Friday, December 20, 2019

မျက်မှောက်ခေတ်ကမ္ဘာ့အမျိုးသားရေးဝါဒ(ချိန်ရင်ချင်) (၁)

0 comments
မျက်မှောက်ခေတ်ကမ္ဘာ့အမျိုးသားရေးဝါဒ(ချိန်ရင်ချင်) (၁)
၂၁ ရာစု သမိုင်းကြောင်းတလျှောက်မှာ အမျိုးသားရေးဝါဒဟာ လူမှုရေး၊ နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်ရေစီးကြောင်းနဲ့ လက်တွေ့လှုပ်ရှားမှု တခုအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒီဝါဒဟာ အရင်းရှင်ဝါဒ၊ ဆိုရှယ်လစ်ဝါဒတို့နဲ့အတူ သုံးပွင့်ဆိုင်ဖြစ်နေတဲ့ အခြေခံအင်အားတရပ်ဖြစ်ခဲ့တယ်။ ကမ္ဘာ့အသွင်အပြင်ကိုဖန်တီးတဲ့ အဓိက အကြောင်းအချက်အလက်တခုလည်း ဖြစ်တယ်။ အမျိုသားရေးပဋိပက္ခများကို ငြိမ်အောင်ထိန်းထား ခဲ့တဲ့ စစ်အေးယန္တယားကြီး ၈ဝ ခုနှစ်နောက်ပိုင်းကစပြီး ပြိုလဲပျက်စီးသွားခဲ့ခြင်း၊ လောလောဆယ်ရှိနေတဲ့ နိုင်ငံတကာ နိုင်ငံရေး၊ စီးပွားရေး အဆောက်အအုံစနစ်တွေမှာ တန်းတူညီမျှမရှိတဲ့အခြေအနေတွေက ပိုမိုဆိုးဝါးလာခဲ့ခြင်း၊ နိုင်ငံအသီးသီး အမျိုးသားအသီးသီးတို့ရဲ့ ဖွံ့ဖြိုးမှုတွေ ပိုပြီး မညီမညာဖြစ်လာခြင်း၊ အုပ်စိုးသူလူတန်းစားရဲ့ အမျိုးသားရေးပေါ်လစီတွေကလည်း လွဲချော်နေခြင်းတို့ကြောင့် အမျိုးမျိုးအစားစားသော အမျိုးသားရေးဝါဒမုန်တိုင်းများထလာပြီး နေရာအနှံ့ပြန့်လာပါတယ်။ ဒီလိုနဲ့ တိုင်းပြည်တချို့ အမြန်မွေးဖွားထွက်ပေါ်လာခဲ့ပြီး ကမ္ဘာ့နိုင်ငံရေး မြေပုံမှာ အပြောင်းအလဲတွေ ဖြစ်လာခဲ့တယ်။ နောက်ပြီး အမျိုးသားရေးနဲ့ပတ်သက်တဲ့ အငြင်းပွားမှုအသစ်တွေ၊ အတိုက်အခံဖြစ်မှုအသစ်တွေ လည်း အများအပြားပေါ်လာပြီး၊ အမျိုးသားတွေ၊ တိုင်းပြည်တွေ၊ ဒေသတွေအတွင်းမှာ မငြိမ်မသက်မှုတွေနဲ့ အသစ်တဖန်ကွဲပြဲမှု၊ အသစ်တဖန် ပေါင်းစည်းမှုတွေ ဖြစ်ပေါ်လာကြပါတယ်။ မျက်မှောက်ခေတ်မှာ အမျိုးသားရေးဝါဒ အသစ်တဖန် ပြန်လည်ထိုးထွက်လာတဲ့အချက်ဟာ နိုင်ငံ တကာအသိုင်းအဝိုင်းက အာရုံစိုက်နေရတဲ့ ဦးနှောက်လည်းခြောက်နေရတဲ့ ဗဟိုအချက်အချာပြဿနာတခုဖြစ်ပြီး မျက်မှောက် ကမ္ဘာ့ဖြစ်ထွန်း မှုတွေအပေါ် ဂယက်ရိုက်တဲ့ အရှိန်အဟုန်အကြီးမားဆုံး အကြောင်းအချက်တခုလည်း ဖြစ်တယ်။ နောက်ပြီး ဒါဟာ အမျိုးသားတွေအကြား၊ တိုင်းပြည်တွေအကြား၊ တိုင်းပြည်အုပ်စုတွေအကြား ပြိုင်ဆိုင်မှု၊ ပူးပေါင်းမှု သို့မဟုတ် အတိုက်အခံဖြစ်မှုတွေကို ပြဌာန်းဖန်တီးပေးတဲ့ နှောင်ကြိုးလည်းဖြစ်၊ ဆက်သွယ်ရေးတံတားလည်း ဖြစ်ပါတယ်။
ဒီလိုဆိုရင် မျက်မှောက်ကာလ ကမ္ဘာ့အမျိုးသားရေးဝါဒမှာ ဘာ ထူးခြားချက်တွေ ရှိနေပါသလဲ။ ဘယ်လို ပုံသဏ္ဍန်တွေ ရှိနေပါသလဲ။ ဒါတွေကို ဘယ်လို အကဲဖြတ်မလဲ။ ဒါတွေဟာ ဘယ်လို ဆက်လက် ဖြစ်ထွန်းလာနိုင်ပါသလဲ။
အပိုင်း(၁)။ ထူးခြားချက်များ။
အမျိုးသားရေးဝါဒဆိုတာဟာ ဟောင်းလည်းဟောင်းနွမ်း၊ သစ်လည်းသစ်လွင်တဲ့ အကြောင်းအရာတရပ် ဖြစ်ပါတယ်။ ဟောင်းနွမ်းတယ် ဆိုတာက အနီးခေတ် အမျိုးသားရေးဝါဒဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၃ဝဝ) ကျော်မျှကတည်းက ပေါ်ပေါက်လာခဲ့ပြီး အပြောင်းအလဲကြီးများ ကြုံခဲ့ရပြီ ဖြစ်လို့ပါ။ အနီးခေတ်ရဲ့အမျိုးသားရေးဝါဒဟာ ၁၇၊ ၁၈ ရာစုမှာ ဥရောပရဲ့ ပထမဆုံးသော အမျိုးသားနိုင်ငံတော်များ တည်ထောင် ခဲ့တဲ့ အချိန်ကစပြီး ပေါ်ပေါက်လာခဲ့ပါတယ်။ ၁၉ ရာစုမှာ ဥရောပနဲ့ မြောက်အမေရိကတို့မှာ ဒီဝါဒဟာ အကြီးအကျယ်ဖွံ့ဖြိုးခဲ့ပါတယ်။ ၂ဝ ရာစုအတွင်းမှာတော့ ကမ္ဘာ့နေရာဒေသအသီးသီးသို့ ပြန့်နှံ့သွားခဲ့ပြီး အကြောင်းအချက်စုံလင်စွာ ဖြစ်ထွန်းလာခဲ့ပါတယ်။ အမျိုးသားရေး ဝါဒဟာ သစ်လည်းသစ်လွင်တယ်ဆိုတဲ့သဘောက မျက်မှောက်ခေတ်မှာ အသစ်တဖန် ထိုးထွက်လာတဲ့ အမျိုးသားရေးဝါဒမှာ နဂိုတုန်းက မရှိခဲ့ဖူးတဲ့ ထူးခြားချက်အသစ်တွေ အများအပြားပါဝင်နေလို့ပါ။
ထူးခြားချက်(၁)။ တကမ္ဘာလုံးလက္ခဏာ၊ အနှံ့အပြားလက္ခဏာဆောင်တဲ့ဘက်ကို ဦးတည်ဖြစ်ပေါ်နေတယ်။
မျက်မှောက်ခေတ် အမျိုးသားရေးဝါဒဆိုတာ သဘောတရားတရပ်၊ မူတရပ်လည်းဖြစ်၊ လက်တွေ့တရပ်၊ လှုပ်ရှားမှုတရပ်လည်း ဖြစ်ပါတယ်။ ဒီဝါဒရဲ့ဖော်ပြချက်တွေကို ကမ္ဘာ့တိုက်အသီးသီး၊ ဒေသအသီးသီး၊ တိုင်းပြည်အသီးသီးတိုင်းမှာ တွေ့ရပါတယ်။ ဒါ့ကြောင့် ဒီဝါဒဟာ တကမ္ဘာလုံးလက္ခဏာဆောင်မှုနဲ့ အနှံ့အပြားလက္ခဏာဆောင်မှု ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့နိုင်ငံအတွင်းက ပညာရှင်အသိုင်းအဝိုင်းမှာ ဒီအချက်အပေါ် အမြင်မတူကြပါဘူး။ တချို့ရဲဘော်တွေက မျက်မှောက်ခေတ်အမျိုးသားရေးဝါဒ အသစ်တဖန်ထိုးထွက်လာတာကို ငလျင်ကြီး တကြိမ် လှုပ်လိုက်တာမျိုးနဲ့တင်စားပြီး ငလျင်စလှုပ်တဲ့နေရာနဲ့ ငလျင်ဗဟိုချက်မဟာ ဥရောပအရှေ့ပိုင်း၊ အလယ်ပိုင်းနဲ့ ယခင် ဆိုဗီယက် ပြည်ထောင်စုတို့ဖြစ်ပြီး နောက်ပိုင်းမှာတော့ ငလျင်ကြီးဟာ အခြားဒေသများသို့ ပြန့်နှံ့ရိုက်ခတ်သွားခဲ့တယ်လို့ဆိုတယ်။ ဒါတွေကို ဒေသ လက္ခဏာ၊ တစိတ်တပိုင်းလက္ခဏာဆောင်တဲ့ အခြင်းအရာဖြစ်သာ မြင်ကြတယ်။ ဒါပေမဲ့ ရဲဘော်အများစုကတော့ မျက်မှောက်ခေတ် အမျိုးသားရေးဝါဒကို တကမ္ဘာလုံးလက္ခဏာနဲ့ အနှံ့အပြားလက္ခဏာဆောင်တဲ့ အခြင်းအရာအဖြစ် မြင်ကြတယ်။
ဒီဝါဒကိုဖော်ပြတဲ့သဏ္ဍန်တွေ၊ အခိုင်အမာအကြောင်းတရားတွေ၊ အတိုင်းအတာအပြင်းအပျော့တွေက မတူတာတော့ရှိကြပါတယ်။ ဒီလို မတူတာကလည်း ရှည်ကြာတဲ့သမိုင်းဇစ်မြစ်တွေနဲ့ ရှုပ်ထွေးတဲ့ လက်တွေ့အကြောင်းအချက်တွေကြောင့် ဒေသတိုင်း၊ တိုင်းပြည်တိုင်း၊ လူမျိုး တိုင်းမှာ ဖွံ့ဖြိုးမှုမတူညီတာ၊ အကျိုးစီးပွားမတူညီတာ၊ ယဉ်ကျေးမှုနဲ့ စိတ်ဓာတ်များ မတူညီတာတွေရှိနေကြလို့ ဖြစ်ပါတယ်။ အဲဒီလို မတူတာ တွေ ရှိနေတာကြောင့်ပဲ လူမျိုးအသီးသီးရဲ့ အမျိုးသားရေးဝါဒများဟာ မိမိတို့ ရပ်တည်ရှင်သန်စရာ ကွက်လပ်တွေနဲ့အတူ လူထုအခြေခံတွေကို ခိုင်ခိုင်မာမာ ထိန်းသိမ်းထားနိုင်ကြပြီး မတူတဲ့သဏ္ဍန်တွေနဲ့ တည်ရှိနေကြ ဖြစ်ထွန်းနေကြတာပါ။ ဥပမာ အနောက်ဥရောပဆိုပါစို့။ ကာလ
(၂)
ရှည်ကြာစွာ အစဉ်အလာရှိခဲ့တဲ့ အမျိုးသားရေးဝါဒဟာ အနောက်ဥရောပနိုင်ငံများရဲ့ လူမှုရေး၊ နိုင်ငံရေးဘဝနဲ့ နိုင်ငံခြားရေးပေါ်လစီတို့ကို ထိန်းချုပ်တဲ့ အချက်အလက်တရပ် ဖြစ်နေပါသေးတယ်။ အဲဒီလိုဖြစ်နေခဲ့တာ ကာလကြာခဲ့ပါပြီ။ အနောက်ဥရောပရဲ့ အမျိုးသားရေးဝါဒဟာ နဂိုတုန်းကရှိခဲ့သလို တိုင်းပြည်တခုခြင်းမှာ ပေါ်ပေါက်တဲ့သဏ္ဍန်အဖြစ်မှ ဥရောပဘုံအဖွဲ့ (EC) ၊ ဥရောပသမဂ္ဂ (EU) တို့ကို ဝင်ရိုးအဖြစ် ထားတဲ့ တိုင်းပြည်အုပ်စုစွဲအမျိုးသားရေးဝါဒ(တနည်းအားဖြင့် ဒေသစွဲအမျိုးသားရေးဝါဒအဖြစ်သို့ ပြောင်းလဲလာပါတယ်။ ဒီလို သဏ္ဍန် အပြောင်းအလဲပဲ ရှိပါတယ်။ နောက်ဥပမာတခုက ဥရောပနဲ့ကပ်နေတဲ့ အရှေ့အလယ်ပိုင်းဒေသဆိုရင်လည်း အမျိုးသားရေးအတိုက်အခံ ကိစ္စတွေက ရပ်သွားသေးတာ မဟုတ်ပါဘူး။ ဒီ ပဋိပက္ခတွေဟာ ပါလက်စတိုင်းပြဿနာကို ဗဟိုအချက်အချာအဖြစ်ထားပြီး အစ္စရေးလ်နဲ့ အာရပ်နိုင်ငံများအကြား ရာစုနှစ်ဝက်ကြာမျှ ဆက်တိုက်ဖြစ်နေခဲ့တာပါ။ အစ္စရေးလ်ဘက်ကလည်း သူတို့အမျိုသားရေးဝါဒဘက်ကပဲ ခေါင်းမာမာနဲ့ ဆက်လက်ရပ်တည်နေပါတယ်။ အစ္စလာမ်အမျိုးသားရေးဝါဒကလည်း