Wednesday, June 22, 2011

ဖေ့စ်ဘွတ်ခ်ကရတဲ့ဆောင်းပါးပါ။

0 comments

[By Boston Cat]
အချိန်ကား ၁၆၃၃ ခုနှစ်။ ဂယ်လီလီယိုဆိုသူဟာ ရောမမြို့မှာ မိစ္ဆာဒိဌိဆိုတဲ့စွဲချက်နဲ့ တရားခွင်မှာ အစစ်ဆေးခံနေရပါတယ်။ ဖြစ်ရပုံက အခုကျွန်တော်တို့ သင်နေကြရတဲ့ နေစကြ၀ဠာမှာ နေကိုဗဟိုပြုပြီး ကျန်တဲ့ဂြိုဟ်တွေကလှည့်ပတ်နေကြတယ်ဆိုတဲ့ သူ့ရဲ့ အမြင်ကြောင့်ပါ။ နေဗဟိုပြု နေအဖွဲ့အစည်း (Heliocentric) လို့ခေါ်ပါတယ်။ ဒီစနစ် မတိုင်ခင်က လူသားများဟာ ကမ္ဘာကိုသာ နေနဲ့တကွအခြားသောဂြိုဟ်တွေက လှည့် ပတ်နေကြတယ်လို့ ယူဆခဲ့ကြတာပါ။ ကမ္ဘာဗဟိုနေအဖွဲ့အစည်း (Geocentric) လို့ ခေါ်နိုင်ပါတယ်။ ဒီ ကမ္ဘာဗဟိုပြုနေအဖွဲ့အစည်းအယူအဆကို လူသားတွေဟာ (၁၈) ရာစု မတိုင်ခင်အထိ နှစ်နှစ်ကာကာ လက်ခံလာခဲ့ကြတာပါ။ ဂယ်လီလီယို တရားခွင်ရောက် ရတဲ့အဖြစ်ကိုပဲကြည့်ပေါ့။ (၁၆) ရာစုလောက်ကဆိုရင် ကျွန်တော်တို့ ယနေ့ခေတ် လက်ခံကျင့်သုံးနေတဲ့ နေဗဟိုပြုစကြ၀ဠာစနစ်အယူအဆဟာ လူသားတွေနဲ့ ဘာသာတရားကိုစော်ကားတဲ့ မိစ္ဆာ ဒိဌိအယူအဆလို့ ခါးခါးသီးသီးသတ်မှတ်ခံခဲ့ရပါတယ်။ ဂယ်လီလီယိုက ကိုပါးနီးကပ်စ်နဲ့အယူအဆချင်း တူညီခဲ့တယ်။ တကယ်တော့ ဂယ်လီလီယိုဟာ ၁၆၁၆ ခုနှစ်ကထဲက ဘုရားကျောင်းတော်နဲ့ အမြင်မကြည်မှုရှိခဲ့တာပါ။ အဲဒီအချိန် ကထဲက သူ့ရဲ့အမြင်တွေကို ဘယ်သူ့ကိုမှမပြောဖို့နဲ့မသင်ပေးဖို့ ကျောင်းတော်က တားမြစ်ခဲ့ပါတယ်။ တားမြစ်ချက်ကို ဂယ်လီလီယိုက သဘောမတူရင် သူဟာ ဘုရားကျောင်းရဲ့ ထောင်သွင်းအကျဉ်းချအပြစ်ပေးခံရမှာ ဖြစ်ပါတယ်။ ဂယ်လီလီယိုရဲ့အမှုမှာ သူ့ကိုအပြစ်ပေးနိုင်ဖို့အတွက် အဓိကအချက်ကြီး သုံးချက်ရှိပါတယ်။

