွားတွေဘာတွေပျက်၊ ကလေးတွေလည်း အိမ်ထောင်ကျ ဘာညာနဲ့ အအုပ်အစည်းပြည်သွားတယ်၊ ကျနော်တို့လမ်းထဲက အိမ်ကိုရောင်းပြီး ဟိုးရွာစွန်ရွာဖျားမှာ တဲလေးထိုးပြီး လင်မယားနှစ်ယောက် သွားနေကြတယ်ဆိုလား နားစွန်နားဖျားတော့ကြားတာပဲ။
ကျနော်ထောင်ထဲရှိတုန်းပဲ အခုနပြောတဲ့ ကျောင်းဆရာလူပျိုကြီးလည်း သူ့ငယ်ချစ် စက်ချုပ်သမအပျိုကြီးနဲ့ ယူကြတယ်၊ အဲ့အချိန်မှာ အပျိုကြီးက ကျန်းမာရေးသိတ်မကောင်းတော့လို့ စက်လည်းမချုပ်နိုင်တော့ဘူး၊ ကျောင်းဆရာလခလေးနဲ့ လင်ကိုယ်မယား အဝတ်အစားလည်းအယားပြေ အနေအထိုင်လည်း အတော်လေး ကသီလင်တနိုင်ကြတယ်ကြားတာပဲ။
နောက်ပိုင်း ကျနော်ထောင်က လွတ်တော့ ကျောင်းဆရာကလည်း အထက်တန်းပြဘဲ၊ အပျိုကြီးလည်း ပိန်လိန်ပြီး မီးယပ်ပိန်မီးယပ်ခြောက်ဖြစ်နေတာတွေ့တယ်၊ စိတ်ထဲမကောင်းဘူး၊ သူ့တချိန်တုန်းက အလှအပတွေ ဘယ်ရောက်ကုန်မှန်း မသိအောင်ကို မွဲခြောက်သွားတော့တာမျိုးမဟုတ်လား၊ ကျနော်ကတော့ သူတို့အိမ်ရှေ့ကဖြတ်တိုင်း ကျောင်းဆရာကိုရော ပိုပို့ကိုပါ မြင်တိုင်းနှူတ်ဆက်ပါတယ်၊ ကျနော့်တော့ သူတို့က သိတ် စ နှူတ်မဆက်ရဲဘူး၊ ကျနော်စနှူတ်ဆက်တောင် အော် အေး အင်းအင်းနဲ့ပြီးတာ များတယ်၊ အဲ့ဒီခေတ်က နိုင်ငံရေးနဲ့ထောင်ကျပြီး ပြန်လွတ်လာရင် ဘယ်သူ့မှ အမေးအထူးအခေါ်အပြော မလုပ်ဝံ့ကြဘူးမဟုတ်လား၊ တချို့ ငယ်သူချင်းတွေကို တစိမ်းပြင်ပြင်ကိုဖြစ်သွားတာ၊ တချို့မိတ်ဆွေတွေဆို လူမြင်ရင် တစ္ဆေမြင်သလို ထွက်ကိုပြေးတာ၊ မတော်လို့ မျက်နှာချင်းတွေ့တောင် မသိချင်ယောင်ဆောင်ပြီး ရှောင်ထွက်သွားကြတာမျိုးမဟုတ်လား၊ ဒီတော့ ကျောင်းဆရာရော ပိုပိုရောရဲ့ ကျနော့်အပေါ် ပြောင်းလဲသွားပုံကို ကျနော်နားလည်လို့ရတယ်၊ စိတ်ထဲတော့ မကောင်းဘူးပေါ့လေ။
အခု အမေ အမေရိကားရောက်မှပြောတာတွေထဲမှာ ပိုပိုဆုံးတယ်လို့ပါသလိုပဲ။ ပြန်မေးရဦးမယ်၊ ကျောင်းဆရာကတော့ ရှိသေးတယ်တဲ့၊ အရင်လိုပဲ ဆေးလိပ်လက်ကြားကမချ လဘက်ရည်ဆိုင်ထိုင်နေတုန်းတဲ့၊ ထီတော့ ထိုးနိုင်သေးရဲ့လားမသိဘူး၊ ထီစျေးတွေကလည်း ခေါင်ခိုက်နေတာမဟုတ်လား၊ တကယ်လို့ သူ ထီမထိုးတော့ဘူးဆိုရင် ကျနော့်လို မပေါက်ရင် ချွေးနှဲစာနှမြောလို့တော့ မဖြစ်နိုင်ဘူး၊ ဖြစ်ချင်းဖြစ် ထီစျေးကြီးလို့ပဲနေမှာ၊ ကျောင်းဆရာကို သိန်းဘယ်နှသောင်းဆုဆိုလဲ အဲ့ဒီအကြီးဆုံးဆုကြီးပေါက်စေ့ချင်တယ်၊ ပေါက်ရင် သူဘာလုပ်မလဲတော့ မပြောတတ်ဘူး။
မျိုးမြင့်ချို
ဒီဇင္ဘာ ၁၅၊ ၂ဝ၁၉

0 comments:

Post a Comment