Friday, December 6, 2019

(ထိုင်းကိုထိုးတဲ့မျက်စောင်း)

0 comments
(ထိုင်းကိုထိုးတဲ့မျက်စောင်း)
ထိုင်းပင်လယ်စာနဲ့ ရေထွက်ကုန်တွေ အမေရိကန်ကိုတင်သွင်းခွင့် ပိတ်ပြီးပါပြီ။ ဒါပေမယ့် မပြီးသေးပါ။ နောက်ထပ် ကုန်စည်တွေအပေါ်မှာ စည်းကြပ်ခွန်တွေ တိုးမြှင့်ကောက်ခံသွားဖို့ ခြေလှမ်းပြင်နေပါပြီ။ ဘယ်ကုန်တွေလဲ ဘယ်လောက်အထိ ကောက်မှာလဲ ဘယ်တော့စမလဲကတော့ အတိအကျမသိရသေးပါ။ အမေရိကန်ကုန်သွယ်ရေးလိုငွေပြမှု ဇယားကိုစဉ်လိုက်ရင် ထိုင်းဟာ နံပတ် ၁၁ မှာရှိပါတယ်။ ထိုင်းဘက်က အမေရိကန်တွေ စိတ်ပြေရာပြေကြောင်း ငွေကြေးဈေးကွက်ဖွင့်ပေးတာနဲ့ ဘဏ္ဏာရေးပြုပြင်ပြောင်းလဲမှုတွေလုပ်တာ၊ ဘိုးရင်း လူစီးခရီးသည်တင်ဂျက်လေယဉ်ကြီးတွေ ဝယ်ပြီး ဖြေဆေးကျွေးတာတွေလုပ်ပေမယ့် မရပါ။ မကြာခင်မှာ စည်းကြပ်ခွန်လက်နက်နဲ့ ပစ်ခတ်တော့မယ် ယူဆပါတယ်။ ထိုင်းကို ထိရင် ဗမာပြည်လည်း တောင်ပြိုရာမြက်ပြတ် အဆစ်ပါပါလိမ့်မယ်။ ထိုင်းနဲ့ဗမာက နယ်စပ်ကုန်သွယ်ရေးကတင် မနည်းဘူး ကြီးနေတာပါ။ ဗီယက်နမ်ကိုလည်း အလားတူစည်းကြပ်ခွန်တွေ တိုးမြှင့်မယ့်အလားအလာတွေ မြင်နေရပါပြီ။ ဗီယက်နမ်လည်း ထိုင်းနည်းတူ ဘိုးရင်းဂျက်လေယဉ်ကြီးတွေအပါဝင် အမေရိကန် ကုန်စည်တချို့တိုးပြီး ဝယ်ခဲ့ပါသေးတယ်။
ဗီယက်နမ်စီးပွားရေးက တိုးတက်နေတာမှန်ပေမယ့် ထိုင်းလို အခြေတကျ ငြိမ်ငြိမ်ဆိမ်ဆိမ် တပြေးညီမဟုတ်ပါ။ လမ်းပမ်းဆက်သွယ်ရေးအပါအဝင် အခြေခံအဆောက်အဦတွေက မပြည့်စုံရုံမက လိုအပ်ချက် အကြီးကြီးရှိနေတာပါ။ ထိုင်းက စစ်အာဏာ ခနခနသိမ်းတယ်ဆိုပေမယ့် ဓနရှင်ဗျူရိုကရေစီယန္တယား (ခေတ်အခေါ် အင်စတီကျူးရှင်း)ကြီးတွေက ခိုင်ခိုင်မာမာရှိနေပါတယ်။ စစ်အာဏာသိမ်းပြီး စစ်ဗိုလ်ကြီးတွေ စီးပွားရှာကြ အရင်းအနှီးစုဆောင်းကြပေမယ့် ဗမာပြည်လို ရှိသမျှသယံဇာတအကုန်ထုတ်ရောင်းတာ ရှိသမျှစီးပွားရေးအကုန် လက်ဝါးကြီးအုပ်တာလောက်ကြီးအထိ ရုပ်ပျက်ဆင်းပျက်တော့ လုပ်မရပါ။ သူ့ဟာနဲ့သူ ထိမ်းကွပ်ထားတာရှိပါတယ်။ စစ်အာဏာသိမ်းတယ်လို့ဆိုလိုက်ရင် စစ်ဗိုလ်တွေ တလှည့်စီးပွားရှာဦးမယ်ဆိုတဲ့သဘောလောက်ပါ။
ခုထိုင်းကို အမေရိကန်က နင်မဟုတ် နင့်အမေဆိုပြီးရမယ်ရှာနေပါတယ်။ ကျနော်တို့ တွေးဆစရာက ထိုင်းမှာ (တရားဝင်ရော တရားမဝင်ပါ)ဗမာအလုပ်သမား ၂ သန်းလောက်ရှိတယ်ဆိုတာပါ။ ထိုင်းအထိနာလို့ စီးပွားယွင်းရင် အဲ့ဒီလူတွေ ဘယ်နိုင်ငံကိုကူးကြမလဲဆိုတာပါ။ ဗမာပြည်ပြန်လာဖို့ကတော့ အနည်းစုလောက်သာ စဉ်းစားကြမယ်ထင်ပါတယ်။ ကူးသွားမယ့်နိုင်ငံမှာရော ဘယ်ပုံ ဘဝတွေပြန်တည်ဆောက်ကြမလဲ ဗပြည်ပြန်လာမယ့်အနည်းစုကရော ပြည်တွင်းမှာ အလုပ်အကိုင်ရရေး စားဝတ်နေရေးတွေ ဘယ်လိုဖန်တီးကြမလဲဆိုတာတွေပါ။
