Wednesday, June 1, 2011

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၁၃) မျိုးမြင့်ချို

0 comments
စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၁၃) အာရ်အက်ဖ်အေ အပတ်စဉ် အသံလွှင့်အစီအစဉ်ကနေ ၆ လပိုင်း ၁ ရက် ၂ဝ၁၁ နေ့က ထုတ်လွှင့်ပြီးဆောင်းပါးဖြစ်ပါတယ်။
ခ.မ.ရ(၁၀၉) နဲ့တွဲပြီး တာမုံးညဲဂွင်ဘက်ရောက်တော့မှ တောင်ထိပ်ပန်းတို့၊ အဆိပ်ပန်းတို့၊ 
ငရဲပန်းတို့ဆိုတဲ့စစ်ဆင်ရေးအမည်တွေကို ကျနော် ပထမဆုံးစကြားဖူးတာဖြစ်ပါတယ်။ ကြားကြား
ချင်းပဲ ဒါဟာမူးယစ်ဆေးဝါးနှိမ်နှင်းရေးနဲ့ ပတ်သက်နေလိမ့်မယ်လို့တော့ထင်ပါတယ်။ ဒါပေမယ့် 
တခါမှလည်း မကြုံဖူးတော့ ဘယ်လိုများပါလိမ့်ဆိုပြီး သိချင်စိတ်လည်းဖြစ်မိပါတယ်။

တာမုံးညဲဂွင်ဆိုတာ အဲဒီတုန်းကတော့ ဘိန်းစိုက်ပျိုးတဲ့နေရာမှာ ထိပ်ဆုံးကရှိနေမယ့်နေရာတွေထဲက တခုများလားလို့တောင်ထင်စရာပါ။ ဘိန်းစိုက် ရာသီများဆို ဘယ်နေရာသွားလိုက်သွားလိုက် ဘိန်းခင်းနဲ့လွတ်တယ်ရယ်လို့မရှိပါဘူး။ စခန်းခံစစ်စည်းရိုးအပြင် ထွက်လိုက်တာနဲ့ ဘိန်းခင်းတွေ တွေ့ရတော့တာပါ။ ယုတ်စွအဆုံး အိမ်ခြံဝင်းတွေထဲမှာတောင် ဘိန်းပင်တွေစိုက်ထားကြတာ တွေ့ရတတ်ပါတယ်။ တာမုံးညဲလို၊ လုံထန်လိုရွာတွေက ၅ ရက် တဈေး ဈေးနေ့တွေများဆို ဈေးတန်းထဲမှာ ဘိန်းချိန်တဲ့ချိန်ခွင်အသေးစားလေးတွေချ၊ မြေကြီးပေါ်အခင်းလေးခင်းပြီး ဘိန်းစိမ်းတွေကို ဟင်းရွက်ကန်စွန်း ရောင်းသလိုရောင်းကြတာပါ။ ဝယ်သူတွေအတွက် နမူနာသဘော၊ အမြည်းသဘောလေး ရှူချင်ရင်ရှူလို့ ရအောင် ဘိန်းပြောင်းလေးတွေနဲ့ ဆီမီးခွက်ကလေး တွေတောင်ထားပေး၊ ထွန်းပေးထားပါတယ်။ ဘိန်းဈေးက ရွှေဈေးနဲ့မတိမ်းမယိမ်းပါပဲ။ အဲဒီ တုန်းက ရွှေတကျပ်သားကို ၁၃ဝဝ ဝန်းကျင်လောက်ရှိပါတယ်။ ဘိန်းစိမ်းတလုံးလို့ခေါ်ကြတဲ့  ဘိန်းစိမ်းတပိသာကလည်း ရွှေတကျပ် သားဈေးလောက်ပါပဲ။

ဘိန်းကစိုက်တော့မယ်ဆို တောင်ယာအသစ်ခုတ်ရ၊ မီးရှို့ရပါတယ်။ သစ်မြစ်တွေဘာတွေဖေါ်၊ မြေဆွ၊ ပြီးရင် ဘိန်းစေ့နဲ့မုန်ညင်းစေ့ကို အချိုး ကျရောပြီး ကြဲလိုက်တာပါပဲ။ ဘိန်းပင်လေးတွေ တထွာတမိုက်ရောက်ပလားဆို မုန်ညင်းပင်တွေလည်း စားကောင်းမယ့်အရွယ် ရောက်လာ တာပေါ့။ မုန်ညင်းတွေကိုရွေးနှုတ်လိုက်တော့ ဘိန်းပင်လေးတွေကချဲပြီးသား အနေတော်ဖြစ်သွားတာပါ။ တောင်ယာသစ်မို့ထင်ပါရဲ့ ဘိန်းခင်းက ရတဲ့မုန်ညင်းပင်ကြီးတွေက နုထွားကြီးတွေနဲ့ သန်လိုက်ပုံများ၏မပြောပါနဲ့တော့။  နောက်တော့ ဘိန်းခင်းကြားမှာပေါင်းလိုက်ရင်း၊ အပင်လှီ ကလေးတွေကို နှုတ်လိုက်တယ်ဆိုရင်ပဲ နေ့လားညလားဆိုသလို မျက်စေ့အောက်တင် ဘိန်းပင်တွေအပြိုင်းအရိုင်းကြီးလာလိုက်ပုံဟာ မယုံချင်စရာပါ။ နောက်တော့ တပင်ချင်းတပင်ချင်းစီ နေရောင်ကိုလုရင်း အပြိုင်ထိုးထွက်လာလိုက်တာ အခင်းကြီးရဲ့အပေါ်ယံမျက်နှာပြင်ကို စက်နဲ့တိတိကျကျ တိထားသလိုမျိုး ပြင်ညီဖြစ်လာပါတယ်။

