Saturday, August 29, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၁၃)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၁၃)
တတိယပိုင်း

သို့သော် ထိုကာလအတွင်း ကျနော်ကြုံတွေ့ဖြစ်ပျက်ခဲ့ရသောအဖြစ်အပျက် ကျနော်မှတ်မိသလောက်နှင့် ကွဲလွဲနေသည်များရှိနေပါသည်။ ထိုစာအုပ်စာတမ်းများအရ ဒုဗိုလ်မှုးကြီးတင်ဦးတို့အဖွဲ့ ပဲခူးတွင် အသေခံခုခံမည်ဟု ဆိုထားပါသည်။
ကျနော်သတိရမှတ်မိတဲ့အချက်အချို့က ဤသို့ ဖြစ်ပါသည်။

ကျနော်သည် ဗမာပြည်တောင်ပိုင်းစစ်ဌာနချုပ်မှုးအဖြစ် မင်္ဂလာဒုံတွင် ဆောင်ရွက်နေစဉ် အင်းစိန်တိုက်ပွဲကိုလည်း ကိုယ်တိုင်ဦးစီးပြီး တိုက်ခိုက်နေရပါသည်။
ထိုစဉ် ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ (၄)ရက်လောက်က ကျနော့်ကို ပဲခူးမှ ဒုဗိုလ်မှုးကြီးတင်ဦးက ဝိုင်ယာလက်စက်နှင့်စကားပြောလိုသည်ဆို၍ ဝိုင်ယာလက်အခန်းကို သွားရပါသည်။ ဗိုလ်မှုးတင်ဦးက သူ့တပ်များဘုရားကြီးတိုက်ပွဲကဆုတ်လာပြီး ပဲခူးပြန်ရောက်လာကြပြီး သူတို့၏ မူလအစီအစဉ်အတိုင်း ဘုရားကြီးကျသွားပြီးရင် ပဲခူးမြို့ကျယ်ကြီးက မခုခံတော့ဘဲ ပဲခူးက သနပ္ပင်သို့ဆုတ်ခွာ ဖယ်ပေးတော့မည်ဖြစ်သည့် အတိုင်း ယခုသူတို့ ပဲခူးမှသနပ္ပင်သို့ ဆုတ်တော့မည်ဟုဆိုပါသည်။ ကျနော်များစွာ စိတ်ထိခိုက်တုန်လှုပ်သွားပါသည်။ ထိုရန်သူကို ရန်ကုန်မြို့ကြီးကခုခံတိုက်ခိုက်ရန် အလွန်ခက်ခဲတော့မည်ကိုသိမြင်၍ ဖြစ်ပါသည်။ သို့သော် ကျနော်ဘာမှ မတတ်နိုင်ပါ။ - ခင်ဗျားတို့ ပဲခူးက ဆုတ်ခွာရင် ပဲခူးမြို့အစပ်ရှိ ပဲခူးမြစ်ပေါ်က ပဲခူး-ရန်ကုန်ကားလမ်းတံတားနဲ့ ရထားလမ်းတံတားတို့ကိုတော့ မုချချိုးပြီးဖျက်ဆီးပါဟု မှာကြား ရပါတော့သည်။
ကျနော်စကားပြောပြီးနောက် ကျနော်ရုံးခန်းသို့ပြန်လာကာ ရုံးတွင်ရှိနေသောအင်ဂျင်နီယာအရာရှိကို ချက်ချင်းခေါ်ပြီး ယခုချက်ချင်း ပဲခူး -ရန်ကုန်ကားလမ်းပေါ်ရှိ လှည်းကူးမြို့အနီးက “ဝန်းဘော်ဒတ်”တံတားကြီးကိုသွား၍ ဖောက်ခွဲချိုးဖျက်ရန်ညွှန်ကြားပါသည်။ စစ်အခြေအနေကိုလည်း အတိုချုပ်၍ ပြောပြလိုက်ပါသည်။

ထို့နောက် ကျနော်စိတ်သောကကြီးစွာနှင့် ရန်ကုန်မြို့မှခုခံကာကွယ်ရေးကို စဉ်းစားနေမိပါသည်။ ကျနော်မှတ်မိနေပါသေးသည်။ ကျနော့်ရုံးခန်းမှ မတ်တတ်ရပ်ပြီးကြည့်လိုက်လျှင် ပြတင်းပေါက်မှ ကိုက် ၁၅ဝ လောက်ဝေးသော ပြည်-ရန်ကုန်ကားလမ်းမကြီးကို မြင်နေရရာ ပဲခူးဘက်မှထင်ရသော အရပ်သူအရပ်သားအချို့ မော်တော်ကားများပေါ် ပစ္စည်းများအပြည့်အနှက်တင်ကာ ရန်ကုန်မြို့တွင်းသို့ခိုအောင်းရန် အပြေးအလွှားဝင်ရောက်နေကြသည်ကို တွေ့မြင်နေရပါသည်။ ဟာ လူတွေက ရန်ကုန်မြို့လုံခြုံမယ်ထင်ပြီး ပြေးဝင်နေကြပြီ ငါဘယ်လိုလုပ် ကာကွယ်နိုင်ပါ့မလည်းဟု မိမိတာဝန်အတွက် စိတ်သောကကြီးစွာရောက်နေစဉ် ခဏအကြာ၌ နောက်ထပ် ပဲခူးမှ ဝိုင်ယာလက်စကား ပြောလိုကြောင်း လာပြောပြန်သဖြင့် ကျနော်ထလိုက်သွားပြီး ဝိုင်ယာလက်ပြောသောအခါ အခြေအနေမှာ များစွာဝမ်းသာဖွယ်ပြောင်းလဲ သွားသည်ကို တွေ့ရပါတော့သည်။

အကြောင်းမှာ ဒုဗိုလ်မှုးကြီးတင်ဦးက ယခုအခြေအနေတွေ ပြောင်းသွားပြီ၊ ဘုရားကြီးမှ ရန်သူကေအင်ဒီအိုတပ်တွေ ဆုတ်ခွာသွားကြပြီ ကျနော်တို့က သူတို့ဆုတ်ခွာကြောင်း အရင်စောသိရလို့ ကျနော့်တို့တပ်တွေ ဘုရားကြီးရွာသို့အမြန်ပြန်ပြီး ခံစစ်နေရာယူရန်ပြန်ဝင်နေကြပြီဟု အစီရင်ခံပါသည်။
ကျနော်အတိုင်းမသိ ဝမ်းမြောက်သွားပါတော့သည်။

