Wednesday, June 15, 2011

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၁၅)မျိုးမြင့်ချို

0 comments
စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၁၅) ၆ လပိုင်း ၁၅ ရက် ၂ဝ၁၁ နေ့က 
အာရ်အက်ဖ်အေမှထုတ်လွှင့်ပြီးဖြစ်ပါတယ်။

တကြိမ်မှာ ကျနော်တွဲတဲ့ခြေလျှင်စစ်ကြောင်းနဲ့အတူ ရှေ့တန်းတပ်မဋ္ဌာနချုပ်ဖြစ်တဲ့ ကွတ် ခိုင်မှာခနဝင်နားရပါတယ်။ သုံလေးရက်လောက် နားတုန်းနားခိုက်မှာ တပ်မကိုတွဲထားတဲ့ ကျနော်တို့ အင်ဂျင်နီယာ ဘီအီးတပ်ကရဲဘော်တွေနဲ့ အချိန်ဖြုန်းမယ်ဆိုပြီး တပ်မက ဘီအီး တပ်စုနဲ့လာနေဖြစ်ပါတယ်။

တပ်မတွဲဘီအီးတပ်စုရဲ့ စုမှူးက ဗိုလ်ကြီးမောင်မောင်ဦးဖြစ်ပြီး မုန်တိုင်းဗိုလ်ရဲဒင် ရဲ့သားလို့ဆိုပါတယ်။ စိတ်သဘောထားနူးညံ့ပြီး ပညာတတ်ဆန်တဲ့ ယဉ်ကျေးမွန်ရည် သူတယောက်ပါ။ ကျနော်ရောက်ပြီး နောက်တနေ့မနက်မှာ တပ်စုမှူးကတွေ့ချင်တယ်ဆိုလို့ သတင်းသွားပို့တော့ သူက “မျိုးမြင့်. မင်းလျှောက်ထားတဲ့ အရံပါတီဝင်ကဒ်ကျပြီ၊ တခါတည်းထုတ်သွားလိုက်..” တဲ့။ ကဒ်ထုတ်ယူရင်း ဘယ်အချိန်က ငါ.. ပါတီဝင်  လျှောက်လိုက်တာလဲဆိုတာတွေးပြီး စိတ်ထဲလည်းဇဝေဇဝါဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ်လေ။ အခုဆို ကျနော်လည်း အရံပါတီဝင်ဖြစ် လာပြီ။ နောက် ၃ နှစ်ဆို တင်းပြည့်ပါတီဝင် ဖြစ်တော့မှာပဲလို့တွေးပြီး ကျေနပ်နေမိတာတော့အမှန်ပါပဲ။

ကျနော်တို့တပ်ထဲဝင်ခဲ့တဲ့ ၁၈၇၈-၇၉-၈၀ပြည့်နှစ်တွေတုန်းက စစ်သားသစ်တယောက်အဖြစ် စ စာရင်းသွင်းလိုက်ပြီဆိုတာနဲ့ ပါတီ့ မိတ်ဆွေလို့ တန်းပြီးသတ်မှတ်လိုက်တာပါ။ ကျနော်တို့ တပ်ထဲစဝင်ဝင်ချင်း စာချုပ်ချုပ်တာ၊ လက်မှတ်ထိုးရတာတွေရှိပါတယ်။ ဒါပေမယ့် ဘာတွေချုပ်လို့ ဘာတွေပါတယ်ဆိုတာကိုတော့ ရေရေရာရာရှင်းပြ ပြောပြပေးတာမရှိသလို၊ ကျနော်တို့ကလည်း မေးရ မြန်းရကောင်းမှန်း မသိခဲ့ပါဘူး။ မေးလိုက်မိလို့ ရှင်းပြရင် တော်သေးရဲ့၊ မတော် လျှာရှည်တဲ့ကောင်ဆိုပြီး ရိုက်လားနှက်လားတွေ လုပ်လာမှာလည်း ကြောက်ရသေးတာကိုး။ စာချုပ်လက်မှတ်သာထိုးပေးလိုက်ရတာ။ တကယ်က ဘုမသိဘမသိနဲ့ပါ။

