Sunday, June 19, 2011

ကျွန်မဆုံခဲ့ရသည့် ၃၆ ခု အရေးတော်ပုံ - လူထုဒေါ်အမာ

0 comments
ကျွန်မဆုံခဲ့ရသည့် ၃၆ ခု အရေးတော်ပုံ - လူထုဒေါ်အမာ
by Ye Myint Thu on Friday, June 17, 2011 at 1:11am

ကျွန်မတို့ခေတ်က  ကျောင်းဆောင်ပြဿနာလည်းမရှိ၊ စာသင်ခန်းပြဿနာလည်းမရှိ၊ ကျောင်းသားသပိတ်ကြီး ပေါ်လာသည့်အတွက် အချို့သောကျောင်းသားများက ကိုလိုနီဘဝ၌ တသက၏ဦးဆောင်မှုကို သိလိုသူများရှိပေမည်။

ဟုတ်ပါပေသည်။ ယနေ့ ကျောင်းသားတွေ၏အခြေအနေနှင့် ကျွန်မတို့ခေတ်က ကျောင်းသားတွေ၏အခြေအနေမှာ များစွာမှခြားနားပါ သည်။ ယခု ကျောင်းသားတွေ ကိုပြောပြလျှင် ကျောင်းသားတွေက "သြော်..... ရှေးရှေးတုန်းက တက္ကသိုလ်ဆိုတာ ဒီလိုကိုး" ဟု တွေး၍ ဝေးကွာလှသောကာလဆီသို့ တွန်းပို့လိုက်ကြမည်ထင်ပါသည်။


ကျွန်မတို့ ကျောင်းသားဘဝက ကိုသိန်းဖေကြီးတို့များ အင်တာ(ဥပစာတန်း)တွင် နှစ် နေပါသည်။ ကျ ကျ ဖြစ်သည်ဆို၍ မည် သည့်အာဏာပိုင်ကမျှ မည်သို့မျှအရေးမယူပါ။ ကျောင်းဆောင်ခမှန်မှန်ပေးသမျှ အဆောင်ကလည်းလက်ခံသည်။ ကျောင်းလခ မှန်မှန်ရသမျှ တက္ကသိုလ်ကလည်း လက်ခံသည်။ ကျောင်းလခမှာ အင်တာ၌ ၉ိ၊ ၀ိဇ္ဇာတန်း၌ ၁၂ိ ဖြစ်သည်။ အဆောင်ခမှာ တလလျှင် ၂၅ိ ဖြစ်သည်။

ကျောင်းဆောင်ဆိုသည်မှာလည်း တယောက်ခန်းတွင် တယောက်၊ ယောက်ခန်းတွင် ယောက်၊ တခါတရံ ယောက်ခန်းကြီး၌ ပင်လျှင် တယောက်တည်းနေလိုက နေရတတ်သေးသည်။ ၁ဝ တန်းအောင်စကျောင်းသားများအဖို့သာ အဆောင်နေရေးကို အဆောင်မှူးထံ စာတင်၍လျှောက်ထားရသည်။ တနှစ်နေဖူးသည့် ကျောင်းသားဟောင်းဖို့ လျှောက်နေတောင်းနေစရာမလိုတော့။ အဆောင်ဖွင့်၍ အချိန်တန်ရောက်လာလျှင် ဝင်နေရုံသာရှိသည်။ ယမန်နှစ်က ကိုယ်နေပြီးသားအခန်းပြန်ရလိုလျှင် သူများထက် ရက် ရက်စော၍လာနိုင်လျှင်ရသည်။

စာသင်ခန်း ဆိုပါလျှင်လည်း ကျွန်မတို့ကျောင်းသူများအဖို့ သူများနည်းတူအပြေးအလွှားသွား၍ နေရာရအောင်လုထိုင်နေစရာမလိုပါ။ ခေါင်းလောင်းထိုးခါနီးမှ ဆရာနှင့်မရှေးမနှောင်းဝင်လာကြပြီး ကျောင်းသားများက တမင်ချန်ပေးထားသော ရှေ့တန်းခုံများတွင်ဝင် ထိုင်၍ သင်ရပါသည်။

၁၉၃၆ ခုနှစ်က မြန်မာတနိုင်ငံလုံး၌ ရှိရှိသမျှအထက်တန်းကျောင်းတွေ၊ အလယ်တန်းကျောင်းတွေနှင့် ယူနီဗာစီတီကောလိပ်၊ ဂျပ်ဆင်ကောလိပ်တို့ပင်ပါဝင်သည့် ပြည်လုံးကျွတ်သပိတ်ကြီးပေါ်လာရခြင်းမှာ တကသဥက္ကဌကို ကျောင်းထုတ်မည်ဟု ဆိုသော ကြောင့်ဖြစ်ပါသည်။