ပထမဆုံးအနေနဲ့ ဂယ်လီလီယိုအမှုမှာ သူရဲ့ နေဗဟိုပြုအယူအဆကို စွန့်လွှတ်ဖို့လိုအပ်ပါတယ်။ သူ့အယူအဆတွေ ဟာ ဒဿနအစစ်အမှန်မှာ အခြေခံထားခြင်းမရှိဘဲ အမှားတွေသာဖြစ်ကြောင်း ၀န်ခံရမှာဖြစ်ပါတယ်။ ဒါ့အပြင် သမ္မာ ကျမ်းစာရဲ့ အလိုနဲ့လည်း ဆန့်ကျင်နေပါတယ်။ ဒီအတွက်ကြောင့်ပဲ သူဟာ ကမ္ဘာမြေအပေါ်မှာထားတဲ့ သူ့ရဲ့အမြင်ကို လည်း စွန့်လွှတ်ဖို့လိုအပ်မှာဖြစ်ပါတယ်။ သူ့ရဲ့အမြင်အရ ကမ္ဘာဟာ ကောင်းကင်ဘုံနဲ့ အလွန်ဝေးကွာနေပြီး အနည်း ဆုံးအားဖြင့် မှားယွင်းစွာယုံကြည်နေမှုသာဖြစ်တယ်လို့ ဆိုပါတယ်။ ဂယ်လီလီယိုဟာ ပထမ အကျဉ်းချခံခဲ့ရတယ်၊ နောက်တော့ သူ့ရဲ့ပြစ်ဒဏ်ကို တစ်စုံတစ်ခုသောအကြောင်းကြောင့် နေအိမ်အကျယ်ချုပ်အဖြစ် လျှော့ချခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့နောက်ပိုင်းဘ၀ တစ်လျှောက်လုံးပါပဲ။ ဂယ်လီလီယိုရဲ့အမှုကြောင့် သူ့ရဲ့စာအုပ်တွေအားလုံးဟာ ပိတ် ပင်ခြင်းခံခဲ့ရပြီး ပုံနှိပ်ထုတ်ဝေခွင့်ကိုလည်း လုံးဝတားမြစ်ခံခဲ့ရပါတယ်။

ဂယ်လီလီယိုရဲ့ အမှုဟာ ၁၉၉၀ ပြည့်မတိုင်မီအထိ ဘာသာရေးနဲ့ သိပ္ပံပညာတို့ရဲ့တိုက်ပွဲအဖြစ် တည်ရှိနေတဲ့ကိစ္စ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ (၁၅) ရက်နေ့မှာတော့ ကာဒီနယ် ရာဇင်ဂါ (Cardinal Ratzinger) က ဂယ်လီလီယို၏ တရားခွင်နဲ့ပတ်သက်တဲ့ တွေ့ရှိချက်တစ်ခုကို တစ်စွန်းတစ်စဖွင့်ဟခဲ့ပါတယ်။ မော်ဒန်ကာလက လူတွေဟာ ဘယ်လောက် သံသယအတိုင်းအဆရှိတယ်ဆိုတာပြသတဲ့ ဖြစ်ရပ်တစ်ခုလို့ သူက ဆိုခဲ့ပါတယ်။

ရာဇင်ဂါရဲ့အဆိုအရ ဂယ်လီလီယိုရဲ့တရားခွင်ဟာ ထိုအချိန်ကာလအနေနဲ့ကြည့်ရင် ကျိုးကြောင်းဆီလျော်မှုရှိပြီး ယုတ္တိကျတဲ့ စီရင်မှုတစ်ခုသာဖြစ်ပါတယ်။ ဘုရားကျောင်းတော်ဟာ ဂယ်လီလီယိုထက်စာရင်တောင်မှ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိခဲ့ပါတယ်။ ကျင့်ဝတ်ပိုင်းအရ၊ လူမှုရေးပိုင်းအရ ကောင်းကျိုးဆိုးပြစ်တွေကို အသေအချာ တွက် ဆခဲ့တာပါလို့ဆိုတယ်။ ဒါဟာ ဘာသာရေးဆိုင်ရာ ပြစ်ဒဏ်တစ်ခုမျှသာမဟုတ်ပါဘူးလို့ ရာဇင်ဂါက သူ့ရဲ့ယုတ္တိအရ ဆိုပါတယ်။ ဤနည်းအားဖြင့် သူက ဘုရားကျောင်းတော်ရဲ့ဆုံးဖြတ်ချက်ကို ဖာထေးဖို့ကြိုးစားခဲ့ပါတယ်။ ပုပ်ဂျွန်ပေါ () (Pope John Paul II) ပုပ်ရဟန်းမင်းကြီးနေရာ ရလာတဲ့အချိန်မှာတော့ ဘုရားကျောင်းတော်ရဲ့ အနေအထား ဟာ နူးညံ့ပျော့ပြောင်းလာခဲ့ပါတယ်။

၁၉၉၂ ခုနှစ်မှာတော့ ကက်သလစ်ကျောင်းတော်က ဂယ်လီလီယိုရဲ့အမှုကို တောင်းပန်ခြင်းအားဖြင့် ပယ်ဖျက်ခဲ့ ပါတယ်။ သူဟာ မှားယွင်းစွပ်စွဲခံရခြင်းသာဖြစ်ပြီး အပြစ်မရှိကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ထောင် စုနှစ်တစ်စုအကျော်က ကျောင်းတော်ကကျူးလွန်ခဲ့တဲ့ ကြမ်းတမ်းရက်စက်မှုနဲ့ တရားမမျှတမှုအတွက် ၀န်ချတောင်း ပန်ကြောင်း ပုပ်ဂျွန်ပေါ () က တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