အမေရိကန်စီးပွားရေးကောင်းနေတဲ့ကာလတလျှောက်လုံး မက္ကဆီကိုနဲ့ လက်တင်အမေရိကနိုင်ငံတွေက တရားမဝင်လာရောက် အလုပ်လုပ်ကိုင်သူတွေကို တမင့်ကို ဟပေးပြီးအဝင်ခံခဲ့တာပါ။ အမေရိကန်တွေမလုပ်ချင်တဲ့ လုပ်ခနည်း အန္တရာယ်များ အလုပ်ကြမ်းတွေအပါအဝင် သစ်သီးဝလံခူးတဲ့ ရာသီပေါ်အလုပ်တွေကို အဲ့ဒီလူတွေလုပ်တာပါ။ လုပ်ငန်းခွင်အာမခံချက်မရှိ လျော်ကြေးနစ်နာကြေးမရှိ ကျန်းမာရေးအာမခံကို အလုပ်ရှင်ဘက်ကတာဝန်မယူရတာမျိုး စတာတွေအပြင် အချိန်ပိုလုပ်ခ မဖြစ်စလောက်ပေးခိုင်းတာတွေအပြင် လူမသိသူမသိ အနိုင်ကျင့် နှိပ်စက်ညှဉ်းပမ်းသတ်ဖြတ်မှုတွေလည်း တပုံကြီးပါ။ ဒါပေမယ့် တိုင်းပြည်စီးပွားက ဒီရေလိုတိုးနေတော့ ဒီရွှေ့ပြောင်းအလုပ်သမားတွေအရေးက ရှေ့တန်းရောက်မလာပါ။ မရောက်တဲ့အပြင် အလုပ်ရှင်တွေက လူတွေခိုးသွင်းတာ တရားမဝင် ခိုးခိုင်းနေတာကို မသိမသာအားပေးအားမြှောက်လုပ်တာတောင်ရှိပါတယ်။ နိုင်ငံရေးသမားတွေလည်း မဲဆွယ်တဲ့နေရာမှာ ဒီ ရွှေ့ပြောင်းအလုပ်သမားတွေ ဒီလိုပြုမူနေတာတွေကို နှုတ်ဆိတ်နေခဲ့ကြပါတယ်။ ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်သူတွေ လူ့အခွင့်အရေးသမားတွေနဲ့ ဘုရားကျောင်းတွေဆီကတော့ ဒီအရေးတွေနဲ့ပတ်သက်လို့ အသံခတ်ယဲ့ယဲ့ထွက်ပါတယ်။
ဟော အခု အမေရိကန်စီးပွားလည်းကျရော ရွှေ့ပြောင်းအလုပ်သမားတွေဘက် လှည့်ရန်လုပ်လာပါတယ်။ ရွှေ့ပြောင်းဝင်ရောက်လာသူတွေကြောင့် တို့အလုပ်အကိုင်တွေဆုံးရှူံးရတာ ဒီလူတွေလာပြီး တို့အလုပ်တွေခိုးသွားလို့ တို့အလုပ်လက်မဲ့ဖြစ်ရတာ၊ ဒါ့ကြောင့် တိုင်းပြည်မှာ ရာဇဝတ်မှုတွေထူပြောရတာဆိုပြီး ရန်စွယ်ငေါငေါလုပ်လာတာပါ။ ဒီ့ထက်ပိုလာတော့ ထရမ့်လက်ထက်မှာ ရွှေ့ပြောင်းလာသူတွေက ရာဇဝတ်ကောင်တွေ မူးယစ်ဆေးမှောင်ခိုဂိုဏ်းတွေဆိုတာကနေ အမေရိကန်ဟာ လူဖြူတွေတိုင်းပြည် အင်္ဂလိပ်စကားပြောတဲ့လူတွေနေတဲ့ပြည် ဘာညာတွေအထိ ရောက်လာပြီး လူမျိုးရေးခွဲခြားမှုတွေ အမုန်းတရားအခြေခံ ရာဇဝတ်မှု ကျူးလွန်တာတွေ လူဖြူခရစ်ယာန်မဟုတ်သူတွေရဲ့ ဘုရားကျောင်းအပါအဝကင် စုဝေးရာအရပ်တွေကို တိုက်ခိုက်တဲ့အထိတွေဖြစ်လာပါတယ်။ မက္ကဆီကို အမေရိကန်နယ်စပ် တံတိုင်းခတ်တာ နယ်စပ်လုံခြုံရေးတွေတင်းကျပ်လာတာအပြင် မြိ့ုကြီးတွေမှာ စီမံချက်နဲ့ လူဖမ်းပွဲကြီးတွေလုပ်တာ၊ မူရင်းနိုင်ငံတွေဆီ မိတကွဲဖတကွဲ သားတကွဲ မယားတကွဲ အတင်းအကျပ်ပြန်ပို့တာတွေလုပ်နေတာပါ။ ခုဆို ဒီ လူမျိုးရေးခွဲခြားမှုစည်းက ထိတ်လန့်စရာကောင်းလောက်အောင်ကို ထူနေတာပါ။ ဒါတောင် အမေရိကန်ဟာ ရွှေ့ပြောင်းအခြေချလာသူတွေနဲ့ တည်ဆောက်ခဲ့တာဖြစ်သလို ပထမဆုံးသမ္မတကနေ လက်ရှိသမ္မတအထိ ရွှေ့ပြောင်းဝင်ရောက်လာသူတွေရဲ့ သားစဉ်မြေးဆက်တွေပါ။
ထိုင်းနိုင်ငံကျ အဲ့သလိုမဟုတ်ပါ။ ပဒေသရာဇ်တွေ နယ်ပယ်ချဲ့ထွင်ရာကနေ စလာလိုက်တဲ့အမုန်းမီးဟာ ခုထိ တောက်လောင်နေတုန်းပါ။ နှစ်နိုင်ငံလုံးက အာဏာရအစိုးရတွေကလည်း ဒီမီးကို အမြဲတမ်းမွှေးထားတာပါ။ ဗမာပြည်က အောက်ကသာနေတာ ဟာဒီးကလည်းမလျှော့ဆိုတဲ့ပြည်ပါ။ ကျနော်ထိုင်းမှာနေခဲ့ရုံမက ဗမာအလုပ်သမားအရေး ဆောင်ရွက်တဲ့အဖွဲ့အစည်း တခုမှာ ဗော်လန်တီယာလုပ်ခဲ့ဖူးသူမို့ ဗမာပြည်သားအလုပ်သမားတွေ ထိုင်းမှာ ဘယ်လောက်အနေကျပ် အသေကျပ်ကို ထိုက်သလောက်သိပါတယ်။ အထူးသဖြင့် တရားမဝင်ဆိုတဲ့အလုပ်သမားတွေဘဝက ရင်နာစရာကောင်းပါတယ်။ နာကျင်ခံစားခဲ့ရတာတွေကို ဖော်ပြဖို့စကားလုံးတောင် ကျနော့်မရှိပါ။
ခု ထိုင်းစီးပွားရေးက အကျဘက်တိမ်းနေပြီးသားပါ။ စီးပွားတက်နေချိန်ကဝင်လာတဲ့ဗမာပြည်သားတွေအပေါ်တောင် နိုင်လိုမင်းထက် စိတ်ထင်သလိုပြုမူဆက်ဆံခဲ့တာ စီးပွားကျတဲ့အချိန်မှာ ပိုတောင် အညှိုးတကြီးလုပ်လာပါလိမ့်မယ်။ နိုင်ငံရေးသမားတွေကလည်း ရွှေ့ပြောင်းဝင်ရောက်လာသူတွေကြောင့်လို့ လက်ညှိုးထိုးပြီး လူမျိုးရေးမုန်းတီးမှုအခြေခံတွေကနေ မဲဆွယ်ပါလိမ့်မယ်။ ဝါဒဖြန့်ပါလိမ့်မယ်။ အဓိကရုဏ်းတွေ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်လာပါလိမ့်မယ်။
ပြန်ကောက်ရရင် အမေရိကန်က ထိုင်းကို ရမယ်ရှာနေပါပြီ။ ရွှေပြောင်းအလုပ်သမားတွေကိုအကြောင်းပြုပြီး လူမျိုးရေးမီးတွေ မွှေးလာနိုင်စရာရှိပါတယ်။ ဒါကိုအခြေခံတဲ့ အမုန်းစကားပြောတာ ဝါဒဖြန့်တာတွေကို နိုင်ငံရေးသမားတွေပါးစပ်က ကြားရပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သတိတော့ရှိကြပါ။ သတိနဲ့ နိုးနိုးကြားကြားနေကြပါ။ စည်းစည်းလုံးလုံးရှိကြပါ။ လူမျိုး ဘာသာမတူသူတွေအပေါ် ဗမာစစ်အုပ်စုလောက် မိုက်မိုက်ကမ်းကမ်း ရမ်းရမ်းကားကားတွေ မလုပ်လောက်ပေမယ့် သူ့အတိုင်းအတာနဲ့သူတော့ ပြဿနာတွေဖန်တီးနိုင်ပါတယ်။
မျိုးမြင့်ချို
ဒီဇင္ဘာ ၆၊ ၂ဝ၁၉

0 comments:

Post a Comment