၁၉၃၆ ခုနှစ် ပြည်လုံးကျွတ်ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာရသည့် လောလောဆယ်အကြောင်းရင်းသည် အောက်ပါအတိုင်း ဖြစ် သည်။

၁၉၃၆ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့၌ တကသတွင် ကျောင်းသားများ၏ စကားအချေအတင်ဟောပြောပွဲတရပ်ရှိသည်။ ထို စကား အခြေအတင်ပြောပွဲကြီး၌ တကသဥက္ကဌ ကိုနုက ကျောင်းသားများ၏ အရေးကိစ္စအတွင်း၌ အချို့သောအာဏာပိုင်တို့ စွက်ဖက်နေမှုနှင့် တက္ကသိုလ်တွင်ကျောင်းသားများအား ကျွန်စိတ်၊ အောက်ကျနောက်ကျစိတ်များ သွင်းပေးနေမှုတို့ကို စကားလုံးခပ်ကြမ်းကြမ်းနှင့် ပြောကြားသွားခဲ့သည်။

နောက် ရက်အနည်းငယ်အကြာ၌ အိုးဝေမဂ္ဂဇင်း ထွက်လာသည်။ မဂ္ဂဇင်းတွင် အင်္ဂလိပ်စာကဏ္ဍ၌ အယ်ဒီတာထံပေးစာတစောင် ပါသည်။ ထိုပေးစာမှာ "ငရဲပြည်မှ ငရဲခွေးတကောင်လွတ်သွားရာ တက္ကသိုလ်၌ကျက်စားနေသည်ကြား၍ ငရဲပြည်သို့ပြန်ပို့လိုက်ပါ" ဟူ၍ "ယမမင်း"ဆိုသူက ရေးထားသည်။ ဤပေးစာသည် တက္ကသိုလ်ရှိ ဆရာတဦးတယောက်ကို စောင်းမြောင်းရေး သားခြင်း ပေလောဟု အာဏာပိုင်လောက၌ လှုပ်ရှားလာသည်။

ထို့ကြောင့် ဇန်န၀ါရီ ၃၁ ရက်နေ့က တကသဥက္ကဌ၏ မိန့်ခွန်းသည်လည်းကောင်း၊ ယခု အိုးဝေမဂ္ဂဇင်းပါ ပေးစာသည်လည်းကောင်း၊ တက္ကသိုလ်ကျောင်းသားတို့၏ စည်းကမ်းသေဝပ်မှုနှင့်မညီ။ ထို့အတွက် တကသဥက္ကဌသည် ပြောခဲ့သည့်မိန့်ခွန်းအတွက် ထုချေ လွှာပေးရမည်။ အိုးဝေအယ်ဒီတာကိုအောင်ဆန်းကလည်း ဆောင်းပါးရှင်မှာ မည်သူမည်ဝါဖြစ်သည်ဆိုခြင်းကို ဖော်ထုတ်ရမည်ဟု အာဏာပိုင်တို့က တောင်းဆိုလာသည်။

တကသစာစောင်၊ အိုးဝေအယ်ဒီတာကိုအောင်ဆန်းက ထိုဆောင်းပါးကိုထည့်သွင်းခြင်းမှာ မှားသည်ဟုဆိုပါလျှင် အယ်ဒီတာအနေနှင့် ဝမ်းနည်းစကားတောင်းပန်ပါမည်။ သို့သော် အယ်ဒီတာတို့စောင့်စည်းအပ်သည့် ကမ္ဘာထုံးတမ်းစဉ်လာနှင့်အညီ ဆောင်းပါးရှင်ကား မည်သူ မည်ဝါဖြစ်သည်ကို မဖော်ထုတ်နိုင်ပါဟုဆိုလေသည်။

