Sunday, December 15, 2019

(သေချာသူ့ အပြန်)

0 comments
(သေချာသူ့ အပြန်) စာတော်တော်ရှည်ပါသည်။ သည်းခံဖတ်ပါခင်ဗျ။
လူ ၇ ယောက် အသက် မျှဉ်းမျှဉ်းရှူနေသံမှတပါး အခန်းသည် ဆိတ်ညံလျှက်။ အားလုံးက ဆရာဝန်ကြီးပြန်ဝင်လာမည့် တံခါးပေါက်ဆီ ကွက်ကြည့်ကွက်ကြည့်။ ဂျင်န်း၏လက်တဘက်ကို ဆုပ်နယ်ပေးနေသည့် လင်း၏အခြားလက်တဘက်က လက်ကိုင်ပုဝါကို လုံးလိုက်ချေလိုက် ဖြန့်လိုက်ဆုပ်လိုက်။ မာ့ခ်က သူ့လက်ဖျံပေါ်မှတက်တူးများကို အဓိပ္ပါယ်မဲ့ ကြည့်လိုက်ပွတ်လိုက်။ ခေါင်းတညိတ်ညိတ် လုပ်လိုက်။ တံခါးဆီ ကြည့်နေသည့် လော်ရီ့မျက်လုံးများရွေ့ရာ ကျနော်လိုက်ကြည့်တော့ သက်ကြီးရွယ်အို Cancer Survivors များအကြောင်းရေးထားသည့် အရောင်အသွေးစုံ နံရံကပ်ပိုစတာကြီးကို မြင်ရ၏။ ပိုစတာ့အောက်ခြေတွင် ဆံပင်လှူဒါန်းကြပါရန် နှိုးဆော်ထားသည့်စာတန်း။ ထိုစာတန်း ကြည့်ပြီး နားမလည်သလိုဖြစ်နေသည့်ကျနော့်အား ကီမိုသာရာပီကြောင့် ဆံပင်တွေကျွတ်ကုန်တဲ့ ကင်န်ဆာ ဆဗိုက်ဗားစ်တွေကို ဆံပင်တု လုပ်ပေးဖို့လေဟု ဇနီးက ကျနော့် နား နားကပ်ပြော၏။ ဂျွန့် ဘောင်းဘီအိပ်ထဲက အသံပိတ်ထားသည့် တယ်လီဖုန်းဘိုင်ဘရိတ်တင်န်း သံသည် ဒီဒီ ဒီဒီ မြည်နေ၏။ ကျွတ်ကနဲ စုပ်သပ်သံတချက်ဖြင့် ကိုယ်လှည့်ကာ ပြင်ထိုင်ဖို့ကြိုးစားနေသည့်ဂျင်န်း၏မျက်နှာတွင် နာကျင်မှု ဝေဒနာတို့ အတိုင်းသားထင်နေ၏။ မေမေ နေသာရဲ့လား၊ အခန်းကလည်း ပူသလိုပဲနော်၊ မနက်ကတောင် ဘရီလင်န်က Skype ကနေ ဖွားဖွားကြီးက ကြက်ခေါက်ဆွဲ ကြိုက်တယ်ပြောနေတာ၊ တခုခုသောက်မလားဟု လော်ရီပါးစပ်က အဆက်အစပ်မဲ့စကားတွေ ထွက်လာ၏။ ကျနော့်ဂျိုင်းထောက် နေရာအရွှေ့တွင် တချောင်းနှင့်တချောင်း ထိခတ်လိုက်သည့် ဒန်သတ္ထုသံက အတော်ကျယ်သွားတော့ ဂျွန်က တချက်လှည့်ကြည့်၏။ ကျနော်လည်း အားနာသွား၏။ သို့သော်မတတ်နိုင်။ မာ့ခ်က ငါလည်း သေနတ်တွေ တိုက်ရဦးမယ်၊ ဒီအချိန်ဆို ကော်လိုရာဒိုမှာလည်း အေးတာပဲ၊ တောင်ပေါ်သွား လင့်ထိုးပြီး အမဲပစ်တဲ့ကောင်တွေပြောတာကတော့ အလာစကာနီးပါးအေးတာတဲ့ဟု ဘယ်သူ့မှန်းမသိ သူ့ဘာသာရေရွတ်သလိုပြော၏။ ဂျင်း ငါ့ကို မှီထားလေဟု လင်းဆီကအသံထွက်လာချိန်မှာ ဆရာဝန်ကြီး တံခါးဖွင့်ပြီး ဝင်လာ၏။ လက်ထဲတွင် စာရွက်တချိုမှတပါး ဘာမှမပါ။ မျက်နှာတွင်လည်း ဘာဖော်ပြချက်မှမရှိ။ အေးအေးလူလူပင်။
အားလုံးကို တချက်သိမ်းကြုံးနှုတ်ဆက်ပြီး ဂျင်န်း ဒီမနက်နေရထိုင်ရ ဘယ့်နှယ်လဲ၊ ရာသီကတော့ အပြင်မှာ တအားအေးနေပြီနော်ဟုဆိုကာ စားပွဲတွင်ဝင်ထိုင်၏။ ခုံကို ဂျင်းနှင့်မျက်နှာချင်းဆိုင် နီးနိုင်သမျှနီးအောင် ဆွဲရွှေ့ယူလိုက်၏။ ပြီးတော့ လက်ထဲက စာရွက်တွေကို လှန်လှော ကြည့်ရင်း လင်းကတော့ လူငယ်လေးတယောက်လို ဒေါင်ဒေါင်မြည်ပဲနောဟု ပြံုးပြံုးရွှင်ရွှင်ဆို၏။ ကောင်းပါတယ်ဆရာ ဒါပေမယ့် လူကြီးကောင်းပေါ့၊ ဒါနဲ့ ဂျင်န်းအခြေအနေများ ဒီနေ့သိရမလားမှတ်တယ်ဟု မေးပြော ပြန်ပြော၏။ ဟုတ်ပါတယ် ဒီနေ့ အဲ့ဒါဘဲ ကျနော်တို့ ပြောကြမှာပါဟု ဆရာဝန်ကြီးကပြော၏။ ဂျွန် လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ရှေ့တိုးလာ၏။ မာ့ခ်က ခေါင်းကို အနောက်ဘက်မှ လက်နှစ်ဘက်ဖြင့်ပိုက်အုပ်ပြီး ကုလားထိုင်တွင် ခတ်လျှောလျှော ခတ်ငိုက်ငိုက်ပြင်ထိုင်လိုက်၏။ လော်ရီက ဂျင်န်း၏ပခုန်းသားကို ခတ်ဖွဖွနှိပ်ပေးနေ၏။ လင်းကား မမှိတ်မသုန်မျက့်စေအစုံဖြင့် ဆရာဝန့်လက်ထဲကစာရွက်များကိုကြည့်ရင်း တုတ်တုတ်မလှုပ်၊ ဘာမှလည်း မပြောတော့။ ကျနော့် လက်မောင်းကို လာဖျစ်ညှစ်လိုက်သည့် ဇနီး၏လက်ချောင်းများတွင် အားမရှိမှန်းသိသာနေသလို တုန်လည်းတုန်နေ၏။ ကျနော့်ကို မာ့ခ်က မျက်လုံးတချက်လှန်ကြည့်ပြီး ပခုန်းတချက်တွန့်ပြ၏။ ပြောပါ ဆရာ၊ ကျမမှာ ဘာဖြစ်တာလဲဆိုသည့် ဂျင်း၏အသံသည် တည်တည်ငြိမ်ငြိမ် ကြည်ကြည်လင်လင်ပင်။ အခုန နာကျင်သဖြင့် စုပ်သပ်သူမှာ သူမှဟုတ်ပါလေစပင် ထင်ချင်စရာ။