အစ္စရေးလ်ကို ဖြောင့်ဖြောင့်ကြီးဆန့်ကျင်တယ်။ ဒါ့ကြောင့် အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးကိစ္စမှာ ဖြေရှင်းရခက်တဲ့ လိပ်ခဲတည်းလည်းအခြေအနေကြီးကို ကြုံနေရတာပါ။ တချိန်တည်းမှာ အာရပ်နိုင်ငံများအချင်းချင်းကြားမှာလည်း အမျိုးသားအကျိုးစီးပွားချင်း မတူကြတာကြောင့် ပဋိပက္ခဖြစ်မှုတွေ၊ အတိုက်အခံဖြစ်မှုတွေ အခါမလပ် ပေါက်ကွဲနေကြပါတယ်။ နောက်ထပ် ဥပမာပေးရရင် အာဖရိကမှာလည်း လူမျိုးတွေအကြား၊ လူ့နွယ်(အသားအရောင်)တွေ အကြား၊ မျိုးတူအုပ်စုတွေအကြား၊ ဘာသာရေးဂိုဏ်းတွေအကြား၊ ဒေသတွေအကြားမှာ သမိုင်းအရလည်းရှုပ်ထွေး၊ လက်တွေ့အကျိုးစီးပွားများ အရလည်း ပဋိပက္ခတွေရှိနေကြလို့ လူမျိုး၊ လူ့နွယ်ဆိုင်ရာ အတိုက်အခံဖြစ်မှုတွေဟာ မြုတ်နေလိုက်၊ ပေါ်လာလိုက်၊ အေးသွားလိုက်၊ ပြင်းထန် လာလိုက်နဲ့ တအုံနွေးနွေးဖြစ်နေပါတယ်။ အဲ့ဒါကြောင့် ဆိုမာလီနိုင်ငံနဲ့ လိုက်ဘေးရီးယားနိုင်ငံတို့လို နိုင်ငံတချို့ဟာ အက်ကြောင်းအမျိုးအမျိုး ပေါ်ထွက်နေကြတယ်။ ရဝမ်ဒါနဲ့ ဘူရွန်ဒီနိုင်ငံတွေကြပြန်တော့လည်း တွတ်ဆီလူမျိုးနဲ့ ဟူတူလူမျိုးအကြား အတိုင်းအတာကြီးမားတဲ့ လူမျိုး၊ လူ့နွယ်ရေးရာသတ်ဖြတ်မှုကြီးတွေ ဖြစ်နေကြတယ်။ ကမ္ဘာကြီးကိုခြံုကြည့်လိုက်ရင် အမျိုးသားရေးဝါဒဟာ တကမ္ဘာလုံးလက္ခဏာ ဆောင်တယ်၊ အနှံ့အပြားလက္ခဏာဆောင်တယ်ဆိုတာ သံသယပွားစရာမလိုတဲ့ လက်တွေ့အချက်တခုဖြစ်ပါတယ်။
ထူးခြားချက်(၂)။ အရည်အသွေးအရ အကြောင်းအချက်စုံလင်ခြင်း ရှုပ်ထွေးခြင်း။
အနီးခေတ်အမျိုးသားရေးဝါဒဟာ စတင်ပေါ်ပေါက်ခဲ့တဲ့အချိန်ကနေ ၂ဝ ရာစု အစောပိုင်းကာလအထိ တလျှောက်လုံးမှာ ကမ္ဘာ့အရင်းရှင်ဝါဒ အတွေးအခေါ်၊ အရင်းရှင်လူမှုစနစ်တို့နဲ့ အနီးကပ်ဆက်စပ်နေပါတယ်။ ဒါပေမဲ့ ဆိုရှယ်လစ်နိုင်ငံတွေနဲ့ တတိယကမ္ဘာ့နိုင်ငံအများအပြား ပေါ်လာပြီးတဲ့နောက်ပိုင်း(တနည်းအားဖြင့် ကမ္ဘာကြီးကို လူမှုစနစ်နှစ်မျိုး၊ တိုင်းပြည်အမျိုးအစားသုံးမျိုးရှုထောင့်က ခွဲခြားလိုက်တဲ့နောက်ပိုင်း) မှာ အမျိုးသားရေးဝါဒဟာ ဘယ်လို လူမှုစနစ်မှာပဲဖြစ်ဖြစ်၊ ဘယ်လို တိုင်းပြည်အမျိုးအစားမှာဖြစ်ဖြစ် သဏ္ဍန်မျိုးစုံနဲ့ အနှံ့အပြား တည်ရှိနေပါ တယ်။ ဒါ့ကြောင့် သူ့ရဲ့ အရည်အသွေးဟာလည်း အကြောင်းအချက်စုံလင်မှု၊ ရှုပ်ထွေးမှုတွေ ရှိလာပါတယ်။ တနည်းပြောရရင် အမျိုးသားရေး ဝါဒဟာ အတွေးအခေါ်ဝါဒအမျိုးမျိုး၊ လူမှုစနစ်အမျိုးမျိုးတို့နဲ့ ဆက်စပ်မှုလည်းရှိ ကွာခြားမှုလည်းရှိပြီး လက်တွေ့လုပ်ဆောင်တဲ့နေရာမှာတော့ အမျိုးသားအကျိုးစီးပွားကို စံအဖြစ်ထားလေ့ရှိပါတယ်။ တစုံတရာအဓိပ္ပာယ်အရပြောရရင် နိုင်ငံရေးအတွေးအခေါ်တွေရဲ့အထက်မှာ ရှိပါတယ်။ အထူးသဖြင့် စစ်အေးခေတ်လွန်ကာလမှာ ဝန်ရိုးစွန်းနှစ်ခုပြိုကွဲပြီးနောက် သက်ဆိုင်ရာအင်အားစုများ၊ အတွေးအခေါ်များ ပျောက်ကွယ် “လစ် ဟာသွားမှု” ကို အမျိုးသားရေးဝါဒဟာ သဏ္ဍန်အမျိုးမျိုးနဲ့ အစားထိုးဖြည့်ဆည်းခဲ့တယ်။ ဒီလိုနဲ့ တိုင်းပြည် အများအပြားဟာ နိုင်ငံခြားဆက်ဆံ ရေးမှာ ဒီဝါဒကို အစချီချက်နဲ့ ဦးတည်ချက်အဖြစ် ထားကြပါတယ်။ အဲ့ဒီအခြေအနေကိုကြည့်ပြီး ပြည်တွင်းပြည်ပ ပညာရှင်တချို့က အမျိုသား ရေးဝါဒဟာ ကြားနေသဘောသဘာဝရှိပြီး အမျိုးသားအသီးသီးအတွက် “ဆက်သွယ်ပေး” တဲ့ တံတားလည်း ဖြစ်နိုင်တယ်။ “အဆက်ဖြတ် ပေး”တဲ့ တံတိုင်းလည်း ဖြစ်နိုင်တယ်လို့ မြင်ကြတယ်။ မျက်မှောက်ခေတ် အမျိုးသားရေးဝါဒလှုပ်ရှားမှုတွေကို တွန်းဆော်ပေးနေတဲ့ပဋိပက္ခ တွေက ရောထွေးယှက်နွယ်နေကြပြီး လှုပ်ရှားမှုရဲ့အကြောင်းရင်းတွေကလည်း ရှုပ်ထွေးများပြားလှပါတယ်။ အဲ့ဒီအချက်ကို ကျနော်တို့ မြင်ကြ ရမယ်။ အဲ့ဒီလို ပဋိပက္ခလက္ခဏာတွေကလည်း ကွဲပြား၊ အကြောင်းရင်းတွေက မတူတာကြောင့် မျက်မှောက်ခေတ်အမျိုးသားရေးဝါဒရဲ့ “အရည်အသွေးလက္ခဏာ”တွေကလည်း မတူကြတော့ဘူး။ ဒီဝါဒ ဖွံ့ဖြိုးမှုနဲ့ ဆင့်ကဲဖြစ်စဉ်တို့ရဲ့ ဦးတည်ရာဘက်တွေလည်း မတူကြတော့ဘူး။ သမိုင်းမှာ သူ့ရဲ့အခန်းဝင်မှုတွေဟာလည်း မတူကြတော့ဘူး။ ဒါ့ကြောင့် ဒီဝါဒရဲ့ ရှုပ်ထွေးတဲ့လက္ခဏာဟာလည်း အပြည့်အဝ ပေါ်လွင်လာ တယ်။ လက်တွေ့အရပ်ရပ်တွေအရ ပြောနိုင်တာကတော့ မျက်မှောက်ခေတ်အမျိုးသားရေးဝါဒဟာ အလွန့်အလွန်ထက်တဲ့ အသွားနှစ်ဘက် ပါတဲ့ ဓားတလက်နဲ့တူပါတယ်။ အမျိုးသားနိုင်ငံတွေကို တည်ဆောက်တဲ့၊ တိုင်းပြည်တပေါင်းတစည်းထဲရှိမှုနဲ့ အမျိုးသားဂုဏ်သိက္ခာတို့ကို ကာကွယ်တဲ့၊ သို့မဟုတ် ခိုင်မာအောင်လုပ်တဲ့ ကိုယ်စောင့်နတ်တပါး ဖြစ်နိုင်သလို၊ အခြားတဘက်မှာလည်း တိုင်းပြည်တည်ငြိမ်မှုနဲ့ တပေါင်း တစည်းထဲရှိမှုတို့ကို ခြိမ်းခြောက်တဲ့ သို့မဟုတ် ဖျက်ဆီးတဲ့ တံခါးဖျက်တင်းပုတ်ကြီးအဖြစ်သို့ ပြောင်းလဲသွားနိုင်ပါတယ်။ နောက်ပြီး ဒီဝါဒဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ ကိုလိုနီဝါဒဆန့်ကျင်ရေး၊ ဗိုလ်ကျလွှမ်းမိုးမှုဆန့်ကျင်ရေးတွေ လုပ်နိုင်သလို၊ ဒေသတွေ မတည်မငြိမ်ဖြစ်စေတဲ့၊ နိုင်ငံတကာစည်းစနစ်တွေကိုလှိုက်စားတဲ့ လူသတ်လက်နက်တခုအဖြစ်သို့လည်း ပြောင်းသွားနိုင်ပါတယ်။
ထူးခြားချက်(၃)။ အတွင်းသဘော စုံလင်ရှုပ်ထွေးခြင်း။ (၃)
အနီးခေတ်အမျိုးသားရေးဝါဒဟာ ထွက်ပေါ်လာကာစမှာ အတွင်းသဘောက တစ်ခုတည်းပါ။ အဲ့ဒီ အတွင်းသဘောက ကိုယ့်အမျိုးသားဆိုရင် အသိအမှတ်ပြုလိုတဲ့စိတ် သို့မဟုတ် နီးစပ်ရင်းနှီးလိုစိတ်တွေရှိပြီး ကိုယ့်အမျိုးသားမဟုတ်သူတွေ အပေါ်မှာဆိုရင်တော့ လစ်လျူရှုချင်စိတ် သို့မဟုတ် ဆန့်ကျင်ချင်စိတ်ရှိတဲ့သဘောပါဘဲ။ ခေတ်တွေတိုးတက်လာတာ၊ လူ့အဖွဲ့အစည်းတွေ တစတစ ပြောင်းလဲလာတာကြောင့်၊ နောက်ပြီး အမျိုးသားရေးဝါဒအသီးသီးရဲ့ ဦးထိပ်ပန် ပန်းတိုင်တွေကလည်းမတူတာ၊ ရရှိထားတဲ့ အဆင့်နေရာတွေကလည်း မတူတာတွေ ကြောင့် အမျိုးသားရေးဝါဒတွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့အတွေးအခေါ်၊ ဘာသာရေး၊ နယ်မြေ စတဲ့အချက်အလက်တွေနဲ့ ဆက်စပ်လေ့ ရှိလာပါတယ်။ ဒီလိုနဲ့ သူ့ရဲ့အတွင်းသဘောဟာလည်း တမျိုးတည်းမဟုတ်တော့ဘဲ စုံလင်များပြားလာပြီး ရှုပ်ထွေးတဲ့ အမျိုးသား ရေးဝါဒတွေ ဖြစ်လာပါတယ်။ ဥပမာ(နိုင်ငံရေးဘက်ကို အလေးတင်းတဲ့) နိုင်ငံရေးစွဲအမျိုးသားရေးဝါဒ၊ (အလားတူစွာပဲ) စီးပွားရေးစွဲအမျိုး သားရေးဝါဒ၊ ယဉ်ကျေးမှုစွဲအမျိုးသားရေးဝါဒ၊ ဘာသာရေးစွဲအမျိုးသားရေးဝါဒ၊ ဒေသစွဲအမျိုးသားရေးဝါဒ စတာတွေဖြစ်လာပါတယ်။