သို့ရာတွင် ကျနော်က “ဝန်းဘော်ဒတ်”တံတားကြီးကို ချိုးဖျက်ခိုင်းထားတာကိုချက်ချင်းသတိရပြီး တာဝန်ပေးစေလွှတ်ထားသော အင်ဂျင်နီယာအရာရှိ သွားပြီလားဟုချက်ချင်းမေးရာ ထွက်သွားပြီဟု သိရပါသည်။ ထိုစဉ် ကျနော်စဉ်းစားမိသည်မှာ တံတားမချိုးခင် မီအောင် လေယာဉ်ပျံနှင့်လိုက်ပြီး စာချပေးရင် မီနိုင်သည်ဟုတွက်ချက်လိုက်ပါသည်။
ကျနော်က ဗမာ့လေတပ်မတော်မှ လေယာဉ်တစ်စီး အရေးပေါ်ကိစ္စကြုံလျှင်သုံးရန် အသင့်အမြဲရှိနေဖို့တာဝန်ပေးထားရာ ထိုလေယာဉ်လည်း အဆင်သင့်ရှိနေပါသည်။

ကျနော်က ထိုအင်ဂျင်နီယာအရာရှိသို့ အမိန့်စာတိုလေး တစောင်ရေးပါသည်။
“ဘုရားကြီးရွာမှ ရန်သူများဆုတ်သွားပြီ မိမိတို့တပ်များ ဘုရားကြီးရွာကိုဝင်သိမ်းပြီး နေရာယူပြီးပြီ။ ဝန်းဘော်ဒတ်တံတားကို ချိုးဖျက်စရာ မလိုတော့ ပြန်လာပါ”ဟူသော သဘောပါသည့်အမိန့်စာကို ကျနော်လက်မှတ်ထိုးပြီး နောက်ထပ်အရာရှိတဦးကို လေယာဉ်နှင့်လိုက်ပြီး ထိုစာကို ‘ချ’ပေးရန် စာကို သံဘူးငယ်တခုတွင်ထည့်ပေးပြီး လေယာဉ်နှင့် အမြန်စေလွှတ်လိုက်ပါသည်။

ထိုလေယာဉ်က ဝန်းဘော်ဒတ်တံတားပေါ်ရောက်သောအခါ တံတားအနီးတွင် ကားတစီးရပ်ထားတာမြင်ရသဖြင့် လေယာဉ်ကိုနိမ့်နိမ့်ဆင်းပြီး ဝဲနေပါသည်။ တံတားကိုဖျက်ခိုင်းထားသော အင်ဂျင်နီယာအရာရှိလည်း တံတားတွင် ဒိုင်းနမိုင်းများချည်နှေင်ရန်လုပ်နေပါသည်။ ထိုစဉ် ခေါင်းပေါ်တွင် လေယာဉ်ဝဲလာသဖြင့် ထူးခြားသည်ဟုယူဆပြီး တံတားမှခွာပြီး လေယာဉ်ကိုမော့ကြည့်စဉ် လေယာဉ်ပေါ်မှ သံဘူးကလေး ကျလာပြီး ကျနော့်စာကိုဖတ်ရကာ မဖောက်ခွဲတော့ဘဲ ပြန်လာနိုင်ပါတော့သည်။
ဤတွင် ကျနော်တို့အခြေအနေ ချောမောသွားပါတော့သည်။
ဤသည်တို့မှာ ပဲခူးစစ်မျက်နှာ ဘုရားကြီးရွာကိစ္စ ကျနော်မှတ်မိနေသောအကြောင်းအရာ ဖြစ်ပါသည်။

ကွဲလွဲချက်မှာ စာအုပ်စာတမ်းများရေးသားချက်အရ မိမိတို့တပ်များ ဘုရားကြီးမှဆုတ်လာရစဉ် ဒုဗိုလ်မှုးကြီးတင်ဦးတို့က ဘာပဲဖြစ်ဖြစ် ပဲခူးမြို့ကပဲ အသေခံပြီးခုခံတိုက်ခိုက်ရန်ဆုံးဖြတ်ပြီး လုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်ကြောင်းဆိုထားပါသည်။ ကျနော် မှတ်မိသလောက်မှာ ဘုရားကြီးရွာမှဆုတ်ခွာလာပြီးနောက် မူလအစီအစဉ်အတိုင်း ပဲခူးမှမခုခံဘဲ သနပ္ပင်မြို့ကလေးသို့ဆုတ်ခွာမည်ဟု ဒုဗိုလ်မှုးကြီးတင်ဦးက အစီရင်ခံမှုပင် ဖြစ်သည်။

တူညီမှုကတော့ ဒုဗိုလ်မှုးကြီးတင်ဦးတို့ ဆက်လုပ်ဆောင်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်နေစဉ်မှာပင် နှစ်နာရီလောက်အတွင်း ကေအင်ဒီအိုရန်သူများလည်း ဘုရားကြီးရွာကဆုတ်ခွာသွားကြောင်း မိမိတို့ဘက်ကကြိုတင်သိရပြီး ဘုရားကြီးရွာသို့ မိမိတို့တပ်များ အမြန် ပြန်ဝင်ကာ နေရာယူတပ်စွဲလိုက်သည့်အကြောင်းပင် ဖြစ်သည်။
ဤကွဲလွဲချက်အပေါ် ကျနော်၏ တွေးခေါ်ယူဆချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ပထမ မိမိတပ်များ ဘုရားကြီးရွာတိုက်ပွဲကဆုတ်လာစဉ် ဒုဗိုလ်မှုးကြီးတင်ဦးသည် မူလအစီအစဉ်အတိုင်း ပဲခူးက မခုခံဘဲ သနပ္ပင်မြို့ကလေး (ပဲခူးမြို့ အရှေ့မြောက်ကားလမ်းမ (၇)မိုင်ကွာ လောက်တွင်ရှိသည့်နေရာ)သို့ဆုတ်ခွာရန် ဆုံးဖြတ်ခဲ့ပုံရပါသည်။ သို့ရာတွင် လုပ်ရင်းကိုင်ရင်း မှာပင် သနပ္ပင်ဆုတ်ရေးမှာ မသင့်တော် ပဲခူးမြို့ကပဲ အသေခံတိုက်တော့မည်ဟု နောက်ထပ်ဆုံးဖြတ်ချက်ပြင်ပြီး လုပ်ကိုင်နေပုံရသည် ထင်ပါသည်။ ဤအတွင်းမှာပင် ဘုရားကြီးရွာစစ်မျက်နှာသို့ ပြန်ဝင်နေရာယူနိုင်သည့်ကိစ္စပေါ်လာခြင်း ဖြစ်ဟန်ရှိပါသည်။

