Sunday, December 1, 2019

(မရှင်းကြတာများလား)

0 comments
(မရှင်းကြတာများလား)
၂ဝ၁၂ မတိုင်မီအထိ ပြည်ပရောက်ဆန္ဒပြသမားများအဖို့ ရှင်း၏။ ရန်သူမိတ်ဆွေ ပြောစရာရှိ၏။ ဆန္ဒပြပွဲကို သတင်းလုပ်ဖို့ မီဒီယာတွေက မေးလာလျှင်လည်း ဘာကိုပြ ဘယ့်သူ့ကိုပြ ဘယ့်အတွက်ကြောင့်ပြကို ဒက်ကနဲဒက်ကနဲ ချက်ကျလက်ကျ ချက်ချက်ခြာခြာပြောနိုင်၏။ တင်းတင်းရင်းရင်းလည်းရှိ၏။ ၂ဝ၁၂ တွင် NLD က ၂ဝဝ၈ ဖွဲ့စည်းပုံကို ကျမ်းသစ္စာကျိန်ဆိုပြီး လွှတ်တော်ထဲ ရောက်သွားသည်မှစ၍ သူတို့ အကျပ်စရိုက်ကြသည်ထင်၏။ သို့သော် ဆန္ဒပြစရာတွေကား ရှိနေသေး၏။ ထို့ကြောင့် အရင်ကလောက် အုံးအုံးကျက်ကျက်မရှိတော့သည့်တိုင် ပြောက်တောက်ကြားတားတော့ ပြနေကြသေး၏။
သူတို့အတွက် အတော်ကြီး ကျပ်ကျပ်တည်းတည်းဖြစ်ခဲ့ရသည့် ပြဿနာ ၂ ခုမှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကိစ္စနှင့် ပညာရေးသပိတ်စစ်ကြောင်းကိစ္စဖြစ်၏။ လက်ပန်းတောင်အရေးတွင် ဒေါ်စုက မီးခိုးဗုံးဟုပြောပြီး အစီရင်ခံစာဖတ်ပြီးပြီလား ရန်ကုန်ကလူတွေနဲ့စကားမပြောဘူးတွေဘာတွေ လုပ်ချလိုက်သည့်အခါ သူတို့တတွေ လက်ပန်းတောင်းတောင်အရေးကို စားပွဲအောက်သွင်းလိုက်ရတော့၏။
ပညာရေးသပိတ်ကိုလည်း ဗိုလ်သိန်းစိန်အစိုးရက ဖြိုခွင်းခဲ့သည်အထိ အသံခတ်ပြော့ပြော့နှင့် ပြောလို့ဆိုလို့ရနေသေး၏။ နောက်ပိုင်း ရှစ်ပူးငြိမ်းပွင့်တွေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က ဗကသကို သရက်သီးဖြင့်လည်းကောင်း ပရိုပိုဆယ်လ်ဖြစ်လည်းကောင်း အူနှုတ်သွားသည့်အခါ ဆန္ဒပြသူများ ရင်ခေါင်း ဟောင်းလောင်းပက်လက်ကြီးနှင့် ကျန်ခဲ့တော့၏။ သို့သော် ဆန္ဒပြစရာ မြစ်ဆုံကိစ္စကြီးရှိသေး၏။ တရုတ်တို့၏စီးပွားရေးစီမံကိန်းများ ရှိသေး၏။ မသီတာထွေးကိစ္စ၊ ရခိုင်ပြည်နယ်အကြမ်းဖက်မှုများ၊ ဘုန်းကြီးဆိုးတို့၏ ၉၆၉ နှင့် မဘသ၊ မိတ္ထီလာအရေးအခင်းအပါအဝင် တပြည်လုံးအနှံ့ဖြစ်ခဲ့သည့် လူမျိုးရေး ဘာသာရေးအကြမ်းဖက်မှုများတွင်တော့ သူတို့ထဲတွင် ဘယ်ဘက်မှမလိုက်သလိုလိုနှင့် စစ်အုပ်စုကို ကြိတ်အားပေးခဲ့ကြသူများရှိခဲ့၏။ လက်နက်ကိုင်တော်လှန်ရေး လုပ်ခဲ့ပါသည်ဆိုသူ၏အိမ်တွင် ၉၆၉ စတေကာ အိမ်ဦးခန်းတွင် ကပ်ထားသည်အထိဖြစ်ကြ၏။ စစ်အစိုးရတော့မကြိုက်ဘူး ဒါပေမယ့်ဆိုကာ လူမျိုးရေးဘာသာရေးစိတ်အစွဲတွေနှင့် စစ်အုပ်စုဘက် ခတ်ပင်းပင်းလေးပြောသံကြားရ၏။ တချို့က မိုက်မိုက်ကန်းကန်းကို ထောက်ခံပြောသည်အထိပင်။
မြစ်ဆုံကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က စာချုပ်ပြပါပြောနေသည့်အချိန်တွင် အသိတယောက်က ကျနော့်အား ဆန္ဒပြရန် လာနားချဖူး၏။ ဒေါ်စု နိုင်ငံတော်အတိုင်ပင်ခံဖြစ်ပြီး BRI ကိစ္စများ တရုတ်မြန်မာစီးပွားရေးစင်္ကြန်ကိစ္စများ ပီကင်းနှင့်ကြပ်ပြေးလွန်းပျံခရီးများ ချောင်းပေါက်မတတ်ဖြစ်လာသောအခါ ထိုမိတ်ဆွေလည်း နှုတ်ဆိတ်သွားတော့၏။ လက်လျှော့သွားတော့၏။
ကျနော်က အမေရိကန်ရောက်တည်းက လိုအပ်ချက်တခုအရ ရှစ်လေးလုံးနှစ်ပတ်လည်သွားတက်ရင်း နူးယော့ခ်မြိ့ုကြီးတွင် ဆန္ဒတကြိမ်ဝင်ပြခဲ့ရဖူး၏။ ဆန္ဒပြရန် လာလာအဖော်စပ်တတ်သည့်မိတ်ဆွေတချို့အား ဗမာပြည်က ထွက်ခွာလာချိန်ကစပြီး ကျနော့်တွင်ပြစရာဆန္ဒ မရှိတော့ပါ၊ ၁၉၈၈ တွင် ပြစရာရှိသမျှအကုန်ပြခဲ့ပြီးပါပြီ၊ ကျနော် အခု ဒီကနေ ဆန္ဒပြတာမဟုတ်တဲ့အလုပ်တခုခု ဘာလုပ်လို့ရမလဲကြည့်ပြီး အဲ့ဒါလုပ်တော့မယ်ဟု အပြီးပြောလိုက်တော့မှ ပြောရအတော်လက်ဝင်တဲ့လူဟုဆိုကာ နောက် ဘယ်သူမှအဖော်လာမစပ်တော့။ ဟုတ်၏ ကျနော့်တွင် ပြစရာဆန္ဒလက်ကျန် တစိုးတစေ့မှမရှိတော့။
နောက်တချက်က ပြည်ခြားပြီး ပြနေကြသည့်ဆန္ဒကို ကျနော် သိတ်နားမလည်။ အလုပ်သမားတွေ အလုပ်ရှင်ကို ဆန္ဒပြကြ၏။ ဆန္ဒပြကြတာက လုပ်ငန်းခွင်တွင်၊ စက်ရုံအလုပ်ရုံဝင်းတွင်၊ ထိုမျှနှင့် မလုံလောက်တော့မှ လမ်းပေါ်ထွက်လာပြီး အခြားအလုပ်သမားများ ပြည်သူများနှင့် လက်တွဲမိကြခြင်းဖြစ်၏။ လူထုမှာလည်း အထွေထွေ အကျပ်အတည်းကြီးများရှိနေပြီး ထိန်းချုပ်မရလောက်အောင် ခံစားနေကြရပြီဆိုလျှင်တော့ နိုင်ငံရေးလက္ခဏာဆောင်သည့် လူထုလှုပ်ရှားမှုကြီးအထိ တက်သွားတော့၏။ ခုတော့ ဆန္ဒပြသူကတနေရာ ဆန္ဒအပြခံရသူကတနေရာ။ ဒါကို ကျနော် နားမလည်တာဖြစ်သည်။ သူတို့မှာတော့ သူတို့ အကျိုးသင့်အကြောင်းသင့်တွေ အချက်အလက်တွေ အကိုးအကားတွေနှင့် ပြောစရာရှိလိမ့်မည် ယုံ၏။
ကျနော်လည်း စစ်အစိုးရ၊ စစ်အာဏာရှင်၊ စစ်ဗျူရိုကရေစီယန္တယားတွေကို မကြိုက် ဆန့်ကျင်၏။ မကြိုက်ကြောင်း ရှိသမှဆန္ဒအကုန်ထုတ်ကာ ၁၉၈၈ တွင် ကျနော်ပြခဲ့၏။ စက်တင်ဘာအာဏာသိမ်းပြီးနောက်ပိုင်းလည်း စွမ်းသမျှဆန္ဒ ပြခဲ့သေး၏။ နိုင်ငံရေးကိုလည်း ယူဂျီရော မြေပေါ်ပါတီရောလုပ်ခဲ့၏။ ကျနော့်ဆန္ဒအတိုင်းလုပ်ဆောင်မှုတို့ကား ထောင် ၁၅ နှစ်ဖြင့် နိဌိတံသွား၏။ ဤတွင် ကျနော့်မှာ ပြစရာဆန္ဒလည်း အကုန် ကုန်သွားတော့၏။ လုပ်စရာကျန်တာလေးတွေကို စုပေါင်း၍ရော တပိုင်တနိုင်ရောလုပ်၏။ ဤအထဲတွင် စာဖတ်ခြင်းနှင့် စာရေးခြင်းလည်းပါ၏။ ခု ကျနော့်ကို ဘာလုပ်နေလဲမေးလျှင် လေ့လာရေးလုပ်နေသည် စာရေးနေသည်ဟု ရဲရဲတင်းတင်းဖြေပါမည်။ အဲ့ဒါ ကျနော့်အလုပ် ဖြစ်ပါသည်။ ကျနော် စာရေးနေပါသည်။ ကျမ်းကြီးကျမ်းခိုင်တွေ စာကြီးပေကြီးတွေတော့ မဟုတ်။ တောက်တိုမယ်ရမျှ။
ဆန္ဒပြသူများ ဆန္ဒတွေ တခြိမ်းခြိမ်းပြနေတုန်း ကျနော် စာရေးစာဖတ်လုပ်သည်။ ခု သူတို့ ဆန္ဒအပြပါးလျားသွားတော့လည်း ကျနော့်အလုပ် ကျနော်လုပ်နေတုန်းပင်။ ကျနော့်အလုပ်က အပြောင်းအလဲ အတိုးအဆုတ်မရှိ။ စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရေစီယန္တယား၊ စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ကို ဆန့်ကျင်မြဲပင်။ စစ်အစိုးရနေရာမှာ စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ်အရင်းရှင် ဒါပဲ ပြောင်းသွား၏။ ဒါကလည်း စစ်အစိုးရ ပျောက်နေချိန်ဖြစ်သဖြင့်ဖြစ်၏။