နိုင်ငံရေးစွဲအမျိုးသားရေးဝါဒဆိုရင် ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးရဲ့ နိုင်ငံရေးအကျိုးစီးပွားကိုထိပ်တန်းတင်ပြီး ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ လွတ်လပ်မှု၊ အချုပ်အချာအာဏာပိုင်မှု၊ တပေါင်းတစည်းထဲဖြစ်မှုတို့ကို လမ်းညွှန်ပန်းတိုင်အဖြစ် ဦးထိပ်ပန်ကာကွယ်တယ်။ စီးပွားရေးစွဲ အမျိုးသားရေးဝါဒကတော့ ကိုယ့်အမျိုးသားတိုင်းပြည်ရဲ့ စီးပွားရေးအကျိုးစီးပွားများကာကွယ်ရေးကို နိုင်ငံခြားနဲ့ဆက်ဆံရာမှာ ဦးစားပေး စဉ်းစားဖြေရှင်းတဲ့ပန်းတိုင်အဖြစ် သဘောထားတယ်။ ယဉ်ကျေးမှုစွဲအမျိုးသားရေးဝါဒကဆိုရင် ကိုယ့်အမျိုးသားရဲ့ ထူးခြားချက်ဖြစ်တဲ့ ကိုယ့် သမိုင်းအစဉ်အလာတွေကိုအလေးထားပြီး ကိုယ့်အမျိုးသားရဲ့ စည်းလုံးကြံ့ခိုင်မှု၊ ကိုယ့်အမျိုးသားရဲ့(ပတ်ပတ်လည်မှာ တခြားအမျိုးသားများ ဝန်းရံလာစေတဲ့) ဗဟိုဆွဲဆောင်မှုအင်အား (CENTRIPETAL FORCE) တို့ကို ခိုင်မာကြီးထွားစေတယ်။ အဲ့ဒီကတဆင့် ကိုယ့်ယဉ်ကျေးမှုရဲ့ သီးခြားထူးခြားချက်ကို အခြေခံအဖြစ်ထားကာ ကိုယ့်အမျိုးသားရဲ့ဝိဉာဉ်အင်အားကို ထိန်းသိမ်းတယ် သို့မဟုတ် တိုးချဲ့တယ်။ ဒေသစွဲအမျိုး သားရေးဝါဒကတော့ မျက်မှောက်ခေတ်ကျမှထွက်ပေါ်တဲ့ သမိုင်းအချင်းအရာသစ်တခု ဖြစ်ပါတယ်။ အမေရိကန်နဲ့ဆိုဗီယက် အင်အားလွန် နိုင်ငံကြီးနှစ်ခုတို့ ထိပ်တိုက်ရင်ဆိုင်နေကြပြီး ကမ္ဘာ့အရေးကိစ္စတွေကို ထိန်းချုပ်နေကြတဲ့ နိုင်ငံတကာအနေအထားကာလတုန်းက အလတ် စားနဲ့ အငယ်စားတိုင်းပြည် အတော်များများဟာ အင်အားချိနဲ့မှု၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့အားနည်းမှုတို့ကို ခံစားခဲ့ကြရပြီး ဒါရဲ့အကျိုးဆက် အနေနဲ့ ဒေသလက္ခဏာဆောင်တဲ့ တိုင်းပြည်အုပ်စုလေးတွေကိုဖွဲ့လာကြပြီး အုပ်စုစွဲအမျိုးသားရေးဝါဒကို အလေးတင်းလာကြတယ်။ တညီ တညွတ်တည်းလှုပ်ရှားတဲ့နည်းနာတွေအသုံးပြုပြီး အမျိုးသား ဘုံအကျိုးစီးပွားများကို ကာကွယ်ကြတယ်။ အဲဒီလို နယ်မြေဒေသစွဲအမျိုးသား ရေးဝါဒရဲ့ စံအကျဆုံးဖော်ပြမှုကို ဥရောပသမဂ္ဂဝင်နိုင်ငံတွေမှာ တွေ့နိုင်ပါတယ်။
အပိုင်း(၂) အမျိုးသားရေးဝါဒရဲ့ အမျိုးအစားပုံစံများနဲ့ ၎င်းတို့အား အကဲဖြတ်ချက်။
အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း မျက်မှောက်ခေတ်အမျိုးသားရေးဝါဒမှာ ပုံစံတွေကလည်းများပြား၊ ထူးခြားချက်တွေကလည်း ထွေပြား၊ အရည် အသွေးတွေကလည်း ကွဲပြားကြတာကြောင့် အကွက်အပြောက်၊ အရောင်အသွေး ရှုပ်ထွေးစုံလင်တဲ့ ပုံကားချပ်တခုဖြစ်လာပါတယ်။ ဒီဝါဒ အပေါ် ဘယ်လိုရှုမြင်သုံးသပ် အကဲဖြတ်ကြမလဲဆိုတဲ့ပြဿနာအပေါ် ကမ္ဘာ့ပညာရှင်အသိုင်းအဝိုင်းနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းအတွင်းမှာ ခွဲခြမ်းမှုအမျိုးမျိုး၊ တင်ပြမှုအဖုံဖုံရှိပါတယ်။
အနောက်တိုင်း ရှေ့တန်းရောက်နိုင်ငံများကပညာရှင်တွေ၊ နိုင်ငံရေးမားတွေမှာ တချို့က ဒီလိုမြင်ကြတယ်။ မျက်မှောက်ခေတ်အမျိုးသားရေးဝါဒကို အနောက်တိုင်းပုံစံနဲ့ အနောက်တိုင်းမဟုတ်တဲ့ပုံစံ(သို့မဟုတ် အနောက်တိုင်းကိုဆန့်ကျင်တဲ့ပုံစံ)ရယ် လို့ ခွဲခြားကြတယ်။ ဒါမှမဟုတ် ဒီမိုကရေစီကျတဲ့ပုံစံ(သို့မဟုတ် ဒီမိုကရေစီကိုဆန့်ကျင်တဲ့ပုံစံ) အဖြစ် ခွဲခြားကြတယ်။ ဒါမှမဟုတ် အပြု သဘော(တည်ဆောက်မှုသဘော)ဆောင်တာနဲ့ အဖျက်သဘောဆောင်တာအဖြစ် ခွဲခြားကြတယ်။ တတိယကမ္ဘာ့နိုင်ငံတွေနဲ့ တရုတ်ပြည်က တချို့ပညာရှင်တွေကတော့ ဖိနှိပ်ရေးပုံစံနဲ့ ဖိနှိပ်မှုဆန့်ကျင်ရေးပုံစံအဖြစ် ခွဲခြားတာ၊ သို့မဟုတ် ချဲ့ထွင်ရေးပုံစံနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေး ပုံစံအဖြစ်ခွဲခြားတာလုပ်ကြပါတယ်။ ကျနော်ကတော့ စုစည်းခြင်း (FUSION) ပုံစံနဲ့ ကွဲထွက်ခြင်း (FISION)ပုံစံရယ်လို့ခွဲတာက ပိုပြီး သင့်လျော်မယ်ထင်ပါတယ်။
အနောက်တိုင်းပုံစံနဲ့ အနောက်တိုင်းမဟုတ်တဲ့ပုံစံ(သို့မဟုတ် အနောက်တိုင်းဆန့်ကျင်တဲ့ပုံစံ)ဆိုတဲ့ မြင်ပုံမြင်နည်းတွေဟာ ကာလ တော်တော် ကြာကြာကတည်းက ဖြစ်ပေါ်တိုးပွားလာတာပါ။ ဒီပုံစံနှစ်ခုဟာ အမြင်ချင်း ရှင်းရှင်းလင်းလင်းကွဲပြားပြီး ခွဲခြားတဲ့မျဉ်းဟာလည်း ပြတ်သား တယ်လို့ ပြောလို့ရပါတယ်။ ဒီလို ခွဲခြားနည်းကိုထောက်ခံတဲ့လူ နှစ်မျိုးနှစ်စားရှိနိုင်ပါတယ်။ တမျိုးက စာကြည့်ခန်းထဲကပညာရှင်များဖြစ်ပြီး သူတို့ဟာ ပဌမမှာတော့ မျက်မှောက်ခေတ်အမျိုးသားရေးဝါဒကို ပညာရှင်ဆန်ဆန် လေ့လာသုတေသနပြုကြတာပါ။ ဒါပေမဲ့ တယူသန်ကျမှု တွေကြောင့်၊ ဒါမှမဟုတ်ရင်လည်း အနောက်တိုင်းအမျိုးသားရေးအမြင်၊ တန်ဖိုးထားချက်အမြင်တွေကိုပဲ ပိုင်းခြားရေးစံတွေအဖြစ် သဘော ထားကြတာတွေကြောင့်၊ သူတို့မှာ လက်တွေ့နဲ့မကိုက်ညီတဲ့၊ တဘက်သတ်ကျတဲ့ကောက်ချက်တွေ ထွက်ပေါ်လာပြီး မျက်မှောက်ခေတ်
(၄)
အမျိုးသားရေးဝါဒကို အနောက်တိုင်းပုံစံနဲ့ အနောက်တိုင်းမဟုတ်တဲ့ပုံစံရယ်လို့ ရိုးရိုးစင်းစင်းလေးပဲ ခွဲခြားလိုက်တယ်။ တကယ့်လက်တွေ့မှာ ဒါဟာ အနောက်တိုင်းအမျိုးသားများနဲ့ အနောက်တိုင်းကမဟုတ်တဲ့အမျိုးသားများကြားက စိတ်ပိုင်းဆိုင်ရာ စည်းခြားထားမှုတွေကို သင်ပုန်းချေ ဖျောက်ဖျက်ပစ်ရေးအတွက် အကျိုးမရှိပါဘူး။ ဒုတိယလူမျိုးကတော့ မျက်မှန်စိမ်းတပ်ထားတဲ့ သို့မဟုတ် စစ်အေး အတွေးအခေါ်ရှိနေသေးတဲ့ နံမည်ကြီးနိုင်ငံရေးသမားများ၊ ပညာရှင်များဖြစ်ကြပါတယ်။ သူတို့ဟာ အနောက်တိုင်းကိုဆန့်ကျင်ကြတဲ့၊ သူတို့ရဲ့စိတ်မှန်းရန်သူ (IMAGINARY ENEMY) များကို နည်းမျိုးစုံနဲ့ ရှာဖွေဖော်ထုတ်ချင်ကြတယ်။ နောက်ပြီး အနောက်တိုင်း အင်အားကြီးနိုင်ငံတချို့ တခြားအမျိုးသားများအပေါ် စော်ကားမော်ကား အနိုင့်ထက်ပြုတာ ဗိုလ်ကျနေတာကိုလည်း သူတို့တတွေက အသိရှိစွာ သို့မဟုတ် အသိမဲ့စွာ ရှေ့နေလိုက်ပေးတတ်ကြ တယ်။ ချုပ်ပြောရရင် အမျိုးသားရေးဝါဒတွေကို အနောက်တိုင်းပုံစံနဲ့ အနောက်တိုင်းမဟုတ်တဲ့ပုံစံ(သို့မဟုတ် အနောက်တိုင်းဆန့်ကျင်တဲ့ ပုံစံ)အဖြစ် ခွဲခြားကြည့်မြင်နည်းဟာ အနှစ်သာရအရဆိုရရင် ယဉ်ကျေးမှု၊ ဖွံ့ဖြိုးမှုအဝန်းအဝိုင်းမတူကြတဲ့ တိုင်းပြည်နဲ့လူမျိုးတွေကို ရန်သူ တွေအဖြစ် သဘောထားတဲ့အမြင်ဖြစ်ပါတယ်။ သူတို့ကို အန်တုဘက်တွေအဖြစ်သဘောထားပြီး ထိန်းချုပ်တာ၊ ဝိုင်းပတ်ပိတ်ဆို့တာတွေ ကြိုးစားလုပ်ကြတယ်။ ဒါဟာ သဘောတရားရေးအရလည်း မှားယွင်းတယ်။ ဒါကို နိုင်ငံတကာနိုင်ငံရေးမှာ သုံးလာရင်တော့ အန္တရာယ်တောင် ရှိပါတယ်။
အမျိုးသားရေးဝါဒီတွေကို ဒီမိုကရေစီကျတာနဲ့ မကျတာ၊ သို့မဟုတ် လွတ်လပ်မှုလိုလားတာနဲ့ မလိုလားတာရယ်လို့ ခွဲခြားတဲ့အမြင်နဲ့ ပတ်သက်လို့ ထက်ထက်သန်သန် ဆွေးနွေးကြဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီ၊ လွတ်လပ်မှုစတာတွေလို အယူအဆမျိုးတွေဟာ နဂိုမူလအရဆိုရင် ပြင်သစ်ဓနရှင်လူတန်းစားတော်လှန်စဉ်အခါက တင်ပြခဲ့တာတွေဖြစ်လို့ ဒါတွေဟာ သမိုင်းအရ တိုးတက်တဲ့သဘောရှိတယ် ဆိုတာ သံသယရှိစရာမလိုပေမယ့် ခေတ်တွေတိုးတက်၊ လူ့အဖွဲ့အစည်းတွေ ပြောင်းလဲလာတာနဲ့အမျှ ဒီမိုကရေစီဆိုတာတို့၊ လွတ်လပ်မှု ဆိုတာတို့ရဲ့ အနှစ်အဓိပ္ပာယ်နဲ့ တိုးချဲ့အဓိပ္ပာယ်တို့ဟာလည်း ကြွယ်ဝ၊ ဖွံ့ဖြိုး၊ ပြောင်းလဲလာခဲ့ပါတယ်။ ဒါ့အပြင် မတူတဲ့ခေတ်အသီးသီး၊ တိုင်းပြည်အသီးသီး သို့မဟုတ် လူမျိုးအသီးသီး လူတန်းစားအသီးသီးတို့မှာလည်း ဒီမိုကရေစီ၊ လွတ်လပ်မှုဆိုတာတို့အပေါ် ကိုယ့်နားလည်မှုနဲ့ ကိုယ် ရှိနေကြတာပါ။ ဥပမာ “အမျိုးသားအကျိုးစီးပွား”ဆိုတဲ့အချက်အပေါ် နားလည်မှု မတူကြတာမျိုးလိုပေါ့။ ဒါ့ကြောင့် ခုနေအခါမှာ ဒီမို ကရေစီ၊ လွတ်လပ်မှုဆိုတဲ့စကားတွေကို ယေဘုယျကျကျ၊ အနှစ်မဲ့မဲ့၊ ဝေဝေဝါးဝါးအသုံးပြုပြီး သို့မဟုတ် အခြေအနေနဲ့ကိုက်ညီမှုမရှိတဲ့ နည်းကို အသုံးပြုပြီး မျက်မှောက်ခေတ်အမျိုးသားရေးဝါဒကို