ဤပြန်ကြားချက်ကိုမကျေနပ်၊ ဥက္ကဌထံမှ ထုချေလွှာမပေးသည်ကိုလည်း မကျေနပ်သော အာဏာပိုင်များက ဥက္ကဌကိုနုအား ယူနီလ ဗာစီတီကောလိပ်မှ ထုတ်ပယ်လိုက်သည်ဆိုသောစာတစောင် ၂၁--၃၆ နေ့တွင် ပေးလာသည်။ စင်စစ် တကသဥက္ကဌမှာ ဒီကရီ ရပြီးဖြစ်၍ ဥပဒေတန်းတက်နေသည့် ဒုတိယနှစ်ဖြစ်ရာ အာဏာပိုင်တို့ကကျောင်းမှထုတ်သည်ဆိုချိန်၌ စာသင်ခန်းဖြုတ်ပြီးပြီဖြစ်၍ ဥက္ကဌသည် ဘီအယ်လ်စာမေးပွဲဝင်ဖြေ၍ကျရှုံးစေဦးတော့ နောက်နှစ်၌ ကျောင်းဆက်၍နေရန်မလိုတော့ပါပေ။

ထို့ကြောင့် အာဏာပိုင်တို့၏ ဤအပြုအမူသည် တကသ၏ ဂုဏ်သိက္ခာကိုကျအောင် တမင်သက်သက်ပြုလုပ်ခြင်း၊ စော်ကားခြင်းဟူ၍ ကျောင်းသားထုက မြင်သည်။ (ထို့ပြင် နောက်ဆက်တွဲသတင်းစကားအဖြစ်နှင့် အိုးဝေအယ်ဒီတာကိုအောင်ဆန်းကိုလည်း ကျောင်းမှ ထုတ်ပယ်လိမ့်မည်ဟု အတွင်းကျကျ ခိုင်လုံစွာကြားသိရသည်။ သို့သော် အာဏာပိုင်များသည် သပိတ်မှောက်သွားကြသည်အထိ ကိုအောင်ဆန်းအား ကျောင်းထုတ်သည့်အမိန့် မပေးခဲ့။ သပိတ်မှောက်ပြီး၍တလကြာမှ တက္ကသိုလ်ကြော်ငြာသင်ပုန်းတွင် ကိုအောင် ဆန်းအား နှစ်ပယ်လိုက်သည်ဆိုသော အမိန့်ကပ်ထားသည်။)

တက္ကသိုလ်အာဏာပိုင်တို့က ဥက္ကဌကို ကျောင်းထုတ်သည်ဆိုခြင်းကြောင့် ရှုတ်ချကန့်ကွက်သောသဘောဖြင့်၊ အမှုဆောင်အဖွဲ့က တဖွဲ့လုံး စာမေးပွဲမဖြေပဲသပိတ်မှောက်မည်ဟု စဉ်းစားသည်။ အမှုဆောင်များအနေဖြင့် ဤမျှသာ အစီအစဉ်ရှိသော်လည်း ကျောင်း သားထုမှာကား တကသကို ဤသို့စော်ကားရပါမည်လားဟု ပြင်းစွာမခံမရပ် ဖြစ်နေကြလေသည်။ ထို့ကြောင့် အခြေအနေအရပ် ရပ်ကိုတင်ပြရန်ခ်ါယူသည့် ကျောင်းသားထုစည်းဝေးပွဲကြီးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့၌ ခေါ်ယူတင်ပြရှင်းလင်းသည့်အခါ ကျောင်းသားထု၏ အုံကြွမှုကြီး ထိန်းမရတော့ဘဲပေါက်ကွဲရလေတော့သည်။

တက္ကသိုလ်သမဂ္ဂခန်းမကြီး လျှံထွက်နေသော ထိုကျောင်းသားထုစည်းဝေးပွဲ၌ ယူနီဗာစီတီအက်ဥပဒေ၏ အပြစ်အနာများကို လည်းကောင်း၊ ကျွန်ပညာရေး၏ မဖွယ်မရာပုံများကိုလည်းကောင်း၊ ပြည့်ပြည့်၀၀ကြီးဖော်ထုတ်၍ သခင်ပညာရေး၊ အမျိုးသား တက္ကသိုလ်စသည့် တကယ့်လွတ်လပ်သောနိုင်ငံတနိုင်ငံ၏ မျှော်မှန်းချက်ကြီးများကိုဖော်ထုတ်၍ တောင်းဆိုလာကြတော့သည်။ ထို့နောက် ကိုလိုနီပညာကိုသာ ပေးသည့်ဤတက္ကသိုလ်၌ မနေလိုပါပြီဆိုကာ တက္ကသိုလ်သပိတ်ကြီးပေါ်ပေါက်လာတော့သည်။ ဂျပ်ဆင်ကောလိပ်ကပါ သပိတ်ထဲ ရောက်လာရသည်။ တက္ကသိုလ်၌စာမေးပွဲတွေမှာ ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင်စကြမည်ဖြစ်ရာ သပိတ်မှောက်ချိန်မှာ စာမေးပွဲကြီးဖြေရန် နှစ်ရက်အလိုတွင်ဖြစ်ပါသည်။

