Wednesday, June 29, 2011

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း ၁၇)

0 comments
စစ်မြေပြင်မှပုံရိပ်များ (အပိုင်း ၁၇) ၆ လပိုင်း ၂၉ ရက် ၂ဝ၁၁ နေ့ အာရ်အက်ဖ်အေ အပတ်စဉ်အသံလွှင့်အစီအစဉ်မှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
ကျနော်တပ်ကထွက် အိမ်ပြန်ရောက်ပြီး စစ်မှုထမ်းဟောင်းနဲ့မြို့နယ်ပါတီယူနစ် ကို သတင်းသွားပို့တော့ တပ်ထွက်လက်မှတ်ကမွေးနေ့နဲ့ မှတ်ပုံတင်ကမွေးနေ့မတူ တဲ့ပြဿနာလေးတခုဖြစ်ပါတယ်။ နောက်ဆုံးတော့ တပ်ထွက်လက်မှတ်ကမွေးနေ့ကိုပဲ အတည်ပြုလိုက်ကြပါတယ်။ ဟုတ်ပါတယ်။ အဲဒီ ၂ ခုက တကယ့်ကို မတူတာပါ။ ကျနော့်ကိုမွေးတာက ၁၉၆၃ ခုနှစ်ဖေဖေါ်ဝါရီလ ၁ဝ ရက်နေ့ပါ။ တပ်ထွက်လက်မှတ်မှာ က ၁၉၆၂ ခုနှစ် ဧပြီလ ၃ ရက် ဖြစ်ပါတယ်။ ဆိုတော့ အသက်က ၁ဝ လနဲ့ ၇ ရက်ကွာနေတာပေါ့။ ဖြစ်ပုံက ဒီလိုပါ။

            ကျနော် စုဆောင်းရေးသွားပြီးစာချုပ်ချုပ်တော့ တပ်ကြပ်ကြီးတယောက်က ကျနော့်မှတ်ပုံတင်ကိုကြည့်ပြီး “မင်းအသက်က နည်းနည်းလိုသေးတာပဲ။ ဒါပေမယ့်..ရပါတယ်ကွာ..ကိစ္စမရှိဘူး။ မင်းက အကောင်ထွားတာပဲ” ဆိုပြီး စာချုပ်ပေါ်မှာ တခုခုရေးလိုက် ပါတယ်။ ကျနော်လည်း မေးမနေတော့ပါဘူး။ ပျော်တောင်ပျော်သွားတယ်။ စိတ်ထဲမှာ အသက်မပြည့်လို့ဆိုပြီး ပြန်လွှတ်လိုက်ရင် ဒုက္ခပဲလို့တွေးနေတာကိုး။ ကျနော့်တပ်ဝင်ရက်စွဲက ၁၉၈ဝ ခုနှစ် ဇွန်လ ၃ ရက်ဖြစ်ပါတယ်။ သူပြင်ပေးလိုက်တဲ့ အသက်နဲ့ဆိုရင်တော့ ၁၈ နှစ်နဲ့ ၂ လသားပေါ့ လေ။ တကယ်က ၁၇ နှစ် ၃ လနဲ့ ၂၇ ရက်သား ဖြစ်ပါတယ်။

            ဒီ့နောက်တော့ လက်မှတ်တွေထိုးရပါတယ်။ နောက်တော့ လူသစ်တွေထဲကနေ ကျနော်အပါအဝင် လူ၂ဝ လောက်ကို မေမြို့ ဗဟို အင်္ဂျင်နီယာတပ်မှာ သင်တန်းတက်ဖို့ဆိုပြီး ပို့လိုက်ပါတယ်။ ဟိုရောက်တော့ ကိုယ့်ရှေ့ကရောက်နှင့်သူတွေနဲ့အတူ သင်တန်း သားအဆောင်တွေမှာနေရင်း နောက်ရောက်လာမယ့်သူတွေကို စောင့်ရပါတယ်။ စောင့်နေရင်း တယောက်ကိုတယောက် မိတ်ဖွဲ့ ကြရတာပေါ့။ ဒီတော့မှ ကျနော်တို့အသုတ် လူ ၁ဝဝ မှာ အသက် ၁၈ နှစ်အောက်လူသစ်က ကျနော်အပါအဝင် ၃၈ ယောက်ဖြစ်နေ တာ သတိထားမိတာပါ။ ၃ ပတ်လောက်ရှိတော့ လူစုံပြီဆိုတဲ့အတွက် စစ်ဝတ်စုံတွေထုတ်ကြ၊ တပ်စု၊ တပ်စိတ်တွေခွဲကြ၊ အချင်း ချင်းထဲက နည်းနည်းလူရည်လည်သူတွေကို စုမှူး၊ စိတ်မှူးတွေရွေးကြ၊ အလှည့်ကျအဖွဲ့ခေါင်းဆောင်တွေ ရွေးကြနဲ့ပေါ့။ အဲဒါတွေ ပြီးတာနဲ့ သတိ၊ သက်သာ၊ အေးစေကနေစလို့ အခြေခံစစ် ပညာသင်ရပါတယ်။ ကျနော်တို့တက်ရတဲ့ အခြေခံစစ်ပညာဆိုတာ ခြေ လျင်ကရဲဘော်တွေနဲ့စာရင် ဘာမှမဟုတ်ပါဘူး။ ဒါပေမဲ့  မအေ၊ နှမ မိုး မွှန်တာ၊ ပါးရိုက်နားရိုက်၊ ထိုးကြိတ်ကန်ကျောက်လုပ်တာနဲ့ အပြစ်ပေးနည်းတွေမှာတော့ အတူတူပါပဲ။

