Wednesday, June 22, 2011

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၁၆) မျိုးမြင့်ချို

0 comments
စစ်မြေပြင်မှပုံရိပ်များ (အပိုင်း ၁၆) အာရ်အက်ဖ်အေ အပတ်စဉ်အသံလွှင့်အစီအစဉ်ကနေ ၆ လပိုင်း ၂၂ ရက် ၂ဝ၁၁ နေ့မှာ လွှင့်ခဲ့ပြီးဆောင်းပါးဖြစ်ပါတယ်။
           
            ကျနော် အရင်တပတ်ကပြောခဲ့သလို တင်းပြည့်ပါတီဝင်အဖြစ်နဲ့ အိမ်ပြန်ရောက်တော့ မြိုနယ်ပါတီယူနစ်နဲ့စစ်မှုထမ်းဟောင်းကို သတင်းပို့ရပါတယ်။ သတင်းပို့တော့လည်း တင်းပြည့်ပါတီ ဝင်ဖြစ်တာနဲ့တင် မျက်နှာပန်းလှတယ်ဆိုရမှာပါ။ မေးတာလေးတွေဖြေ၊ ဖြည့်စရာရှိတာလေးတွေဖြည့်ပြီး ပြီးသွားတာပါ။ အဲဒီအချိန်က မင်္ဂလာဒုံမြို့နယ်ကောင်စီဥက္ကဋ္ဌက ဗိုလ်ကြီးဟောင်းမောင်ကြည်ဖြစ်ပါတယ်။ တရက် ကျနော် စစ်မှုထမ်းဟောင်းရုံးကို ကိစ္စတခုနဲ့လာတုန်း သူနဲ့သွားတိုးပါတယ်။ သူက ကျနော့်ကို ကြည့်ပြီး အတော်စိတ်မကောင်းဖြစ်သွားပုံရပါတယ်။ မင်းကိစ္စပြီးရင် ငါ့ဆီလာခဲ့ဦးဆိုတာနဲ့ ကျနော် သူ့ရုံးကိုသွားတွေ့ပါတယ်။      
မဆလခေတ်က ဗမာ့တပ်မတော်ထဲမှာ အရာရှိဖြစ်လောက်တဲ့ အရည်အချင်းမရှိပေမယ့် ဗိုလ် မဖြစ်ဖြစ်အောင် လုပ်ပေးတဲ့နည်းတွေရှိပါတယ်။ တနည်းက ဆယ်တန်းကို ဘယ်နည်းနဲ့မှလည်း အအောင်ပေးလို့လည်းမရ၊ အပြင်မှာလည်းကလေရိုက်နေတဲ့ လူကြီးသားသမီးတွေအတွက် အလုပ်သင်ဗိုလ်ဆိုတာကိုဖန်တီးပြီး ဗိုလ်ဖြစ်အောင်လုပ်ယူတာပါ။ နောက်တနည်းကတော့ စစ်သက်အနှစ်လေးဆယ်အတွင်း၊ မှင်နီတချက်မစွန်းခဲ့ဖူးတဲ့၊ လက်ရှိရာထူး အရာခံဗိုလ်အဆင့် ရောက်နေသူတွေကို ကော်မရှင်ပေးတယ်ဆိုပြီး ဘာဗိုလ်သင်တန်းမှတက်စရာမလိုပဲ ဗိုလ်ကြီးရာထူးအထိ လပိုင်း အတွင်းတိုးမြှင့်ပေးတာဖြစ်ပါတယ်။ အဲဒီ ကော်မရှင်ရဗိုလ်ကြီးတွေက လူရိုးလူဖြောင့်ကြီးတွေပါ။  တပ်သားတွေက သူတို့ကွယ်ရာမှာ သူတို့ကို ဗိုလ်လူရိုးကြီးတွေလို့ ချစ်စနိုးခေါ်သလို၊ ဗိုလ်စာအုပ်ကြီးတွေလို့လည်း အပြောင်အပျက် လုပ်တတ်ကြပါတယ်။