မည်သို့မျှ ကြိုတင်စီစဉ်ထားခြင်းမရှိသော ထိုသပိတ်ကို တကသ, က ကောင်းမွန်စွာထိန်းသိမ်းနိုင်ခဲ့သည်။ ဗမာတပြည်လုံးရှိ အထက် တန်းကျောင်းများနှင့် အလယ်တန်းကျောင်းများ၏ကူညီထောက်ခံမှု သပိတ်ကိုလည်းပေါ်ပေါက်စေနိုင်ပေသေးသဖြင့် တော်ရုံမှန် ကန်သော စည်းရုံးရေးမျိုးနှင့် မဖြစ်နိုင်သည်မှာသေချာပါသည်။

ထို့ပြင် ကျွန်မတို့ခေတ်က တက္ကသိုလ်ကောင်းသားဆိုသည်မှာ မြေပိုင်ရှင်တို့၏သားသမီးများ၊ အရာရှိအရာခံတို့၏ သားသမီးများက လူများစုဖြစ်ပါသည်။ ဤသို့ လူတန်းစားများ၏ သားသမီးများကို တကသ, က မည်သို့စည်းရုံးထား၍ ဤသို့ လှုပ်ရှားနိုင်ခြင်း ဖြစ်ရပါ သနည်း။ ပြည်သူလူထုက တကသကို မည်သို့ထောက်ခံသနည်းဟူ၍ မေးဖွယ်ရာရှိပါသည်။

လွတ်လပ်နေပြီဖြစ်သော ဤခေတ်၌ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးသည် ပြည်သူတို့၏အဓိကပြဿနာဖြစ်သကဲ့သို့ ကျွန်ခေတ်က ပြည်သူတို့၏ တခုတည်းသောပြဿနာမှာ တမျိုးသားလုံးလွတ်လပ်ရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေးပင် ဖြစ်ပါသည်။ ဤသို့ အမျိုးသား အဓိကပြဿနာကို တကသ, က ဘယ်တော့မှ မျက်ခြေမပြတ်သည်သာမက၊ အမြဲတမ်းဆုပ်ကိုင်၍ရှိပါသည်။ တကသ ဥက္ကဌက မိန့် ခွန်းပေးသည်ဟုဆိုလျှင် မြန်မာနိုင်ငံ၌ တနှစ်လျှင် ၁၀ တန်းစာမေးပွဲကိုဖြေဆိုသူ ၃၀၀၀ သာရှိ၍ ၃၃ ရာခိုင်နှုန်းခန့် အောင်မြင်သောကြောင့် ကျောင်းသား ၁၀၀၀ခန့် နှစ်စဉ် စာမေးပွဲအောင်သည်။ သို့ အောင်ရာ၌ အေတန်းမှအောင်သည်၊ ဘီတန်းမှ အောင်သည်ဟူ၍ နှစ်ဆင့်ခွဲ၍အောင်စေပြီး၊ အေတန်းမှအောင်သူကိုသာ တက္ကသိုလ်သို့ ဝင်ခွင့်ပေးသောကြောင့် မန္တလေး ဥပစာကောလိပ်၊ ဂျပ်ဆင်ကောလိပ်တို့အပါအ၀င် ရန်ကုန်တက္ကသိုလ်၌ နှစ်စဉ် အထက်တန်းပညာသင်ကျောင်းသား ၁၄၀၀ ထက်မပို။ လူဦးရေ ၁၇ သန်း ၌ တက္ကသိုလ်ပညာသင်ယူနိုင်သူ ၁၄၀၀ သာ ရှိစေသည့် ကိုလိုနီပညာရေးသည် စုတ်ပဲ့နုံချာလှသည်။ ထွက် လာပြန်တော့လည်း အသက်မွေးဝမ်းကျောင်းပညာမဟုတ်၍ ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေးယန္တရား၌ ကျွန်တယောက်အဖြစ်နှင့်သာ လခစားဘ၀တွင် ဝင်ရောက်အမှုထမ်းရသည်။