အဓိပ္ပာယ်ဖွင့်ဆိုလို့ မဖြစ်ပါဘူး။ အဲ့ဒီလိုလုပ်ရင် လူတွေအနေနဲ့ နားလည်ရခက်၊ ဆုပ်ရကိုင်ရခက်ပြီး တပြေးညီစံလည်း ရှိလာနိုင်တော့မှာ မဟုတ်ပါဘူး။ အဲ့ဒီလို ဖွင့်ဆိုမယ်ဆိုရင် အနောက်တိုင်းရဲ့အတွေးအခေါ်တွေ၊ တန်ဖိုး ထားချက်တွေအရ အမျိုးသားရေးဝါဒအပေါ် သံသယပွားနေကြတာကို တားဆီးရှောင်လွှဲဖို့ ခဲယဉ်းပါလိမ့်မယ်။ ဖိနပ်နဲ့တော်အောင် ဖနောင့်ကို လှီးရမလိုခံစားမှုမျိုးလည်း အလွယ်တကူ ပေါ်လာပါလိမ့်မယ်။ မျက်မှောက်ခေတ်အမျိုးရေးဝါဒရဲ့ပုံစံတွေက များမြောင်ရှုပ်ထွေးလှတာကြောင့် ဒါတွေအားလုံးကို ပုံစံအသေတခုထဲကို သွတ်သွင်းပစ်နိုင်ဖို့ဆိုတာ ခဲယဉ်းပါတယ်။ တဆင့်တိုးပြောရရင် အနောက်တိုင်းစံနဲ့ကိုက်တဲ့ အမျိုးသား ရေးဝါဒတွေကိုတော့ ဒီမိုကရေစီကျတဲ့၊ လွတ်လပ်မှုရှိတဲ့အမျိုးသားရေးဝါဒတွေဆိုပြီး သိမ်းသွင်းတာမျိုး၊ အနောက်တိုင်းစံနဲ့ မကိုက်တာတွေကို တော့ ဒီမိုကရေစီမကျတဲ့၊ လွတ်လပ်မှုမရှိတဲ့(ဒါမှမဟုတ် ဒီမိုကရေစီကိုဆန့်ကျင်တဲ့၊ လွတ်လပ်မှုကိုဆန့်ကျင်တဲ့) အမျိုးသားရေးဝါဒတွေပဲဆိုပြီး ဝိုင်းပယ်တာ ကျဉ်တာမျိုးတွေဟာ တကယ်တော့ ကျဉ်းမြောင်းတဲ့အမျိုးသားရေးဝါဒအတွေးအခေါ် ဖော်ပြချက်တွေဖြစ်ပါတယ်။
အမျိုးသားရေးဝါဒတွေကို အပြုသဘောဆောင်တာနဲ့ အဖျက်သဘောဆောင်တာရယ်လို့ နှစ်မျိုးခွဲခြားတာမှာ ကြောင်းကျိုးဆီလျော်မှု တစုံ တရာရှိပေမယ့် ဒါဟာ ပြဿနာကို ရိုးစင်းလွန်းသွားစေတာမို့ အဆုပ်ကိုင်ရခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မျက်မှောက်ခေတ်အမျိုးသား ရေးဝါဒဆိုတာ သဏ္ဍန်များစုံလင်ရှုပ်ထွေးလှပြီး သူ့ရဲ့ အရည်အသွေး လက္ခဏာတွေဟာလည်း တမျိုးကတမျိုးကို အပြန်အလှန်ပြောင်းတတ် လို့ပါဘဲ။ “အပြုသဘောဆောင်တဲ့” အမျိုးသားရေးဝါဒဖြစ်တယ်ဆိုရင်တောင်မှပဲ သူ့မှာ သင့်တော်တဲ့ “အကန့်အသတ်ဘောင်”တခု ရှိရမှာပါ။ အကန့်အသတ်မဲ့တိုးချဲဖို့ မဖြစ်နိုင်ပါဘူး။ အဲ့ဒီ သင့်တော်တဲ့ “အကန့်အသတ်ဘောင်” ကို ကျော်သွားခဲ့ရင် သူနဲ့ဆန့်ကျင်ဘက်ကိုပြောင်းသွား ပြီး အဖျက်သဘောဆောင်တဲ့အမျိုးသားရေးဝါဒ ဖြစ်သွားနိုင်ပါတယ်။ မျက်မှောက်ခေတ်အမျိုးသားရေးဝါဒဟာ “အပြုသဘော” နဲ့ “အဖျက် သဘော” ကြားထဲမှာရှိတယ်ဆိုတာလည်း ပြောဖို့လိုပါသေးတယ်။ ဆိုလိုတာက အဲ့ဒီဝါဒထဲမှာ တစုံတရာ “အပြုသဘော”ပါဝင်သလို တစုံ တရာ “အဖျက်သဘော”လည်း ပါဝင်နေတာချည်းပါဘဲ။ ဒါမဟုတ်ရင်ဟိုဟာပဲ ဆိုတဲ့သဘော ရိုးစင်းတဲ့နည်းနဲ့ ဖွင့်ဆိုလို့မရပါဘူး။
ဖိနှိပ်ရေးပုံစံနဲ့ ဖိနှိပ်မှုဆန့်ကျင်ရေးပုံစံအဖြစ် အမျိုးသားရေးဝါဒတွေကိုခွဲခြားတဲ့နည်းကတော့ ၂ဝ ရာစုမတိုင်မီကာလနဲ့ ဒုတိယကမ္ဘာစစ်ပြီးမှ (၆ဝ) ခုနှစ်အထိ ကာလများမှာ ခေတ်စားခဲ့ပါတယ်။ ဒါပေမဲ့ အာရှ၊ အာဖရိက အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုများ ဒီရေမြင့်ခဲ့ခြင်း၊ အဖိနှိပ်ခံအမျိုးသားအများအပြား လွတ်လပ်တဲ့နိုင်ငံများထူထောင်ကြခြင်း၊ ကိုလိုနီစနစ်ပြိုလဲခဲ့ခြင်း စတဲ့အခြေအနေတွေရှိလာတာနဲ့အမျှ အဲ့ဒီခွဲခြားနည်းဟာ မျက်မှောက်ခေတ်မှာ အခြေခံအားဖြင့် မကိုက်ညီတော့ပါဘူး။ ပဌမအကြောင်းက ရှေ့တန်းရောက် အရင်းရှင်နိုင်ငံဟောင်း များအနေနဲ့ အရင်တုန်းကလို ဗြောင်ကျတဲ့ဖိနှိပ်ရေးပုံစံအမျိုးသားရေးဝါဒကိုအသုံးပြုပြီး တက်သစ်စ ကမ္ဘာ့နိုင်ငံတွေကိုအုပ်ချုပ်ဖို့ သို့မဟုတ်
(၅)
ရင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဒုတိယအကြောင်းရင်းက တတိယကမ္ဘာ့နိုင်ငံအသစ်တွေမှာ အတွင်းပိုင်းအတိုက်အခံဖြစ်မှုများ(အာဖရိက တောင်အာရှနဲ့ အရှေ့အလယ်ပိုင်းတို့မှာလို နိုင်ငံတွေကျတော့ လူမျိုးရေးဆိုင်ရာ သို့မဟုတ် လူ့အနွယ်(အသားအရောင်)ဆိုင်ရာ အတိုက်အခံ ဖြစ်မှုများ)ရှိနေကြပေမယ့် အဓိအားဖြင့်တော့ ဒေသအကျိုးစီးပွားကိုကာကွယ်တာ သို့မဟုတ် မိမိတို့ အသားအရောင်၊ ဘာသာရေးကိုးကွယ် ယုံကြည်မှုတို့ကို ကာကွယ်တာတွေက အစချီကြပါတယ်။ လွတ်လပ်ပြီး အချုပ်အချာပိုင်တဲ့နိုင်ငံထူထောင်ရေးကို ရှင်းရှင်းလင်းလင်းတောင်း ဆိုတဲ့ အတိုက်အခံဖြစ်မှုတွေက အနှံ့အပြားအခြင်းအရာ လုံးဝ မဟုတ်ပါဘူး။
တိုးချဲ့ရေးပုံစံနဲ့ မိမိကိုယ်ကိုယ် ကာကွယ်ရေးပုံစံ အမျိုးသားရေးဝါဒရယ်လို့ ခွဲခြားတာနဲ့ပတ်သက်လို့ပြောရရင်လည်း အထက်က ခွဲနည်းတွေ လိုပါဘဲ။ မျက်မှောက်ခေတ်မှာ အနှံ့အပြားသုံးလို့ မဖြစ်တော့ပါဘူး။ မျက်မှောက်ကမ္ဘာပေါ်မှာ ကမ္ဘာတခုလုံးဆိုင်ရာ ဗိုလ်ကျရေးအကျိုးစီးပွား၊ သို့မဟုတ် ဒေသဆိုင်ရာ ဗိုလ်ကျရေးအကျိုးစီးပွားအတွက်လုပ်နေတဲ့ တိုးချဲ့ရေးပုံစံအမျိုးသားရေးဝါဒဟာ ရှိနေသေးပြီး၊ တဖက်မှာလည်း ဆုံးရှံူးသွားတဲ့နယ်မြေတွေကို ပြန်ရဖို့ကြိုးစားနေတဲ့။ သို့မဟုတ် အမျိုးသားတပေါင်းတစည်းထဲရှိရေးအတွက်လုပ်နေတဲ့၊ သို့မဟုတ် နိုင်ငံတော် အချုပ်အချာပိုင်မှုကိုကာကွယ်တဲ့ မိမိကိုယ်ကိုကာကွယ်ရေးပုံစံအမျိုးရေးဝါဒဟာလည်း ရှိနေသေးတာအမှန်ပါပဲ။ ဒါပေမဲ့ ဒီလိုခွဲခြားနည်းဟာ အကြောင်းအချက်စုံလင်လာ၊ ရှုပ်ထွေးလာတဲ့ မျက်မှောက်ခေတ်အမျိုးသားရေးဝါဒအခိုင်အမာဖြစ်ထွန်းမှုကို ပေါင်းချုပ်ရည်ညွှန်းနိုင်စွမ်း အတော့်ကိုမရှိတော့ပါဘူး။
အထက်ပါအခြေအနေတွေအရ မျက်မှောက်ခေတ်အမျိုးသားရေးဝါဒတွေကို စုစည်းခြင်းပုံစံနဲ့ ခွဲထွက်ခြင်းပုံစံရယ်လို့ခွဲခြားတာက ပိုသင့်တော် မယ်ထင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီလိုခွဲခြားနည်းက မျက်မှောက်ခေတ်အမျိုးသားရေးဝါဒဖြစ်ထွန်းမှုရဲ့ အခိုင်အမာအခြေအနေကို ပကတိဘာဝကျကျ ရောင်ပြန်ဟပ်နိုင်ပြီး၊ ချီးကျူး ပြစ်တင်တဲ့သဘောလည်း နည်းနည်းမှမပါပဲ အရည်အသွေးလက္ခဏာအမျိုးမျိုးရှိတဲ့ အမျိုး သားရေးဝါအားလုံးအတွက်လည်း သုံးလို့ရပါတယ်။ အခုခေတ် နိုင်ငံတကာလူ့အဖွဲ့အစည်းကို တခုလုံးအနေအထားအရ လေ့လာကြည့်မယ် ဆိုရင် မျက်မှောက်ခေတ်အမျိုးသားရေးဝါဒတွေဟာ စုစည်းခြင်းပုံစံနဲ့ ခွဲထွက်ခြင်းပုံစံဆိုတဲ့ ပုံစံနှစ်မျိုးနဲ့ တပြိုင်နက်တည်းမှာ ယှဉ်တွဲဖြစ်ထွန်း နေကြောင်း တွေ့ရမှာပါ။ ဒီပုံစံ နှစ်မျိုးဟာ ထိပ်တိုက်လည်းဖြစ်နေ၊ ယှဉ်တွဲလည်းရှိနေပြီး စုစည်းမှုထဲမှာလည်း ကွဲထွက်မှုရှိ၊ ကွဲထွက်မှုထဲမှာ လည်း စုစည်းမှုရှိနေတယ်။ အပြန်အလှန် ယှက်နွယ်ယှက်သန်းဖြစ်ထွန်းနေပြီး ရှုပ်ထွေးပွေလီတဲ့ အခြင်းအရာတွေ ထွက်ပေါ်နေပါတယ်။
