သိတ်မကြာသေးခင်က အမေရိကန်နိုင်ငံခြားရေးဋ္ဌာနမှအဆင့်မြင့်ပုဂ္ဂိုလ်တဦး ဗမာပြည်
ခရီးစဉ်သွားခဲ့၏။ ဦးသိန်းစိန်အစိုးရနှင့်ရော ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံ ဆွေးနွေးဖြစ်ခဲ့ကြကြောင်း သတင်းများတွင်ဖတ်လိုက်ရသည်။ ဦးသိန်းစိန်အစိုးရဘက်မှ “အမေရိကန်အစိုးရအနေနှင့် သူတို့နှင့်ဆက်ဆံရေးကောင်းလိုလျှင် တိုင်းပြည်အမည်ကို Burma ဟု ခေါ်နေခြင်းအစား Myanmar ဟု ပြောင်းခေါ် ရန်လိုကြောင်း” တောင်းဆိုခဲ့ သည်ဟုလည်း သတင်းများတွင်ဖတ်ရ၏။ ကုလသမဂ္ဂအပါအဝင်နိုင်ငံတိုင်းလိုလိုက တိုင်းပြည်အမည်အား သူတို့ ခေါ်စေချင်၍ပြောင်းသည့်အတိုင်း မြန်မာဟုခေါ်နေချိန်တွင် အမေရိကန်ပြည်ထောင်စုက ဗမာပြည်ဟုသာ သုံးစွဲနေခြင်းအား သူတို့ကနှစ်မြို့ဟန်မရှိ။ ယင်းတို့အာဏာလက်လွှဲယူလိုက်ပြီးကတည်းက လူထုလိုချင်သည့်၊ တိုင်းပြည်၏လက်ငင်းလိုအပ်ချက်ဖြစ်သည့်၊ သမိုင်း၏တောင်း ဆိုမှုဖြစ်သည့် နိုင်ငံရေးအနှစ်သာရမှတပါး အရာရာကိုပြောင်း၏။ တိုင်းပြည်အမည်မှအစ ကြိုးကြီးချိတ်အဆုံးဖြစ်၏။ ဤတွင် ကျနော့်ခေါင်းထဲ Burma Road ဝင်လာ၏။
တနေ့ Bowen Center မှာ ဗမာ့ယဉ်ကျေးမှုအကြောင်း ဟောပြောပွဲလေးတခုလုပ်၏။ Terry Noon ဆိုသည့် အမေရိ ကန်မိတ်ဆွေက အဖေါ်လိုက်ခဲ့ပါဆိုသဖြင့်အတူပါသွား၏။ ဟောပြောပွဲကအပြန် လမ်းပေါ်ရောက်တော့ သူက "ဒီနားလေးမှာ Burma Road ဆိုတဲ့ အမည်နဲ့ လမ်းလေးတလမ်းရှိတာ သိလား" ဟုမေးလာ၏။ ကျနော်က သိကြောင်း၊ လာကြည့်မည်စိတ်ကူးသာရှိပြီး တခေါက်မှမရောက်သေးကြောင်းပြန်ပြောဖြစ်ရာ သူက "ဒါဆိုအတော်ပဲ၊ သွားကြည့်တာပေါ့" ဆိုသဖြင့်ရောက်ခဲ့၏။ "အဲဒါပဲ (Burma Road) ဆိုတာ"ဟု ဆိုသည့် သူ့အသံကြောင့် ကားအပြင်ကိုကြည့်လိုက်မိ၏။ ကင်မရာပါမလာသည့်အတူတူ ကားပေါ်ကနေ လှမ်းကြည့်ပြီး ပြန်ရုံသက်သက်။ နောက်တခေါက် အမေရိကန်မိတ်ဆွေတယောက်နှင့် ရောက်ဖြစ်ပြန်၏။ သူက ဗမာ့နိုင်ငံရေးအခင်း အကျင်းကို အထိုက်အလျှောက်တီးမိခေါက်မိရှိရုံမက၊ ဖို့ဝိန်းရောက်မြန်မာပြည်သား ဒုက္ခသည်များအရေးကိုလည်း တော်တော်လေး စိတ်ဝင်စားသူဖြစ်၏။ မြန်မာပြည်သားများနှင့်ဆိုင်သည့်၊ ကျင်းပသည့်၊ ပွဲတိုင်းလိုလိုလာတတ်သလို မှတ်တမ်းဗီဒီယိုများ၊ ဓါတ်ပုံများ ရိုက်ပြီး သူ့ဝက်ဘ်ဆိုက်မှာ တခမ်းတနားလည်းတင်၏။ ဖို့ဝိန်းမြို့မှာ HBO က Burma Soldier ကားကို အကြိုမိတ်ဆက်ပွဲ ပြမည် ဆိုစဉ်ကလည်း အစအစအရာရာ ကူညီဆောင်ရွက်ပေးခဲ့သူဖြစ်၏။ သို့နှင့် သူ့အား “မင်း..အချိန်ရတဲ့အခါ ငါ့ကိုဓါတ်ပုံရိုက်ပေးပါ လား”ဟု အကူအညီတောင်းဖြစ်၏။ သူက လိုလိုလားလားနှင့် ဓါတ်ပုံရိုက်ပေးမည်ပြောရုံမက နောက်ခံသမိုင်းလေးပါ ရှာဖွေမေး မြန်းပေးမည်ဆို၏။ တနေ့ စီဒီကူးထားသည့် ဓါတ်ပုံများလာပေးရင်း စုံစမ်းလို့ရသမျှ Burma Road နောက်ခံအကြောင်းလေးများပါ ပြောပြခဲ့၏။ သို့နှင့် သည်ဆောင်းပါးရေးဖြစ်သွား၏။
အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့တွင် Goshen အမည်ဖြင့် အမှတ် ၃၃ ပြည်နယ်တွင်းအမြန်လမ်းမကြီး တခုရှိ၏။ ထို Burma Road က Goshen ပေါ်တွင်ရှိပြီး စက်ရုံအလုပ်များ ပတ်လည်ဝိုင်းထား၏။ မလှမ်းမကမ်းတွင် Showgirls ဆိုသည့် မိန်းမလှနှင့်ယမကာမြည်းသည့်ဆိုင်၊ အမိုးနီ Red Inn ဆိုသည့်စားပွဲရုံ၊ အငှားဂိုဒေါင်များ၊ လူနေရပ်ကွက်များ၊ အခန်းတွဲ အိမ်ယာများနှင့် စည်စည်ကားကားလေးရှိ၏။ Goshen ပေါ်မှ ညာဘက်ချိုးလိုက်လျှင် Burma Road။ သည်လမ်းလေးအတိုင်း ဆက်လျှောက်သွားက လမ်းမဆုံးခင် နောက်ထပ်ဘယ်ဘက်ချိုးဝင်သွားသည့် Tierney ဆိုသည့်လမ်းသွယ်လေးတခုရှိသေး၏။ ၁၉၄၃ ခုနှစ်တွင် Burma Road ဆိုသည့်အမည်ဖြင့် သည်လမ်းလေးကို နာမည်ပေးကင်ပွန်းတပ် ဆိုင်းဘုတ်တင်ခဲ့ချိန်က သည်လမ်း တွင်လူနေအိမ်တလုံးမှမရှိသေး။ ၁၉၄၄ ခုနှစ်ရောက်တော့မှ ပထမဆုံးအိမ်ကို စဆောက်ခြင်းဖြစ်၏။ ကျနော်ရောက်ချိန်တွင် တရပ်ကွက်လုံးအိမ်အပြည့်။ အိမ်လေးတွေကလည်း သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းလေးတွေဆိုတော့ နေချင်စရာလိုဖြစ်နေ၏။ ဤရပ်ကွက်တွင် ဗမာပြည်သားမိသားစုမည်မျှ နေထိုင်ကြသနည်းဆိုသည်ကိုတော့မသိ။ နောက်တခုက ဒီနေရာမှာ ဒီလမ်းလေးကို ဘာကြောင့် ဒီနံမည်ပေးခဲ့ရသလဲ။ ဘယ်သူ့စိတ်ကူးလဲ။ ထိုစိတ်ကူးဘယ်လိုရခဲ့သလဲ။ ဖို့ဝိန်းနေ ဗမာပြည်သားတွေကရော သည် လမ်းကို Burma Road လို့ပဲ ဆက်တွင်နေစေချင်သလား။ Myanmar Road လို့ အမည်ပြောင်းစေချင်သူတွေရောမရှိနိုင်ဘူးလား။ ရှိမည်ဆိုလျှင်ရော ဘယ်နှရာခိုင်နှုန်းလောက်ရှိနေမလဲ။ အကယ်၍ Myanmar လို့ အမည်ပြောင်းပေးပါဟု ဆိုလျှင်ရော သက်ဆိုင်ရာ ကပြောင်းပေးလေမလား။ ကျနော်သိချင်တာတွေရော တွေးချင်တာတွေပါတွေးနေမိ၏။
ဖို့ဝိန်းက အင်ဒီယားနားပြည်နယ်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး စီးတီးလိမစ် (Within City Limit) အတွင်းလူဦးရေ (၂)သိန်းခွဲဝန်း ကျင်ခန့်ရှိ၏။။ လူမျိုးစုံ၊ ဘာသာစုံ၊ စကားစုံသည့်မြို့ကလေး၊ လူဝင်မှုအနေအထားမျိုးစုံနှင့်ရောက်လာသည့် မြန်မာနိုင်ငံသား ၈ ထောင်ဝန်းကျင်ခန့် တစုတဝေးတည်းနေထိုင်ရာအရပ်။ တောမြို့လေးဖြစ်သည့်အလျှောက် နားအေးပါးအေးနှင့် တိတ်တိတ်ဆိတ် ဆိတ်။ ဗမာစာ၊ ဗမာဆေး၊ ဗမာပစ္စည်း၊ ဗမာဆိုင်များနှင့် ဗမာနံ့သင်းပြီး ဗမာပြည်အလွမ်း ဖျောက်ကောင်းသည့်အရပ်။
