Friday, December 27, 2019

ကျွန်တော်တွေးမိသလို ရေးပါမည် (၃၈၇) မောင်အောင်မွန် (ဝင်းအောင်ကြီး)

0 comments
ကျွန်တော်တွေးမိသလို ရေးပါမည် (၃၈၇)မောင်အောင်မွန် (ဝင်းအောင်ကြီး)
( ၅ ရက်ကျော်အချိန်ယူ ရေးသားထားသည်ကို ၅ မိနစ်လောက် အချိန်ပေးဖတ်ကြည့်ပြီးမှ စာဖတ်သူ၏ ကွန်မင့်ရေးရန် မေတ္တာရပ်ခံပါသည်)
Christmas နှင့်ကျွန်တော်
(၁)
ကျွန်တော်သည် ဘာသာရေးကိုင်းရှိုင်းသော အစဉ်အလာကို လေးစားသော မိဖနှစ်ပါးမှ မွေားဖွားသည့် ဆင်းရဲသား တောသားဖြစ်ပါသည်။ ကျွန်တော်တို့ရွာတွင် လူမျိုးမတူ ဘာသာကွဲပြားကြသူချင်း အေးချမ်းစွာ အတူနေထိုင်ကြ၏။ ကျွန်တော့်ကလေးဘဝ ရွာတွင် ခရစ်ယာန်ဘာသာဝင် ရယ်လို့ရှိမရှိ အတိအကျမသိခဲ့ပါ။
(၂)
ပြည်တွင်းစစ်ကြောင့် ၁၉၄၉ ခုတွင် ပဲခူးသို့ကျွန်တော်တို့ မိသားစုထွက်ပြေးလာခဲ့ကြရသည်။
အေဘီအမ်ကျောင်း ( American Baptist Mission School) တွင်နေရ၏။ ကျောင်းကြီးကို
အမြောက်တပ်ကသိမ်း စစ်သားများနေထိုင်နေကြ၍ တဲထိုးကာစာသင်ကြရသည်။ အတန်းပိုင်ဆရာမ ဒေါ်ထွန်းရင်သည် ကရင်အမျိုးသမီးကြီး၊ ကျွန်တော့အမေလိုခပ်ဝဝမို့ချစ်၏။ မနက်တိုင်း ဝတ်ပြုဆုတောင်း၏။ မှတ်မိသလောက်” အို--အဘဘုရားသခင်၊ ဤအတန်းထဲရှိ ကိုယ်တော်၏ သားသမီးငယ်များအား လိမ္မာသူများ ဖြစ်စေတော်မူပါ၊ သင်ကြားပို့ချသော သင်ခန်းစာများကိုလည်း လွယ်ကူစွာတတ်မြောက်၊မှတ်မိနိုင်သူများဖြစ်ရေး ကိုယ်တော်စောင့်ရှောက်တော်မူပါ-- “ စသဖြင့် ဆုံးသွားလျှင် ခေါင်းငုံ့နေကြသော အတန်းသားများက အားမင်း ဟုဆိုကြရ၏။
ရွာစာသင်ကျောင်းတုန်းက သြကာသ--ကြကာသ ကာယကံ ၀စီကံ--စသဖြင့် မနက်တိုင်းဘုရားရှိခိုး ခဲ့ရသလိုပါပဲ။ ထို့နောက် ကျောင်းစာများကိုသာလျှင် ဆက်သင်သွားသည်။ သာသနာပြုကျောင်းဆိုသော်လည်း ခရစ်ယာန် ဘာသာအကြောင်း မသင်မပို့ချပါ။ ပြောဆိုခြင်းလည်းမပြုပါ။
ကျောင်းနှင့်ကပ်လျက် တစ်လမ်းခြား၌ Baptist Church ခေါ် ဘုရားရှိခိုးကျောင်းရှိသည်။