ဗြိတိန်၌ တက္ကသိုလ်ပေါင်းမည်မျှရှိ၍ ပညာသင်နိုင်သည့်ဦးရေ မည်မျှရှိသည်။ စက်မှုလက်မှု မည်သို့ထွန်းကားသည် စသည်များကို နှိုင်းယှဉ်၍ပြတတ်သည်။ ကျွန်ပညာမှသည် သခင်ပညာရေးသို့၊ ကျွန်တက္ကသိုလ်မှသည် အမျိုးသားတက္ကသိုလ်သို့၊ ကျွန်လခစားဘဝမှ စက်မှု လုပ်ငန်းကြီးများထူထောင်နိုင်ရေးသို့ စသည်များကို တကသမှ ဖော်ထုတ်၍စည်းရုံထားပါသည်။

တကသ၏ စည်းရုံးရေးကောင်းပုံကို သာဓကတခု ပြပါမည်။ သပိတ်ကြီးမှောက်သောအခါ ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေး စက် ယန္တရားကြီးအတွင်းမှ အရာရှိအရာခံတို့၏သားသမီးတွေအများကြီး သပိတ်ထဲပါလာသည်။ ဗြိတိသျှအစိုးရသည် ဤမျှအထိ သဘောကောင်းသောနယ်ချဲ့သမားမဟုတ်၍ သူ့လခစားများအား သားသမီးတွေကို သပိတ်မှပြန်ခေါ်ပေးရမည်ဟု ဖိနှိပ်တောင်း ဆိုပါသည်။ ဤတွင် မိဘများခမျာမှာ အလုပ်ပြုတ်ရတော့မည့်အန္တရာယ်ကြီးနှင့် ရင်ဆိုင်နေရသည်ဖြစ်၍ သားသမီးများကို ချော့မော့ ၍လည်းကောင်း၊ ခြောက်ငေါက်၍လည်းကောင်း ပြန်ခေါ်ယူသည်။ ထိုအခါ သားသမီးများခမျာ မိဘများအလုပ်ပြုတ်မည့်ဘေးက တဖက်၊ တကသကို သစ္စာမဖောက်နိုင်သည့် ယုံကြည်ချက်ကတဖက်ဖြစ်နေပြီး နောက်ဆုံး၌ မျက်ရည်စက်လက်နှင့် မိဘတွေ ကိုကျောခိုင်းပြီး တကသကိုဖက်၍ အစအဆုံး ထောက်ခံသွားကြသူ အများကြီးရှိပါသည်။

ထို့ကြောင့် ကျွန်မတို့ခေတ် တကသသည် ယခု စစ်ပြီးခေတ်တကသများကဲ့သို့ တိုက်ပွဲတွေအများအပြား မကြီးကျယ်သော်လည်း စည်းရုံးရေးအားဖြင့်မညံ့ပါ။ တကသ ဦးဆောင်မှုသည် ပြောင်မြောက်သည်သာ ဖြစ်ပါသည်။ ကျောင်းသားတွေ၏ မှီခိုအားထား လဲလျောင်းရာလည်းဖြစ်ပါသည်။ စင်စစ် ထိုအချိန်အခါသည် ၁၃၀၀ ပြည့် ဗမာ့အလုပ်သမား၊ လယ်သမားအရေးတော်ပုံကြီး ပေါ်တော့မည့်ဆဲဆဲ ဖြစ်၍ ၁၉၃၆ ခု တကသ၏ သပိတ်အရေးတော်ပုံသည် ၁၃၀၀ ပြည့် အရေးတော်ပုံ၏ ပမာဏဖြစ်ပါသည်။

တကသသည် ဗမာ့လွတ်လပ်ရေးတိုက်ပွဲ၌ ပြည်သူနှင့် အမြဲတမ်းလက်တွဲလျက် ရံဖန် တပ်ဦးမှ၊ ရံဖန် တပ်ဆွယ်မှ၊ ရံဖန် တပ်လယ်မှ လိုက်ခဲ့သည်။

နောက်တွင်လည်း တကသသည် ပြည်သူ့အသည်းနှလုံးအဖြစ်နှင့် အဓွန့်ရှည်၍ ထာဝစဉ်တည်ပါစေသတည်း။

အမာ
အိုးဝေမဂ္ဂဇင်း
တကသ နှစ် ၃ဝ မြောက် ၁၉၅၉-၆ဝ မှ
မြန်မာသစ် မဂ္ဂဇင်း၊ အမှတ် ၁၉၊ ၂၀၁၀ခုနှစ်၊ ဒီဇင်ဘာလ မှ ကူးယူဖော်ပြပါတယ်
by Ye Myint Thu on Friday, June 17, 2011 at 1:11am (ကိုရဲမြင့်သူ ဖေ့စ်ဘွတ်ခ်စာမျာက်နှာကနေတဆင့်ကူးယူဖေါ်ပြတာပါ)

0 comments:

Post a Comment