ပြောကြတာကတော့ မပျော် ၅ နှစ်၊ ပျော် ၅ နှစ်ဆိုတာလောက်ပါပဲ။ ဒီ..မပျော်၅နှစ်၊ ပျော်၅နှစ်ကို ကျနော်က စစ်ထဲမှာနေ ရတာ မပျော်တော့ရင် ၅ နှစ်နေပြီးထွက်၊ ပျော်ရင် နောက်ထပ် ၅နှစ် ဆက်လုပ်လို့ထင်တာ။ တကယ်က အဲသလိုမဟုတ်ဘူး။ ပျော်ပျော်/မပျော်ပျာ် အနည်းဆုံး ၁ဝနှစ် လုပ်ရမယ်ဆိုတာကိုး။ တခါ ၁ဝ နှစ်ပြည့်လို့ တပ်ကထွက်ချင်တယ်ဆိုပြန်ရင်လည်း ထွက်ခွင့် မရှိပြန်ပါဘူး။ သေတဲ့အထိ ဒါမှ မဟုတ်လည်း သက်ပြည့်ပင်စင်ယူချိန်အထိ ကြိတ်မှိတ်ပြီးလုပ်သွားကြရသူတွေရှိသလို၊ အပြင်မှာ လုပ်ကိုင်မစားတတ်တော့တဲ့အတူတူ တပ်ထဲမှာပဲ သက်ပြည့်ပင်စင်အထိ နေသွားကြသူတွေလည်းရှိပါတယ်။  

နောက်တခါ ပါတီဝင်ကိစ္စ။ မ.ဆ.လမှာ စစ်သည်တိုင်း ပါတီဝင်ဖြစ်ရမယ်ဆိုတဲ့မူ ရှိ/မရှိ သေချာပေါက်မပြောနိုင်ပေမဲ့ တပ်ကို ကျောရိုးထားပြီး တည်ဆောက်တဲ့ပါတီဖြစ်တဲ့အတွက် စစ်သည်တိုင်းပါတီဝင်ဖြစ်ရေး ဖိအားပေးပြီးလုပ်တာကတော့ လက်တွေ့မှာ ရှိပါတယ်။ မဝင်မနေရဆိုတာမျိုးမလုပ်ပေမဲ့ မဝင်ဘဲနေလို့ကိုမရအောင် လုပ်ထားတာဖြစ်ပါတယ်။ ဥပမာ.. တပ်ထဲမှာ အရည်အချင်း တူတဲ့ ရဲဘော် ၂ ယောက် ထဲကတယောက်ကို ရာထူးတိုးပေးတော့မယ်ဆိုရင် ပါတီဝင်ဖြစ်ထားသူပဲ ရဖို့လုပ်ထားတာမျိုး။ တခါ တပ်ကထွက်ပြီးလို့ နယ်ဘက်အုပ်ချုပ်ရေးတွေမှာဝင်ပါဖို့၊ ရာထူးသြဇာအရှိန်အဝါ ရှိဖို့ဆိုတာကလည်း ပါတီဝင်ဖြစ်မှကိုး။ ကုန်ကုန်ပြောရရင် ဒဏ်ရာရလို့တပ်ကထွက်ပြီး စီမံကိန်း အလုပ်သမားတွေအဖြစ် ပြောင်းရတယ်ဆိုရင်တောင် စက်ရုံအလုပ်ရုံက ပါတီစိတ်တွေမှာ တင်းပြည့်ပါတီဝင်တွေအဖြစ်နဲ့ တွင်ကျယ်လို့ရ အောင် ဖန်တီးပေးထားတာမျိုးတွေဖြစ်ပါတယ်။ ဆိုတော့ စစ်သည် တိုင်းလိုလို ဝင်ချင်ကြတာပါပဲ။ ပါတီရဲ့သဘော တရားတွေ၊ နိုင်ငံရေးတွေ သိတာ/မသိတာ၊ ယုံတာ/မယုံတာထက်၊ ဟုတ် ဟုတ်/မဟုတ်ဟုတ် ပါတီဝင်လေးဖြစ်ထားရင် တပ်ထဲမှာရော၊ တပ်ကထွက်ရင်ရော မျက်နှာပန်းလှတယ်ဆိုပြီး ဝင်ကြတာဖြစ်ပါတယ်။  အဲသလိုနဲ့ ကျနော်လည်း ပါတီဝင်ဖြစ်ခဲ့ပါတယ်။