ကော်မရှင်ရပြီးတာနဲ့ တပ်ကထွက်သူထွက်၊ နယ်ဘက်အုပ်ချုပ်ရေးကို အရာရှိအဖြစ်ပြောင်းသူပြောင်း။ တချို့က မြိုနယ်ကောင်စီဥက္ကဋ္ဌ တက်ဖြစ်ကြတာပေါ့။ အခုပြောတဲ့ ဗိုလ်ကြီးမောင်ကြည်လည်း အဲသလိုမျိုးမြို့နယ်ကောင်စီဥက္ကဋ္ဌပါ။  စာတောင် ကောင်းကောင်မွန်မွန် တတ်ပုံမရပါဘူး။ လက်ရှိ အရပ်သားဖြစ်နေပေမယ့် ဗိုလ်ကြီး ဒါမှမဟုတ် ဥက္ကဋ္ဌကြီးလို့ခေါ်မှကြိုက်တာပါ။ ကျနော့ကို စကားတွေပြောရင်း၊ စာအုပ်တွေ၊ ဖိုင်လ်တွေနဲ့လူတွေဝင်လာလိုက်၊ လက်မှတ်ထိုးခိုင်းလိုက်၊ သူကလည်း သူ့ရှေ့ချလာ သမျှတွေကို ဘာအမေးအမြန်းမှလုပ်မနေပဲ “ဒီနေရာဗိုလ်ကြီး” ဆိုပြီးပြရင် ပြတဲ့နေရာ လက်မှတ်ကောက်ထိုးလိုက်နဲ့ပါပဲ။ မေးရကောင်းမှန်းလည်း သိပုံမပေါ်ပါဘူး။

သူ့စကားတွေမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဝင်တွေက ဘယ်လောက်အပင်ပန်းအဆင်းရဲခံပြီး ဗမာ့တပ်မတော် ကို ထူထောင်ခဲ့ရတယ်ဆိုတဲ့အကြောင်း၊ ဖက်ဆစ်တော်လှန်ရေးမှာ ဗမာ့တပ်မတော်ဟာ ဘယ်လောက် လက်သံပြောင်ခဲ့တယ်ဆို တဲ့အကြောင်း၊ တရုပ်ဖြူကျူးကျော်မှုမှာ ဗိုလ်ချုပ်ကျော်ဇောက ဘယ်လောက်တော်တဲ့အကြောင်း၊ ပဲခူးရိုးမက ဖြတ်လေးဖြတ် အကြောင်း၊ မြစ်ဝကျွန်းပေါ်မှာ ကရင်သူပုန်တွေကို ဘယ်လိုတိုက်ခဲ့ကြောင်း၊ တိုက်ပွဲအမည်၊ စစ်ဆင်ရေးအမည်တွေနဲ့အတူ လူနာ မည်တွေပါ တသီတတန်းကြီးပြောပါတော့တယ်။ သူဆိုရင်လည်း ဘယ်တိုက်ပွဲတွေမှာ ဘယ်သူတွေနဲ့တွဲပြီး ဘယ်လိုတိုက်ခဲ့ကြောင်း၊ ဗမာ့တပ်မတော်ကို လူတွေက အဲဒါကြောင့် ချစ်ကြကြောင်းတွေ ပြောတော့တာပါပဲ။ ပြောရင်းပြောရင်း မျိုးချစ်စိတ်ဆိုတာကိုရောက် သွားတော့ အသံတွေကျယ်လာ၊ မေးကြောကြီးတွေ ထောင်ထလာပါတယ်။ နောက်တော့ ထိုင်ပြောရတာကို အားမလိုအားမရဖြစ်လို့ ထင်ပါရဲ့။  ခုံပေါ်မတ်တပ်ထရပ်ပြီး ပုဆိုးခါးတောင်းတွေ ကျိုက်လိုကျိုက်၊ လက်သီးလက်မောင်း တန်းလိုတန်းတွေဖြစ်လာပါတယ်။ ကျနော်လည်း သူပြောတာတွေ နားထောင်၊ သူလုပ်ပြနေတာတွေ ကြည့်ရင်း ရီလည်းရီချင်၊ ရီလည်းမရီရဲနဲ့ အူလည်လည်ကြီး ဖြစ်နေတော့တာပေါ့။