စုစည်းခြင်းပုံစံအမျိုးသားရေးဝါဒကို ဥရောပသမဂ္ဂဝင်နိုင်ငံများမှာ စံအကျဆုံး၊ အပေါ်လွင်ဆုံးတွေ့ရပါတယ်။ ကာလ လတ်၊ ကာလရှည် အမြင်နဲ့ကြည့်ရင် ဥရောပသမဂ္ဂအမှူးပြုတဲ့အမျိုးသားစုစည်းမှုဟာ ဥရောပတတိုက်လုံးမှာ ဖြစ်ထွန်းနေပါတယ်။ (အတ္တလန်တိတ်သမုဒ္ဒရာမှ (ရုရှားနိုင်ငံအတွင်း အာရှနဲ့ဥရောပကို ပိုင်းခြားထားတဲ့) ယူရယ်လ်တောင်တန်းအထိကျယ်ပြန့်တဲ့ “ဥရောပတိုင်းပြည်စုကြီး” ထူထောင်ရေး ကြံစည်ချက်ကတော့ အတော်ရှည်ကြာဦးမယ့်ကိစ္စတော့ ဖြစ်တာပေါ့။ နောက်တခုက အဲ့ဒီလို ဥရောပသမဂ္ဂနိုင်ငံများအတွင်းမှာ အမျိုးသား စုစည်းမှုရေစီးကြောင်းတွေ အားကောင်းကောင်းနဲ့ ဖြစ်ပေါ်နေတဲ့တချိန်တည်းမှာပဲ၊ အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ ဘယ်လ်ဂျီယံ စတဲ့နိုင်ငံတွေ အတွင်းမှာတော့ ဒေသစွဲအမျိုးသားရေးဝါဒ အကြောင်းအချက်တွေကြောင့် အတိုင်းအတာမတူတဲ့ ကွဲထွက်မှုအခြင်းအရာတွေ ထွက်ပေါ်နေ ပါတယ်။ ဒီအချက်ကို အခိုင်အမာဖော်ပြနေတာကတော့ ဒေသခွဲထွက်(ခွဲခြား)ရေးဝါဒဖြစ်ပါတယ်။ ဥပမာ ပြင်သစ်မှာ ကော်စီကားနဲ့ ဘရစ်တန် နီ၊ အင်္ဂလန်မှာ မြောက်အိုင်ယာလန်နဲ့ စကော့တလန်၊ စပိန်မှာ ဘက်စ်လ် (BASQUE)နဲ့ ကာတာလောနီးယား၊ ဘယ်လ်ဂျီယံမှာ ဖလင်းဒါးနဲ့ ဝဲလွန်း၊ အီတလီမှာ တောင်ပိုင်း၊ မြောက်ပိုင်း၊ အလယ်ပိုင်း သုံးခုမှဒေသသားများအတွင်းမှာ ခွဲထွက်ရေး သို့မဟုတ် ခွဲခြားရေးတိမ်းညွှတ်မှုတွေ ရှိနေပါတယ်။ ဒါ့ကြောင့် ဒေသခွဲထွက်ရေးဝါဒအပေါ်တိုက်ပွဲဆင်ကာ တိုင်းပြည်တပေါင်းတစည်းထဲရှိမှုကိုကာကွယ်ရေးဆိုတာ အနောက် ဥရောပတိုင်းပြည်အချို့ရဲ့ ခက်ခဲတဲ့တာဝန်တရပ်ဖြစ်နေပါသေးတယ်။
ကမ္ဘာ့ တခြားနေရာတွေမှာလည်း အဲ့ဒီလို စုစည်းမှုဘက်ကိုဦးတည်နေတဲ့အမျိုးသားရေးဝါဒတွေ ဖြစ်ပေါ်နေပါသေးတယ်။ တိုင်းပြည်နယ်နိမိတ် ကိုကျော်လွန်ပြီး စီးပွားရေးအရပူးပေါင်းမှုကိုအဓိကထား၊ နိုင်ငံရေးအရပူးပေါင်းမှုကို အရန်ထားတဲ့ပုံစံတွေကို အဓိကတွေ့ရပါတယ်။ ဥပမာ အာဆီယံအဖွဲ့လိုမျိုးဖြစ်ပါတယ်။ အဲ့ဒီလိုအမျိုးသားရေးဝါဒကတော့ ဖွံ့ဖြိုးမှုရေချိန်အရ၊ ရင့်မှည့်မှုအဆင့်အတန်းအရ ဥရောပသမဂ္ဂနိုင်ငံတွေ ထက် အနည်းငယ်နိမ့်ပါတယ်။ အာဆီယံလိုဟာမျိုးကို ပူးပေါင်းရေးအမျိုးသားရေးဝါဒ သို့မဟုတ် အာရှရဲ့စုစည်းခြင်းပုံစံ အမျိုးသားရေးဝါဒ ဘက်သို့ ဦးတည်နေတဲ့အရာအဖြစ်ပြောရင်လည်း ရပါတယ်။ နိုင်ငံတကာအဆင့်နေရာ အတော်အတန်မြင့်မားတဲ့ ရှေ့တန်းရောက်နိုင်ငံများ ပါဝင်တဲ့ ဥရောပသမဂ္ဂရဲ့ စုစည်းခြင်းပုံစံအမျိုးသားရေးဝါဒဟာ ဒေသအတွင်းမှာ အားပျော့သွားတဲ့ သို့မဟုတ် “သေးကြုံ့သွားတဲ့” အမျိုးသား ရေးဝါဒဖြစ်တယ်လို့ ပြောကြမယ်ဆိုရင်လည်း အာဆီယံနဲ့ တခြား ဖွံ့ဖြိုးဆဲနိုင်ငံအဖွဲ့အစည်းများရဲ့ စုစည်းခြင်းပုံစံအမျိုးသားရေးဝါဒကတော့ အားကောင်းလာတဲ့ သို့မဟုတ် “ကြီးထွားလာတဲ့”အမျိုးသားရေးဝါဒဖြစ်တယ်လို့ ပြောကြရမှာပါပဲ။ ဘာလို့လဲဆိုတော့ အာဆီယံမှာလို စုစည်း ခြင်းပုံစံအမျိုးသားရေးဝါဒ ပေါ်ထွက်အားကောင်းလာခြင်းဟာ အဲ့ဒီလိုနိုင်ငံတွေအနေနဲ့ ကမ္ဘာ့စီးပွားရေး၊ နိုင်ငံရေးစနစ်ထဲမှာ အားနည်းတဲ့
(၆)
အနေအထားမှာရောက်နေရတာကို ခံစစ်သဘောနဲ့တုံ့ပြန်ခြင်းတမျိုးဖြစ်လို့၊ နောက်ပြီး သူတို့တတွေရဲ့ အမျိုးသားရေး ဘုံအကျိုးစီးပွားကို ကာကွယ် ဖို့အတွက်လုပ်တဲ့ စုပေါင်းကြိုးစားမှုတရပ်ဖြစ်လို့ နောက်တဘက်ကကြည့်ရင် ဒါဟာ အနောက်တိုင်းနိုင်ငံကြီးတွေရဲ့ အင်အားသုံး နိုင်ငံရေးနဲ့ ဗိုလ်ကျရေးဝါဒကိုဆန့်ကျင်တဲ့ အံတုမှုတမျိုးဖြစ်လို့ပါဘဲ။ ဒါတွေကြောင့် အဲ့ဒီအမျိုးသားရေးဝါဒရဲ့ အလားအလာဟာ အားကောင်း လာမှာပါ။ အားနည်းသွားမှာ မဟုတ်ပါဘူး။
ကွဲထွက်ခြင်းပုံစံအမျိုးသားရေးဝါဒကိုတော့ ရုရှားနိုင်ငံ လွတ်လပ်သောဓနသဟာယနိုင်ငံများအဖွဲ့ (CIS) အရှေ့ဥရောပ၊ အလယ်ဥရောပဒေသ စတဲ့နေရာတွေမှာ အထင်ရှားဆုံးတွေ့ရပါတယ်။
ရုရှားပြည်ထောင်စုထဲမှာ လူမျိုးပေါင်းတရာကျော်ရှိပါတယ်။ လူမျိုးစုဦးရေဟာ တနိုင်လုံးဦးရေရဲ့ ၁၇%၅ သာရှိပေမယ့် သူတို့နေထိုင်ရာဒေသ အကျယ်အဝန်းကတော့ တပြည်လုံးရဲ့ တဝက်ကျော်ကျော်တောင်ရှိပါတယ်။ မကြာသေးမီနှစ်များက ပြည်ထောင်စုဗဟိုအစိုးရဟာ တိုင်းပြည် တပေါင်းတစည်းထဲရှိရေးနဲ့ ဒေသများအပေါ်ထိန်းချုပ်ရေးကို အားဖြည့်ဖို့အတွက် စီမံချက်ကြီးတချို့ကို ချမှတ်ခဲ့ပါတယ်။ ဒီနောက်မှာ အမျိုး သားခွဲထွက်ရေးဝါဒနဲ့ ဒေသခွဲထွက်ရေးဝါဒရဲ့အရှိန်အဟုန်တွေကို ဇက်သတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ခွဲထွက်ရေးပုံစံအမျိုးသားရေးအင်အားတွေ ကတော့ တည်ရှိနေပါသေးတယ်။ ဥပမာ နှစ်အတော်ကြာတည်ရှိလာခဲ့တဲ့ ချီချင်ညာပြဿနာကို အကုန်အစင်ဖြေရှင်းလို့ မပြီးသေးပါဘူး။ ဗဟိုနဲ့ နယ်များအကြားပဋိပက္ခ၊ ရုရှားလူမျိုးနဲ့ လူမျိုးအသီးသီးတို့အကြားရှိ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတို့ဟာ မြုပ်ချီတခါ ပေါ်ချီတလှည့်နဲ့ ရပ်စဲမသွားနိုင်သေးပါဘူး။ အမျိုးသားရေးအတိုက်အခံဖြစ်မှုနဲ့ ခွဲထွက်ရေးပြဿနာတို့ဟာလည်း ပေါ်ပေါက်လာနိုင်ပါသေးတယ်။
လွတ်လပ်သော ဓနသဟာယနိုင်ငံများအခြေအနေကလည်း ထိုနည်း၎င်းပါပဲ။ ဥပမာ ဂျော်ဂျီယာဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ အလွန့် အလွန်ရှုပ်ထွေးတဲ့ အမျိုးသားရေးအတိုက်အခံဖြစ်မှုများ ရပ်စဲသွားတယ်လို့မရှိဘဲ တိုးလို့သာနေပါတယ်။ မိုလ်ဒိုးဗားနိုင်ငံတွင်းက အမျိုးသား ရေးအတိုက်အခံဖြစ်မှုတွေကလည်း အတော်ပြင်းထန်ပါတယ်။ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်နိုင်ငံတို့အကြားမှာ နာဂိုနိုကရာဘတ်ဒေသကို ရရှိရေးနဲ့ပတ်သက်ပြီး စစ်မီးတွေ မပြတ်လောင်နေပါတယ်။ ကက်စပီယံဝန်းကျင်ဒေသ ရေနံသယံဇာတာများ ခွဲဝေရယူရေးနဲ့ပတ်သက်ပြီး တော့လည်း သက်ဆိုင်ရာနိုင်ငံတွေဟာ အငြင်းပွားနေကြတုန်းပါဘဲ။
အရှေ့ဥရောပနဲ့ အလယ်ဥရောပဒေသမှာဆိုရင် အမျိုးသားရေးအတိုက်အခံဖြစ်မှုတွေဟာ သက်ဆိုင်ရာနိုင်ငံအသီးသီးကို အကျပ်ရိုက်စေတဲ့ အပူစက် ပြဿနာတွေဖြစ်ပါတယ်။ ဘောစနီးယားငြိမ်းချမ်းရေးဟာလည်း အားအင် ယဲ့ယဲ့နဲ့ပဲရှိသေးပြီး သူ့ရဲ အမျိုးသားသင့်မြတ်ရေးတာဝန် ဟာလည်း ခက်ခဲပင်ပမ်းတဲ့ ရေရှည်တာဝန်ကြီး ဖြစ်နေပါတယ်။ ဘော်လ်ကန်ဒေသတခုလုံးဟာ အမျိုးသားရေးပြဿနာတွေ၊ ဘာသာရေး ပဋိပက္ခတွေနဲ့ ရှုပ်ထွေးနေတယ်။ ဒီဒေသမှာ အမျိုးမျိုးအဖုံဖုံသော အမျိုးသားရေးလှုပ်ရှားမှုတွေဟာ ကမ္ဘာ့မြေအောက်မီး၊ မြေအောက် ကျောက်ရည်တွေလို လှုပ်ရှားနေကြပြီး အချိန်မရွေး ပေါက်ကွဲထိုးထွက်လာကာ နေရာအနှံ့စီးဆင်းသွားနိုင်ပါတယ်။
တချိန်တည်းမှာ အထက်ပါတိုင်းပြည်များရဲ့အတွင်းပိုင်းနဲ့ သူတို့ အချင်းချင်းကြားမှာလည်းပဲ ကွဲထွက်ခြင်း အခြင်းအရာတွေရှိနေရုံမက မမြင် သာတဲ့ စုစည်းခြင်း တိမ်းညွှတ်မှုကလေးတွေလည်း ရှိနေပါတယ်။ ဥပမာ ရုရှား ဘဲလိုရုစ်၊ ယူကရိန်းနိုင်ငံတို့ဟာ ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလ အတွင်းမှာ ပေါင်းစည်းရေးသဘောတူညီချက်ကို ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ကြတယ်။ ရုရှားနိုင်ငံအမှူးပြုတဲ့ လွတ်လပ်သော ဓနသဟာယ နိုင်ငံများအဖွဲ့ဟာ အဖွဲ့ဝင်အချင်းချင်းကြား ပူးပေါင်းရေး သို့မဟုတ် ပူးတွဲရေးကိုအားဖြည့်ဖို့အတွက် ပေါ်လစီအမျိုးမျိုးချမှတ်ထားကြပါတယ်။ ဥရောပအလယ်ပိုင်းဒေသက ပိုလန်၊ ချက်၊ ဟန်ဂေရီ စတဲ့နိုင်ငံများဟာလည်း ဥရောပသမဂ္ဂဝင်ခွင့်ရဖို့ လုံးပမ်းပြင်ဆင်တဲ့အနေနဲ့ သူတို့အချင်း ချင်းကြားမှာ ပူးပေါင်းလုပ်ဆောင်မှုနဲ့ ပူးတွဲလုပ်ဆောင်မှုတို့ကို အားဖြည့်ခဲ့ကြတယ်။