သူပုန်တို့၏ ဒုတိယအကြိမ် ထိုးစစ်

၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ (၄)ရက် ကေအင်ဒီအိုတို့၏ပထမထိုးစစ်မှာ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း အရေးနိမ့်တပ်လန်သွားပြီးနောက် မိမိတို့ဘက်ကမျှော်လင့်ထားသည့်အတိုင်း နောက် (၃)ရက်ကြာသောအခါ ကေအင်ဒီအိုများသည် အင်အားပြန်လည်စုရုံးပြီး ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ဒုတိယအကြိမ်ထိုးစစ်ကြီးကို စတင်ပါတော့သည်။

သို့ရာတွင် မိမိတို့အစိုးရတပ်ဖွဲ့များက “ဘုရားကြီး”ခံစစ်စခန်းတွင် အင်အားအလုံအလောက် သွင်းထားပြီးဖြစ်၍ မိမိတို့ကို မလှုပ်နိုင်တော့ပေ။ တဖန်မိမိတို့က တန်ပြန်ထိုးစစ်ဆင်ရာ ၎င်းတို့မတတ်နိုင်တော့ဘဲ ဆုတ်ခွာရပါတော့သည်။ ထိုအခါ မိမိတို့တပ်ပေါင်းစုတပ်များက ချက်ချင်း တောက်လျှောက် ဆုတ်ခွာပြေးသောရန်သူကိုဖိ၍လိုက်ရာ ထိုနေ့ညနေ နေဝင်ချိန်တွင် မိမိတို့တပ်များ ပဲခူးမြို့မြောက်ဘက် မိုင် (၃ဝ)အကွာရှိ ဒိုက်ဦးမြို့အထိ ချီတက်သိမ်းပိုက်လိုက်နိုင်ပေသည်။
ဤတွင် ရန်ကုန်မြို့တော်ကြီးကို ခြိမ်းခြောက်နေသောကေအင်ဒီအိုတို့၏ စစ်ကြောင်းအန္တရာယ်ကို ဖယ်ရှားလိုက်နိုင်ပြီးဖြစ်၍ ကျနော်တို့ အားလုံး များစွာဝမ်းသာရွှင်လန်းသွားကြပါသည်။

အင်းစိန်တိုက်ပွဲ အဆုံးသတ်

၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့က စတင်ခဲ့သော အင်းစိန်တိုက်ပွဲကြီးမှာလည်း ပဲခူးစစ်မျက်နှာမှ ကေအင်ဒီအိုတို့ ဆုတ်ခွာသွားပြီးသည့် တိုင် အချိန်အတော်ကြာ ဆက်တိုက်ရတုန်း ဖြစ်ပါသည်။

သို့သော် ကေအင်ဒီအိုတို့သည် တတိတတိဖြင့် အင်းစိန်တွင်အတော်နေရာ ကျည်းမြောင်းလာသည့်အပြင် အဓိကအားဖြင့် သူတို့ကိုလာပြီး ပေါင်းစီးအကူအညီပေးရန်အလားအလာများ မရှိတော့ပြီဖြစ်၍ အင်းစိန်မှ ၁၉၄၉ - မေလ (၂၁)ရက်နေ့ညတွင် အင်းစိန်မြို့ကျောဘက်ရှိ လှိုင်မြစ်ကိုဖြတ်ကာ မြစ်ဝကျွန်းပေါ်သို့ ဆုတ်ခွာထွက်ပြေးကြလေတော့သည်။

သို့ဖြင့် ၁၉၄၉  ဖေဖော်ဝါရီ (၁)ရက်မှ မေလ (၂၂)ရက်အထိ ၃ လနှင့် ၂၂ ရက်ကြာပြီး များစွာအသေအပျောက် ထိခိုက်ကျဆုံးမှုများခဲ့သော သမိုင်းဝင်အင်းစိန်တိုက်ပွဲကြီးမှာ ပြီးဆုံးခြင်းသို့ရောက်ရှိသွားပေတော့သည်။

အင်းစိန်တိုက်ပွဲတွင်း ကိစ္စအချို့ကျန်ရစ်နေ၍ ထပ်ရေးရပါဦးမည် - အင်းစိန်တိုက်ပွဲအတွင်း တနေ့ မနက်အစောကြီး ကျနော်တို့ အိပ်ရာ ထခါစအချိန် ဗိုလ်ချုပ်နေဝင်းသည် သူ့ကားလေးနှင့် ကျနော်တို့၏ အင်းစိန်တိုက်ပွဲရှေ့တန်းဌာနချုပ်ရုံးသို့ရောက်လာပြီး  ကျနော့်ကိုတွေ့ဆုံပြီး ပြောပြသည်မှာ တနေ့က ဗိုလ်မှုးကြီးဘလိတ် သူ့ထံလာပြီး တိုင်ကြားတာကတော့ ဗိုလ်ကျော်ဇောက သူကိုကြိမ်းမောင်းပြစ်တင်တယ်လို့ ပြောပါသည်။ ၎င်းပြင် ဗိုလ်မှုးကြီးဘလိတ်အား လေးလေးစားစား ကောင်းကောင်းမွန်မွန်ဆက်ဆံရန်လည်း ကျနော့်ကိုသတိပေးပြီးနောက် သူပြန်ထွက်သွားပါသည်။

ဗိုလ်မှုးကြီးကြည်မောင်လည်း ကျနော့်အနီးရောက်လာသဖြင့် ကျနော်က ဗိုလ်ချုပ်နေဝင်းလာပြောပြသွားသောကိစ္စ သူ့ကိုပြောပြလိုက်ပြီး တဆက်တည်းမှာပင် နေပါအုံးဗျ ဒီလိုဆိုတော့လည်း ဗိုလ်နေဝင်းက လုံ့လဝိရိယအရှိသားပဲ ကျနော့်ဆီ မနက်အစောကြီးကိုရောက်ချလာတာ ဟုပြောမိတော့ ဗိုလ်မှုးကြီးကြည်မောင်က ဘာဆန်းသလည်းဗျာ သူ့အလုပ်ဘာမှ မရှိတာ ဒီလောက်တော့လုပ်ပြရမှာပေါ့ဟု ဆိုပါသည်။