တချို့စစ်သည်တွေ ပါတီဝင်ဖြစ်ခဲ့ကြတာတွေကတော့ အဲသလိုအမြင်နဲ့ဖြစ်ခဲ့ကြတာတော့ မဟုတ်ပါဘူး။ သူတို့က မ.ဆ.လ ပါတီကို၊ ပါတီရဲ့သဘောတရားကို၊ ပါတီရဲ့ခေါင်းဆောင်မှုကို တကယ့်ကိုရိုးရိုးသား ယုံယုံကြည်ကြည်နဲ့ပါ။ ပါတီဝင်တွေဖြစ်တယ်ဆိုပြီး တပ်ထဲမှာရော တပ်ပြင်ထွက်ပြီးရော ကိုယ်ကျိုးရှာတာ အလွဲသုံးစားလုပ်တာတွေမရှိပါဘူး။ ပါတီဝင်မဟုတ်သူတွေထက် ပိုပြီးတောင် အပင်ပန်းခံ၊ အနစ်နာခံတာတွေရှိပါတယ်။ ကျနော်တွေ့ဖူးတဲ့ ရဲဘော်တယောက်ဆိုရင် ပါတီဝင်မဖြစ်ခင်က အသောက်အစားရှိခဲ့ပေမဲ့ ပါတီဝင်ဖြစ်ပြီးနောက်ပိုင်း လုံးဝကိုဖြတ်လိုက်ပါတယ်။ “ငါကိုယ်တိုင်က ပါတီဝင်ဖြစ်ပြီး သောက်စားမူးရူးနေရင် ပါတီနဲ့ခေါင်း  ဆောင်တွေကို ထိခိုက်မှာပေါ့ကွ” လို့လည်းပြောတတ်ပါတယ်။ ၁၉၈၈ ကာလမှာ ဦးနေဝင်းရဲ့ ပါတီကိုဖျက်သိမ်းကြောင်း ကြေညာသံ ကြားပြီး တပ်ထဲမှာချုံးပွဲချ ငိုကြယိုကြတာတွေ၊ စိတ်ထိခိုက်ကြတာတွေ ကျနော်ပြန်ကြားရပါတယ်။  ကိုယ်ကျိုးနဲ့ယှဉ်ပြီး ပါတီဝင်တွေ များခဲ့တဲ့အဖွဲ့အစည်းမှာ အခုလိုမျိုး ရိုးရိုးသားသားနဲ့ ယုံယုံကြည်ကြည် ပါတီဝင်တွေလည်းရှိခဲ့တယ်ဆိုတာ ကျနော့်မျက်မြင်ပါ။

စစ်သည်တိုင်းဟာ တချိန်မဟုတ်တချိန်မှာ တပ်တွင်းသဘောတရားရေးသင်တန်း မတက်မနေရတက်ကြရပါတယ်။ သင်တန်းတက်ဖို့ ကျနော့်အလှည့်ကျတိုင်း ရှေ့တန်းရောက်နေတာနဲ့။ နောက်တန်းက လူစားမပို့နိုင်တာနဲ့ သဘောတရားရေး သင် တန်းကို မတက်ခဲ့ရပါဘူး။ တခါ ဒဏ်ရာရပြီး တပ်ကမထွက်သေးခင်ကျတော့လည်း မသန်မစွမ်းမို့ သင်တန်းကင်းလွတ်ခွင့် ရပါတယ်။ သင်တန်းမတက်ထားရင် တင်းပြည့်ပါတီဝင်မဖြစ်ပါဘူး။

ဒါပေမယ့် ကျနော် တပ်ကထွက်တော့ တင်းပြည့်ပါတီဝင်အဖြစ်နဲ့ပါ။ တင်းပြည့်ပါတီဝင်အဆိုပြုလွှာကို ခေါ်လက်မှတ်ထိုး ခိုင်းတော့ တပ်ကြပ်ကြီးစာရေးက ရယ်ကျဲကျဲနဲ့ “ဒါ.. ခင်ဗျားသဘောတရားရေးသင်တန်းဆင်း အောင်လက်မှတ်” လေဆိုပြီးပြတာကို မှတ်မိနေပါသေးတယ်။ ဒီလိုနဲ့ စစ်သားတဖြစ်လဲတင်းပြည့်ပါတီဝင်ကနေ အရပ်သားတင်းပြည့်ပါတီဝင်အဖြစ် မိသားစုရင်ခွင်ကို ပြန်ရောက်လာခဲ့ရပါတယ်။

ရှေ့တပတ်ဆက်ပါဦးမယ်။

ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်

0 comments:

Post a Comment