ကမ္ဘာ့အခြားနေရာများမှာ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှာလည်းပဲ သမိုင်းအရရှုပ်ထွေး၊ လက်ရှိပဋိပက္ခတွေလည်းများပြား၊ အခွင့်အာဏာနဲ့ အကျိုးစီးပွားခွဲဝေမှုအရလည်း မမျှတတွေကြောင့် သို့မဟုတ် လူမျိုး၊ လူ့နွယ်၊ မျိုးတူအုပ်စု၊ ဘာသာရေး၊ ဒေသ စတဲ့ကွဲပြားမှုအသီးသီးတို့ကြား ပဋိပက္ခများနဲ့ တိုင်းပြည်အသီးသီးတို့အကြားပဋိပက္ခများ ရှိတာတွေကြောင့် အမျိုးသားကွဲထွက်ရေးတိမ်းညွှတ်မှုတွေရှိနေတဲ့ အမျိုးသားရေး ဝါဒများ ပေါ်ထွက်လာနေပါတယ်။ ဒီဝါဒတွေရဲ့ ဖြစ်ထွန်းမှုအတိုင်းအတာဟာ တိုင်းပြည်ပြိုကွဲစေလောက်တဲ့အထိ မရောက်သေးပေမယ့် ဒါတွေ ကို အတိုက်အခံဖြစ်မှုဘက်ဦးတည်နေတဲ့ အမျိုးသားရေးဝါဒများ သို့မဟုတ် အာရှရဲ့ ကွဲထွက်ရေးပုံစံအမျိုးသားရေးဝါဒများလို့ ခေါ်ဝေါ်နိုင်ပါ တယ်။
(၇)
အမျိုးသားစုစည်းမှုနဲ့ အမျိုးသားကွဲထွက်မှုဆိုတဲ့ အမျိုးသားရေးဝါဒနှစ်မျိုးအပေါ် ဘယ်လို အကဲဖြတ်သင့်ပါသလဲ။
ယေဘုယျအနေနဲ့ပြောရရင် အမျိုးသားစုစည်းမှုဟာ တက်ကြွတဲ့အဓိပ္ပာယ်ဆောင်ပါတယ်။ သမိုင်းရေးအရ တိုးတက်တဲ့ဖော်ပြချက်တမျိုး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ အမျိုးသားနိုင်ငံများရဲ့အကျိုးစီးပွား သို့မဟုတ် သက်ဆိုင်ရာလူမျိုးများရဲ့အကျိုးစီးပွားနဲ့ကိုက်ညီပြီး လူသားများရဲ့ လူ့အဖွဲ့အစည်းဖွံ့ဖြိုးရေး ရေရှည်ဦးတည်ချက်နဲ့လည်း ကိုက်ညီလို့ပါဘဲ။ နောက်ပြီး ဒါဟာ အမျိုးသားပေါင်းစည်းရောပြွမ်း သွားရေးဆိုတဲ့ နောက်ဆုံးပန်းတိုင်ကိုသွားနေတဲ့ အားကောင်းတဲ့ခြေလှမ်းတရပ် ဖြစ်လို့ပါဘဲ။ ဒါပေမဲ့ ဒီနေရာမှာ တောင်းဆိုချက်တွေရှိပါ တယ်။ အဲ့ဒါကတော့ အဲ့ဒီ စုစည်းခြင်းပုံစံအမျိုးသားရေးဝါဒဟာ ငြိမ်းချမ်းတဲ့နည်းနာနဲ့လုပ်ဆောင်ဖို့၊ တခြားအမျိုးသားတွေရဲ့အကျိုးစီးပွားကို မထိခိုက်စေဖို့၊ အများလက်ခံထားတဲ့ နိုင်ငံတကာဥပဒေစံတွေနဲ့ ကိုက်ညီစေဖို့ဖြစ်ပါတယ်။
အမျိုးသားကွဲထွက်မှုတွေအပေါ်ရော ဘယ်လိုကြည့်မြင်မလဲ။ အဲ့ဒါနဲ့ပတ်သက်လို့ ပညာရှင်များ အတော်ငြင်းခုန်ကြပါတယ်။ အချက်အချာ ပြဿနာကတော့ လူမျိုးပေါင်းစုံမှီတင်းနေထိုင်တဲ့နိုင်ငံတခုဟာ(လူမျိုးစုတွေရဲ့)တိုင်းပြည်သေးသေးလေးတွေအဖြစ်သို့ ကွဲထွက်သွားတာဟာ သမိုင်းအမြင်အရ တိုးတက်မှုလား နောက်ပြန်ဆွဲမှုလားဆိုတဲ့ပြဿနာပါ။
ဒါဟာ အတော့်ကို ရှုပ်လည်းရှုပ်ထွေး စူးလည်းစူးရှတဲ့ပြဿနာတရပ် ဖြစ်ပါတယ်။ ဒါကို ယေဘုယျလောက်နဲ့ပဲ ချုပ်ပြောလိုက်တာမျိုး လုံးဝ လုပ်လို့မဖြစ်ပါဘူး။ အခိုင်အမာပြဿနာတွေကို အခိုင်အမာခွဲခြားတဲ့သဘော ရှိရပါမယ်။ သာမန်အခြေအနေမှာ နိုင်ငံတခုအတွင်း အမျိုးသား တွေ ကွဲထွက်သွားတာမှာဖြစ်ဖြစ်၊ စုစည်းသွားတာမှာပဲဖြစ်ဖြစ် အကြောင်းအချက်တွေ အများကြီးရှိပါတယ်။ ဥပမာ ဘုံစိတ်ကူးစံ(ဘုံဦးတည် ချက်) ရှိကြသလား၊ လူမျိုးတမျိုးချင်း အကျိုးစီးပွားတွေရဲ့အပေါ်မှာ ဦးထိပ်ပန်ရမယ့် ဘုံအကျိုးစီးပွားရှိသလား၊ တောင့်တင်းတဲ့စီးပွားရေးဆက် ဆံမှု ရှိသလား၊ အမျိုသားဖွံ့ဖြိုးမှုနဲ့ အမျိုးသားဆင်ခြင်တုံအသိရှိမှုအခြေအနေတွေ ရှိသလား၊ သမိုင်းအရ၊ လက်တွေ့အခြေအနေအရ လူမျိုး ချင်း ဆက်ဆံမှုတွေမှာ တန်းတူမှု၊ သင့်မြတ်မှုရှိသလား၊ အဓိကဦးဆောင်နေတဲ့လူမျိုးက မှန်ကန်တဲ့အမျိုးသားရေးပေါ်လစီကို ကျင့်သုံးနေ လား၊ ပြည့်စုံတဲ့ ပူးတွဲလုပ်ဆောင်ရေးယန္တရားရှိသလား၊ ပြင်ပအင်အားစုတွေက ဝင်နှောက်တာရှိသလား စတဲ့အခြေအနေတွေဖြစ်ပါတယ်။ တကယ်လို့ အဲ့ဒီအခြေအနေတွေရှိတယ်ဆိုရင် အမျိုးသားရေးစုစည်းမှုဘက်က အဓိကနေရာရပါလိမ့်မယ်။ ဒါတွေမရှိရင်တော့ အမျိုးသားကွဲ ထွက်မှုက အပေါ်စီးနေရာ ရနိုင်ပါတယ်။ အခိုင်အမာထောက်ပြရရင် ဆိုဗီယက်ပြည်ထောင်စုနဲ့အရှေ့ဥရောပမှာ တုန်လှုပ်ခြောက်ခြားဖွယ် အမျိုးသားရေးပြိုကွဲမှုကြီးဖြစ်ပေါ်ခဲ့တဲ့ အခြေခံအကြောင်းရင်းဟာ အထက်ကပြောခဲ့တဲ့အခြေအနေတွေ မဲ့လို့ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ပြည်တွင်းပြည်ပ အခြေအနေမျိုးမျိုး ယှက်နွယ်နေတာကြောင့် အဲ့ဒီဒေသကြီးမှာ အမျိုးသားရေးပြိုကွဲမှုဖြစ်ခဲ့တာ မကောင်းတဲ့ဂယက် က အတော်ကြီးပါတယ်။ ဥပမာ ဆိုရှယ်လစ်အင်အားများ အကြီးအကျယ် နောက်ဆုတ်လိုက်ရတယ်။ အဲ့ဒီဒေသတွေမှာ မငြိမ်သက်မှုတွေ၊ အတိုက်အခံဖြစ်မှုတွေအပြင် သွေးထွက်သံယိုစစ်တွေတောင် ပေါ်ပေါက်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီပြိုကွဲမှုတွေမှာ တစုံတရာ ကျိုးကြောင်းဆီလျော် မှုတွေလည်း ရှိပါတယ်။ ဥပမာ အဲ့ဒီလိုပြိုကွဲမှုဖြစ်လာခဲ့လို့ တချို့အမျိုးသားနိုင်ငံတွေအနေနဲ့ အပြင်အပရဲ့ ကန့်သတ်ချုပ်ချယ်မှုတွေကို ဖယ်ရှား ပစ်နိုင်ခဲ့တယ်။ လုံးဝလွတ်လပ်မှုနဲ့ အချုပ်အချာပိုင်မှုကို ရရှိခဲ့တယ်။ မိမိတိုင်းပြည်နဲ့လျော်ညီတဲ့ ဖွံ့ဖြိုးရေးလမ်းပေါ်လျှောက်ဖို့ အခွင့်အလမ်း တွေ ရရှိလာခဲ့တယ်။ အဲ့ဒီလိုပြိုကွဲမှုတွေဖြစ်လာခဲ့လို့လည်း ဖွံ့ဖြိုးမှုအဆင့်မြင့်ပြီး အင်အားလည်းရှိတဲ့အမျိုးသားများအနေနဲ့ တ့ခြားအမျိုးသား တွေရဲ့ ထိန်းချုပ်မှုကိုဖယ်ရှားပြီး မိမိတို့နိုင်ငံကို အမှီခိုကင်းစွာထူထောင်လာနိုင်ကြပြီး ခြေလှမ်းမှန်မှန်ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်လာကြ တယ်။ ဒီလိုကွဲထွက်မှုတွေမှာ သော့ချက်ကျတာက ကျိုးကြောင်းဆီလျော်တဲ့ “အကန့်အသတ်ဘောင်” တခု ထားရှိဆုပ်ကိုင်ထားဖို့ဘဲ။ ဒီလိုမှ မဟုတ်ရင်တော့ အမျိုူးသားကွဲထွက်ရေးရဲ့ ကျိုးကြောင်းဆီလျော်မှုလက္ခဏာတချို့ဟာ ပြောင်းပြန်သဘောဖြစ်သွားတတ်ပြီး အဆိုးက အကောင်းအပေါ် လွှမ်းမိုးသွားတတ်တယ်။ ဒါမျိုးမဖြစ်သင့်ပါဘူး။
အပိုင်း ၃။ ၂၁ ရာစုအတွင်း အမျိုးသားရေးဝါဒ ဖွံ့ဖြိုးမှုအလားအလာ။
၂၁ ရာစုဟာ ရောက်လာပါတော့မယ်။ လာမယ့်ရာစုမှာ အမျိုသားရေးဝါဒဟာ ဘယ်လိုဖြစ်ထွန်းလာနိုင်ပါသလဲ။ ဒီပြဿနာဟာ နိုင်ငံတကာ လူမှုလောကအတွင်းမှာ အပြန့်အနှံ့စဉ်းစားနေကြတဲ့ပြဿနာဖြစ်ပါတယ်။
တခုလုံးခြုံပြောရရင် ရာစုနှစ်အပြောင်းမှာ နိုင်ငံတကာလူမှုလောကအတွင်းမှာ အမျိုးသားကွဲထွက်မှုနဲ့ အမျိုးသားစုစည်းမှုတို့ကို အသီးသီး တွန်းအားပေးတဲ့အင်အားကြီးတွေ တည်ရှိနေပါတယ်။ အမျိုးသားရေးဝါဒ ပေါက်ဖွားကြီးပြင်းတဲ့ရေခံမြေခံတွေ အကျယ်အပြန့်ရှိနေပါသေး တယ်။
တဘက်ကကြည့်ရင် မျက်မှောက်ခေတ်မှာ သိပ္ပံနဲ့နည်းပညာဟာ အဟုန်မြင့်မားစွာ ဖွံ့ဖြိုးနေတာနဲ့အမျှ ကုန်ပစ္စည်းဆိုင်ရာ၊ ကူးသန်းရောင်းဝယ် ရေးဆိုင်ရာ၊ နည်းပညာဆိုင်ရာ၊ အရင်းအနှီးဆိုင်ရာဖလှယ်မှုနဲ့ စီးဆင်းမှုတွေဟာလည်း ကျယ်ပြန့်လာနေပြီး နိုင်ငံဘောင်ကျော် ကော်ပိုရေး
(၈)