နောက်ဆုံးစစ်ဆေးချက်တွေအရ ရာနှုန်းပြည့် အတည်ပြုပြောနိုင်တာကတော့ ဂျင်န်းဖြစ်တာ အရေပြားကင်န်ဆာပါ။ တော်တော် ရှားရှားပါပါး ဖြစ်တတ်တာမျိုးပါ၊ အမေရိကန်ပြည်ထောင်စုတခုလုံးမှာတောင် ဒီကင်န်ဆာဖြစ်ခဲ့သူနဲ့ ဖြစ်နေသူစုစုပေါင်းက ခုချိန်ထိတော့ ၆ ထောင် လောက်ပဲ ရှိပါတယ်ဟုပြောကာု စကားစ ခနသတ်၏။ ဂျွန်က ဆက်ပြောပါဆရာဟု စကားဆက်တော့ အခု ဂျင်န်းမှာဖြစ်နေတာက တကိုယ်လုံးပျံ့နေပြီလို့ မဆိုနိုင်ပေမယ့် ပျံ့တော့ပျံ့နေပါပြီ။ အခြေအနေဆိုးနေပြီလို့ပဲ ဆိုပါတော့လေ၊ အထူးသဖြင့် ရင်ဘတ်နဲ့ကျောပိုင်းတွေမှာ ပေါ့လေဟု ပြောပြီး။ စာရွက်တွေကိုလှန်ကာ ခြေသလုံးနဲ့ ပေါင်ရင်းဘက်တွေလည်း ရောက်နေပြီဟုဆက်၏။ ဒီတော့ ဒါကို ကုလို့ရဦးမလား ဆရာဟု ဂျင်န်းထံမှ အသံထွက်လာသဖြင့် အားလုံးအကြည့်က သူ့ဆီသွားစု၏။ သူကတော့ သာမန်မေးနေကျစကားမေးသလို မေးနေသည့်အလား၊ သူ့မျက်နှာတွင် ထူးထူးခြားခြားဟန် တစိုးတစေ့မျှ မမြင်ရ။ ကုလို့ကတော့ မရဘူးမဟုတ်ပါဘူး၊ ဒါပေမယ့်….ဆိုပြီး ဆရာဝန်ကြီး စကားလုံးရှာနေချိန်တွင် ဘယ်လောက်တောင် ဆိုးနေလို့လဲဆရာဟု လင်းဆီမှထွက်လာသည့်အသံသည် အတော့်လေး စိုးရိမ်တကြီးမှန်း သိသာ၏။ ကုလို့ကတော့ ရဦးမယ်ထင်ရပါတယ်။ ဒါပေမယ့် လူက မတန်တဆခံရမယ့် သဘောပဲ။ ဓာတ်ကင်တာတို့ ကီမိုသာရာပီတို့ လုပ်ရမှာမျိုးပဲ၊ ဒါပေမယ့် ဂျင်းအသက်အရွယ်နဲ့ တခြားကျန်းမာရေးကိစ္စတွေကလည်းရှိနေ၊ ဆေးစားဆေးသောက် လုပ်နေရတာတွေလည်းရှိတော့ အခြေအနေရှုပ်ထွေးမှုတွေ၊ ကုသမှုကိုတုန့်ပြန်တာ မမှန်တာတွေဖြစ်လာနိုင်တယ်၊ ဒါကို ချိန်ဆနေတာဟု ခတ်တိုးတိုးပြော၏။
ထိုအချိန်တွင် ဂျင်န်းအသက်မှာ ၈၈ နှစ်ကိုစွန်းပြီးပြီ။ ဆီးချိုရောဂါကလည်း ပြင်းပြင်းထန်ထန်ရှိပြီး တပတ် တရက် ကျောက်ကပ်ဆေး နေရသည့်အနေအထား။ နှလုံးကလည်း အလုပ်လုပ်တာ ပုံမမှန်ချင်တော့။ ဆီးချိုကြောင့် ကျောက်ကပ်တွေကလည်း အလုပ် သိတ်မလုပ် ချင်တော့။ တခါတလေ ဆီးမသွားဘဲ ၆ ရက်လောက်ဖြစ်ချင် ဖြစ်နေတတ်၏။ ခြေထောက်တွေ ဖောယောင်နေ၏။ လှုပ်လှုပ်ရှားရှားလုပ်လျှင် အမောလည်း ဖောက်ဖောက်နေတတ်၏။ သွေးကလည်း တခါတလေ အပေါ်သွေး ၁၆ဝ လောက် အောက်သွေး တရာလောက်။ အခြေအနေသည် မီးစာကုန်ဆီခမ်း အခြေအနေ။ ဒါကို သူကိုယ်တိုင်လည်း သိနေ၏။ သေမိန့်ပေးမည်ကိုသိပြီးသား ကြိုးသမားနှယ်။
မကုဘဲနေရင်ရော ဘယ်လောက်နေရမလဲဆရာ၊ ဂျင်န်း၏မေးသံကြောင့် အားလုံးတိတ်ဆိတ်သွားကြပြန်၏။ ဆရာဝန်ကြီးက လက်နှစ်ဘက်ကို ဘုရားထံဆုတောင်းသည့်နှယ် ရင်ဘတ်ရှေ့တွင်ယှက်ပြီးမှ မကုဘဲနေရင်တော့ ၆ လ ထက်ပိုမနေရဘူးဟု စကားပင် မဆုံးလိုက်ရ၊ ကုရင်ရောဆရာ ဆိုသည့်အမေး ဂျင်န်းထံမှထွက်လာ၏။ လောရန်ကောဆိုသည့်အကြည့်နှင့် ကြည့်လိုက်သည့် လင်းကို ကျနော်မြင်လိုက်၏။ အင်း ကုရင်တော့ ဒီ့ထက်နည်းနည်း ပိုနေရမှာပဲ။ ဘယ်လောက်ကြာကြာပိုနေရမလဲ ဆရာ၊ နောက်ထပ် ၆ လ တနှစ် ပေါ့လေဟု ဆရာဝန်ကြီးဆီက အသံသည် သိတ်ရေရေရာရာကြီးတော့ မဟုတ်။ ကိုယ်ဟန် ပြင်ထိုင်လိုက်ရင်း လင်း၏လက်ကို ခတ်သာသာဖြည်ချလိုက်ပြီး အဲ့ဒီ ၆ လ တနှစ်ကရော အခုလောက် ကျန်းကျန်းမာမာနဲ့၊ အနာအကျင်သက်သက်သာသာနဲ့ နေရမှာလား ဆရာဟု ထပ်မေး၏။ ခုလိုတော့ မဟုတ်ဘူးပေါ့။ လူက တဖြည်းဖြည်း ပိုယိုယွင်းလာမှာပါပဲ။ အနာအကျင်ကတော့ Pain Management လုပ်ထားလို့ရပါတယ်ဟု ဆရာဝန်ကြီးက ခတ်ဆဆဖြေ၏။ ပြန်ကောင်းတော့ မကောင်းတော့ဘူးမဟုတ်လား ဆရာ၊ ရှင်းရှင်းတော့ မပျောက်တော့ဘူးမဟုတ်လားဆရာဟု မေးသံတွင် ဝမ်းနည်းသံ စွက်နေသည်ဟု ကျနော်ထင်၏။ အိုမေမေကလည်း သူပြောတာ ခနစောင့်ပါဦးဟု လော်ရီကပြော၏။ အေးပါ သမီးရယ် ကိုယ့်အခြေအနေ ကိုယ်မှန်းမိပါတယ်၊ ဒါ့ကြောင့်သေချာအောင် မေးနေတာပါဟု ခတ်အေးအေးပြန်ဖြေ၏။ ပြန်တော့ မကောင်းတော့ဘူးပေါ့၊ အရှင်းလည်း မပျောက်တော့ဘူးပေါ့၊ ဒီ့ထက် မပွားလာအောင် တား ထားလို့တော့ရပါတယ်ဟု စိတ်မသက်သာသလိုပြန်ဖြေသည့် ဆရာဝန်ကြီး၏လေသံတွင် အားပေးသံပါနေသလိုပင်။ ဒါပေမယ့် မိသားစုနဲ့တိုင်ပင်ပါဦး၊ တိုင်ပင်ရမှာက ဓာတ်ကင်တာတို့ ကီမိုသွင်းတာတို့ လုပ်ပြီး အသက်ကို ဆန့်ထားလို့ရတယ်၊ ကင်န်ဆာကို ဒီ့ထက် မပွားလာအောင် တားထားလို့ရတယ်၊ ပျောက်တော့ မပျောက်တော့ဘူး၊ ပြီးတော့ သူက အသက်သိတ်ကြီးနေပြီ၊ ခန္ဓာကိုယ်က ခံနိုင်ရည် သိတ်မရှိတော့ဘူး၊ ဒီကြားထဲ တခြားရောဂါတွေက ရှိနေသေးတယ်၊ ဆေးတွေ အမျိုးစုံအောင်သောက်နေရတယ်၊ နောက်ပြီး ကျောက်ကပ်ပါရဂူဆီက စာမှာလည်း ကျောက်ကပ်က တရာရာခိုင်းနှုန်းပျက်စီးနေပြီလို့ ဆိုတယ်၊ နှလုံးရောဂါပါရဂူကလည်း ကုမယ်ဆိုရင် သူ့အနေနဲ့ သဘောတူဖို့မဖြစ်နိုင်ဘူးတဲ့၊ နှလုံးက ဆေးဒဏ်တွေ ခံနိုင်မှာမဟုတ်ဘူးတဲ့၊ အဲ့ဒါတွေ ထည့်စဉ်းစားပါ၊ ကျနော် လိုမယ့်ဆေးစာတွေ စာရွက်စာတမ်းတွေလည်း ပေးထားပါ့မယ်၊ ကျန်းမာရေးအတိုင်ပင်ခံလည်း အိမ်ကိုလွှတ်ပေးပါ့မယ်၊ မိသားစုဆုံပြီး သူနဲ့လည်းတိုင်ပင်ပါ၊ သူ့ဆီက အကြံဉာဏ်ယူပါ၊ နောက်တပတ် ဒီမှာပြန်ဆုံပြီးမှ ခင်ဗျားတို့မိသားစုဆုံးဖြတ်ချက်ကို ပေးပါ၊ အဲ့ဒီအတိုင်း ကျနော်ဆုံးဖြတ် လုပ်ကိုင်ပါ့မယ်၊ အဓိက ကတော့ ကာယကံရှင် ဂျင်န်းဟာ ခုထက်ထိ စိတ်အခြေအနေပုံမှန်လည်းရှိပြီး သူ့အတွက် တခုခုကို မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်တဲ့အနေအထားလည်းဖြစ်နေတာ အားလုံးအတွက် ကံကောင်းပါတယ်၊ သူကိုယ်တိုင် ဆုံးဖြတ်ပါစေ၊ သူ့ဆုံးဖြတ်ချက်ကိုလည်း မိသားစုဝင်တွေက သဘောတူပေးကြပါလို့ပြောပါရစေဆို၏။ တနံတလျားကြီးပြောချလိုက်ပြီး စိတ်မောသွားဟန်ဖြင့် နက်တိုင်ကို ဖြည်ချလိုက်၏။ ကုလားထိုင်ကျောမှီကို ပိနေအောင်မှီပြီး မျက်လုံးမှိတ်ထား၏။ တခန်းလုံး တိတ်ဆိတ်နေ၏။ တယောက်မျက်နှာ တယောက်ကြည့်ရင်း ဘာစကား ဘယ်သူကစ ပြောမှာပါလိမ့်ဟု စူးစမ်းနေကြသလိုပင်။ ထို တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်ကား လော်ရီနှင့် ကျနော့်ဇနီးဆီမှ ခတ်သဲ့သဲ့ထွက်လာသည့် ရှိူက်သံများဖြစ်နေ၏။
ကဲကဲ တိတ်တိတ် စိတ်မကောင်းမဖြစ်နေကြနဲ့။ ကိစ္စက ပြီးသွားပြီ။ အမေ အခု ကျန်းမာနေတယ်။ တခုခုကို မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင် နေတယ်။ စိတ်လည်း ဒီလောက်ကြီး ပူမနေဘူး။ ဒီတော့ ဒီလုပ်ပါလား ဆရာဝန်ကြီးဟုဆိုကာ အားလုံးကို တချက်ကြည့်လိုက်ပြီးမှ ကျမ အခု တထိုင်တည်းဆုံးဖြတ်ချက်ပေးလို့မရဘူးလား၊ ရရင် ပေးချင်တယ်၊ ပေးလည်း ပေးနိုင်နေပါတယ်ဟု တည်တည်ငြိမ်ငြိမ်ပြော၏။ လင်းက ဂျင်န်း နေဦးလေ တို့အိမ်ပြန်ကြမယ်လေ၊ အိမ်ကျမှ တို့တွေ ဝိုင်းစဉ်းစားကြမယ်လေ၊ ဒီလောက်ကြီး အလောသုံးဆယ်ဖြစ်မရာ မလိုပါဘူးဟု ပြောနေချိန်တွင် လင်း၏မျက်လုံးအိမ်၌ မျက်ရည်စတို့ တွဲလောင်းခိုနေချေပြီ။ ဂျွန်က အမေရယ် အိမ်ပြန်ကြပါစို့၊ အိမ်ကျမှဟုပြောရင်း ပါးပြင်ပေါ် မျက်ရည်တွေလိမ့်ဆင်းလာ၏။ အသံလည်းတုန်နေ၏။ ကျနော့်ဇနီးနှင့်လော်ရီတို့ကား ငိုလေပြီ။ ကျနော်က ဘာမှလည်းဝင်မပြော။ မြင်ကွင်းကိုကြည့်ပြီး ရင်ထဲနင့်လာ၏။ စိတ်ထိခိုက်ရ၏။ ဂျင်န်းက သူ့ သိုးမွှေးအနွေးထည်ပန်းရောင်လေးကို တင်းတင်းစေ့ရင်း ဆရာဝန်ကြီးအား ကျမ ဘာကုသမှုမှ ယူမနေတော့ပါဘူး၊ အနာအကျင်သက်သာအောင်သာ လုပ်ပေးပါ၊ နောက်ပြီး ဆေးရုံတွေဘာတွေ မှာလည်း မနေချင်ဘူး၊ လာလည်း ပြမနေချင်ဘူး၊ နောက်ဆုံးထွက်သက်အထိ အနာအကျင် သက်သာနိုင်သမျှသက်သာအောင်သာ လုပ်ပေးပါ၊ အိမ်မှာပဲနေမယ်၊ Pain Management ကိုအိမ်နေရင်းပဲယူတော့မယ်၊ ခု အဲ့ဒါတွေ တခါတည်း လက်မှတ်ထိုးခဲ့ချင်ပါတယ်၊ လိုတာတွေ တခါတည်းပြင်ပေးပါဆရာဟု အေးအေးဆေးဆေး ဖြည်းဖြည်းလေးလေးပြော၏။ လင်း၏နှုပ်ခမ်းတို့ တုန်တုန်ယင်ယင်နှင့် မျက်ရည်ကျလေပြီ။ ခေါင်းငိုက်စိုက်ကျနေသည့်မာ့ခ့်ထံက အံတကျိကျိကြိတ်သံကြားရ၏။ ဂျွန့်မျက်နှာ တဘက်လှည့်သွားပြီး အင်္ကျီလက်ဖျားဖြင့် မျက်လုံးအောက်ကို သုတ်တာတွေ့ရ၏။ ကျနော့် မျက်လုံးအိမ်လည်း မျက်ရည်တို့ဖြင့် မြင်ကွင်းသည် ဝါးနေလေပြီ။