Sunday School ဟုခေါ်ကြသည့် တနင်္ဂနွေနေ့ ဘာသာရေးသင်တန်းကမူ စိတ်ဝင်စားသော ခရစ်ယာန်ကျောင်းသား များပင်လျှင် တက်ချင်မှတက်၏။ ကျောင်းပိတ်ရက်မို့ လာသူသိပ်မရှိလှပါ။ ကျွန်တော်ကမူ သိချင်၍ မကြာခဏရောက်သွားတတ်သည်။
ယေရှုခရာစ်တော် မွေးဖွားတော်မူသော ဒီဇင်ဘာလ(၂၅) ရက်နေ့ကို Christmas နေ့ဟုခေါ်ပုံအစချီ၍ ပြောပြသည်ကို စိတ်ဝင်စားစွာသိလိုက်ရ၏။ ရောင်စုံ Post Card လှလှလေးလည်းရခဲ့၏။ ခပ်လှမ်းလှမ်းတွင် Chinese Methodist Church ရှိ၏။ ဖြတ်သွား ဖြတ်လာ၊ အထဲသို့မူ မရောက်ဖူးပါ။
Christmas ကိုတော့ သိခဲ့ကြားဖူးခဲ့လေပြီ။
(၃)
၁၉၅၃ ခုနှစ်တွင် ကျွန်တော် ရန်ကုန်တက္ကသိုလ်ရောက်သည်။
ကမ္ဘာသစ်တစ်ခုသို့ ရောက်သွားသည့်အလား တောသားကျွန်တော့်အဖို့ အသစ်အဆန်းတွေ တွေ့မြင်လိုက်ရလေပြီ။ ဦးစွားသတိထားမိသည်ကား လူမျိုးကသပ်သပ် ဘာသာကသီးခြားဆိုသည့် အချက်ပါ။ ဗုဒ္ဓဘာသာဝင်များအနက် ဗမာများသာမက မွန်၊ ရခိုင်၊ ရှမ်း၊ ပအို့ဝ်စသဖြင့်၊ အလားတူ အစ္စလမ်ဘာသာဝင်တွေထဲ၌လည်း တရုတ်နွှယ်တွေ၊ ရှမ်းတွေ၊ မြိတ်ဘက်ကပသျှူးနွှယ်တွေ၊ ရခိုင်တွေ--။
ခရစ်ယာန်တွေထဲမှာလည်း ကျွန်တော်သိထားသည့် Baptist, Methodist အပြင် Catholic, Anglican စသဖြင့် မျိုးမျိုးရှိပြန်ရော၊ အံ့ကိုသြ။ သို့သော်လည်း သူတို့အားလုံး Christmas နေ့ကျင်းပကြသည်။ အကြိုည၌ လှည့်လည်၍ ဓမ္မတေးဆိုကြသည်ကိုလည်း ကြားဖူးမြင်ဖူးလိုက်၏။ သက်ဆိုင်ရာ ဘုရားရှိခိုးကျောင်း (Church) များသို့ သွားရောက်ဝတ်ပြုကာ အဓိပ္ပါယ်ရှိ အနှစ်သာရပြည့်ဝစွာ ကျင်းပကြပုံကိုမြင်တွေ့ရသည်။
တက္ကသိုလ်နယ်မြေအတွင်း ပါမောက္ခများကလည်း ဗုဒ္ဒဘာသာ၊ ခရစ်ယာန်၊အစ္စလမ်စသဖြင့် စုံသကိုး။
မောင်မယ်သစ်လွင်နေ့တွင် ပါမောက္ခချုပ် ဒေါက်တာထင်အောင်က တက္ကသိုလ်ကျောင်းသားဟူသည် Gentleman ဆိုသည့် စကားတစ်ခွန်းနှင့်ပင် လိုသည်ထက်ပိုနေပါပြီ။ အားလုံးအေးအတူ ပူအမျှ သဟဇာတရှိရှိ နေထိုင်နေကြပြီမို့ နောက်ထပ် ဟောပြောပွဲ၊ နှီးနှောဖလှယ်ပွဲ ရယ်လို့မလိုတော့ပါ။