နောက်တော့ နည်းနည်းမောသွားပုံရပါတယ်။  ကိုယ်ရှိန်ပြန်သတ်လိုက်ပြီး “မင်း..ဘယ်အရွယ်မှာတပ်ထဲဝင်တာလဲကွ” လို့ မေးပါ တယ်။ အခုမှ အသက်ရှူပေါက်ချောင်သွားတဲ့ကျနော်က  “၁၇ နှစ်သားမှာဗိုလ်ကြီး” လို့ပြန်ဖြေပါတယ်။  “ဟုတ်လား..အေး  ကောင်းတယ်ကွ”  “အစဉ်နုပျိုနေတဲ့တပ်မတော်ဖြစ်ရမယ်ဆိုတာမှန်ပေမယ့်၊ ငယ်ရင်ပြီးရော၊ လူပြည့်ပြီးရောဆိုပြီး အတင်းဆွဲသွင်း၊ သေနတ်တောင် မနိုင်တဲ့ဗလနဲ့၊ ရှူနာရှိုက်ကုန်းလေးတွေမြင်တိုင်း ငါတော့ရှက်တယ်ကွာ။ ငါတို့တုန်းကဆို ကျန်းမာရေးလည်း ဒေါင်ဒေါင်မြည်၊ အကောင်ကလည်းထွား၊ အရပ်ထဲမှာလည်း ဘာပြဿနာမှမရှိတဲ့ကောင်ကိုမှ တပ်ကလက်ခံတာကွ၊ အခုတော့ ကွာ..ကလေးမသာရုပ်တွေနဲ့လေတိုက် လဲမယ့်ကောင်တွေကွ။ အဲဒီကောင်တွေနဲ့ တပ်မတော်နုပျိုနေတာကြီးကတော့ မဟုတ်သေး ဘူးထင်တယ်ကွာ၊  ငါ့ဆိုရင်ကြည့်ကွာ။ အခု အသက် ၆ဝ ကျော် ပြီကွ၊ သန်တုန်းမြန်တုန်းပဲ အဲဒါ..စစ်သားဖြစ်ခဲ့လို့ပဲကွ၊ အခုလို ရာထူးနေရာတွေ ရတယ်ဆိုတာလည်း တကယ့်ကိုကိုယ်ကျိုးစွန့်ခဲ့လို့ တိုင်းပြည် ကငါ့ကိုပြန်ကြည့်တာကွ” လို့ ပြောပါတယ်။ ခုခေတ် လူငယ်တွေကို အားမရဘူးလို့ပြောပြီး၊ တပ်ထဲဝင်တာကိုတော့ အားပေးကြောင်းလည်း ပြောပြန်ပါတယ်။  ဒါပေမယ့် “ငါတို့ ခေတ်က လို တိုင်းပြည်ချစ်လို့ဝင်တဲ့ကောင် လက်ချိုးရေစရာတောင်မရှိပါဘူး” လို့လည်း ဝမ်းပန်းတနည်း အသံတိမ်တိမ်နဲ့ပြောရှာပါတယ်။

သူ ၁၆ နှစ်သားမှာ တပ်ထဲဝင်ခဲ့ကြောင်းပြောတော့ “ကျနော့်ထက်တောင်ငယ်တာပဲ” လို့ပြောလိုက်တော့။ “အေးကွာ..  တိုင်းပြည်က ကိုယ့်ကိုလိုအပ်လာပြီဆိုရင်တော့ သေနတ်နိုင်တဲ့အရွယ်ရောက်တာနဲ့ တပ်ထဲဝင်ပြီး တိုင်းပြည်ကိုကာကွယ်ရမှာပဲကွ။ ငါတို့တုန်းက အဲဒါကြောင့် ဝင်ခဲ့ကြတာပဲ၊ အခုဟာကတော့ကွာ” ဆိုပြီး ပြောနေတာကိုရပ်လိုက်ပါတယ်။

ကျနော့်အတွေးက လွန်ခဲ့တဲ့အနှစ်လေးဆယ်က ရှေ့တန်းစစ်မြေပြင်မှာ အသက်ပေးတိုက်ပွဲဝင်နေတဲ့ အကျင့်စာရိတ္တ  ကောင်းကောင်း၊ ကျန်းမာကြံ့ခိုင်လှတဲ့ခန္ဓာနဲ့ တပ်သားမောင်ကြည်လေးတွေဆီတွေဆီကနေ၊ နိုင်ငံရေးဆိုတာပညာတတ်စရာမလို၊ အထူးအရည်အချင်းရှိစရာမလို၊ မျိုးချစ်စိတ်ရှိဖို့သာလိုတယ်၊ စစ်သည်ဟောင်းတွေ နိုင်ငံရေးရာထူးတွေရတယ်ဆိုတာ ကိုယ်ကျိုး စွန့်ခဲ့လို့အကျိုးခံစားရတာ၊ ဒါတွေဟာပုံမှန်တွေပဲလို့ ရိုးရိုးကြီးထင်မြင်နေရှာတဲ့ ဗိုလ်ကြီးဟောင်းမောင်ကြည်ကြီးတွေဆီ ရောက်သွား ပါတယ်။  ပြီးတော့ ဒီကနေ့စစ်တပ်ထဲက ကလေးသာသာချိနဲ့နဲ့ စစ်သားလေးတွေ၊ ပြီးတော့ ဒီကနေ့ စစ်တပ်ဦးစီးတဲ့ ဈေးကွက်စီး ပွားရေးဆိုတဲ့ခေတ်ထဲက ခေတ်ပေါ်စစ်ဗိုလ်တွေ..အဲဒီ ပုံရိပ်တွေဟာ ကျနော့်အာရုံထဲမှာ ထွေးလုံးရစ်ပတ်ဝဲလည်လို့ နေပါတော့ တယ်။

ကျနော် မျိုးမြင့်ပါခင်ဗျား
မျိုးမြင့်

0 comments:

Post a Comment