ကျနော်လည်း ဗိုလ်မှုးကြီးဘလိတ် ကျနော့်အပေါ်စိတ်ဆိုးနေတာ ဘယ်လိုတောင်းပန်ရပါ့မလည်းဗျာ ကျနော်လည်းအလုပ်များပြီး စိတ်ရှုပ်တော့ တခါတရံ ပြောမိဆိုမိသလားလည်းမသိဘူးဗျာဟု ညည်းတွားမိရာ ဗိုလ်မှုးကြီးကြည်မောင်က (သူကိုယ်တိုင်လည်း ဗိုလ်မှုးကြီး ဘလိတ်နှင့် အတော်ရင်းနှီးသူဖြစ်ရာ) ဒီကိစ္စ သိပ်စိတ်မပူပါနဲ့ ဗိုလ်မှုးကြီးဘလိတ်ဟာ စိတ်ရင်းကောင်းသူဖြစ်ပါတယ်။ သူဟာတခါတရံ စိတ်တိုပြီး ဒါမျိုးဖြစ်တတ်ပါတယ် နောက်ခဏမှာပဲ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတတ်ပါတယ်။ ကျနော်ကြည့်ပြောလိုက်ပါ့မယ်။ နောင်သာ ကောင်းကောင်းမွန်မွန် သတိထားဆက်ဆံပေါ့ ဟု ပြောပါသည်။ ဗိုလ်မှုးကြီးဘလိတ်လည်း ဒီကိစ္စသတိရမှာ မဟုတ်တော့ပါဘူး။ မေ့လောက်ပြီထင်ပါတယ်ဟုလည်း ဆက်ပြောပါသည်။ ကျနော်လည်း အတော် စိတ်သက်သာသွားပါသည်။ နောက်ပိုင်းကျနော်သည် ဗိုလ်မှုးကြီးဘလိတ်နှင့် ပြေလည်ရင်းနှီးပြီး အတော်ခင်မင်သောမိတ်ဆွေကြီးများ ဖြစ်သွားကြပါတော့သည်။

ဗိုလ်မှုးကြီးကြည်မောင်မှာလည်း ကျနော်နှင့် နှစ်အတော်ကြာ ရင်းရင်းနှီးနှီးအလုပ်အတူတွဲပြီး လုပ်ခဲ့သဖြင့် ကျနော့်စိတ်နေသဘောထားကို လည်းကောင်း၊ အကျင့်စာရိတ္တကိုလည်းကောင်းသိရှိပြီး အပြန်အလှန်လေးစားချစ်ခင်ကြသော မိတ်ဆွေကြီးများဖြစ်လာကြပါသည်။

ကျနော် ကွန်မြူနစ်နှင့်ဆက်သွယ်သည်ဟူသောစွပ်စွဲချက်နှင့် တပ်မတော်က ၁၉၅၇ ခုနှစ်က ထွက်ရပြီးနောက်ပိုင်းတွင်းလည်း ဗိုလ်မှုးကြီး ကြည်မောင်သည် မိတ်ဆွေမပျက် ကျနော့်အိမ်ကိုဝင်ထွက်သွားလာ ဆက်ဆံနေပါသည်။ သူတွင်မက သူ၏ဇနီးနှင့်မိသားစုဝင်များပါ ကျနော့် အိမ်သားများနှင့် ရင်းနှီးခင်မင်လာကြပါသည်။

ကွန်မြူနစ်ဟုယူဆရသူကျနော့်အပေါ် ဗိုလ်မှုးကြီးကြည်မောင်က ခင်ခင်မင်မင်လေးလေးစားစားဆက်ဆံနေခြင်းနှင့် ကွန်မြူနစ်များကို မုန်းတီးဆန့်ကျင်သူဗိုလ်မှုးကြီးကြည်မောင်အပေါ်လည်း ကျနော်က လေးလေးစားစားဆက်ဆံနေခြင်းများကို လူအချို့က အံ့သြနေကြ ပေသည်။ ဆန့်ကျင်ဘက်ဖြစ်ကြသော ကျနော်တို့နှစ်ဦး မိတ်ဆွေကြီးများဖြစ်နေရခြင်းမှာ ကျနော်တို့ ၂ ဦးအတွင်း တဦးအားကောင်းချက်ကို တဦးကလေးစားချစ်ခင်ကာ တဦးအားနည်းချက်ကို တဦးကခွင့်လွှတ်နိုင်ကြခြင်းတို့ကြောင့် ဖြစ်မည်ထင်ပါသည်။

ဗိုလ်မှုးကြီးကြည်မောင်သည် တပ်မတော်မှအနားယုပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ခေါင်းဆောင်တဦးအဖြစ် ဝင်ရောက် လုပ်ဆောင်ခဲ့ရာမှ ယခုအခါ အသက်အရွယ်ကြီးရင့်လာပြီးဖြစ်၍ (ကျနော့်ထက် ၂ နှစ်ခန့်ကြီးပါသည်။) ရန်ကုန်တွင် အနားယုနေထိုင်လျက် ရှိကြောင်း သိရပါသည်။


ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၁၂)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၁၂)
တတိယပိုင်း
တောင်ငူမြို့မှ ဆင်းလာသော ဒုဗိုလ်မှုးကြီးစောမင်းမောင်ဦးစီးသော ကရင်တပ်ဖွဲ့။ ၎င်းတပ်ဖွဲ့မှာ အမှတ်(၁)ကရင်သေနတ်ကိုင်တပ်ရင်း ဖြစ်ပါသည်။ ၎င်းတပ်သည် ထိုဒေသရှိ ကေအင်ဒီအိုတို့နှင့်ပူးပေါင်းကာ အင်အား (၁ဝဝဝ)လောက်နှင့် အင်းစိန်ရှိကေအင်ဒီအိုတပ်တို့နှင့် ပေါင်း၍ ရန်ကုန်မြို့ကိုသိမ်းပိုက်ရန် မော်တော်ယာဉ်များနှင့် မန္တလေး-ရန်ကုန်ကားလမ်းအတိုင်း အင်းစိန် ရန်ကုန်ဘက်သို့ဆင်းလာသည်။
ထိုအချိန်အခါတွင် ကရင်သူပုန်တပ်ဖွဲ့များအနက် ဤတပ်ဖွဲ့သည်အင်အားအကြီးဆုံးဖြစ်သည်။ သူတို့က ပဲခူးသိမ်းမယ်။ ရန်ကုန်သိမ်းမယ် စသည့်ကြွေးကြော်သံများဖြင့်ဆင်းလာကြပြီ ဖြစ်သည်။