ကျနော်က ဗမာ..ဗမာဆိုပြီးထပ်တလဲလဲသုံးသဖြင့် မြန်မာဟုသုံးရသည်ကို ခံတွင်းလိုက်သူများအဖို့ နားခါးစရာဖြစ်နိုင်၏။ ဤနေရာ တွင် ဗမာ-မြန်မာဆိုင်ရာကိစ္စကို ပြောလိုရင်းမဟုတ်သော်လည်း ချက်မြုတ်မြေကို ဗမာပြည်ဟုပြောရခြင်းတွင်နှုတ်မြိန်သလို တယောက်ယောက်က ဗမာပြည်ဟုဆိုသံ ကြားလိုက်သည်ဆိုလျှင်လည်း နားဝင်ချို၏။ နံမည်ဆိုသည်မှာ ပြောင်း၍ရ၏။ ပြောင်း လည်းပြောင်းကြ၏။ သို့ သော် လူတယောက်နံမည်ပြောင်းခြင်းနှင့် တိုင်းပြည်တပြည်၏အမည်ကို ပြောင်းခြင်းကခြားနား၏။ မတူ။ လူနံမည်ပြောင်းခြင်းက ကာယကံရှင်၏ရွေးချယ်ဆုံးဖြတ်မှုဖြစ်ပြီး၊ လူထုနှင့်ဆိုင်သည့်၊ သမိုင်းနှင့်ဆိုင်သည့်အရာကို အမည် ပြောင်းခြင်းကား ထိုသို့မဟုတ်တော့။ လူထုသဘော ထားပါရမည်။ ငါ့မြင်းငါစိုင်းထင်တိုင်းကြဲပါမူ တိုင်းပြည်နှင့်လူထုအပေါ် ကျူးလွန်သည့် နိုင့်ထက်စီးနင်းမှုဖြစ်၏။ လူတဦးနံမည်ပြောင်းလိုက်ရုံဖြင့် သူ့ပင်ကိုယ်စရိုက်ဖျောက်မရသလို တိုင်းပြည် အမည်ပြောင်းလိုက်ရုံဖြင့်လည်း လူမျိုး၏ဇာတိပုညဂုဏ်မာန ပျောက်မသွား။ ထို့နည်းတူ တို့ဗမာအစည်းအရုံး၊ ဗမာ့ထွက်ရပ်ဂိုဏ်း၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဗမာပြည်ကွန်မြူနစ်ပါတီ စသည်တို့သည်လည်း သမိုင်းတည်သရွေ့ရှိနေရမည့် အမည်များသာဖြစ်နေ၏။ ပြောင်းလို့မရ။ ပြင်လို့မဖြစ်။ လူထုကိုသမိုင်းနှင့်မျက်ခြေဖြတ်လိုခြင်း၊ လူထုနှင့်သမိုင်းအဆက်အစပ်ကို လက်စဖျောက်ချင်လိုခြင်းသည် ကောင်းသည့်ရည်ရွယ်ချက်မဟုတ်။ မယဉ်ကျေးသေးသော၊ သမိုင်းတန်ဘိုးဆိုသည်ကို နားလည်လောက်သည့် အသိဉာဏ်ပညာမဖွံ့ဖြိုးသေးသော လက္ခဏာဖြစ်၏။ ကျနော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သမိုင်းနှင့်အတူသမိုင်းဝင်ခဲ့ သမိုင်းတွင်ခဲ့သည့်အမည်များသည် သမိုင်းနှင့်ရှင်သန်နေရမည်လည်းဖြစ်၏။
ဗမာကနေ မြန်မာဟုပြောင်းပြောင်း၊ မြန်မာကနေ နောက်တခုခုကိုထပ်ပြောင်းပြောင်း နိုင်ငံရေးအရအနှစ်သာရ မပြောင်းလျှင် ဘာမှမပြောင်း။ တိုင်းပြည်၏လက်ငင်းလိုအပ်ချက်နှင့် သမိုင်း၏တောင်းဆိုမှုသည် အနှစ်သာရပြောင်းရေးဖြစ်၏။ ဘာမှမပြောင်းခြင်းတွင် ဘာအပြောင်းအလဲမှမရှိခြင်းသည်မဆန်း။ ထို့ကြောင့်ပြောင်းရန်လို၏။ သို့သော် နာမည်မဟုတ်။
မျိုးမြင့်ချို (၆/၃/၁၁)
0 comments:
Post a Comment