Wednesday, June 8, 2011

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၁၄)

0 comments
စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၁၄) ၆ လပိုင်း ၈ရက် ၂ဝ၁၁ နေ့က အာရ်အက်ဖ်အေက ထုတ်လွှင့်ပြီးဆောင်းပါးဖြစ်ပါတယ်
            တရက် ကျနော် သဇင်တောင်ခံစစ်ကုန်းမှာ စခန်းထိုင်ကျနေတုန်း တောင်ထိပ်ပန်း စစ် ဆင်ရေးအဖွဲ့လာမယ်ဆိုတာ ကြားပါတယ်။ ဘိန်းခြစ်ရာသီ ပြီးလုပြီးခင်ကာလလေးပေါ့။ တပ်မနဲ့ ဗျူဟာကအရာရှိကြီးတွေ၊ နယ်ဘက်နဲ့ရဲဘက်ကအရာရှိတွေအပြင် မှတ်တမ်းရုပ်ရှင်ရိုက်မယ့် ဗဟို သတင်းစဉ်ကအဖွဲ့တွေလည်း ပါလာမယ်လို့သိရပါတယ်။ သူတို့တွေ ဒီမှာရှိနေတုန်း နေရေး ထိုင်ရေး၊ စားရေးသောက်ရေး၊ လုံခြုံရေးကိစ္စတွေပါ ပြင်ကြဆင်ကြနဲ့မို့လို့ စစ်ကြောင်းမှူးလည်း မနားရသလို၊ စခန်းပေါ်ကရဲဘော်တွေလည်း အအားမနေရပါဘူး။ သူတို့က သဇင်တောင်အထိ တက်မှာမဟုတ်ပဲ အောက်ခြေက ရှောက်ဟော်ဆိုတဲ့ တပ်ခွဲမှူးရုံးထိုင်တဲ့စခန်းမှာ တည်းကြမှာပါ။

            သူတို့တွေ ရောက်မလာခင်ကလေးမှာ စခန်းပေါ်မှာ ထူးခြားမှုတွေတွေ့လာရပါတယ်။ အရင်ကဆို တပတ်တခါ အသားလေးဘာလေးစားဖို့၊ ချက်အရက်ကလေး ပုံမှန်သောက်ဖို့တောင် မနည်းဖြစ်နေတဲ့စခန်းမှာ၊ တရုပ်က လာတဲ့ ဂျင်တို့၊ တရုပ်ဝီစကီလို့ခေါ်တဲ့ အရောင်ပါတဲ့အရက်တို့ကို ဝက်ပေါင်ခြောက်၊ ကြက်သားကျော်၊ မုန်ညှင်းချဉ်နဲ့ဝက်ဆီ ဖတ်ကျော် စတဲ့အမြည်းတွေနဲ့ အာမပူရွာမဆူဖြစ်နေတာမျိုးပေါ့၊ နောက်ပြီး ယာလျမ်းလို့ခေါ်တဲ့ လက်လိပ်ဆေးနေရာမှာလည်း တရုပ် စီးကရက်တွေတဖွားဖွားနဲ့ ဖြစ်နေတာမျိုးလေးတွေပါ။ တနေ့တနေ့ အောက်ခြေရွာတွေက လာလိုက်တဲ့ရွာသားတွေမှ မနည်းပါဘူး။ အရင်ကဆို အကြောင်းရှိလို့ဆင့်ခေါ်မှ လာကြသူတွေက၊ အခုတော့ စခန်းထဲကို တံခါးမရှိဓါးမရှိဖြစ်နေတာပါ။ လာလိုက်ရင်လည်း လက်ချည်းမဟုတ်ပါဘူး။ ဝက်ပေါင်ခြောက်ကြီးတွေ၊ စီးကရက်တောင့်တွေ၊ အရက်ဖါတွေမှ လားနဲ့ကိုတင်ပြီးလာကြတာပါ။ သူတို့ လာပြီဆိုတာနဲ့ တံခါးကင်းက စစ်ကြောင်းရုံးကိုလာသတင်းပို့။ ထောက်လှမ်းရေးနဲ့စစ်ကြောင်းရုံး အကြပ်တွေက ဧည့်ကောင်းစောင်ကောင်းတွေကြိုသလို တပြုံးပြုံးနဲ့ကြိုကြ၊  ပြီးတာနဲ့ စစ်ကြောင်းမှူးဘန်ကာထဲကို ခေါ်သွားကြ။ စစ်ကြောင်း မှူးနဲ့ရွာသားတွေ ဘာတွေပြောကြဆိုကြဆိုကိုတော့ ထောက်လှမ်းရေးကလူတွေကလွဲလို့ ဘယ်ရဲဘော်မှမသိကြရပါဘူး။ ဆွေမျိုး နဲ့ပေါက်ဖေါ်တွေလို့ပဲ ဆိုရမလားမပြောတတ်တော့ပါဘူး။ သူတို့ပြန်တာနဲ့ စစ်ကြောင်းရုံးက တပ်စုတပ်စိတ်တွေကိုခေါ်ပြီး အစား အသောက်တွေ ခွဲတမ်းပေးပါတယ်။

