Wednesday, December 4, 2019

(သူတို့နှူတ်က သူတို့စကားထွက်ပါတယ်)

0 comments
(သူတို့နှူတ်က သူတို့စကားထွက်ပါတယ်)
မကင်းရာမကင်းကြောင်းတွေဆီက နသားပါယားစကားတွေ ဆီပွတ်ကျည်ပွေ့ထွက်နေတာ အဆန်း မဟုတ်ပါ၊ အဲ့သလိုမှမထွက်ရင် ခေါင်းနဲ့ကိုယ် အိုးစားကွဲမကွဲ အာမမခံနိုင်ပေမယ့် စားအိုးကွဲကြမှာ သေချာပါတယ်။
ဒီ မကင်းရာမကင်းကြောင်းတွေကို နိုင်ငံရေးလိုဆိုတော့ လက်ဝေခံတွေလို့ ခေါ်ပါတယ်။ လက်ဝေခံဆိုတာ ပိုက်ဆံရှိမယ်၊ သူ့အသိုင်းအဝိုင်းမှာ ငွေကြေး ဒါမှမဟုတ် အရှိန်အဝါတခုခုနဲ့ သြဇာရှိမယ်၊ တွင်ကျယ်နိုင်မယ် ဒါပေမယ့် အာဏာတော့မရှိပါ။ လက်ဝေခံဟာ ခေတ်တိုင်း အဆက်ဆက် ရှိခဲ့ပါတယ်။ အာဏာကိုင်ထားသူ အဆက်ဆက်ကလည်း လက်ဝေခံကို မွေးရပါတယ်။ စီးပွားရေး အတွက်ပါ။
လက်ဝေခံနဲ့ ဗျူရိုကရက်ယန္တယားမရှိရင် အစိုးရရဲ့အာဏာစက် ဘယ်လိုမှဖြန့်ကျက်လို့မရပါ။ အရပ်သား အစိုးရအရာရှိကြီးတွေ(ဒီနေရာမှာ နိုင်ငံရေးရာထူး ဝန်ကြီးဝန်ကလေးတွေ၊ အမတ်တွေ၊ နိုင်ငံဝန်ထမ်း ရာထူးကြီးကြီးမားမားရှိသူတွေကို ဆိုလိုတာပါ) စီးပွားရေးပါ ဝင်လုပ်တော့ အာဏာနဲ့ အရင်းပေါင်းမိပြီး အာဏာရှင်သူကြွယ်ကြီးတွေ ဖြစ်ကြတာပါ။ ဗျူရိုကရက်ရင်းရှင်ကြီးတွေ ဖြစ်ကုန် ကြတာပါ။ လက်ဝေခံအရင်းရှင်နဲ့ ဗျူရိုကရက်အရင်းရှင်ကွာတာက အာဏာရှိတာနဲ့ မရှိတာပဲ ကွာပါတယ်။
ခု အင်န်အယ်လ်ဒီခေတ်မှာတော့ ဒီ ဗျူရိုကရက်အရင်းရှင်ကြီးတွေ စီးပွားရေးသောင်းကြမ်းကြတာ ဘာတာညာတာ သိတ်မကြားမိပါဘူး။ ဒါကလည်း ကျနော်က အဝေးမြင်မို့ မတွေ့တာလည်း ဖြစ်နိုင်ပါတယ်။ နောက်တချက်က သူတို့တွေဟာ ယူနီဖောင်းချွတ်ပြီး “ဦး“အမည် ခံကုန်ကြတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စစ်အာဏာသိမ်း သေနတ်ခါးထိုးပြီး စစ်ဗိုလ်တွေ စီးပွားရှာတော့ စစ်ဗျူရိုကရက်တွေ ဖြစ်လာပါတယ်။ စစ်ဗျူရိုကရက်တွေက ရှိသမျှစီးပွားနဲ့အရင်းအနှီးအားလုံးကို ချုပ်ကိုင်လိုက်တော့ စစ်ဗျူရိုကရက် လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ဖြစ်သွားပါတယ်။ ဒါက စီးပွားရေးအရ သတ်မှတ်ချက်ပါ။ နိုင်ငံရေးအရတော့ စစ်အာဏာရှင်စနစ်ပါ။