ထိုစဉ်က ရန်ကုန်တက္ကသိုလ်၌ ကျင့်သုံးသော ယဉ်ကျေးမှုအဆင့်အတန်း ( Standard of Culture) သည် ကမ္ဘာအဆင့်မီဟု ကျွန်တော်ရဲဝံ့စွာ အာမခံပြောကြားနိုင်၏။
(၄)
၁၉၅၉ ခု၊ အောက်တိုဘာလတွင် ကျွန်တော်မြန်မာ့အသံ၌ အလုပ်ရသည်။
လူမျိုးစုံ အထူးသဖြင့် တိုင်းရင်းသား အစီအစဉ်များနှင့် ဘာသာစုံနှင့် ကြုံရပြန်သည်။ အပြန်အလှန် လေးစားမှု (Mutual Respect) နှင့် ခင်မင်လေးစားစွာ လုပ်ကိုင်ကြသည်ကို ဌာနတိုင်းတွင် တွေ့မြင်နေရ၏။ ခရစ်ယာန်ဘာသာဝင်တို့ Christmasနေ့မြတ်ကို တလေးတစားကျင်းပကြသည်။ပျော်ပွဲရွှင်ပွဲသက်သက်မဟုတ်။
(၁၉၆၅-၆၈) ခုအတွင်း ဆိုဗီယက်ယူနီယံတွင် ဘာသာမဲ့တွေကြား အလုပ်သွားလုပ်ရ၏။ ယုံကြည်သူ ယုံကြည်ရာ လုပ်ဆောင်သည်ကို နောက်ပြောင်စော်ကားခြင်း ကင်းရှင်းစေရန် တိကျပြတ်သားသော ကွန်မြူနစ် ဥပဒေက ကာကွယ်ပေးထား၏။
၁၉၆၀ ခုတွင် မြန်မာပြည်၌ ဖဆပလ နှစ်ခြမ်းကွဲပြီးနောက် တခြမ်းပဲ့က မဲရရေးအတွက် ဘာသာရေးကို အသုံးချရာကနေ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့သစ်ထပ်တိုးလာ၏။ ၁၉၆၂ခုနောက်ပိုင်း နိုင်ငံရေးပြဿနာ ပေါ်လာတိုင်း ဘာသာရေးသည် အသုံးချစရာဖြစ်လာ၏။
နိုင်ငံနှင့်သက်တန်းတူ ပြည်တွင်းစစ်မီး ပိုတောက် ပိုလောင် ပိုသေ ပိုကြေ ပိုပျက် ပိုနာကြသည်။
(၅)
(၁၉၉၂-၉၅) ခုနှစ်များအတွင်း ဘန်ကောက်မြို့၌ ကျွန်တော် အလွတ်သတင်းထောက်လုပ်၏။
ထိုင်းနိုင်ငံတွင် နိုင်ငံပေါင်း(၇၁) နိုင်ငံက စီးပွါးရေးလာလုပ်နေကြ၍၊ ကုလသမဂ္ဂ၏ အေဂျင်စီရုံးခွဲမျာရှိ၍ လူမျိုးစုံ ဘာသာစုံနှင့် ကြုံတွေ့ရပြန်ပြီ။ တစ်ကြိမ်မတော့ ထိုင်ဘုရင်က တရုတ်တန်းက ဘုန်ကြီးကျောင်းတွင် ဝါဆိုသင်္ကန်းကပ်ပွဲ သွားလုပ်သည်ကို ကျွန်တော်သတင်းရေးဖူး၏။ ဘန်ကောက်ရှိ ဘုရားရှိခိုးကျောင်း (Church) များက မြန်မာကျောင်းသားများအား ပစ္စည်းတွေ ထောက်ပံ့ကူညီနေပုံလည်း မျက်မြင်ကိုယ်တွေ့။
ဘာသာရေး သဟဇာတ မြင့်မားလှပါဘိ။