ဘိန်းပန်းက အဖြူနဲ့မရမ်းရောင်ဖျော့ရောင် ၂မျိုးရှိပါတယ်။။ ပွင့်ချိန်များရောက်ပလားဆိုအတော့်ကို လှပါတယ်။ အဖြူသက်သက်။ မရမ်းဖျော့သက် သက်။ အဖြူနဲ့မရမ်းဖျော့ကွက်တိကွက်ကြား။ ပန်းခင်းကြီးတွေလိုပါပဲ။  အနံ့တော့မရှိလှပါဘူး။ ပွင့်ဖတ်ကလေးတွေက ခပ်ပါးပါးလေးရယ်။ ဝတ်မှုံ ကူးပြီးပြီဆိုရင် အပွင့်ကလေးတွေက မြေပြင်ပေါ်တဖတ်ဖတ် ကျကြွေသွားတာပါ။ လေတိုက်လို့လွင့်စရာမလိုတော့ ကြွေကျသွားတဲ့ ပွင့်ဖတ်လေးတွေက အပင်ခြေပဲပြန်ကျရတာကိုး။ အဲဒီပွင့်ဖတ်လေးတွေ ခြောက်ပြီးကျွပ်မသွားခင်၊ ခပ်နွမ်းနွမ်းအချိန်လေးမှာပဲ ပြန်ကောက်ပြီးစုရ ပါတယ်။ ဘိန်းပွင့်ဖတ်က ဘိန်းစေးခြစ်တဲ့အခါ ပြန်ပြီးသုံးရမယ်လေ။ အဲ -   ပွင့်ဖတ်လေးတွေကြွေလို့ကုန်ရင် သီးကင်းလေးတွေလိုက်လာပါပြီ။ သီးကင်းလေးတွေက ဘောလုံးလေးတွေပေါ် သရဖူလေးတွေဆောင်းပေးထားသလိုမျိုးလေးပါ။ ဘိန်းသီးရဲ့ အဲဒီပုံသဏ္ဍာန်ဟာ သီးကင်းဘဝ ကနေ ခြောက်သွားတဲ့အချိန်ထိ မပြောင်းမလဲ အဲဒီ အတိုင်းပါပဲ။

နောက်တော့ ဘိန်းသီးတွေတဖြည်းဖြည်းကြီးလာ၊ ရင့်လာပြီး အစိမ်းရင့်ရောင်ပြောင်းလာတာပေါ့။ ဒါဟာ ဘိန်းခြစ်ချိန်ရောက်ပြီဆိုတဲ့ သဘော ပါပဲ။ တောင်ယာခုတ်တာမီးရှို့တာကလွဲလို့ ကျန်တဲ့အလုပ်တွေအားလုံးကို မိန်းမတွေချည်းပဲလုပ်ရတာပါ။ ဒီအချိန်ဆို အမျိုးသမီးတွေက ဘိန်းခြစ် ဆူး၊ ဘိန်းခြစ်ဓါး၊ ဘိန်းစိမ်းထည့်မယ့် ဝါးကျည်တောက်ဗူးနဲ့ ဘိန်းပွင့်ဖတ်နွမ်းကလေးတွေထည့်ထားတဲ့ ပလိုင်းကိုယ်စီနဲ့ ဘိန်းခင်းတွေဆီ ချီတက်ကြတော့တာပေါ့။ ဘိန်းခြစ်ဆူးဆိုတာက အဖျားကိုခပ်စောင်းစောင်းပုံဖေါ်ပြီး မြည့်နေအောင်သွေးထားတဲ့ သံဖြတ်လွှပိုင်းလေး ၄ ခုလောက်ကို ဝါးခြမ်းလေးတစ်ခုရဲ့ ထိပ်ဖျားမှာညှပ်ပြီး တုတ်ထားတာပါ။ အဲဒါလေးနဲ့ ဘိန်းသီးလေးရဲ့အပေါ်ဘက်မျက်နှာပြင် အကာသားလေးကို ခပ်ဖွဖွလေးခြစ်ယူရတာပါ။ ဘိန်းသီးဆိုတာက ကတုံးတုံးထားတဲ့ လူ့ ခေါင်းလိုပါပဲ။ အပေါ်အကာသားက ဦးရေပြားလိုဖြစ်ပြီး အတွင်းက အမာသားကတော့ ဦးခွံလိုပေါ့လေ။ အဲဒီအကာသားလေးခြစ်ရတာပါ။ အခြစ်နက်သွားရင် အသီးနာပြီး အခြစ်တိမ်ရင်လည်း ဘိန်းအထွက်နည်း တယ်လို့ဆိုပါတယ်။ လက်အချိန်အဆ အရေးကြီးတယ်ဆိုတဲ့သဘောပါပဲ။ ပထမအကြိမ်မှာ ဘိန်းသီးရဲ့ ပတ်လည်နေရာ ၄ခုကို အောက်ကနေ အထက်ထိ ၄ ချက်ခြစ်ရပါတယ်။ တချက်ခြစ်ရင် ၄ စင်းထင်တော့ ၁၆ ချက်ခြစ်ချလိုက်တဲ့သဘောပေါ့။