အားလုံးပြန် တည်တည်ငြိမ်ငြိမ်မဖြစ်မီမှာပင် ဂျင်န်းက လင်းရော မင်းတို့ရော စိတ်မကောင်းမဖြစ်ကြနဲ့၊ ဒီလမ်းကိုပဲ ငါရွေးလိုက်ပါပြီ၊ မင်းတို့အားလုံး သဘောတူပေးကြပါ၊ ငါမသေခင် ဘယ်သူနဲ့မှ မခွဲချင်ဘူး၊ ဒါပေမယ့် မာ့ခ် မင်းက အဝေးမှာနေတာဆိုတော့ ပြန်ပါ၊ နောက် ၅ လလောက်ရှိရင် ပြန်လာပါ၊ အမေနဲ့အဖေနဲ့ ညီအကိုမောင်နှမတွေနဲ့ တလလောက်အတူနေပါ၊ ကဲ ဂျွန် မင်းမိန်းမကို ဖုန်းဆက်ပါ၊ မျိုး မင်းကတော့ အစအဆုံး အကုန်သိပြီးပြီမို့ ဘာမှပြောနေစရာမလိုတော့ဘူး။၊ လော်ရီလည်း ရော်ဘီ့ဆီဖုန်းဆက်ပြောလိုက်၊ ကဲ ဆရာ ကျမ ခု အဆင်သင့်ဖြစ်နေပါပြီ၊ ဖြည့်ရမယ့် လက်မှတ်ထိုးရမယ့် စာရွက်စာတမ်းသာ ပြင်ပါတော့ဟုပြောရင်း စကားစသတ်၏။ ဆရာဝန်ကြီးက ဂျင်န်း မင်းရဲ့ဆုံးဖြတ်ချက်ဟာ မင်းအတွက်ရော မိသားစုအတွက်ပါ အကောင်းဆုံးဖြစ်မယ်လို့ ငါယုံကြည်ပါရစေ၊ ကျန်တဲ့သူတွေလည်း သူ့ကို လေးစားတဲ့အနေနဲ့ သူ့ဆုံးဖြတ်ချက်ကို ကျေကျေနပ်နပ် လက်ခံကြလိမ့်မယ်လို့မျှော်လင့်ပါတယ်၊ ခနနေရင် Social Worker လာပါလိမ့်မယ်၊ လိုတာအကုန် သူပြင်ဆင်ပေးပါလိမ့်မယ်ဟုပြောရင်း ဂျင်န်းကို နှစ်သိမ့်သည့်သဘောဖြင့် ညင်ညင်သာသာ ဖက်၏။ ကျောကို ဖွဖွလေးပုတ်ရင်း အားပေးစကားဆို၏။ နောက်တော့ သူ့အခန်းတွင်း ပြန်ဝင်သွား၏။ အခန်းကား အခုနလို တိတ်ဆိတ်မနေတော့ ရှိူက်သံ နှာရည်ညှစ်သံ မသက်မသာ တီးတိုးစကားသံတို့ဖြင့် ပြည်လျှမ်းနေ၏။ ဂျင်န်းတယောက်မှတပါး အားလုံး မျက်ရည်ကျနေကြ၏။ မကောင်းဆိုးဝါးကောင်များ ခေါင်းပေါ်ပျံဝဲသည့်အလား။
ခနနေတော့ ဆိုရှယ်ဝေါ့ကားဝင်လာပြီး မေးစရာရှိသည်များမေး၏။ ဖြည့်ရမည့် ဖောင်များဖြည့်၏။ ကာယကံရှင် လက်မှတ်ထိုးရမည့်နေရာတွေ ထိုးခိုင်း၏။ တခြား ရုံးကိစ္စလုပ်ငန်းတွေ အကုန်ပြီးပြတ်တော့ ညနေစောင်းပြီ။ အားလုံးအိမ်ပြန်ကြ၏။ ကျနော်၊ ကျနော့်ဇနီး၊ လင်းနှင့်ဂျင်န်းက ကားတစီး၊ ကျန်သူတွေက သူတို့ကားနှင့်သူတို့။ လမ်းတွင် ဂျင်န်းက ငါ့ဆုံးဖြတ်ချက်ကို မြန်လွန်းတယ်လို့ မထင်ပါနဲ့၊ ဖြည်းဖြည်း ဆုံးဖြတ်လည်း ဒီအဖြေပဲထွက်မှာပါ၊ မိသားစုသဘောကို တိုင်ပင်ဆွေးနွေးပြီး မိသားစုကို စိတ်ဒုက္ခမရောက်စေချင်ဘူး၊ အားလုံးတိုင်ပင်ပြီး ဆုံးဖြတ်လို့ နောက်ဆုံးဒီအဖြေဘဲထွက်လာရင် ပါဝင်ဆုံးဖြတ်ပေးတဲ့သူတွေပါ ငါတို့ကြောင့်လို့ သိုးသိုးသီသီခံစားနေရလိမ့်မယ်၊ ခု ငါ့ဘာသာ ဆုံးဖြတ်လိုက်တာဟာ ငါ့အတွက်ရော အားလုံးအတွက်ရော အကောင်းဆုံးမှန်း ငါ သေသေချာချာသိပါတယ်ဟု ဆို၏။ အပြန်လမ်း၌ ကားတစင်းလုံး အင်ဂျင်စက်သံ ဟီတာသံသာကြားရ၏။ တခြား ဘယ်သူမှ စကားဟဟမပြောကြတော့။ ထိုညနေတွင်ပွင် မာ့ခ်တယောက် ကော်လိုရာဒိုပြန်၏။
နောက်တနေ့မနက် မိုးလင်းတော့ ဂျင်န်းက ကျနော့်ဇနီးကို ဖုန်းဆက်၏။ အကြောင်းက ခေါင်းဝယ်ထွက်ရန်ကိစ္စ။ ကျနော်က တခါမှ မကြားဖူးသဖြင့် အံသြမင်သက်မိ၏။ ဇနီးကတော့ ခတ်အေးအေးပင် Caskets Shopping ပေါ့ဟုဆို၏။ သည်တော့မှ လွန်ခဲ့သည့် ၈ နှစ်ခန့်က လင်း ကျနော့်ကိုပြောဖူးတာ သွားပြန်တွေးမိ၏။ တို့က သင်္ဂျိုင်းမှာ ၂ ယောက်စာ မြေလည်း တွဲရက်ဝယ်ပြီးပြီ၊ သင်္ဂျိုင်းကျောက်စာ Tomb Stone မှာလည်း တို့မွေးနှစ်တွေ ထည့်ထွင်းထားပြီးပြီ။ တို့သေတော့ သေတဲ့နှစ်ထည့်ပြီး အလောင်းမြှုတ် ကျောက်စာတိုင်စိုက်လိုက်ရုံပဲဆိုကာ ရယ်ရယ်မောမောပြောခဲ့သည်ကို