၁၉၉၅ ခု၊ အောက်တိုဘာလတွင် VOA မြန်မာပိုင်း၌ လုပ်ရ၍ Washington DC သို့ရောက်လာ၏။ ပို၍လူမျိုးစုံလင် ပို၍ဘာသာစုံလင်ဟု ဆိုရမည့်ပြည်ထောင်စုကြီးပါ။ လွတ်လပ်ခွင့်ရှိသော်ငြားလည်း အမုန်းပွါးစေမှု (Hate Crime) ဆိုလျှင် ပြင်းထန်စွာအရေးယူ အပြစ်ပေးသည်။
ကျွန်တော်လာနိုင်ရေး ဘန်ကောက်တွင် လာရောက်ဆွေးနွေး ကူညီသူသည် VOA ၌ East Asia and Pacific ဌာန ဒုတိယအကြီးအကဲပါ။ Christmas လက်ဆောင်အဖြစ် ဂျပန်ယွန်း လက်ဖက်ရည် ပန်းကန်စုံလေး ပေးတော့ သဘောကျလွန်း၍ ဝမ်းသာပျော်မြူးနေ၏။ သို့သော် သိပ်စျေးကြီးပစ္စည်းလော--၊ သူ့အထက်က အကြီးအကဲအား ပြကြည့်ပြီးတော့ US $25. ထက်ကျော်လျှင် လာဘ်ယူသည်ဟု ဥပဒေကတားမြစ်ထား၍ မယူရဲပဲ ပြန်ပေးသည်။
ချောကလက်လေးပဲ ပေးပါဝင်းအောင်ရာဟု ဆိုရှာ၏။
အခြားခင်မင်သော ကျေးဇူးရှင် ခရစ်ယာန်ဘာသာဝင် များစွာရှိသေးသည်။ အလုပ်ခွင်တွင် ပြောနေကျ Merry Christmas ဆိုတာလောက်မကသေးပဲ Christmas Card ပို့တန်ပို့ လက်ဆောင်ပေးသင်လျှင်ပေးရစမြဲ။ VOA မြန်မာပိုင်းမှ ဦးခင်မောင်ဝင်း၏ ဇနီး Bobby Win ဆိုလျှင် အင်မတန်ချစစရာကောင်းသော Irish အနွယ်ဝင် မျက်နှာဖြူမ၊ VOA မှအနာယူပြီးနောက် စားသောက်ဆိုင်များမှ ပိုလျှံ(အကျန်မဟုတ်) အစားအစာများ လိုက်လံယူပြီးနောက် အိုးမဲ့အိမ်မဲ့များအား သူတို့Catholic Church ကအဖွဲ့သားများနှင့် လိုက်ကျွေးနေသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။
ဦးခင်မောင်ဝင်းကို ထားရသည့် သက်ကြီးဂေဟာ အနီး၌နေထိုင်သူ Bobby Win ထံ (၂၂) ကြိမ်မြောက် တယ်လီဖုန်းဆက် Merry Christmas ဟု တလေးတစား နှုတ်ခွန်းဆက်ရ၏။ သူ့သားနှင့်ချွေးမ၊ သမီးနှင့်သမက် မြေးများစုပြီး သတိရတစ်ချက် မရတစ်ချက် ဖြစ်နေသူ ဦးခင်မောင်ဝင်းထံ သွားမည်ဟုဆို၏။ တကယ်တော့လည်း Christmas ထုံးစံမှာ မိသားစုပြန်လည် ဆုံစည်းရသည့်ပွဲ မဟုတ်ပါလား။
အမေရိကန် ဂျူးများ၏သြဇာ ကြီးမားသည်နှင့်အညီ နောက်ပိုင်း၌ Merry Christmas အစား Happy Holiday ဟုသုံးလာကြရသည်။
(၆)
မြန်မာပြည်တွင်လည်း မကြုံစဖူး ဧရာမ Christmas ပွဲကြီး Face Book ကနေမြင်လိုက်ရ၏။