ရှင်းကြီးများ၊ ဒေသဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းများဟာလည်း ကမ္ဘာကြီးကို တနေ့တခြား သိပ်သည်းစွာနဲ့ ဆက်စပ် ချည်နှောင်ပေးနေတယ်။ ကမ္ဘာကြီးဟာ “သေးငယ်” သွားတယ်။ နိုင်ငံတကာစီးပွားရေးဟာ အရှိန်အဟုန်မြန်ဆန်စွာ တပေါင်းတစည်းထဲ ဖြစ်လာနေတယ်။ တချိန်တည်းမှာ ခေတ်မီရှေ့တန်းရောက်တဲ့ ဆက်သွယ်ဖြန့်ချိရေးကိရိယာများရှိနေမှု၊ လူအများ မပြတ်ကူးသန်းသွားလာ နေမှု၊ အတွေးအခေါ် ယဉ်ကျေးမှုများ ဖလှယ်နေမှုတို့ကြောင့် သတင်းအချက်အလက်များ ဆက်သွယ်ရေးဖြန့်ချိမှုဟာ မြန်ဆန်လာ၊ ကျယ်ပြန့် လာတယ်။ သတင်းအချက်အလက် လွှမ်းလာခြင်း၊ “ပွင့်လင်းမြင်သာလာခြင်း”တို့ကြောင့် လူသားဘဝ တကမ္ဘာလုံးလက္ခဏာဆောင်လာခြင်း ဆိုတဲ့ တိမ်းညွှတ်မှုဟာလည်း တနေ့တခြား ကြီးထွားဖွံ့ဖြိုးလာတယ်။ အမျိုးသားအသီးသီးရဲ့ ယဉ်ကျေးမှုစနစ်တွေဟာ ခါတိုင်းထက် အကြိမ်ရေ စိပ်စိပ်နဲ့ အချင်းချင်းထိတွေ့တာ၊ ရင်ဆိုင်တိုးမိတိုက်မိတာ၊ ဖလှယ်တာ၊ တခုကတခုကို လက်ခံသွတ်သွင်းတာတွေရှိလာပြီး၊ အမျိုးသားယဉ် ကျေးမှုတွေဟာလည်း တကမ္ဘာလုံးလက္ခဏာဆောင်တဲ့ ယဉ်ကျေးမှုအဖြစ်သို့ တလှမ်းချင်းလှမ်းနေတယ်။ အဲ့ဒီလိုနဲ့ စီးပွားရေးနဲ့ယဉ်ကျေးမှု တကမ္ဘာလုံးလက္ခဏာ ဆောင်လာနေမှုတို့ကြောင့် နဂိုတုန်းက တိုင်းပြည်နယ်နိမိတ်ရဲ့ အကန့်အသတ်ကို ခံထားရတဲ့လူတွေရဲ့ အတွေးအခေါ် ခံယူချက်တွေမှာလည်း အပြောင်းအလဲကြီးတွေ ဖြစ်ရှိလာတယ်။ လူတွေဟာ မိမိအမျိုးသား(လူမျိုး) ခံယူချက်တွေကို ထိန်းသိမ်းတာနဲ့ တချိန် ထဲမှာ ဒေသဆိုင်ရာခံယူချက်အတွေးအခေါ်နဲ့ တကမ္ဘာလုံးဆိုင်ရာ ခံယူချက်အတွေးအခေါ်တွေလည်း ရှိလာတယ်။ အဲ့ဒီလို တိုင်းပြည် နယ် နိမိတ်ဘောင်ကျော်သွားတဲ့ ဒေသဆိုင်ရာခံယူချက်နဲ့ ကမ္ဘာလုံးဆိုင်ရာခံယူချက်တွေကြောင့်ပဲ အမျိုးသားရေးစုစည်းမှုနဲ့ ပူးတွဲလုပ်ဆောင်မှု ဆိုင်ရာအင်အားတွေ တိုးပွားလာပြီး စုစည်းခြင်းပုံစံအမျိုးသားရေးဝါဒဟာလည်း အလျှင်အမြန် ဖြစ်ပေါ်တိုးပွားလာတာဖြစ်ပါတယ်။
တခြားတဘက်ကကြည့်ရင် နိုင်ငံတကာ လူမှုလောကအတွင်း အမျိုးသားတွေအကြား တိုင်းပြည်တွေအကြား ဖွံ့ဖြိုးမှုကွာခြားချက်များ၊ အခွင့် အရေး အကျိုးစီးပွားခွဲဝေမှု မညီမျှချက်များ၊ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့တဲ့ အမျိုးသားရေး စိတ်နေစိတ်ထားဆိုင်ရာ ကာဆီးထားချက် များဟာ အနှံ့အပြားရှိနေသေးတယ်။ နောက်ပြီး အင်အားသုံးနိုင်ငံရေး၊ ဗိုလ်ကျလွှမ်းမိုးရေးတွေ ဆိုးဆိုးဝါးဝါးရှိနေသေးတယ်။ အမျိုးသားတခုနဲ့ တခုနဲ့ကြား သို့မဟုတ် တိုင်းပြည်တခုနဲ့တခုကြားမှာ ကြီးသူက ငယ်သူကို၊ အားကောင်းသူက အားနည်းသူကို၊ ချမ်းသာသူက ဆင်းရဲသူကို ဗိုလ်ကျ အနိုင်ကျင့်တာတွေဟာလည်း နေရာတကာမှာ တွေ့နေရတုန်းဘဲ။ တချိန်ထဲမှာ တချို့နိုင်ငံတွေအတွင်းမှာ လူမျိုး၊ လူ့နွယ်၊ ဘာသာရေး ဆိုင်ရာ ပြင်းထန်တဲ့ပဋိပက္ခတွေနဲ့ ဒေသတွေအကြား အကျိုးစီးပွားချင်း ထိပ်တိုက်ဖြစ်နေမှုတွေကိုလည်း မှန်မှန်ကန်ကန် မဖြေရှင်းရသေးပါ ဘူး။ အဲ့ဒီလို အချက်အလက်တွေကြောင့် ကွဲထွက်ခြင်းပုံစံအမျိုးသားရေးဝါဒအဟောင်း၊ အသစ်တို့မှာတည်မြဲစရာ နေရာလပ်တွေနဲ့ လူထု အခြေခံတွေ အတော်ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါသေးတယ်။ ဒီကတဆင့် တိုင်းပြည်တခုနဲ့တခုအကြားမှာ သို့မဟုတ် တိုင်းပြည်တွေ အတွင်း မှာ အမျိုးသားရေးအတိုက်အခံဖြစ်မှုတွေ ပေါက်ဖွားလာနိုင်ပါတယ်။
အဲ့ဒီလို တခုလုံးခြုံငုံအကဲဖြတ်ချက်အရ ၂၁ ရာစုရဲ့ အမျိုးသားရေးဝါဒဖွံ့ဖြိုးမှုအလားအလာကို ခန့်မှန်းတွက်ဆကြည့်နိုင်ပါတယ်။
နယ်မြေဒေသကို အခြေခံယူနစ်အဖြစ်ထားတဲ့ စုစည်းခြင်းပုံစံအမျိုးသားရေးဝါဒ(တနည်းအားဖြင့်ပြောရရင် နယ်ဒေသတခုအတွင်းထဲမှာပါတဲ့ တိုင်းပြည်အသီးသီးကြားမှာ အမျိုးသားရေး အကာအရံအတားအဆီးများအား တဖြည်းဖြည်းချင်း လျှော့ချဖယ်ရှားပြီး အမျိုးသားများကိုတော့ အမျိုးသားရေးစည်းခြားမှုတမျိုးမျိုးနဲ့ဆက်ဆံတဲ့ အမျိုးသားရေးဝါဒ)ဟာ ကြီးထွားလာနိုင်ပြီး နေရာတကာမှာ မြန်မြန်ဆန်ဆန်ဖွံ့ဖြိုးလာနိုင်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားအကျိုးစီးပွားတွေထဲမှာ စီးပွားရေးအရဖွံဖြိုးရေးဟာ အခြေခံအကျဆုံးဖြစ်ပြီး စီးပွားရေးအရ ဖွံ့ဖြိုး ခြင်းကို ဦးထိပ်ပန်ဆင် လုပ်ဆောင်ကြတဲ့ပုံစံတွေထဲမှာ ပုံစံတခုကတော့ နိုင်ငံစုံပူးပေါင်းမှုအဖွဲ့အစည်းအချင်းချင်းကြား ယှဉ်ပြိုင်မှုပုံစံဖြစ်တယ် ဆိုတာ၊ နောက်ပြီး ဒီပုံစံဟာ အားသာချက်တွေကိုသုံးပြီး အပြန်အလှန် အထောက်အကူပြုနိုင်တယ်၊ အကျိုးအမြတ် ကြီးကြီးမားမားရနိုင်တယ် ဆိုတာ၊ တနေ့တခြား သည်းသန်လာတဲ့နိုင်ငံတကာ စီးပွားရေးပြိုင်ဆိုင်မှုအတွင်းမှာ ဒီပုံစံဟာ မိမိရဲ့တည်မြဲမှုနဲ့ ဖွံ့ဖြိုးမှုကိုရအောင်လုပ်နိုင်စွမ်း ရှိတယ်ဆိုတာတို့ကို တိုင်းပြည်တိုင်း လူမျိုးတိုင်းက အသေအချာ သဘောပေါက်နေကြလို့ပါဘဲ။ ဒါ့ကြောင့်ပဲ စုစည်းခြင်းပုံစံအမျိုးသားရေးဝါဒရဲ့ အခြေခံအနှစ်သာရဟာ စီးပွားရေးစွဲအမျိုးသားရေးဝါဒဖြစ်ပါတယ်။ တနည်းပြောရရင် နိုင်ငံစုံပူးပေါင်းမှုအဖွဲ့အစည်းပုံစံနဲ့ဖော်ပြတဲ့ စီးပွားရေးစွဲ အမျိုးသားရေးဝါဒဟာ ၂၁ ရာစုအတွင်းမှာ အဓိကအဆင့်နေရာမှာရှိတဲ့ အမျိုးသားရေးဝါဒဖြစ်လာနိုင်ပါတယ်။
ခွဲထွက်ခြင်း၊ အတိုက်အခံဖြစ်ခြင်းတို့နဲ့ဖော်ပြတဲ့ ကွဲထွက်ခြင်းပုံစံအမျိုးသားရေးဝါဒဟာလည်း လာမယ့်ရာစုနှစ်အတွင်းမှာ တည်မြဲဖို့၊ ဖွံ့ဖြိုးဖို့ နေရာလပ်တွေ တစုံတရာရှိနေသေးပေမယ့် တခုလုံးအရကြည့်ရင် တကမ္ဘာလုံးအတိုင်းအတာအရကြည့်ရင် သူ့ရဲ့အားအင်တွေကတော့ ကုန် ခမ်းသွားပါပြီ။ ဒါဟာ ဘာ့ကြောင့်လဲဆိုရင် ၂ဝ ရာစုနှစ်အတွင်းမှာ အတိုင်းအတာကြီးမားတဲ့ အမျိုးသားရေးလှုပ်ရှားမှုတွေ အကြိမ်တချို့ ပေါက်ကွဲခဲ့ပြီး အမျိုးသားအတွေးအခေါ် ဖွံ့ဖြိုးရင့်ကျက်တဲ့၊ အင်အားလည်းတောင့်တဲ့ အမျိုးသားတော်တော်များများဟာလည်း ရှေ့ဆင့်နောက် ဆင့်ဆိုသလို အမျိုးသားရေးအရ လွတ်လပ်တဲ့အချုပ်အချာပိုင် နိုင်ငံပေါင်းရာကျော်မျှကို ထူထောင်ခဲ့ကြလို့ပါဘဲ။ အခု အခါမှာတော့ လွတ်လပ် တဲ့တိုင်းပြည်ထူထောင်ဖို့ရာ အချက်အလက်လည်းရှိ၊ အလားအလာလည်း အထင်အရှားရှိတဲ့အမျိုးသားဆိုလို့ အတာ့်ကိုနည်းသွားပါပြီ။
(၉)
ချုပ်ပြောရရင် ကွဲထွက်ခြင်းပုံစံအမျိုးသားရေးဝါဒရဲ့ ဒီရေမြင့်ကာလဟာ ကုန်ဆုံးသွားခဲ့ပါပြီ။ လှိုင်းဂယက်တွေတော့ ကျန်နေသေးတာပေါ့။ ဥပမာတခုပြောရရင် အနောက်တိုင်းက ရှေ့တန်းရောက်နိုင်ငံများမှာ အမျိုးသားရေးပြဿနာ သို့မဟုတ် အသားအရောင်ပြဿနာ၊ ဒေသဆိုင် ရာ ပြဿနာတွေရှိနေသေးပေမယ့် ဒါတွေဟာ အတိုင်းအဆကြီးမားတဲ့ အကြမ်းဖက်အတိုက်အခံဖြစ်မှုတွေ ပေါက်ဖွားလာဖို့ဆိုတာကတော့ ဖြစ်နိုင်ခြေ အတော်နည်းပါတယ်။ ဒါတွေကို ငြိမ်းချမ်းတဲ့နည်း၊ ညှိနှိုင်းတဲ့နည်း၊ စေ့စပ်ဆွေးနွေးတဲ့နည်း၊ လူထုဆန္ဒနဲ့ဆုံးဖြတ်တဲ့နည်းတွေနဲ့ အစီအစဉ်ရှိရှိ ဖြေရှင်းလို့ရပါတယ်။ ၁၉၉၇ ခုနှစ်အတွင်း ကနေဒါနိုင်ငံမှာ ကွီးဘက်ပြဿနာကို ဖြေရှင်းခဲ့ပုံဟာ သာဓကတခုပါ။ နောက်ဥပမာ တခုက ရုရှားနိုင်ငံ၊ လွတ်လပ်သောဓနသဟာယအဖွဲ့ဝင်များ၊ အလယ်ဥရောပ၊ အရှေ့ဥရောပဒေသများမှာ အကြမ်းဖက်ပုံစံသို့ပြောင်းသွားဖို့ အလားအလာတွေရှိတဲ့အမျိုးသားရေးဝါဒနဲ့ အမျိုးသားရေးအတိုက်အခံဖြစ်မှုတွေဟာ ဆိုးဝါးစွာတည်ရှိနေဦးမှာဖြစ်ပေမယ့် စစ်အေးခေတ်ရဲ့ အကျိုးဆက်များ တဖြည်းဖြည်း ကွယ်ပျောက်လာတာ၊ အပူစက်ဒေသများ နေရာအနှံ့အပြားမှာ အပူရှိန်ကျသွားတာ၊ ညှိနှိုင်းလုပ်ဆောင်ရေး ယန္တရားတွေလည်း မှန်မှန်ကြီးဖွံ့ဖြိုးလာတာတွေကြောင့် အဲ့ဒီဒေသတွေမှာ ကွဲထွက်ခြင်းပုံစံအမျိုးသားရေးဝါဒ ဒီရေမြင့် ထပ်ပြီးမပေါ်နိုင်တော့ ပါဘူး။ တဘက်ကလည်း နိုင်ငံသစ်တချို့ ပေါ်ထွက်လာနိုင်ဖွယ် အလားအလာတွေကိုလည်း