ပြန်အမှတ်ရမိ၏။ ဗမာလိုတော့ နိမိတ်မရှိ နမာမရှိတွေလို့ဆိုသူ ဆိုကြမည်ထင်၏။ ကျနော့်ဇနီးကိုခေါ်ပြီး အခေါင်းဆိုင်တွေ လျှောက်ကြည့်ကြ၏။ တရက်ကို ၁ ဆိုင်နှုန်းနှင့် ၄ ရက် ၄ ဆိုင်ကြည့်ပြီး သူ့စိတ်ကြိုက်ခေါင်းတလားရသွားတော့မှ သူသေလျှင် ဈာပနကိစ္စဆောင်ရွက်မည့် Funeral Home ထံသွားအပ်၏။ နောက်တနေ့ကျတော့ လော်ရီ့ခေါ်ပြီး သူသေလျှင်ဝတ်ပြီးချရမည့် အဝတ်အစား အဝယ်ထွက်ပြန်၏။ အားလုံးပြီးသွားတော့မှ ငါဒီနေ့ကစပြီး စားချင်တာလေးတွေ မနက်ညအပြင်ထွက်စားမယ်၊ အိမ်မှာ ဘာမှ မချက်မပြုပ်ဘူး၊ နင်တို့အဖေလည်း မလုပ်ခိုင်းဘူး၊ ငါက ကားမမောင်းနိုင်တော့တော့ နင်တို့အဖေတလှည့် နင်တို့မောင်နှမ ၃ ယောက် တလှည့်စီ မောင်းပိုကြပေါ့ဟုဆို၏။ တကယ်လည်း နေ့တိုင်း ညမနက် အပြင်ဆိုင်တွေမှာ စားချင်စား၊ မစားချင် အိမ်ဝယ်လာပြီး အဖိုးကြီး အဖွားကြီး ၂ ယောက်အတူတူ အိမ်မှာစားကြ၏။ ထိုနေ့ကစပြီး ကျောက်ကပ်ဆေး Dialysis လည်း မလုပ်လိုတော့ကြောင့် ကျောက်ကပ်ပါရဂူ ကိုပြောပြီး ရပ်လိုက်၏။ ဆီးဆေးတွေအပါအဝင် အခြားဆေးမျိုးစုံ မှန်မှန်သောက်၏။ ဆေးရုံမှ သူနာပြုကလည်း တရက်တကြိမ် လာလာ ကြည့်သလို Social Worker ကလည်း တလတကြိမ်လာပြီး သေမည့်လူ၏နောက်ဆုံးဆန္ဒစသည်တို့ လာယူ၏။ ဘုရားကျောင်းမှ ဘုန်းတော်ကြီးကလည်း လင်း၏ ငယ်သူငယ်ချင်းမို့ တပတ်တကြိမ် အိမ်မှန်မှန်လာကာ ဆုတောင်းခြင်းရွတ်ဖတ်သရဇ္ဈယ်ခြင်းများလုပ်၏။ သူကတော့ တည်ငြိမ်ငြိမ် အေးအေးဆေးပင်။ သားသမီး တူ တူမ မြေးမြစ် တီ တွတ်တွေ တယောက်မကျန်မွေးနေ့တွေကို အလွတ်ရ၏။ နီးနီးဝေး ဘယ် သားမြေးမြစ်မှ သူ့မွေးနေ့လက်ဆောင်မရပဲ ပြီးခဲ့သည့်မွေးနေ့ သူ့တသက်တွင်မရှိခဲ့။ သားအကြီး မာ့ခ်က အမေအားတဲ့အခါ ကျမ်းစာလေးဘာလေးဖတ်နေပေါ့ဟု ဖုန်းဖြင့်ပြောတော့ မာ့ခ် ကျမ်းစာဆိုတာ အားတဲ့အချိန်ဖတ်ရတာမဟုတ်ဘူး၊ ဖတ်ဖို့အချိန်ကို မရ ရအောင် အားယူပြီးဖတ်ရတာ၊ မင်းတို့ ၄ ယောက်ကို မွေးလာခဲ့ပေမယ့် ဒီနေ့အထိ ငါ ကျမ်းစာဖတ်ပျက်တဲ့ရက် မရှိသလောက်ပဲဟု ပြန်ပြောတာ ကျနော်ကြားခဲ့၏။
သည်လိုနှင့် တရက်ပြီးတရက် တလပြီးတလ အချိန်တွေကုန်လွန်လာခဲ့၏။ နောက်ဆုံး ၂ လရောက်သည့်အခါ သူလည်း အပြင်ထွက် မစားနိုင်တော့၊။ ဒီတော့ ကျနော့်ဇနီးက သူစားချင်တာလေးတွေ ဝယ်ဝယ်ပေး၏။ တကယ်က စားသည်ဆိုရုံ စားခြင်းပင်။ ဗမာတွေပြောသည့် ကြောင်စာလောက်ပင် မဝင်ချင်တော့။ လူလည်း ပိန်ချုံးလိုက်လာ၏။ သို့သော် သိတ် ပုံပျက်ပန်းပျက်ကြီးတော့ မဖြစ်။ ဗုံးဗုံးလည်း လဲမသွား။ လူအကူရှိလျှင် တခါတလေလည်း တယောက်တည်း လမ်းလျှောက်စက်ကလေးအားကိုးနှင့် လေးလေးပင်ပင် ဖင့်ဖင့်နွဲနွဲသွားနိုင် လာနိုင်သေး၏။ သူ မသေခင် ၆ ပတ်လောက်အလိုမှာ သူအလွန်ချစ်သည့် သူ့အမွှာညီမ၏သမီး(သူ့တူမကြီး) နှလုံးရောဂါနှင့်ဆုံး၏။ အသုဘလိုက်ပို့ချင်တယ်ဆိုသဖြင့် အဖိုးကြီးပါခေါ်ပြီး ကျနော်တို့လင်မယားက လိုက်ပို့၏။ အလောင်းပြင်ထားတာကြည့်ရင်း မျက်ရည် တွေတွေကျကာ နင်က ငါ့ထက်အရင်စောပြီး ဘုရားသခင်နဲ့တွေ့ခွင့်ရတာပေါ့ဟု ခတ်တိုးတိုးပြောတော့ ကျနော့်ဇနီးက သူ့ကွယ်ရာသွားပြီး ချံုးပွဲချငို၏။ ထိုအသုဘ ပို့ပြီးနောက်တော့ House piece Care က တာဝန်ယူတော့၏။
သူ့ နောက်ဆုံးရက်များကား များများစားစားမကျန်တော့။ ရိုးရိုးကုတင်နှင့် အိပ်ခွင့် မပေးတော့သဖြင့် ဆေးရုံကုတင်ကို အိမ်တွင်ကာသိပ်ရ၏။ အနာအကျင်ပျောက်ဆေးတွေက ဂိတ်ဆုံးအထိ တိုက်နေရသလား မှတ်ရအောင် များ၏။ သူ တချက်ချက် ဟိုနားကနာတယ် ဒီနားက အောင့်တယ်လောက်ပြောတာကလွဲ၍ ဘာအနာအကျင်မှ ကြီးကြီးမားခံရပုံတော့ မပေါ်။ သသည်လိုနှင့် သူ့နောက်ဆုံးအချိန်များသည် သေရာညောင်စောင်းတွင် အကုန်များလာ၏။ လမ်းမလျှောက်နိုင်တော့။ ကုတင်ထူ ကုတင်မ မပြီး ကျင်ကြီးကျင်ငယ်ကိစ္စ အနာတွေ ဆေးထည့်သည့်ကိစ္စတွေလုပ်ရ၏။ အဝတ်အစားလဲ၊ ကိုယ်လက်သန့်စင်၊ ရေဖတ်တိုက်တွေ လုပ်ရ၏။ သူကား သတိ မမေ့။ တချက်ကလေးမှ သတိလွတ်သွားသည်မရှိ။ အနားကလူတွေ စကားပြောလျှင် ငြိမ်ငြိမ်လေးနားထောင်နေတတ်ပြီး သူသိချင်တာရှိလျှင်မေး၏။ စကားတော့ များများမပြောတော့။ သည်လိုနှင့် ဆုံးရန် နောက်ဆုံး လေးပတ်အလိုတွင် သားကြီး မာ့ခ်ကိုအကြောင်းကြားရန် သူကပင်သတိပေးသဖြင့် လှမ်းခေါ်ကြ၏။ မာ့ခ်လည်းရောက်လာ၏။ မာ့ခ် ငယ်ငယ်က အတော်ဆိုးသည်ဆို၏။ လူငယ်တွေ ချိန်းရိုက်တာ၊ မော်တော်ဆိုင်ကယ် အစီးကြမ်း ကားအမောင်းကြမ်း၊ အရက်မူးပြီးရန်ဖြစ် သောင်းကျန်းတာတွေကြောင့် အတော်စိတ်ညစ်ရကြောင်း ကျနော် အစောကြီး ကတည်းက သူပြောပြသဖြင့်ကြားဖူး၏။ အိမ်ထောင်ကျပြီးနောက် အချိုးတွေအကုန်ပြင်ကာ စီးပွားရှာသဖြင့် ထိုက်သလောက်လည်း အဆင်ပြေ၏။ ခုတော့ သားကြီး မာ့ခ်အတွက် သူ့မှာ ပူစရာမရှိတော့။ ကျန်သားသမီး ၃ ဦးက သူဘယ်တော့မှ စိတ်မပူခဲ့ရဟုပြောဖူး၏။
ကျနော်နှင့် သူ့ညီမနှင့်အိမ်ထောင်ကျပြီး သိတ်မကြာခင် မာ့ခ် ဖို့တ်ဝိန်းလာတော့ ဇနီးက မိတ်ဆက်ပေး၏။ တွေ့တွေ့ချင်း ခင်မင်စရာ ကောင်းသည့် ဟောဟောဒိုင်းဒိုင်းသမားကြီးတယောက်မှန်း ကျနော်ရိပ်စားမိ၏။ သည်တုန်းကတည်းက တကိုယ်လုံးနီးပါး တက်တူးတွေနှင့် ပြည့်နေသည့်မာ့ခ်သည် သူမပြန်ခင်တရက် ကျနော့်ကိုခေါ်ပြီး ဖို့ဝိန်းက နံမည်ကြီး တက်တူးဆိုင်ကိုသွားကာ လစ်လပ်နေသေးသည့် ကျောအလယ်ကွက်လပ် နေရာတွင် တက်တူးထပ်ထိုး၏။ ကျနော့်လည်း ထိုးပါ သူပေးပါ့မယ်ဆို၏။ နေပါစေဆိုပြီး ကျနော်ငြင်းတော့ သူ့အသံဩကြီးဖြင့် ငါသေရင် ငါ့နောက်ပါမှာ တက်တူးပဲရှိတယ်၊ ကျန်တာအကုန် ချန်ခဲ့ရမှာဆိုကာ တဟားဟားရယ်၏။
ခုတခေါက် မာ့ခ်ပြန်ရောက်လာတော့ ဂျင်းလည်း စိတ်ချမ်းသာပုံရ၏။ ဂျင်န်းက သူ့ ဘဏ်အကောင့်ထဲမှ ငွေထုတ်ထုတ်ယူခိုင်းပြီး အိမ်လာသမျှ လူမမာလာမေးသူများကို ဧည့်ခံခိုင်း၏။ မြေးတွေ မြစ်တွေလည်း ဟိုပြည်နယ်ဒီပြည်နယ်တွေမှ အလျှိုအလျှိုရောက်လာကြ၏။ သိတ်ငယ်သေးသည့် မြစ်ကလေးတွေ တီကလေး တွတ်ကလေးတွေကတော့ အဖွားသေရာညောင်စောင်းရောက်နေတာ မသိကြ။ ပျော်ကြရွှင်ကြ ဆော့ကြကစားကြနှင့် တအိမ်လုံး သောသောညံနေချိန်တွေများ၏။ သူလည်း ကလေးတွေကြည့်ပြီး စိတ်လက်ချမ်းသာပုံ ပေါ်၏။ အဖိုးအဖွားသေလျှင် ဘုမသိဘမသိရွယ် မြေးမြစ်တို့ ပျော်ကြသည်မဟုတ်လား။ လူစုံတုန်း မျောက်ရှူံးအောင် ဆော့ကြသည် မဟုတ်လား။
ထိုသို့နေနေစဉ် တနေ့တွင် သူက မနက်ဖြန်ကျ ဘရီလင်န့်မွေးနေ့နော် သူလာမလားမသိဘူး ဖုန်းဆက်ကြည့်စမ်းဟုပြောပြီး မွေးနေ့ကဒ်လေးတွင် လင်းအား အမှတ်တရစာ ရေးခိုင်း၏။ ခါတိုင်း သူလုပ်နေကြ။ ခုတော့ မတတ်နိုင်တော့ပြီ။ ပြီးတော့မှ လက်ဆောင်ဗူးလေးကို ကျနော့်ဇနီးအားသွားယူခိုင်း၏။ နောက်တော့ ငါးဆယ်တရွက် စာအိပ်ထဲ ထည့်ထားလိုက်ပါဟုဆိုပြီးမှိန်းနေ၏။ ဘရီလင်န်က မနက်ဖြန်အထိမနေ ခုညနေပင်လာမည်၊ ညကျ ဖွားဖွားအိမ်မှာ ညအိပ်မည်ဆိုတော့ အေးအေးဟုပြောပြီးပြုံး၏။ ညနေကျရော သူ့ အသည်းကျော် မြေးမ ဘရီလင်န်ရောက်လာ၏။ သူနှုတ်က ဟက်ပီးဘာ့သ်ဒေး ဘရီလ်ဟုပြောသံသည် ကြားနိုင်ရုံသာရှိ၏။ ဘရီလင်န်အား စာကြိုးစားဖို့ပြောရင်း နောက်နှစ်ကြ ဖွားဖွားကြီးက ဘရီလ်မွေးနေ့မှာ လက်ဆောင်ရော ကဒ်ရော ပိုက်ဆံရော မပေးနိုင်တော့ဘူး၊ ဖိုးဖိုးကြီး ပေးလိမ့်မယ်ဟု ဆို၏၊ ဖွားဖွားကြီးက ဘယ်သွားမလို့လဲဟု ကလေးမကမေးတော့ ဖွားဖွားကြီးက ကောင်းကင်ဘုံသွားရမှာလေဟု ဖြေ၏။ ချာတိတ်မက ကောင်းကင်ဘုံမှာ ဘာမှာရှိလဲဖွားဖွား၊ ဖွားဖွားက အဲ့ဒီမှာ ဘာသွားလုပ်မှာလဲဆိုတော့ ဘုရားသခင်ရှိတယ်လေ၊ ဖွားဖွား အဲ့ဒီမှာ ဘုရားသခင်နဲ့ အတူထိုင်ဖို့ပေါ့ဟု ဖြေ၏။ ဒါဆို ဒီကို ပြန်လာလို့ မရတော့ဘူးလားဖွားဖွားဟု ကလေးမက မေးပြန်၏။ ပြန်လာလို့တော့ မရဘူး၊ ဒါပေမယ့် ဟိုကနေ ဘရီလ်အတွက် Birthday Wish တော့ ဖွားဖွားလှမ်းပို့မှာပေါ့ဟု ဆို၏။ မြေးမချော ဘရီလင်န်လည်း ပျော်ပုံရ၏။ သူတို့ မြေးအဖွား ထိုသို့ အချီအချပြောနေချိန်တွင် ကုတင်ဘေး၌ လင်းနှင့် ကျနော် ၂ ဦးတည်းသာရှိ၏။ ကျနော် ဂျင်းပြောတာတွေ စိတ်ဝင်တစား နားထောင်နေမှန်းတွေ့သဖြင့် လင်းက မျိုး မင်းဘယ်လိုထင်သလဲဟု တိုးတိုးမေး၏။ ဘာကို ဘယ်လိုထင်တာတုန်း ဟုမေးတော့မှ ဂျင်န်းက သူသေရင် ကောင်းကင်ဘုံရောက်မယ် ထာဝရအသက်တာကိုရမယ့် ဘုရားသခင်နဲ့အတူရှိနေမယ်ဆိုတာကိုလေဟု ပြော၏။ တကယ်တော့ လင်းက ဘာသာရေးကို လူမှုကိစ္စတခုထက် ပိုသဘောမထားတတ်သူ။ ကွန်မြူနတီသဘောထက် လွန်ကဲ၍မမြင်တတ်သူ။
ခရစ်ယာန်ဘာသာတွင် လူတယောက်သည် ခရစ်တော်ယေရှုအား အမှန်တကယ်သက်ဝင်ယုံကြည်သူ (နောင်တရလာသူ) ဖြစ်သွား သည်ဆိုလျှင် မယုံကြည်သူအဖြစ်အပြစ်များအားလုံး ပြေပျောက်သွားသည့်သဘောဖြစ်ပြီး ခရစ်ယာန်ဖြစ်ပြီးနောက် အပြစ်များ ထပ်မံ ကျူးလွန်မိပါကလည်း အပြစ်ထုတ်ဖော်ဝန်ခံခြင်း ဆုတောင်းခြင်းတို့ဖြင့် အပြစ်မှလွတ်၏။ ခရစ်တော်ယေရှုသည် လူသားတို့တို့အပြစ်ကို ဆေးကြောခြင်းငှာ လောကသို့ကြွလာသည်မဟုတ်သလော။ လူသားတို့၏ အပြစ်များအတွက် သူ့အသက်ကို အသေခံတော်မူခဲ့သည် စွန့်ခဲ့သည် မဟုတ်သလော။ ထိုသို့ယုံကြည်လာသူ(နောင်တရလာသူ)သည် ယုံကြည်ရုံမျှဖြင့် မယုံကြည်သူဘဝအပြစ်များ လွတ်မြောက် သည့်အပြင် ယုံကြည်သူဖြစ်လာပြီးနောက်လည်း ဆုတောင်းခြင်းဖြင့် အပြစ်သစ်များလည်း ကြေနိုင်သေး၏။ ဘုရားသခင်သည် အပြစ်လွှတ်တော်မူသော အသက်ရှိသော ထဝရဘုရားမဟုတ်သလော စသည်တို့မှာ ခရစ်ယာန်တို့၏ အပြစ်သဘောနှင့် အပြစ်လွှတ်ခြင်း သဘောဟု ချုပ်၍ဆိုရမည်ထင်၏။ ကျနော်က ထိုသဘောအနက်ကို ကျနော်မြင်ကြောင်း လင်းကိုပြောပြပြီး ခု ဂျင်န်းလည်း အဲ့သလို သေချာနေလို့နေမှာပေါ့၊ သူ သေပြီးနောက် ဘာဖြစ်မယ်ဆိုတာကို သူ့ယုံကြည်မှုအရ သူသိနှင့်ပြီးဖြစ်သလို စိတ်ချလက်ချလည်း ရှိနေပြီ မဟုတ်လား၊ သူ့အတွက် သေသည်၏အခြားမဲ့ဟာ ဘာမှပူပန်နေစရာမှမရှိတော့တာ၊ အစ္စလာမ်ဘာသာလို အပြစ်ကို ဆုတောင်းရုံနဲ့မပြေ၊ သေပြီးနောက် ခံစရာရော စံစရာပါရှိနေတယ်ဆိုရင် စံစရာအတွက် မပူရပေမယ့် ခံစရာအတွက်တော့ ရတက်မအေး ဖြစ်ရဦးမှာပဲ၊ တခါ ဗုဒ္ဓဘာသာလို သံသရာကိုယုံရင်၊ ၃၁ ဘုံကိုယုံရင် ငရဲ၊ တိရိစ္ဆာန် ပြိတ္တာ အသူရကယ်တွေ ဘာတွေတွေးပြီး ပူပန်နေရဦးမှာပဲ၊ သူကတော့ ခရစ်ယာန်လည်းဖြစ်တယ်၊ သူ့ယုံကြည်မှုကိုလည်း နှစ်နှစ်ကာကာယုံကြည်တယ်၊ ဒီတော့ သူ့အတွက် ဘာပူနေစရာရှိတော့မလဲ လင်း၊ အေးအေးဆေးဆေး သေလို့ရပြီပေါ့၊ သေချာနေပြီပေါ့၊ စိတ်ချလက်ချသေလို့ရပြီပေါ့ဟု ပြန်ဖြေဖြစ်၏။ သည်တော့ လင်းက ပြုံးပြီး အေးဟုတ်တယ်၊ ငါလည်း ပြောမယ့်သာပြောတာ ခရစ်ယာန်တယောက်ပဲ၊ အစွဲအလမ်းတော့ မထူဘူးပေါ့ကွာဟုဆို၏။ ဟုတ်သည် လင်းက အမေရိကန်စစ်တပ်မှာ စစ်အင်္ဂျင်နီယာအဖြစ် အနှစ် ၂ ဆယ်ကျော်အမှုထမ်းခဲ့သူ၊ သေခြင်းတရားနား နီးနီးကပ်ကပ်ရောက်ခဲ့ဖူးသူ၊ အတွေ့အကြံစုံသလို စာလည်းဖတ်ပြီး တွေးတတ်မြင်တတ်လည်းရှိသူဟု ကျနော်က မဆွကပင်ထင်ခဲ့သူဖြစ်၏။ ယောက္ခမ သားမက် တော်စပ်လာပြီးနောက် ပိုရင်းနှီး ပိုလည်းထဲထဲဝင်ဝင်ပေါင်းကြည့်တော့မှ ကျနော့်အတွေး မမှားမှန်းသိခဲ့၏။ ဒါနှင့် ကျနော်က လင်း မင်းသေရင်ရော အဲ့လိုနေမှာပဲလား၊ ဂျင်းလိုပဲ စိတ်ချလက်ချဖြစ်မှာ သေချာနေပြီလားဟု မေးမိ၏။ သူက ဘီယာပုလင်းဖွင့်ရင်း ရယ်ကျဲကျဲလုပ်ကာ သေချာ မသေချာတော့ မပြောတတ်သေးဘူးကွာ၊ ဆုတွေတော့ ဘုရား နားငြီးအောင်တောင်းရမယ်နဲ့တူပါတယ်၊ ဒါမှ စိတ်ချရအောင်လေဟု ပြော၏။ ပြီးတော့မှ သေပြီးတဲ့နောက် ဘာမှမရှိတော့ဘူးလို့ ယုံကြည်သူတွေကတော့ တခုခုရှိသေးတယ် ဒါမှမဟုတ် တခုထက်မကရှိသေးတယ်လို့ ယုံကြည်သူတွေထက် ပိုသေချာပေါ့ကွာ၊ ဘာမှမရှိတာ သေချာနေမှတော့ စိတ်အေးလက်အေးသေလို့ ပိုရတာပေါ့ဟု ငါတို့ထက်တောင် ပိုသေချာသေး၊ ပို စိတ်အေးလက်အေး သေလို့ရသေးတယ်ဟုပြော၏။