ပျော်ပွဲ ရွှင်ပွဲ မီးထွန်းပွဲကြီးပမာ-- Christmas Tree တွေတသီတတန်းကြီး။ Pope ရဟန်းမင်းကြီး ကိုယ်တိုင်လည်း မြန်မာပြည်သို့ ကြွခဲ့သေးသကိုး၊ မြန်မာပြည်ရှိ ကက်သလစ်တို့ ဝမ်းသာလိုက်မည့်ဖြစ်ခြင်း။ သို့သော်လည်း ထို့သို့ကြွမလာမီ ပုဂ္ဂိုလ်တစ်ဦးက Pope ရဟန်းမင်းကြီးလိုဝတ်ကာ မိန်းကလေးနှဖူးကို လက်နှင့်ထိပြီး ပျော်ပွဲရွှင်ပွဲ လုပ်ထားပုံလည်း ထပ်တလဲလဲမြင်တွေ့နေခဲ့ရ၏။
ထိုအဆောင်အယောင်သည် မြန်မာပြည်ရှိ ကက်သလစ်တို့၊ လက်ရှိ Pope ရဟန်းမင်းကြီးပိုင်မဟုတ်၊ ဘီလျံနှင့်ချီရှိသော ကက်သလစ်တို့၏ အထွပ်အမြတ်ထားရာ ဆိုသည်ကိုမမေ့အပ်။ ယခု Christmas ပွဲကြီး ကျင်းပချိန်၌လည်း ကက်သလစ်အပါအဝင် ခရစ်ယာန်အားလုံး၏ ဘုရားသခင်ယေရှုအား နောက်လိုက် ပြောင်လိုက် လုပ်နေကြ၏။
(၇)
ဘာသာရေးဟူသည် လူတွေကို အနည်းနှင့်အများ ဆိုသလိုယဉ်ကျေးစေသည် မဟုတ်ပါလား။
မိမိ၏ ဘာသာကို တန်ဖိုးထားသလို သူတပါး၏ဘာသာကိုလည်း လေးစားရခြင်းသည်လူ့ကျင့်ဝတ်။ ဘာသာရေးသည် Sensitive ဖြစ်၏။ ပဋိပက္ခဖြစ်ရန် အင်မတန်လွယ်ကူ၏။ လွတ်လပ်ခွင့်အကြောင်းပြကာ သူတပါးဘာသာကို ပျော်ပျော်ပါးပါး စော်ကားရာကနေ မကြာသေးမီနှစ်များအတွင်း လူတွေသေကြ၊ အဖိုးတန် ရှေးဟောင်း သမိုင်းဝင် အဆောကအအုံတွေ ပျက်စီးနေရာ အဆုံးမသတ်နိုင်သေးမဟုတ်လား။
ကျွန်တော်သည် ခရစ်ယာန်ဘာသာဝင် မဟုတ်ပါ။
Christmas Party လည်းမတက်ဖူးပါ။ ဒီအချိန်ရောက်လာလျှင် သူတို့နည်းတူ ပျော်လာ၏။ ခရစ်ယာန်ဘာသာဝင် အားလုံးကိုလည်း ပျော်စေချင်၏။ ဓမ္မတေးများ ဆိုကြစေချင်၏။ Christmas လက်ဆောင်များလည်း ရကြစေချင်၏။
ယနေ့မြန်မာပြည်က Christmas ပျော်ပွဲရွှင်ပွဲနှင့် ထိုနေ့ကသတင်းကို နားထောင်ရင်း လွန်ခဲ့သည့် နှစ်(၇၀)ကျော် ကလေးဘဝက ပထမဆုံးသိခဲ့ရသည့် ယေရှုခရစ်တော် မွေးဖွားပုံကို ပြန်လည်တွေးမိကြောင်းပါ။
၂၀၁၇ ခု၊ဒီဇင်ဘာလ(၂၅) ရက်နေ့ကရေးခဲ့ခြင်းပါ။
၂၀၁၈ ခု၊ ဒီဇင်ဘာလ (၂၅) ရက်။

0 comments:

Post a Comment