သူတို့ဘက်မှာ ဘာတွေ ပြောင်းသွားလည်း မပြောင်းသွားလည်းကတော့ သူတို့ပြောနေဆိုနေတာတွေကြည့်၍လည်းကောင်း သူတို့ ရပ်တည်ချက်နှင့် ကိစ္စတခုခြင်းအပေါ် သူတို့ရပ်ခံချက်များကိုမြင်ရ၍လည်းကောင်း အထိုက်အလျှောက် ခန့်မှန်းမိ၏။ ဆဝါးမိ၏။ ဒီအပေါ်မှာလည်း ပြောစရာမရှိ။ လူဆိုသည်မှာ ဘဝကပြဌာန်းလိုက်သည့်အသိအတိုင်းသာ တွေးခေါ်မြော်မြင်ကြသည်မဟုတ်လား။ ထိုပြဌာန်းချက်အတိုင်းသာ လိုက်လျှောက်ကြသည်မဟုတ်လား။
သို့သော် သူတို့တွင် အရင့်အရင်ဆန္ဒပြပွဲတွေနှင့်မတူသော သိသာသည့် ခြားနားမှုတခုကိုကားတွေ့၏။ ထိုအရာကား မီဒီယာများနှင့် အမေးအဖြေလုပ်သည့်အခါတွင်ဖြစ်၏။ အရင်က ရှင်း၏။ ရန်သူ မိတ်ဆွေ ကြားလူရှိ၏။ ယခုကား ထိုသို့မဟုတ်တော့ပြီ။
အထူးသဖြင့် ယခု စစ်အုပ်စု ငယ်ထိပ်မြွေပေါက်နေသည့် ရခိုင်ရိုဟင်ဂျာကိစ္စတွင် ပိုသိသာ၏။ ကိစ္စကြီး၏ စလယ် ဆုံးကို လူတိုင်းသိပြီးသားဆိုသော်ငြားလည်း ဒေါ်စုပါလာသည့်ဇာတ်လမ်းက ခုမှစခါစရှိသေး၏။ ဒေါ်စုမပါခဲ့ပါက ဘယ်သို့ဖြစ်မည်ကို မတွေးတတ်သော်လည်း ပါလာခဲ့သဖြင့် ဆန္ဒပြသမားတွေ လမ်းပေါ် တခါထွက်ကြပြန်၏။ သိတ် မာမာချာချာကြီးတော့မဟုတ်။ ထုံ့ပိုင်းထုံ့ပိုင်းလည်း ဖြစ်နေတာတွေ့ရ၏။ အရင်လို ဟုန်းကနဲ့ ထကြွလာတာမျိုးမဟုတ်။ ရှေ့နောက်ကြည့်နေကြ၏။ မီဒီယာတွေက မေးတော့လည်း ဟိုး အရင့်အရင်တွေတုန်းကလို တင်းတင်းရင်းရင်း ချက်ချက်ခြာခြာနှင့် တိတိပပ မပြောသာတော့။ သွယ်ဝိုက်ကွေ့ပတ်ပြောနေကြရ၏။ အပြောတွေ မရှင်းတော့။ သူတို့နှုတ်ထွက်စကားတို့သည် သူတို့တကယ့်ဆန္ဒအမှန် ဟုတ်မဟုတ်ကလည်း ယတိပြတ်ပြောဖို့ခက်နေ၏။ ဝေခွဲရ ခက်၏။ သူတို့ရင်ထဲ တကယ် ဘာရှိနေသလဲက အပြင်ကမြင်ရဖို့မလွယ်။ ပြောစကားတွေက ဝေ့လည်ကြောင်ပတ်တွေ ဖြစ်နေ၏။ လိုရင်းမရောက်။ အင်္ဂလိပ်လိုတော့ Beat about the bush ဟုဆိုရမည်လားမပြောတတ်။
လူသည် အတွေးရှင်းလျှင် အပြောရှင်း၏။ အလုပ်လည်း ရှင်း၏။ သူတို့ အခု အတွေးမရှင်းကြတာများလားဟု ကျနော်တွေးနေမိ၏။
မျိုးမြင့်ချို
နိုဝင္ဘာ ၃ဝ၊ ၂ဝ၁၉

0 comments:

Post a Comment