ဘရီလင်န်မွေးနေ့ကို ဂျင်းတို့ လင်းတို့ အဖိုးအဖွားတွေအပါအဝင် လက်လှမ်းမိသည့် အခြားအဆွေအမျိုးနှင့် မိတ်ဆွေတွေပါ အတူနွှဲကြ၏။ ဂျင်န်းကား အိပ်ယာပေါ်မှ ငေးကြည့်နေရုံသက်သက်။ ဘရီလင်န်ကမွေးနေ့ကိတ်လှီးပြီး ဦးဦးဖျားဖျား သွားခွံ့တော့ အပေါ်အုပ်မလိုင်လေး နည်းနည်း ကိတ်မုန့်အသားလေးနည်းနည်း လျှာဖျားပေါ်တင်ပြီး မြံ့ု၏။ ထိုကိတ်မုန့် အစအလေးကား သူ၏ နောက်ဆုံးဝင်ခဲ့သည့် အစားပင်ဖြစ်တော့၏။ သည့်နောက် သူဘာအဖတ်စာမှ မစားတော့။ စကားလည်းမပြောတော့။ ဖန်သားပြင်၊ လျှပ်စစ်ကိရိယာနှင့် သူ့ခန္ဓာ၊ ချိတ်ဆက်ထားသဖြင့်သာ သူ အသက်ရှူနေမှန်း၊ နှလုံးခုန်နေမှန်း၊ သွေးလှည့်ပတ်နေမှန်း၊ အနာအကျင်ဝေဒနာခံစားနေရမှန်း ဘေးလူတွေ သိရ၏။ သူ့လက်ဖျံမှ ဒရစ်ပိုက်တန်းလန်းတွင် အနာအကျင်ပျောက်ဆေးများ တရစပ်ထိုးထိုးသွင်းနေရ၏။
သည်လိုနှင့် ၂ဝ၁၈ ဖေဖော်ဝါရီ ၂ဝ ရက်နေ့ကို ရောက်လာ၏။ သူ လုံးလုံး လှုပ်ရှားမှုမရှိတော့။ ထို့မတိုင်မှ လေးငါးရက်က မာ့ခ်၏ ဇနီး၊ သမီးနှင့် မြေးမ ကက်ထရီနားတို့ပါ ရောက်လာကြ၏။ ညည ဆိုလျှင် ကျနော်တို့ လင်မယား၊ လော်ရီနှင့် သူ့ခင်ပွန်းရော်ဘီ စတာ့ခ်စကီး၊ ဂျွန်နှင့်သူ့ဇနီး အီရစ်ကား စသည့်စုံတွဲ ၄တွဲက လင်းနှင့်အတူ ဧည့်ခန်းကျယ်ကြီးတွင် ဖုံတွေခင်းကာ အိပ်ကြကြ၏။ ဂျင်န်းကတော့ သေရာ ညောင်စောင်းပေါ် ပက်လက်ကလေး။ ပိုးဟတ်ဖြူလေးတကောင်လို ပါးပါးလှပ်လှပ်ကလေးနှင့် မလှုပ်မရှက်။ သည်လိုနှင့် ညရောက်လာ၏။ သူ့နှင့်ချိတ်ထားသည့် ကွန်ပြူတာဖန်သားပြင်ပေါ်မှာ ဂရဖ်မျဉ်းများ ပြေပြေလာ၏။ နှေးနှေးလာ၏။ ကိန်းဂဏန်းများ လျော့လျော့ကျလာ၏။ ဒရစ်ချိတ်ထားသည့်ပြွန်မှ ဆေးရည်စက်တို့က မကျတချက် ကျတချက်ဖြစ်လာ၏။ ည ဆယ်နာရီထိုးပြီ။ ကျနော်တို့အားလုံး မအိပ်ကြ။ သူ့မျက်နှာ သူ့ခန္ဓာနှင့် သူ့လှုပ်ရှားမှုတွေကို စက္ကန့်မလပ်ကြည့်နေကြ၏။ ဆယ်နာရီ မိနစ်ကလေးစွန်းတော့ သူ့ပါးစပ်ဟလာ၏။ နှုပ်ခမ်းလှုပ်သည်ဆိုရုံလေး လှုပ်၏။ လင်းက သူ့ပါးစပ်နား နားကပ်ထောင်ပြီး သူ အိုး ဂျီးဆပ်ခရိုက်စ်လို့ပြောနေတာဟု ပြန်ပြောတော့ ကျနော့်ဇနီးက မျက်ရည်တွေတွေကျ၏။ လော်ရီက သူ့ခင်ပွန်းပခုံးစွန်းပေါ် ခေါင်းမှီရင်း ငို၏။ ဂျွန်က လက်ကိုင်ပုဝါထုတ်ပြီး မျက်ရည်သုတ်၏။ ဂျွန့်ဇနီးက မကြည့်ရက်တော့သည့်အလား မျက်စေ့မျက်နှာ အပျက်ပကျက်နှင့် ထထွက်သွား၏။ မာ့ခ်က နှုပ်ခမ်းတွေ တုန်တုန်ယင်ယင် အသံတွေ ကတုန်ကယင်ရင်နှင့် မာမ် မာမ်ဟု တိုးတိုးခေါ်သလိုလို ငြီးသလိုလိုဖြစ်နေ၏။ မာ့ခ်၏ဇနီးက ဂျင်း၏လက်ကောက်ဝတ်ကို ကိုင်ရင်း ငူငူငေါင်ငေါင်ကြီးရပ်ကာ တွေတွေဝေဝေကြီးဖြစ်နေ၏။ ကျနော့်ရင်ထဲဆို့တက်လာ၏။ ကျနော့်ကို သူ ဘယ်တော့မှ မျိုးဟု ပီပီသသ ခေါ်မသွားတတ်ခဲ့။ မေယိုးဟုသာ ခေါ်ခဲ့၏။ နောက်နောင် သူ့ မေယိုးခေါ်သံ ငါမကြားရတော့ပြီ သူ ငါတို့နဲ့အပြီးခွဲသွားပြီဟုတွေးကာ ရင်ထဲ လှပ်ကနဲဖြစ်မိ၏။ စိတ်ထဲ ကျဉ်ကနဲဖြစ်မိ၏။
အနိမ့်အမြင့်လှိုင်းတွေနှင့် နှလုံးခုန်နှုန်းပြနေသော ဂရဖ်မျဉ်းက ပြေရာပြေရာမှ မျဉ်းတဖြောင့်တည်း တန်းသွား၏။ တဖျတ်ဖျတ်တလှုပ်လှုပ် ကိန်းဂဏန်းတို့ပြနေသောဖန်သားပြင်တွင် သုညတွေကတန်းစီပြီး ငြိမ်ကျသွား၏။ တခန်းလုံး အပ်ကျသံကြားရမတတ် ငြိမ်သက် တိတ်ဆိတ်နေ၏။ အဝေးက ရဲကားဩဥဆွဲသံမှာ ငှက်ဆိုးတကောင်ထိုးလိုက်သလို အလွန်နာခံရခက်လှအောင် ကြားနေရ၏။ ကျနော် နာရီကြည့်လိုက်တော့ ဆယ်နာရီ မိနစ် ၂ ဆယ်တိတိ။ အရာရာကား ပြီးဆုံးသွားလေပြီ။ သူက ထား၍ထွက်သွားလေပြီ။
မျိုးမြင့်ချို၊ ဒီဇင်ဘာ ၁၄၊ ၂ဝ၁၉

0 comments:

Post a Comment