ဒီနေရာမှာ နည်းနည်းထပ်ဖြည့်ချင်တာက လက်ဝေခံကိုရော ဗျူရိုကရက်ကိုပါ အစိုးရတွေက မွေးကြတာတူပေမယ့် အစိုးရတွေအာဏာမဲ့သွားတဲ့အခါ လက်ဝေခံက ချက်ခြင်းမတ်တပ် သေ မသွားပေမယ့် အခြေတော့ယိုင်ထွက်သွားပါတယ်။ ဘာလို့လဲဆိုတော့ တက်လာတဲ့အစိုးရသစ်က သူနဲ့ ပုလဲနံပသင့်ရာ လက်ဝေခံအသစ်တွေကို မွေးရလို့ပါပဲ။ ဒါ့ကြောင့်ပဲ အစိုးရဟောင်းရဲ့ လက်ဝေခံ ဟောင်းကြီးတယောက်ဖြစ်တဲ့ ဦးခင်ရွှေက “မျက်ရည်တောက်တောက် ကျရတယ်“ ပြောတာပါ။ ကျလောက်ပါတယ်။ လက်ဝေခံအသစ်တွေလောက် သူတို့ မစားသာတော့လို့ပါ။ လူလဲပြီး စားသွားတာကြောင့်မို့ပါ။ လက်ဝေခံတွေရဲ့သက်တမ်းဟာ အစိုးရတွေရဲ့သက်တမ်းအပေါ် တည်နေပါတယ်။ ဗျူရိုကရက်ကျတော့ အဲ့သလိုမဟုတ်ပါ။ တက်လာတဲ့အစိုးရက ရှိနေနှင့်ပြီးသား ဗျူရိုကရေစီယန္တယားကြီးကို တွန်းလှန်ဖယ်ရှားဖြိုချဖို့ခက်ပါတယ်။
(ဒီနေရာမှာ လက်နက်ကိုင်တော်လှန်ရေးနည်းနဲ့ အာဏာရလာတဲ့အစိုးရမျိုးတွေကို သီးခြား ကြည့်မြင်ရမှာဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးနဲ့ အာဏာရလာတာခြင်းတူတာတောင် တရုတ်နဲ့ ဆိုဗီယက်မတူပါ။ မော်စီတုန်းက ပြည်တွင်းစစ်နဲ့ တော်လှန်ရေးကာလတလျှောက်လုံး ချန်ကေရှိတ်ရဲ့ ဗျူရိုကရေစီယန္တယားကြီးကို တတိတိဖြိုချအစားထိုးလာခဲ့ပြီး လုံးလုံးလျားလျား အာဏာဆုပ်ကိုင်မိသွားတဲ့အချိန်မှာ အစိုးရယန္တယားသစ်နဲ့ ချက်ခြင်းအစားထိုးနိုင်ခဲ့ပါတယ်။ လီနင်တို့ကြတော့ အရင်ယန္တယားဟောင်းကို ကာလတခု ဆက်သုံးခဲ့ရလို့ ပုန်ကန်အာခံမှူတွေ နည်းမျိုးစုံ ဒုက္ခပေး ပညာပြမှူတွေကြုံခဲ့ရပါတယ်။ နောက်ဆုံးမှာ ယန္တယားဟောင်းကို အပြီးဖြိုချ အသစ်နဲ့အစားထိုးလိုက်တော့မှ ပုန်ကန်မှူ အာခံမှူ နည်းမျိုးစုံ ဒုက္ခပေး ပညာပြမှူတွေကနေ လွတ်သွားတာပါ)။ ဗမာပြည်မှာ NLD အစိုးရ ပညာအပြခံနေရ ဒုက္ခအပေးခံနေရတာ ဒါ့ကြောင့်ပါ။ ယန္တယားအဟောင်းကို မဖြိုချနိုင်လို့ပါ။ ယန္တယားအသစ်နဲ့ အစားမထိုးနိုင်လို့ပါ။ NLD အာဏာရတာ လက်နက်ကိုင်တော်လှန်ရေးလိုရတာ မဟုတ်ပါ။ ရွေးကောက်ပွဲနဲ့ပါ။ ရွေးကောက်ပွဲမှာတောင်မှ ၁၉၉၀ ပြည့်ရွေးကောက်ပွဲလို အာဏာ ၃ ရပ်လုံး အပြည့် ရနိုင်ခြေအောက်ကနေ ကျင်းပပေးတဲ့ ရွေးကောက်ပွဲမျိုးနဲ့ ရလာတာမဟုတ်ပါ။ လက်ရှိမှာ အာဏာ ၃ ရပ်လုံးကလည်း အပြည့်မပိုင် ဗျူရိုကရေစီ ယန္တယားဟောင်းကြီးနဲ့လည်း ဆက်လည်ပတ်ရတော့ အင်န်အယ်လ်ဒီ မရှူနိုင်မကယ်နိုင်ဖြစ်တာ မဆန်းပါ။
လက်ဝေခံကိစ္စပြန်ဆက်ရရင် နဝတ/အနဖ/ကြံ့ဖွံ့/ခု အင်န်အယ်လ်ဒီအထိ ကိုယ်ပိုင် အရပ်သား စီးပွားရေးလက်ဝေခံတွေ မွေးကြပါတယ်။ ကိုယ်စီကိုယ်ငှ ရှိကြပါတယ်။ ဒီမှာထူးခြားတာက အပစ် ရပ်တယ်ဆိုတဲ့အဖွဲ့တွေပါ။
သူတို့ဟာ စီးပွားရေးအရ စစ်အစိုးတွေခေတ်မှာရော ခု NLD ခေတ်မှာပါ သေနတ်ကိုင်ထားပေမယ့် နိုင်ငံတော်အာဏာမရှိတဲ့ စီးပွားရေးလက်ဝေခံတွေသဘော ဖြစ်နေတာပါ။ အာဏာမရှိတော့ ဗျူရိုကရက်စာရင်းလည်း မဝင်ပါ။ အရပ်သားမဟုတ်တော့ အရပ်သားလက်ဝေခံလည်း မဟုတ်ပါ။ အစိုးရတွေပြောင်းပေမယ့် လက်နက်မဲ့အရပ်သား လက်ဝေခံတွေ ရုပ်ပျက်ဆင်းပျက်ဖြစ်သလို သူတို့ မဖြစ်ပါ။ မျက်ရည်တောက်တောက် မကျကြပါ။ သူတို့အားလုံး အဲ့သလိုလက်ဝေခံတွေ မဟုတ်ကြပေမယ့် ဟုတ်တဲ့လူတွေ များများလာတာပါ။ ကျနော့်အဖို့တော့ သူတို့ဟာ လက်နက်ကိုင်ထားပြီး နိုင်ငံ့ အာဏာမရှိတဲ့ တက်လာသမျှအစိုးရရဲ့ “စီးပွားရေးလက်ဝေခံ“တွေပါ။ ကျနော်နဲ့ အမြင်မတူတာ တွေ ခြားနားတာတွေ ရှိနိုင်ပါတယ်။ ရှိတယ်ဆို ရေးသားပြောဆို ဆွေးနွေးကြစေချင်ပါတယ်။
ကျနော့်အမြင်မှာတော့ သူတို့ဟာ လက်ဝေခံတွေပါ။ လက်ဝေခံတွေဆီက လက်ဝေခံစကားပဲ ထွက်ရပါတယ်။ အစိုးရ နားခါးမယ့်စကားထွက်ရင် မျက်ရည်တောက်တောက် မကျရတောင် အိုးစား ကွဲမှာပါ။ အနေအစား မချောင်ပါ။
မျိုးမြင့်ချို
ဒီဇင္ဘာ ၃၊ ၂ဝ၁၉

0 comments:

Post a Comment