            အခြေခံစစ်ပညာ ၂ လခွဲသင်ပြီးတဲ့နောက် စစ်အင်္ဂျင်နီယာဘာသာရပ်တွေ စသင်ရပါတယ်။ ကျနော်က လမ်း၊ တံတား၊ လေ ယဉ်ကွင်း စတဲ့ဘာသာရပ်တွေကို စိတ်ဝင်စားပေမယ့် သင်တန်းသားတိုင်းအတွက် မိုင်းနဲ့ထောင်ချောက်ဆိုတဲ့ ဘာသာရပ်ကိုသာ အဓိကထားပြီးဖိဖိစီးစီး သင်ပေးတာပါ။ မိမိရော ရန်သူ့ဘက်ကပါသုံးတဲ့ လူသတ်မိုင်းတွေ၊ ယဉ်ဖျက်မိုင်းတွေ၊  ရေမြှုတ် မိုင်းတွေ၊ထောင်ချောက်ဆင်နည်းတွေ၊ စက်ခလုပ်ပိုင်းတွေ၊ ယမ်းအမျိုးအစားတွေ၊ ဖေါက်ခွဲစက်တွေ၊ မိုင်းရှာစက်တွေ စတာတွေနဲ့ ပတ်သက်လို့ တော်တော်လေးကို အသေးစိတ်သင်ပေးပါတယ်။ မိုင်းကွင်းတွေခင်းတာ၊ ရှင်းလင်းတာ၊ မြေပုံမှတ်တမ်းတင်တာတွေကို စာတွေ့ရောလက်တွေ့ပါလုပ်ရပါတယ်။ တခါတခါ ပင်ပန်းလို့၊ အစားအသောက်မကောင်းလို့၊ ဆရာတွေညစ်လို့၊ အချင်းချင်းပြဿ နာဖြစ်လို့ စိတ်ညစ်ရတာကလွဲရင် ပျော်စရာမကောင်းပေမယ့် စိတ်ဝင်စားစရာကောင်းပြီး ဗဟုသုတလည်းရပါတယ်။

            မိုင်းတလုံးတည်းဖြစ်ဖြစ် မိုင်းအလုံးရေသိန်းချီထောင်တာကိုပဲဖြစ်ဖြစ် မိုင်းကွင်းတခုခင်းတယ်လို့ သတ်မှတ်ပါတယ်။ မိုင်း ကွင်းတခုမခင်းခင်မှာ အရင်ဆုံးသိထားရမှာက (တစ်) မိုင်းတပ်သားဖြစ်တဲ့ မိမိအန္တရယ်မဖြစ်ရေး။ (နှစ်) မိမိလူတွေ အန္တရာယ် မဖြစ်ရေး။ (သုံး) ရန်သူထိရေး ဖြစ်ပါတယ်။ မိုင်းကွင်းမခင်းခင်မှာ ရန်သူ့အခြေအနေ၊ မိုင်းနဲ့မိုင်းရဲ့စက်ခလုပ်ပိုင်းတွေစိတ်ချရမှု၊ ရာသီဥတုနဲ့ မြေပြင်အနေအထား စတာတွေအားလုံးကိုတွက်ချက်ပြီး ကိုယ့်အတွက်စိတ်ချရတယ်ဆိုမှ ထောင်ရမှာပါ။ အဲသလို မဟုတ်ရင် ငြင်းခွင့်ရှိပါတယ်။  မိုင်းထောင်ပြီးတဲ့နောက် ကိုယ့်လူတွေ မတော်တဆထိခိုက်တာမဖြစ်ရအောင် မြင်သာထင်သာမယ့် အမှတ်အသား၊ သင်္ကေတနဲ့အတားအဆီးတွေ လုပ်ပေးရပါတယ်။ နောက်ပိုင်း မိုင်းပြန်ဖေါ်မယ့်သူတွေ၊ မိုင်းကွင်းကြံ့ခိုင်ရေး လုပ်မယ့်သူတွေ အန္တရာယ်မဖြစ်အောင် မိုင်းကွင်းမြေပုံတွေကို တိတိကျကျနဲ့ စနစ်တကျရေးဆွဲမှတ်တမ်းတင် သိမ်းဆည်းရပါတယ်။ ရန်သူထိရေးက နောက်ဆုံးမှဖြစ်ပါတယ်။