အမှန်တရားတစ်ခုကို လူသားများလက်ခံနိုင်ဖို့ အချိန် ဘယ်လောက်ယူရပါသလဲ။ အကယ်၍ နှစ်ပေါင်း ၁၀၀၀ ဟု ဆိုလျှင် အရမ်းကြာလွန်းမယ်ထင်ပါတယ်။ အဲဒီအမှန်တရားကရော သေချာမှုပမာဏ ဘယ်လောက်ရှိပါသလဲ။ ခေတ်သစ် ဂယ်လီလီယိုများ ထပ်ပေါ်လာလျှင် ပြောင်းရဦးမှာလား။ ဒီလိုတွေ တွေးမိရင်း ဖတ်ခဲ့ဖူးတဲ့ ဟာသလေး တစ်ခုကို သွားသတိရမိပါတယ်။

ဆရာ နေဟာ ကမ္ဘာကြီးရဲ့အထက်ကနေဖြတ်ပြီး အရှေ့မှအနောက်သို့ သွားလေ့ရှိတယ်။ ထူးခြားတာကတော့ နေ့ အခါမှာသာ ဖြတ်သွားလေ့ရှိပြီး ညအခါ လုံးဝဖြတ်မသွားတာပဲ။

တပည့် အဲလိုမဟုတ်ဘူးဆရာ။ ကမ္ဘာကြီးက မိမိရဲ့ဝင်ရိုးပေါ်မှာ ၂၃ ဒီဂရီတိမ်းစောင်းပြီး ၂၄ နာရီလျှင် တစ်ပတ်နှုန်း နဲ့ လည်ပတ်

ဆရာ တိတ်စမ်း။ မင်းပြောတာက စာအုပ်ထဲကဟာတွေ၊ ဆရာအားလုံးသိတယ်။ ခု ဆရာပြောတာက စာတွေ့မ ဟုတ်ဘူး။ ကိုယ်တွေ့ကွကိုယ်တွေ့

ကိုယ်တွေ့အားဖြင့်ပြောကြေးဆိုရင် ကမ္ဘာကြီးလုံးတယ် ဆိုရာမှာတောင် လက်ခံနိုင်ဖို့ခက်ပါလိမ့်မယ်။ လက်တွေ့ မြင်နေရတဲ့ ကမ္ဘာမြေပြင်ကတော့ ပြားပြားကြီးပဲမဟုတ်လား။ ဒီလိုဆို ကမ္ဘာကြီးပြားတယ်လို့ပဲ (The World is Flat ကမ္ဘာပြားဖြစ်စဉ်နှင့် မသက်ဆိုင်ပါ) ကိုယ်တွေ့အားဖြင့် ဇွတ်ပြောနေရမှာလား။ ဒီလိုတော့ တော်မည်မထင်ပါ။ ယခုလောလောဆယ်အခြေအနေတွင် ကမ္ဘာက နေကိုလှည့်ပတ်နေသည်ဟူသော သိပ္ပံပညာကပေးသည့် အဖြေ ကိုသာ လက်ခံထားခြင်းဟာ အကျိုးအကြောင်းဆီလျော်ပါတယ်။

အိန်းစတိန်းက "Science without religion is lame, religion without science is blind." လို့ ဆိုခဲ့ ပါတယ်။ သိပ္ပံမပါတဲ့ ဘာသာရေးဟာ အကျိုး၊ ဘာသာရေးမပါတဲ့ သိပ္ပံဟာ အကန်းပါတဲ့။ ဒါပေမဲ့ ခက်တာက အဲဒီ အကျိုးနဲ့အကန်းကလည်း အစေးကပ်ကြတာမဟုတ်တော့အကျိုးကလည်း ထော့ကျိုးထော့ကျိုးနဲ့ တရွေ့ရွေ့ ကိုယ့်ဘာကိုယ်ခရီးဆက်၊ အကန်းကလည်း စမ်းတ၀ါးဝါးနဲ့ ယောင်ကန်းကန်း ခရီးနှင်ဖြစ်နေတာပါပဲ။ ဒါပေမဲ့ ဒီ အဆိုကို သိပ်သဘောကျလှတယ်တော့ မဟုတ်ဘူး။ အထူးသဖြင့် ရီးလေးဂျင်းမပါတဲ့ သိပ္ပံပညာဟာ အကန်းဖြစ် တယ်ဆိုတာ သဘာဝမကျလှပါဘူး။ အိန်းစတိန်းကြီးက တင်စားပြီးပြောခဲ့တယ်လို့ပဲ မှတ်ယူပါတယ်။