မင်္ဂလာဒုံတွင်ရှိနေသော ကရင်အမြောက်တပ်ခွဲသည်လည်း အင်းစိန်ရှိကရင် သောင်းကျန်းသူတို့နှင့်ပူပေါင်းသွားခဲ့သည်။ အမြောက်များကို ယူမသွားဘဲ ကျည်ရိုက်တံများကို ရိုက်ချိုးသွားခဲ့သည်။ မင်္ဂလာဒုံရှိ ကရင်တပ်ဖွဲ့များမှ ကရင်စစ်သည်အများလည်း အင်းစိန်ရှိ ကရင် သောင်းကျန်းသူများနှင့် ပူးပေါင်းသွားကြသည်။
ထိုအချိန်တွင် တနိုင်ငံလုံးရှိ တပ်မတော်အင်အားမှာ အလွန်နည်းပါးလျှက်ရှိသည်။ ကရင်သောင်းကျန်းသူများသည် အထက်ဗမာပြည်တွင် မေမြို့၊ မန္တလေး၊ မိတ္ထီလာ မြို့ကြီးများ၊ မြစ်ဝကျွန်းပေါ်ရှိမြို့ကြီးတချို့ သထုံခရိုင်အတွင်းနှင့် မော်လမြိုင်မြို့ကြီးများကို ဖေဖော်ဝါရီလ တလျှောက်လုံး တမြို့ပြီးတမြို့သိမ်းပိုက်သွားခဲ့သည်။ ရန်ကုန်မြို့တော်ကိုပင် တိုက်ခိုက်သိမ်းပိုက်ရန် ခြိမ်းခြောက်လျှက်ရှိနေပေပြီ။

ထိုအချိန်တွင် နိုင်ငံတော်မှာ ကြီးစွာသောအန္တရာယ်နှင့် ရင်ဆိုင်နေရပေသည်။ ချောက်ထဲကျရန် တဲတဲကလေးသာကျန်တော့သည်။ လက်တလုံးသာလိုတော့သည်ဟုအချို့သူတို့က ပြောဆိုနေကြပါသည်။ အနောက်နိုင်ငံစာနယ်ဇင်းများကလည်း ဗမာအစိုးရကို “ရန်ကုန် အစိုးရ”ဟု လှောင်ပြောင်ခေါ်ဝေါ်လာကြပါသည်။

ထိုအချိန်တွင် ကျနော်တို့က အင်းစိန်မြို့ကို ဖိပြီးတိုက်နေရပါသည်။ အင်းစိန်မြို့ကို ရှေ့တည့်တည့် ရန်ကုန်စစ်မျက်နှာကတိုက်နေရုံသာမက အင်းစိန်ကျောနောက်ဘက် မင်္ဂလာဒုံဘက်ကပါစစ်မျက်နှာဖွင့်ပြီး နှစ်ဘက်ညှပ်တိုက်နေရပါသည်။ အင်းစိန်တွင် အင်အားသိပ်မကျန်တော့ပါ။ သို့သော် ကေအင်ဒီအိုများသည် ခေါင်းမာစွာဖြင့်ခုခံနေကြပါသည်။ သူတို့သည်တောင်ငူမြို့ဘက်မှ ထိုးဆင်းလာမည့် အမှတ်(၁) ကရင် သေနတ်ကိုင်တပ်ရင်း၏စစ်ကြောင်းကို များစွာမျှော်လင့်နေပုံရပါသည်။

တောင်ငူမှထိုးဆင်းလာသည့် ကရင်သေနတ်ကိုတပ်ရင်း(၁)စစ်ကြောင်းကြီးကို တိုက်ဖျက်ရန်မှာ မိမိတို့ဘက်က ဗမာ့သေနတ်ကိုင်တပ်ရင်း (၆)နှင့် တပ်ရင်းမှုးဒုဗိုလ်မှုးကြီးတင်ဦး(ဘု-တင်ဦးဟုလည်းခေါ်သည်)ဦးစီးသော ကျနော်တို့၏ ပဲခူးမြို့ဝန်းကျင်ဒေသမှတပ်ဖွဲ့များအပေါ် တာဝန် ကျနေပေတော့သည်။

ထိုကာလအတွင်း ကျနော့်တသက်မမေ့နိုင်သော တိုက်ပွဲကြီးတပွဲ အင်းစိန်တိုက်ပွဲတွင်းဖြစ်ပွားခဲ့ပါသည်။ ကျနော်တို့၏ အင်းစိန်စစ်မျက်နှာ တိုက်ပွဲများတွင်ပါဝင်သည့် အဓိကတပ်တတပ်မှာ ဗမာ့သေနတ်ကိုင်တပ်ရင်း(၅) ဖြစ်သည်။ တပ်ရင်းမှုးမှာ ဒုဗိုလ်မှုးကြီးစောမြင့် ဖြစ်သည်။ ထိုတပ်ရင်း(၅)မှာ ထိုအချိန်က ရခိုင်တွင် ပြောက်ကျားသူပုန်များကိုတိုက်ခိုက်နေရာမှ အင်းစိန်စစ်မျက်နှာတွင် တာဝန်ပေးရန် ပြန်လည်ခေါ်ယူ လာခြင်းဖြစ်သည်။ သူတို့က ပြည်မကိုပြန်လည်ရောက်ရှိလာသဖြင့် များစွာဝမ်းမြောက်တက်ကြွလျက်ရှိသည်။ ၎င်းပြင် သူတို့မှာ ကေအင်ဒီအို များနှင့် တခါမှ မရင်ဆိုင်ဖူးသေး၍ ခပ်ပေါ့ပေါ့ပင် သဘောထားနေသည်။