ဒီလိုနဲ့ ၂ ပတ်လောက်ရှိတော့ အဲဒီတောင်ထိပ်ပန်းစစ်ဆင်ရေးအဖွဲ့ဆိုတာ ရောက်လာပါတယ်။ နောက်နေ့မှာတော့ သူတို့ နဲ့အတူ ကျနော်တို့စခန်းကုန်းက ထုတ်နှုတ်အင်အားတွေပါလိုက်ပြီး ဘိန်းခင်းတွေဖျက်ရမယ်ဆိုတာကိုပါ သိလိုက်ရတယ်။ ရဲဘော် တချို့ကတော့ မှတ်တမ်းရုပ်ရှင်ရိုက်မယ်ဆိုလို့ သေနတ်တွေဘာတွေတိုက်ကြချွတ်ကြ၊ ယူနီဖေါင်းကောင်းကောင်းလေးတွေ ထုတ် ဝတ်ကြနဲ့ပေါ့။ ကျနော်လည်း လိုက်ရမယ်ဆိုလို့ ပြင်ရဆင်ရပါတယ်။ ထွက်မယ့်မနက်မှာ တလံသာသာလောက်ရှိမယ့် ဝါးလုံးတွေ လည်း တယောက်တချောင်း ပေးထားပါတယ်။

စုရပ်နေရာရောက်တော့ စစ်ယူနီဖေါင်းနဲ့အရာရှိကြီးတွေ၊ အရပ်ဝတ်နဲ့ပုဂ္ဂိုလ်တွေ၊ ရဲတွေ၊ ဒေသခံပြည်သူ့စစ်တွေ၊  ရုပ်ရှင် ကင်မရာတွေနဲ့လူတွေအပြင် နိုင်ငံခြားသားတချို့ပါ တွေ့ရပါတယ်။ စစ်ကြောင်းမှူးက စခန်းပေါ်မှာသာဗိုလ်ဖြစ်နေပေမဲ့ ဒီလူတွေနဲ့ ဆက်ဆံရာမှာတော့ တပ်သားကအထက်အရာရှိကိုရိုကျိုးသလိုမျိုး ရိုရိုကျိုးကျိုးလေးပါပဲ။ နောက်တော့ လမ်းပြအရပ်သားတွေ၊ ပြည် သူ့စစ်တွေကိုခေါ်ပြီး စကားတွေပြောကြ၊ မြေပုံတွေဖြန့်ခင်းကြ၊ ထွက်ဖို့အတွက်ပြင်ကြဆင်ကြနဲ့ပေါ့။ နိုင်ငံခြားသားဆရာတွေရဲ့ လည်ပင်းမှာ ကင်မရာတွေချိတ်ထားတာ တွေ့ရပေမယ့် သူတို့ဓါတ်ပုံရိုက်ချင်တယ်ဆိုရင် စကားပြန်ကနေတဆင့် ခွင့်တောင်းရပါ တယ်။ လုံခြုံရေးအကြောင်းပြချက်နဲ့မို့လို့ ခွင့်ပြုချက်ရမှသာ ဓါတ်ပုံရိုက်ခွင့်ရှိတယ်လို့ဆိုပါတယ်။ သူတို့ခမျာလည်း နေပူလို့ထင် ပါရဲ့၊ နေကာမျက်မှန်တွေကိုယ်စီနဲ့ ခပ်လှမ်းလှမ်းက သစ်ပင်ရိပ်တွေအောက်မှာ မိုးတိုးမတ်တပ်။ မှန်ပြောင်းတွေထုတ်ပြီး ဟိုကြည့် ဒီကြည့် လုပ်နေတာတွေလည်း မြင်ရပါတယ်။