မဖျောက်ဖျက်နိုင်သေးပါဘူး။ နောက်ထပ် ဥပမာ တခု တင်ပြရရင် လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးမှု အတော်နှေးကွေးနောက်ကျတဲ့ တတိယကမ္ဘာက ဖွံ့ဖြိုးဆဲနိုင်ငံများ၊ အထူးသဖြင့် အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများအနေနဲ့ လူမျိုး၊ လူ့နွယ်ဆိုင်ရာ အကြမ်းဖက်ပဋိပက္ခတွေ တက်လိုက်ကျလိုက် ဖြစ်ပေါ်နိုင်သေးပြီး လူမျိုး၊ လူ့နွယ်ပေါင်းစုံ ရောနှောနေထိုင်ကြတဲ့ အာဖရိကနိုင်ငံအနည်းငယ်မှာလည်း ကွဲထွက်မှုအလားအလာတွေကို မဖျောက်ဖျက်နိုင်သေးပါဘူး။ ဒါပေမဲ့ တိုင်းပြည်အများစုအတွင်းမှာ အမျိုးသားရေးအတိုက်အခံဖြစ်မှုတွေဟာ ဒေသလက္ခဏာ သို့မဟုတ် တစိတ်တပိုင်းလက္ခဏာဆောင် တာ များပါတယ်။ ယေဘုယျအားဖြင့် မီးခိုးကြွက်လျှောက် ပျံ့တဲ့သဘောမရှိပါဘူး။ နောက်ပြီး အဲ့ဒီ လူမျိုး၊ လူ့နွယ်ဆိုင်ရာလှုပ်ရှားမှုတွေရဲ့ အဓိကဦးတည်ချက်တွေကလည်း သိတ်ပြီး ရှင်းရှင်းလင်းလင်းမရှိလှပါဘူး။ တခါတလေမှာ အမျိုးသားရေးအခက်အခဲတွေကိုဖြေရှင်းဖို့ ရည် ရွယ်ကြတယ်။ တခါတလေမှာတော့ အမျိုးသားရေးမကျေနပ်ချက်တွေကို ရင်ဖွင့်ဖို့လောက်သာဖြစ်ပါတယ်။
လွတ်လပ်တဲ့အမျိုးသားနိုင်ငံထူထောင်ရေးကို စိတ်ရောကိုယ်ပါရည်ရွယ်တဲ့လှုပ်ရှားမှုဆိုလို့ များများစားစား မတွေ့ရပါဘူး။ ဒါ့ကြောင့် လာမယ့်ရာစုနှစ်အစပိုင်းမှာ ကွဲထွက်ခြင်းပုံစံတိမ်းညွှတ်မှုတွေရှိသေးတဲ့ တိုင်းပြည်အများအပြားအတွင်းမှာ အမျိုးသားရေးဝါဒတိုက်ပွဲများရဲ့ မြားဦးဟာ အလှည့်အပြောင်းတွေ ဖြစ်လာနိုင်ပါတယ်။ အများစုဟာ ယဉ်ကျေးမှုစွဲအမျိုးသားရေးဝါဒနဲ့ စီးပွားရေးစွဲအမျိုးသားရေးဝါဒပုံစံတွေ ဖြစ်လာနိုင်ပါတယ်။ ဆိုလိုတာက အခုလက်ရှိ နိုင်ငံနယ်နိမိတ်တွေအတွင်းမှာဘဲ မိမိတို့အမျိုးသား(လူမျိုး)ရဲ့ယဉ်ကျေးမှု ဝိသေသတွေ တည်မြဲ ဖွံ့ဖြိုးဖို့တိုက်ပွဲဝင်တာ၊ မိမိတို့အမျိုးသား(လူမျိုး)ရဲ့ လူမှုရေး၊ စီးပွားရေးရေချိန်ကိုမြှင့်တင်ဖို့၊ မိမိလူမျိုးနဲ့ အဓိကလူမျိုးကြီးတို့အကြား ကွာခြားမှုကို နည်းပါးစေဖို့ စီးပွားရေးအကျိုးစီးပွား ပိုမိုများပြားစွာရရှိရေးကြိုးပမ်းတာတွေ လုပ်ဆောင်လာကြဖွယ်ရှိပါတယ်။
ဒီနေရာမှာ အခုရှိနေတဲ့ လူမျိုးစုံ(ရောနှောနေထိုင်တဲ့)တိုင်းပြည်တွေရဲ့ ၂၁ ရာစုသမိုင်းကံကြမ္မာကို အလေးထားပြောဆိုလိုပါတယ်။ စာရင်းများအရ ယနေ့ကမ္ဘာပေါ်ရှိ တိုင်းပြည် ၁၉ဝ လောက်ထဲမှာ လူမျိုးတမျိုးတည်းသတ်သတ်ဖြစ်တဲ့တိုင်းပြည်က ၂ဝ မပြည့်ပါဘူး။ ဒီလို တိုင်းပြည်မျိုးအများစုကလည်း ဥရောပတိုက်မှာရှိပါတယ်။ လက်တင်အမေရိကတိုက်မှာဆိုရင် အာဂျင်တီးနား၊ ဥရုဂွေး၊ ချီလီနဲ့ ဒိုမီနီကန်နိုင်ငံ တွေဖြစ်ပါတယ်။ အာရှမှာဆိုရင်တော့ တောင်ကိုးရီးယား၊ မြောက်ကိုးရီးယားနဲ့ ဂျပန်တို့ဖြစ်ပါတယ်။ ဒါတောင်မှ အထက်ကပြောခဲ့တဲ့ (လူမျိုး တမျိုးတည်းသာရှိတဲ့)ဥရောပနိုင်ငံတချို့ဆိုတာက အများစုအတွင်းမှာ လူနည်းစု ဂျူးလူမျိုး၊ လူနည်းစု ဂျစ်ပစီလူမျိုး စတာတွေ ရောနှောနေ ထိုင်ကြတယ်။ အိမ်နီးနားချင်းနိုင်ငံတွေမှာ သွားရောက်နေထိုင်ကြသူ လူဦးရေဟာလည်း နည်းလှတာမဟုတ်ပါဘူး။ လက်တင်အမေရိကတိုက် နိုင်ငံ ၄ ခုဆိုတာမှာလည်း လူမျိုးနွယ်အရောအနှောမရှိ “သန့်”နေသလားဆိုတာ ပြောရခက်ပါတယ်။ အာရှတိုက် ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးကျွန်း မှာလည်း ဟာယီလူမျိုးတွေ ရှိနေတုန်းပါ။ ဒါ့ကြောင့် တကယ်တမ်း လူမျိုးတမျိုးတည်းသတ်သတ် နေထိုင်တဲ့နိုင်ငံဆိုတာမျိုးဟာ အတော်ကို နည်းပါတယ်။ လူမျိုးစုအမျိုးအမည်အရေအတွက် နည်းတာများတာ၊ လူမျိုးစုလူဦးရေရဲ့ အချိုးအဆ နည်းတာများတာပဲကွာပါတယ်။ ၂၁ ရာစု အတွင်းမှာ လူမျိုးစုံတိုင်းပြည်အများစု(အထူးသဖြင့် လူမျိုးစုံတိုင်းပြည်ကြီးများ)အနေနဲ့ “အသေးစားပုံစံ” တိုင်းပြည်ကလေးများအဖြစ် ကွဲသွားဖို့အလားအလာ ရှိပါသလား။ အနည်းတကာအနည်းစုကိစ္စများမှအပ သိပ်မဖြစ်နိုင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အခုရှိနေတဲ့ လူမျိုးစုံ တိုင်းပြည်အများစုဟာ ရာစုနှစ်အချို့မျှသောသမိုင်းအတွင်း ဖြစ်ပေါ်တည်ရှိလာခဲ့ပြီး သမိုင်းရဲ့ မိုးသက်မုန်တိုင်းဒဏ် အတော်များများကို အစမ်း သပ်ခံခဲ့ကာ မိမိတို့မှာ အသက်ဝိဉာဉ်အားရှိကြောင်းကို သက်သေပြခဲ့ပြီးဖြစ်လို့ပါဘဲ။ လက်ရှိလူမျိုးစုံတိုင်းပြည်တွေအတွင်းမှာ လူမျိုးစုတွေရဲ့ အမျိုးသားအကျိုးစီးပွားတွေကို ကျိုးကြောင်းဆီလျော်တဲ့နည်းလမ်းတွေနဲ့ အစီအစဉ်ရှိရှိဖြေရှင်းသွားလို့ ဖြစ်နိုင်ပါတယ်။ အမျိုးသားအတွေး အခေါ်တွေ ရင့်ကျက်လာ၊ အမျိုးသားဆင်ခြင်တုံတရားတွေ ဖွံ့ဖြိုးလာမှု၊ လူမှုရေးပူးတွဲလုပ်ဆောင်မှုယန္တရားများ ပြည့်စုံလာမှု၊ ဖွံ့ဖြိုးရေး မညီ ညာချက်များ တဖြည်းဖြည်း ပပျောက်လာမှု၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဝင်ရောက်စွက်ဖက်မှုနဲ့ ပူးတွဲလုပ်ဆောင်မှုတို့ကြောင့်၊ အထူးသဖြင့် စီးပွားရေးအရ တစုတပေါင်းတည်းဖြစ်လာမှု၊ လူသားဘဝ တကမ္ဘာလုံးလက္ခဏာ ဆောင်လာမှုတို့ကြောင့်၊ လူမျိုးစုံတိုင်းပြည်များအတွင်းမှာ အမျိုးသားရေးကွဲထွက်မှုတွေဟာ အမျိုးသားရေးစုစည်းမှုဘက်သို့ တချိန်ချိန်မှာ ဦးတည်ပြောင်းလဲသွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့
(၁ဝ)
လူမျိုးစုံတိုင်းပြည်များအနေနဲ့ အမျိုးသားရေးအရ ကျေအေးသင့်မြတ်ပြီး ပူးပေါင်းဆောင်ရွက်မှုရှိမှသာ လူမျိုးအသီးသီးဟာ အတူတကွ ဖွံ့ဖြိုး တိုးတက်၊ အတူတကွ ဖူလုံကြွယ်ဝတဲ့လမ်းကို လျှောက်နိုင်ကြမှာဖြစ်လို့ပါဘဲ။
ချုပ်ပြောရရင်တော့ အမျိုးသားတွေအကြား ကွာဟမှု၊ ရင်ဆိုင်တိုးမိတိုက်မိမှု၊ အတိုက်အခံဖြစ်မှု၊ အသစ်တဖန်ဖွဲ့စည်းမှု၊ စုစည်းမှု၊ ရောပြွမ်း သွားမှုဆိုတာဟာ ကမ္ဘာ့အမျိုးသားရေးဝါဒဖြစ်ပေါ်တိုးပွားမှုရဲ့ အနုပဋိလောမနဲ့ ယေဘုယျလမ်းကြောင်းဖြစ်ပါတယ်။ ၂ဝ ရာစုနှစ်ရဲ့ အမျိုးသား ရေးဝါဒဖြစ်ထွန်းမှု သမိုင်းလမ်းကြောင်းက အဲ့ဒီတရားကို သက်သေပြခဲ့သလိုပဲ၊ ၂၁ ရာစု အမျိုးသားရေးဝါဒဖြစ်ထွန်းမှုတွေကလည်း ဒီတရား ကို ပိုမိုကြွယ်ဝစွာ သက်သေပြပါလိမ့်မယ်။ ၂၁ ရာစုကို မျှော်ကြည့်လိုက်ရင် အမျိုးသားအသီးသီးရဲ့ အတူတကွကြိုးပမ်းမှုနဲ့ မပြတ်စုပေါင်းလုပ် ဆောင်မှုတွေကြောင့် အမျိုးသားတန်းတူမှုကိုအခြေခံတဲ့၊ ဒေသပူးပေါင်းလုပ်ဆောင်မှုကို အခြေခံအဆောက်အအုံအဖြစ်ထားတဲ့၊ ဗဟိုချက်မ ရယ်လို့မထားတဲ့၊ ဝန်ရိုးစွန်းစုံစနစ်ဖြစ်တဲ့ နိုင်ငံတကာစနစ်တရပ် ပေါ်ထွက်လာနိုင်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ ရှည်ကြာတဲ့သမိုင်းဖြစ်စဉ်ကြီး ကို ထပ်ပြီးဖြတ်သန်းလိုက်ရင် ကမ္ဘာ့အဝန်းအဝိုင်းအတွင်းမှာ အမျိုးသားရေးစုစည်းမှု၊ ရောပြွမ်းမှုဦးတည်ချက်ဆီကို တဖြည်းဖြည်းနဲ့ ရောက် သွားနိုင်ပြီး၊ နောက်ဆုံးတနေ့မှာ လူသားတရပ်လုံးရဲ့ ဘုံ လူ့အဖွဲ့စည်းကြီး ဖြစ်လာနိုင်ပါတယ်။
ချိန်ရင်ချင်
“မျက်မှောက်ကမ္ဘာနှင့် ဆိုရှယ်လစ်ဝါဒ”
(၁၉၉၈- ၂၁ ရာစုစာစဉ် အမှတ် ၁ မှ) တရုတ်ဘသာဂျာနယ်မှဆောင်းပါးကို ပြန်ဆိုပါသည်။

0 comments:

Post a Comment