အဲဒီ သင်ခန်းစာမှာ မိုင်းသုံးစွဲမှုနဲ့ပတ်သက်တဲ့ နိုင်ငံတကာသဘောတူညီချက်ဆိုတာကို နည်းနည်းလောက်သင်ရပါရဲ့။ အတိုချုပ် ပြောရရင်တော့။ မိုင်းခင်းပြီဆိုတာနဲ့ မိုင်းအန္တရာယ်သတိပေး နိုင်ငံတကာသင်္ကေတနဲ့အတူ မိုင်းအမျိုးအစားကိုဖေါ်ပြ ထားတဲ့ဆိုင်းဘုတ်ကို ထင်းနေတဲ့အရောင်နဲ့ရေးပြီး မြင်သာလောက်မယ့်မယ့်နေရာမှာ စိုက်ထားထောင်ထားရပါတယ်။ ဆိုင်းဘုတ်က ကိုယ့်ဘက်ရော ရန်သူ့ဘက်ကပါ မြင်သာထင်သာရှိရပါ့မယ်။ မိုင်းရှိမှန်းသိသိနဲ့ တက်လာတိုက်လာလို့ ထိတာကတော့ စစ်ဆိုတဲ့ သဘောနဲ့ပဲဆိုင်ပါတယ်။  ဒီလိုလုပ်ရတာရဲ့ အဓိကကျတဲ့ရည်ရွယ်ချက်တခုကတော့ အရပ်သားတွေကို မိုင်းအန္တရာယ်ကနေ အကာ အကွယ်ပေးရေးအတွက် ဖြစ်ပါတယ်။
သင်ခန်းစာအဆုံးမှာ ဆရာက “ဘာမရှင်းတာရှိလဲ” လို့မေးတော့ ရဲဘော်တယောက်ကထပြီး “ဆရာ နိုင်ငံတကာနဲ့ ကျနော် တို့ဆီမှာ ရော အဲဒီအတိုင်းပဲလား” လို့မေးပါတယ်။ ဆရာက လက်ထဲကစာအုပ်ကို ဘုန်းကနဲပစ်ချလိုက်ပြီး “အလကားလျှောက် ပြောနေတာတွေပါကွာ။ စာအုပ်ထဲသာရေးထားတာပါ။ ဘယ်သူမှလည်း လိုက်လုပ်မယ်မထင်ပါဘူး။ မင်းပဲ စဉ်းစားကြည့်လေကွာ ဒီထဲကအတိုင်းသာ လိုက်လုပ်နေလို့ကတော့ လူမပြောနဲ့ဟေ့ကောင်၊ မျောက်တောင်မထိဘူး။ မင်းတို့ ရှေ့တန်းရောက်တဲ့အခါ တွေ့ပါလိမ့်မယ်”လို့ပြောပြီး တန်းဖြုတ်လိုက်ပါတယ်။

ကျနော်လည်း ခေါင်းနည်းနည်းတော့ခြောက်သွားပါတယ်။ လိုက်နာဆောင်ရွက်သင့်တာမှန်ပေမယ့် ဘယ်သူမှလည်း မလိုက်နာ၊ လိုက်လည်းမလုပ်တဲ့ကိစ္စတခုကို ဘာလို့များဥပဒေတွေလုပ်၊ အချိန်တွေအကုန်ခံပြီး သင်ပေးနေရသလဲပေါ့။ ကျနော် မိုင်းတပ်သားအဖြစ်နဲ့ ရှေ့တန်းရောက်တော့မှ အဲဒီနေ့က သင်တန်းဆရာပြောလိုက်တဲ့စကားတွေဟာ တကယ့်လက်တွေ့ မှာ သွေးထွက်အောင်မှန်တာပါလားလို့ သိလိုက်ရပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား

0 comments:

Post a Comment