ဖေဖော်ဝါရီလ (၂၈)ရက်နေ့တွင် တပ်ရင်း(၅)မှ တပ်ခွဲမှုး ဗိုလ်မှုးလှသောင်းဦးစီးသောတပ်ကို ပွိုင့် ဝမ်းဝမ်းတူးတောင်ကုန်းရှေ့ရှိ တောင်ကုန်းငယ်တခုကို တက်ရောက်သိမ်းပိုက်စေရာတွင် မမျှော်လင့်ဘဲ အလွန်ခက်ခဲပြင်းထန်စွာတိုက်ခိုက်ပြီးမှ ထိုပစ်မှတ်ကိုရရှိခဲ့ပါသည်။ သို့သော် ကျနော်တို့ဘက်မှ ဗိုလ်မှုးလှသောင်းအပါအဝင် အရာရှိအရာခံ အကြပ်တပ်သား(၈ဝ)ခန့်ကျဆုံး၍ (၁၂ဝ)မျှ ထိခိုက်ဒဏ်ရာရရှိခဲ့ ပါသည်။

ကျနော်ကောင်းစွာ မှတ်မိနေပါသည်။ တိုက်ပွဲတိုက်နေစဉ်အတွင်း ရှေ့တန်းစစ်မြေပြင်မှ အလွန်ခက်ခဲနေကြောင်း ဗိုလ်မှုးလှသောင်းက အစီရင်ခံသဖြင့် ကျနော်သူရှိရာ ရှေ့တန်းတနေရာကို သွားရောက်တွေ့ဆုံခဲ့ပါသည်။ သူနှင့်ကျနော် သစ်ပင်ကြီးတပင်အောက်တွင် ဝမ်းလျားမှောက်၍ ရှေ့တန်းစစ်ပွဲအခြေအနေကို ဆွေးနွေးသုံးသပ်ပြီး ရှေ့ဘယ်လိုဆက်လုပ်ရန် တိုင်ပင်ခဲ့ကြပါသည်။ ဆွေးနွေးတိုင်ပင် ပြီးနောက် ထိုသစ်ပင်ကြီးအောက်မှ ကျနော်အရင်ထွက်လာပြီး လူချင်းခွဲခဲ့ကြပါသည်။ (စစ်ထုံးစံအရ ရာထူးပိုမိုကြီးသူက အရင်ထွက်ရ ပါသည်) ကျနော် ရှေ့တန်းစစ်မြေပြင်ဌာနချုပ်သို့ ပြန်ရောက်ရာက်ခြင်းမှာပင် ဗိုလ်မှုးလှသောင်း ကျဆုံးသွားပြီဆိုသောသတင်းကို ဝမ်းနည်းဖွယ် ကြားသိလိုက်ရပါသည်။ ကျနော်နှင့်တိုင်ပင်ဆွေးနွေးခဲ့သောသစ်ပင်ကြီးအောက်မှအထွက် ရန်သူလက်ဖြောင့်တပ်သား လက်ချက်နှင့်ကျဆုံးသွားရခြင်းပင် ဖြစ်ပါသည်။

ထိုတိုက်ပွဲအပြီး ကျနော် သေကျေဒဏ်ရာရသူများစာရင်း ရရှိသောအခါ ဆောက်တည်ရာမရ များစွာတုန်လှုပ်ခြောက်ခြားသွားမိပါသည်။ ကျနော်၏  စစ်သားဘဝသက်တမ်းတွင် တခါမျှ ဤမျှမထိခိုက်ဖူးပေ။ ရဲဘော်အများအပြားလည်း စိတ်ထိခိုက်ကြပြီးငိုယိုကြသည်။ ကျနော်လည်း ဒါငါ့ကြောင့်ဖြစ်ရတာဟု သောကရောက်ပြီး ကျဆုံးသူများနှင့်အတူ ရောနှောပါဝင်သေဆုံးသွားလိုစိတ်ပင်ဝင်လာပါသည်။ ကျနော့်အနေနှင့် ထောက်လှမ်းရေး ကောင်းကောင်းမလုပ်နိုင်ခဲ့မှု၊ အမိန့်ပေးရာတွင် မစေ့စပ်မသေချာမှုကြောင့်ဖြစ်ရတာဟု သုံးသပ်မိပါသည်။ ဒီသင်ခန်းစာကို တသက်လုံးမှတ်ကရောဟု ကိုယ့်ကိုယ်ကိုယ်လည်း ပြောမိပါသည်။

ကျနော်အမိန့်တရပ် ချက်ချင်းထုတ်ပြန်လိုက်ပါသည်။ တိုက်ပွဲများကိုစီစဉ်ရာတွင် အသေးအကြီးအားလုံးဂရုစိုက်ပြီး လုပ်ဆောင်ကြရန် ဖြစ်ပါသည်။
ထိုနောက်ပိုင်း တိုက်ပွဲများတွင်တော့ ကျနော်သည် ကိုယ်တိုင်တတ်နိုင်သလောက် ကင်းထောက်ခဲ့သည်။ ရန်သူ့တပ်သား၏ အင်္ကျီအိပ်တွင် ဖောင်တိန်ချိတ်ထားသည်ကို မှန်ပြောင်းနှင့်မြင်ရသည်အထိချဉ်းကပ်ပြီး ကင်းထောက်ခဲ့သည်။ လေယာဉ်နှင့်ကင်းထောက်ရာတွင်လည်း မြေပြင်ကို စနစ်တကျကင်းထောက်ခဲ့ရာ နောင်အခါ ကျနော့်အနေနှင့် လေယာဉ်ပေါ်က အောက်မြေပြင်ကိုကြည့်လိုက်ပါက ဗမာပြည် ဘယ်နေရာလောက်ဖြစ်မည်ဆိုသည်ကို အကြမ်းဖျင်း ခန့်မှန်းတတ်လာသည်အထိပင် ဂရုတစိုက်လေ့လာခဲ့ပါသည်။

ဤသည်တို့မှာ ကျနော်တသက် မမေ့နိုင်လောက်အောင်ဖြစ်ခဲ့ရသည့် အင်းစိန်တိုက်ပွဲစဉ်အတွင်းက တိုက်ပွဲတပွဲနှင့် ထိုတိုက်ပွဲက ကျနော့်ကို ပေးခဲ့သည့်သင်ခန်းစာများပင် ဖြစ်တော့သည်။