အဲဒီစုရပ်နေရာမှာတင် ဘိန်းခင်းတွေက ပတ်လည်ဝိုင်းနေတာပါ။ အနီးကပ်ကြည့်မိတော့မှ အခင်းတိုင်းလိုလို ပထမနဲ့ဒုတိ ယအကြိမ် ခြစ်ပြီးသားတွေ ဖြစ်နေတာတွေ့ရပါတယ်။ ခြစ်ချိန်တန်နေပေမဲ့ မခြစ်ပဲရှိနေသေးတဲ့အခင်းကလေး နည်းနည်းပါးပါး လာက်တော့ ရှိနေပါရဲ့။ ခဏနေတော့ “ဒီအခင်းတွေကစဖျက်မယ်” ဆိုတဲ့အမိန့်နဲ့အတူ ကျနော်တို့လက်ထဲကဝါးလုံးတွေလည်း လှုပ်ရှားလာပါပြီ။ ဘိန်းသီးရဲ့အလေး ချိန်နဲ့ လေထဲမှာယိမ်းထိုးနေတဲ့ဘိန်းပင်တွေကို တုတ်နဲ့တချက်ယမ်းလိုက်ရင် အနည်းဆုံး အလုံးသုံးလေးဆယ် လွင့်ထွက်ပြုတ်ထွက်သွားတာ ပါ။ လက်အချိန်အဆကောင်းကောင်းနဲ့ သိမ်းကြုံးပြီးရိုက်ထည့်လိုက်ရတာကိုက အရသာတော်တော်ရှိသလိုပါပဲ။ ကျနော်တို့အပြင် စစ်ကြောင်းမှူးရော၊ တောင်ထိပ်ပန်းအဖွဲ့က ပုဂ္ဂိုလ်ကြီးတွေပါ တပျော်တပါးအားရ ပါးရ ရိုက်ကြယမ်းကြတာပေါ့။ ရုပ်ရှင်ဆရာတွေကလည်း အနီးကပ်ပြေးလာရိုက်လိုက်၊ အဝေးကနေခွာရိုက်လိုက်။ တခါတလေ ရိုက်နေရင်းကနေ “ခန..ခန” ဆိုပြီး ကျနော်တို့ကိုရပ်ခိုင်းလိုက်။ ဟိုပုဂ္ဂိုလ်ကြီးတွေ ခေါ်ရာကိုသွားလိုက်၊ ခေါင်းလေးတညှိမ့်ညှိမ့် လုပ်လိုက်၊ ပြန်လာလိုက်၊ ပြန်ရိုက်လိုက်နဲ့အလုပ်တွေရှူပ်နေတာပါပဲ။

ဘိန်းစေးလုံးဝမခြစ်ရသေးတဲ့ အခင်းတွေဖျက်ပြီဆိုရင်တော့ နိုင်ငံခြားသားတွေပါ ပါပါတယ်။ သူတို့ကင်မရာတွေလည်း မီးတဖျတ်ဖျတ်နဲ့နေသလို၊ မှတ်တမ်းရုပ်ရှင်က ကင်မရာကြီးတွေလည်း အနီးကပ်ရိုက်ကြနဲ့ပါပဲ။ အဲသလိုမျိုး ၄ ရက်လောက် ဘိန်း ခင်းတွေလိုက်ဖျက်ကြရပါတယ်။

ဒီလိုနဲ့ တောင်ထိပ်ပန်းစစ်ဆင်ရေးကြီးတခု ကျနော်တို့သဇင်တောင်ဒေသကနေ အောင်မြင်စွာပြီးဆုံးသွားခဲ့ပါတယ်။ သူတို့ပြန်သွားပြီးတဲ့နောက် ကျေးဇူးတင်ကြောင်းလာပြောတဲ့ ရွာသားတချို့ကလွဲလို့ ဘယ်သူမှ ထပ်လာတာမတွေ့ရတော့ပါဘူး။ ရဲဘော်တွေလည်း အသားနပ်မမှန်၊ ချက်အရက်ကလေးအာဆွတ်၊ ယာလျမ်းလေးပြန်လိပ်နဲ့ နဂိုအတိုင်းပြန်ဖြစ်သွားတော့တာပါပဲ။

ကျနော်ကိုယ်တိုင်ပါဝင်ခဲ့ရတဲ့ တောင်ထိပ်ပန်းစစ်ဆင်ရေးတခုမှာ အစေးမခြစ်ရသေးတဲ့ဘိန်းခင်း ဘယ်လောက်ဖျက်ဆီးနိုင် ခဲ့သလဲ ဆိုတာတော့မပြောတတ်ပေမဲ့၊ ဖျက်ပစ်ရတော့မယ့် အစေးခြစ်ပြီးသားဘိန်းခင်းတွေ အကုန်လုံးလိုလို ဖျက်ဆီးပြီးသားဖြစ် သွားတယ်ဆိုတာကတော့ သေချာလှပါတယ်။

ကျနော်မျိုးမြင့်ပါခင်ဗျား။ (၆/၈/၂ဝ၁၁)

0 comments:

Post a Comment