ဆူးလေးနဲ့ခြစ်ချလိုက်တာနဲ့ ရာဘာစေးများထွက်သလို ဘိန်းစေးဖြူဖြူလေးတွေ စို့စို့ပြီးထွက်လာပါတယ်။ စို့ထွက်လာတဲ့အစေးတွေက ဓါးကြောင်း ရာလေးတွေတလျှောက်စီးပြီး ဘိန်းသီးလေးရဲ့အခြေနားမှာသွားပြီး စုစုလာပါတယ်။ နောက်တော့ လေသလပ်ပြီး ခပ်ညိုညို အရောင်လေးပြောင်းသွားသလို ပိုပြီးတော့လည်းစေးထန်းထန်းနဲ့ သွေ့လာပါတယ်။ အဲသလိုနဲ့ တနေကုန်ပြီးသလောက်ခြစ်ပြီး ပစ်ထား လိုက်။ နောက်နေ့ကျတော့မှ တခါပြန်လာ။ ဘိန်းသီးလေးပတ်လည်က သွေ့စပြုနေတဲ့စေးထန်းထန်း ဘိန်းစိမ်းတွေကို ဘိန်းခြစ်ဓါးကလေးနဲ့ အသာလေးပင့်ပြီးခြစ်ယူ၊ ဓါးသွားပေါ်ပါလာတဲ့ ဘိန်းစေးလေးတွေကို ဘိန်းပွင့်ဖတ်ကလေးနဲ့ သပ်ယူလုံးထည့်ပြီး ဝါးကျည်တောက်ကလေးထဲ ထည့်ပေါ့။ ပထမဆုံးအကြိမ် ၁၆ ချက်အခြစ်မှာ ဘိန်းသီးတလုံးကနေရတဲ့အစေးက ပျမ်းမျှဆိုရင် ပြောင်းဖူးစေ့လေးငါးစေ့စာလောက် ရှိမယ် ထင်ပါတယ်။ အဲသလို အရင်နေ့ကခြစ်ပြီးသားဘိန်းသီးတွေဆီက အစေးသပ်ယူ၊ တရက် နှစ်ရက်လောက် ဘိန်းပင်ကိုအနားပေး၊ နောက် ဒုတိယအကြိမ်ပြန်ခြစ်။ ပြန်သိမ်း။ ဒါပါပဲ။
ဘိန်းတပင်ဟာ ဘိန်းခြစ်လို့လည်းပြီးပြီ၊ ဘိန်းစေးလည်းကုန်ပြီဆိုတာနဲ့ ချက်ခြင်းသေသွားတာမဟုတ်ပါဘူး။ အနည်းဆုံး နောက် တလလောက်ထိ အရောင်မပျက်မညှိုးမနွမ်းပဲ ဆက်ပြီးရှင်နေသေးတာပါ။ ၁ဝ ကိုက်လောက်အကွာက ကြည့်ရုံနဲ့ ဒီဘိန်းခင်းဟာ ခြစ်ပြီးသားလား မခြစ်ရသေးဘူးလားဆိုတာ ဘယ်လိုမှတပ်အပ်ပြောလို့မရပါဘူး။  

သက်ဆိုင်ရာဋ္ဌာနတွေနဲ့အတူ ဗမာ့တပ်မတော်က ဗမာပြည်ရဲ့အစွန်အဖျား၊ နယ်ဘက်အုပ်ချုပ်ရေး လက်လှမ်းမမီတဲ့ဒေသတွေမှာ  တောင်ထိပ်ပန်း၊ အဆိပ်ပန်း၊ ငရဲပန်းဆိုပြီးမူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့ နှိမ်နင်းရေးတို့ အကြိမ်ကြိမ်လုပ်ပြနေပေမဲ့ ဘာဖြစ်လို့ဘိန်းအထွက်နှုန်း ကျမသွားရတာလဲဆိုတာရဲ့ အဖြေတစိတ်တပိုင်းကတော့ အခုကျနော်ပြောတဲ့ ဘိန်းစေးကုန်နေတဲ့ ခြစ်ပြီးသားဘိန်းခင်းတွေနဲ့ တိုက်ရိုက်သက် ဆိုင်တယ်လို့ ဆိုနိုင်ပါလိမ့်မယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။

0 comments:

Post a Comment