ယနေ့ခေတ်လူသားများအဖို့ သိပ္ပံပညာတွေ့ရှိချက်တွေကို ဇွတ်တင်းငြင်းဆန်ဖို့ရာ ခက်ပါတယ်။ ငြင်းချင်းငြင်းရင် ဘာသာရေးဆိုင်ရာ အမှန်တရားတွေကိုပဲ ငြင်းပယ်နိုင်မှာပါ။ သိပ္ပံပညာနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ လူ့အဖွဲ့ အစည်းထဲမှာ အသက်ရှင်နေရတော့ ဘုရားသခင်ကဖန်ဆင်းထားတာပါဆိုပြီး ကျေးဇူးတင်နေရင်လည်း အရာရောက် လှမှာမဟုတ်ပါဘူး။ ဒါကို ငြင်းချင်တယ်ဆိုရင်ဖြင့်ဂယ်လီလီယိုရဲ့ တရားခွင်ကို သက်သေအဖြစ် ကြည့်မြင်နိုင်ပါ လိမ့်မယ်။

ကျွန်တော်တို့ ကမ္ဘာဂြိုဟ်ဟာ နေအဖွဲ့အစည်းမှာတောင် သိပ်အရေးမပါလှတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားလေးပါ။ နေမင်း ကြီးကို ခခယယ ၀ိုင်းကြီးပတ်ပတ်လှည့်နေရတဲ့ဘ၀ပါ။ ဗဟိုမဟုတ်ပါဘူး။ အဲဒီ ပေစုတ်စုတ် ဂြိုဟ်ကလေးပေါ်က ဇနပုဒ်နိုင်ငံလေးတစ်နိုင်ငံမှာ အခြေခံလူတန်းစားဘ၀နဲ့နေရတဲ့ လူတစ်ယောက်ရဲ့အတ္တက ဘယ်လောက်များ အရေးပါပါသလဲ။ နှိုင်းယှဉ်သုံးသပ်နည်းနဲ့ စဉ်းစားကြည့်ရင် လူ့ဖြစ်တည်မှုရဲ့သေးသိမ်မှုကို မြင်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ အမြဲတမ်းခေါင်းမာခဲ့ကြတယ် မဟုတ်လား။ ဂယ်လီလီယိုကို နှစ်ပေါင်းများစွာ မျက်ကွယ်ပြု ထားခဲ့ကြတယ်မဟုတ်လား။ သူပြောခဲ့တဲ့ အမှန်တရားဆိုတာကို ကျွန်တော်တို့က ဘာသာရေးဆိုတဲ့အမှားနံရံတွေနဲ့ ပိတ်ဆို့ထားခဲ့တယ်မဟုတ်လား။ အချုပ်အားဖြင့် ပြောရလျှင်လူ့ဖြစ်တည်မှုဟာ သေးသိမ်ပါတယ်။ စကြ၀ဠာကြီး ထဲမှာ လူသားများမှာ မြူမှုန်ငယ်ကလေးတွေမျှသာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အတ္တက အရွယ်အစားချင်း မမျှအောင် ကြီးမားပါတယ်။ အမှန်ကိုလက်ခံနိုင်စွမ်းက ကြောက်စရာကောင်းလောက်အောင်ကို အားနည်းပါတယ်။ ကာဆီးထားတဲ့ အမှားနံရံတွေဟာ တဖြည်းဖြည်းပိုကျလာပြီလို့တော့ အကောင်းမြင်ပါတယ်။ ဒါပေမဲ့ အဲဒီနံရံတွေ အားလုံး ပြိုကျပျက်စီးသွားပြီးတဲ့အခါမှာ လူသားဟာ လွင်တီးခေါင် လေကြမ်းကြမ်းကွင်းပြင်မှာ အကာအရံမရှိ အထီးကျန်ဖြစ်တည်မှုအဖြစ်သာ မိမိရဲ့အတ္တကို မြင်တွေ့ရပါလိမ့်မယ်

တေဇာ - လရောင်လမ်းအောက်တိုဘာ (၂၁) ၂၀၀၉

0 comments:

Post a Comment