ပဲခူးနယ်ရှိ ကျနော်တို့၏ လက်နက်ကိုင် တပ်အင်အားမှာ
က။ တပ်ရင်းမှုး ဒုဗိုလ်မှုးကြီးတင်ဦး ဦးစီးသည့် ဗမာ့သေနတ်ကိုင်တပ်ရင်း(၆)။
ခ။ ယူအမ်ပီ ခေါ်  ဗိုလ်မှုးအေးငွေဦးစီးသည့် ပြည်ထောင်စုစစ်ရဲတပ်ရင်း(၄)။
ဂ။ ဗိုလ်မှုးဝေလင်းနှင့်ဗိုလ်ကြာညွန့်တို့ဦးစီးသည့် ဘီတီအက်ဖ် ခေါ် မြန်မာနယ်စောင့်တပ်ရင်း။
ဃ။ တပ်ရင်းမှုး ဗိုလ်ကြီးဘသောင်းဦးစီးသည့် ပြည်တောင်စုစစ်ရဲတပ်ရင်း(၃)။
င။ နောက်ပဲခူးဒေသတွင် ရဲဘော်ဖြူအင်အား(၅ဝဝဝ)ခန့်ရှိရာ အစပိုင်း၌ မိမိတို့ကိုခြိမ်းခြောက်နေသောအင်အားဖြစ်သော်လည်း ဒုဗိုလ်မှုးကြီးတင်ဦး၏စည်းရုံးမှုဖြင့် ကေအင်ဒီအိုများကိုခုခံတိုက်ခိုက်ရာတွင် မိမိတို့နှင့်လက်တွဲရန် နားလည်မှုရရှိထားသည်။
စ။ မိမိတို့၏ အဓိကတိုက်ခိုက်ရေးအားဖြစ်သော ဗမာ့သေနတ်ကိုင်တပ်ရင်း(၆)မှ တိုက်ခိုက်ရေးအင်အား ထက်ဝက်ခန့် တပ်ခွဲ ၂ ခွဲကို ဒုတပ်ရင်းမှုး ဗိုလ်မှုးတင်မောင်(စာရေးဆရာ မြတ်ထန်)ဦးဆောင်၍ အထက်ဗမာပြည် မတ္ထီလာဒေသသို့ ပေးပို့လိုက်ရသည်။ နောက် ထပ်မံ၍ အင်အား (၁ဝဝ)ခန့်ကို အမြောက်တပ်ဖွဲ့စည်းရန် ပေးအပ်ခဲ့ရပြန်သေးသည်။
ဆ။ သို့ဖြစ်၍ ဗမာ့သေနတ်ကိုင်တပ်ရင်း(၆)တွင် အင်အား(၃ဝဝ)ခန့်သာကျန်ရှိပြီး တိုက်ခိုက်ရေးအင်အား(၂ဝဝ)ခန့်သာရှိတော့သည်။

ထို ကရင်သောင်းကျန်းသူများ၏အစီအစဉ်မှာ ပဲခူးမြို့ကိုသိမ်းပိုက်ဖျက်ဆီးမည်။ နောက် ပဲခူးမြို့တောင်ဘက် ၁ဝ မိုင်ခန့်ရှိ ထုံးကြီးရွာဒေသမှ ကေအင်ဒီအိုများနှင့်ပေါင်းမည်။ နောက်လှည်းကူးမြို့ အနောက်ဘက် စာဘူးတောင်း ကေအင်ဒီအိုစခန်းရွာကြီးမှ ကေအင်ဒီအိုအုပ်စုနှင့် ပေါင်းမည်။ ထိုမှ အင်းစိန်-ရန်ကုန်ဘက်သို့ ချီတက်တိုက်ခိုက်မည် ဖြစ်သည်။

ထိုအတွင်း ပဲခူးမြို့တွင်လည်း ရန်သူသတင်းပေါက်ကြား၍ မြို့သူမြို့သားများသည် ပဲခူးချောင်းဖျားသို့လည်းကောင်း၊ သနပ္ပင်မြို့ဘက်သို့ လည်းကောင်း တမြို့လုံး ကားများ၊ ရရာယာဉ်များနှင့် ပြေးလွှားနေကြသည်။ ပဲခူးမြို့ပေါ်တွင်လည်း ကရင်သူပုန်၏ ဘက်တော်သား (၁ဝဝ)ခန့် လက်နက်အပြည့်အစုံနှင့် မြောက်ဘက်ကဆင်းလာမည့် ကရင်သူပုန်တပ်ကြီးကိုကြိုဆိုရန် ပုန်အောင်းဖုံးကွယ်ပြီး စောင့်ဆိုင်းနေကြသည်။
ဒုဗိုလ်မှုးကြီးတင်ဦးသည် ဆင်းလာသောရန်သူကရင်တပ်ဖွဲ့ကြီးကို ပဲခူးမြို့မြောက်ဘက် (၁ဝ)မိုင်ကွာ ကားလမ်းမပေါ်ရှိ ဘုရားကြီးရွာတွင် ခံစစ်စခန်းတည်ဆောက်ပြီး ခံစစ်ဆင်ရန်စတင်တော့သည်။

အင်အား (၂ဝဝဝ)ကျော်ရှိ ရဲဘော်ဖြူတပ်မကြီး ပဲခူးသို့စစ်ကူချီတက်လာရာ ရောက်မလာနိုင်သေးသဖြင့် ပဲခူးတဝိုက်က လက်နက်မဲ့ ရဲဘော်ဖြူ (၂ဝဝ)နှင့် ပဲခူးထောင်ဖွင့်ပြီး ကရင်သူပုန်တိုက်လိုသူ (၃ဝဝ)ထွက်လာရာ ထိုလူပေါင်း (၅ဝဝ)ခန့်ကို ဒုဗိုလ်မှုးကြီးတင်ဦးက လက်နက်ချက်ချင်း တပ်ဆင်ပေးပြီး ဘုရားကြီးရွာအနောက်ဘက် ရွာတချို့သို့ ချီတက်တပ်စွဲစေရသည်။ ကရင်သူပုန်များက ဘုရားကြီးရွာမှ ကားလမ်းအနောက် ဘက်ကချီတက်ပြီး ပဲခူးမြို့ကို တိုက်ခိုက်လာမှာကို ကာကွယ်တားဆီးရန်နှင့် သတင်းပေးရန်တို့အတွက် ဖြစ်ပေသည်။

၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ (၄)ရက်နေ့ ညနေ(၄)နာရီခန့်မှစ၍ တောင်ငူစစ်ကြောင်း ကရင်သူပုန်သေနတ်ကိုင် တပ်ရင်း(၁) စစ်ကြောင်းနှင့် မိမိတို့တပ်များ ပဲခူးမြို့မြောက်ဘက် (၁ဝ)မိုင်ကွာ ကားလမ်းပေါ်ရှိ ဘုရားကြီးရွာတွင် စတင်၍တိုက်ပွဲဖြစ်ကြပြီ ဖြစ်သည်။

ဒုဗိုလ်မှုးကြီးတင်ဦးသည် သနပ္ပင်ဒေသမှ ကျောင်းသားရဲဘော်(၁ဝဝ)ခန့်အား လက်နက်တပ်ဆင်ပြီး မြို့လုံခြုံရေးနှင့် ဆက်သားရဲဘော်များ အဖြစ် အသုံးပြုခဲ့ရ၏။ ပဲခူးမြို့ပေါ်တွင်လည်း စစ်တပ်အတွက် ထမင်းထုပ်(၂ဝဝဝ)တောင်းခံလိုက်သည်။ ဤသည်မှာလည်း မြို့လူထုက ပဲခူးမြို့တွင် စစ်တပ်အင်အား စစ်ကူ(၂ဝဝဝ)ရောက်ရှိလာကာ အင်အားကြီးလာမည်ဟုထင်မြင်ယူဆလာရန် ပရိယာယ်ဆင်၍ လုပ်ဆောင် ရခြင်းဖြစ်သည်။ မြို့လူထု စိတ်အားတက်ကြွလာစေရန် ဖြစ်ပေသည်။
တိုက်ပွဲဖြစ်သည့် ဖေဖော်ဝါရီလ (၄)ရက်နေ့ည (၁ဝ)နာရီကျော်တွင် ဘုရားကြီးတွင် ကရင်သူပုန်တို့နှင့်ရင်ဆိုင်တိုက်ပွဲဖြစ်ရာ မိမိတို့တပ်များ မခံနိုင်၍တပ်ဆုတ်ခွာလာပြီး ပဲခူးမြို့အဝင် ကလိဂိတ်တွင် နေရာယူထားရသောအခြေသို့ ရောက်ခဲ့သည်။ မိမိတို့တပ်များ ပဲခူးမြို့ကပဲ အသေခံ ခုခံတိုက်ခိုက်ရမည့်ဘဝသို့ ရောက်ခဲ့သည်။

သို့သော် ည သန်းခေါင် ၁၂ နာရီလောက်တွင် ပဲခူးမြို့သို့ စစ်ကူလာနေသော ယူအမ်ပီစစ်ရဲတပ်ရင်း ဝေါသို့ ရောက်နေရာမှ ၎င်း၏တပ်ရင်းမှုး ဗိုလ်မှုးအေးငွေက ဆက်သားနဲ့ စာတစောင် ပဲခူးရှိဒုဗိုလ်မှုးကြီးတင်ဦးထံရောက်ရှိလာသည်။ ထူးဆန်းနေသည်မှာ ထိုဆက်သားရဲဘော်သည် စက်ဘီးဖြင့်ဝေါမှ ဘုရားကြီးရွာကိုဖြတ်၍ ပဲခူးကိုရောက်လာခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ဘုရားကြီးရွာသို့ ကရင်သူပုန်တွေ မဝင်ရောက် သေးကြောင်း သိလိုက်ရသည်။

စစ်သမိုင်းများတွင် နှစ်ဘက်ရန် /ငါ တိုက်ခိုက်ကြစဉ် နှစ်ဘက်စလုံးမှ သူများက တဖက်ရန်သူဆုတ်ခွာမှန်းမသိဘဲ နှစ်ဘက်စလုံး ဆုတ်ခွာ ကြရာ တဖက်သူဆုတ်မှန်းအရင်သိသူက နေရာပြန်ဝင်ယူပြီး အနိုင်ရရှိကြပုံတွေ ရှားရှားပါးပါးရှိကောင်းရှိမည်ဖြစ်သည်။ ယခုလည်း ဘုရားကြီးရွာတိုက်ပွဲတွင် ဤအတိုင်းဖြစ်လာရာ ကျနော်တို့ဘက်က ကရင်သူပုန်များ ဆုတ်မှန်း အရင်သိလိုက်ပြီး မိမိတပ်များကို အမြန်ပြန်၍ ဘုရားကြီးရွာသို့ ပြန်ဝင်ယူလိုက်ပါတော့သည်။ ထိုဆက်သားရဲဘော်ကိုလည်း ဝေါမြို့သို့ ပြန်လွှတ်ပြီး ဗိုလ်မှုးအေးငွေအား စာရလျှင်ရချင်း သူ့တပ်နှင့် ဘုရားကြီးသို့ အမြန်ဝင်ပူးပေါင်းရန် ဒုဗိုလ်မှုးကြီးတင်ဦးက ညွှန်ကြားလိုက်သည်။

နောက်နေ့ ဖေဖော်ဝါရီလ (၅)ရက် နံနက် ၄ နာရီခန့်တွင် ဘုရားကြီးရွာတွင် ကျနော်တို့တပ်များ ခံကတုတ်များ အခိုင်အမာချထားပြီးကြောင်း တယ်လီဖုန်းဖြင့်သတင်းပို့ချက်ကို ပဲခူးကရပြီဖြစ်၍ ကျနော်တို့ အင်းစိန်စစ်မျက်နာကလူများ အတော်စိတ်အေးသွားရပါသည်။

ဖေဖော်ဝါရီ (၅) ရက် နံနက်စောစောမှာပင် ပဲခူး၊ သနပ္ပင်သို့ စစ်ကူရဲဘော်ဖြူအင်အား (၂ဝဝဝ)ကျော် လက်နက်စုံဖြင့် ရောက်ရှိလာပါ တော့သည်။ ချက်ချင်းပင် သနပ္ပင်မှ ဘုရားကြီးစစ်မျက်နှာသို့ မော်တော်ယာဉ်များဖြင့် ပေးပို့အားဖြည့်နိုင်ပါတော့သည်။

သို့ဖြင့် တောင်ငူစစ်ကြောင်း ကရင်သူပုန်ရန်ကို ကောင်းစွာခုခံကာကွယ်တွန်းလှန်နိုင်သော အခြေအနေသို့ရောက်လာပြီဖြစ်၍ ကျနော်တို့ ဘက်မှ အတော်စိတ်အေးသက်သာလာပါတော့သည်။

အထက်ပါတို့မှာ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့ ပဲခူးစစ်မျက်နှာ ဘုရားကြီးတိုက်ပွဲနှင့် ပတ်သက်၍ ယခုကျနော့်ထံတွင် ရှိနေသော စာအုပ်စာတမ်းများအရ ရေးသားတင်ပြခြင်း ဖြစ်ပါသည်။


Wednesday, August 26, 2015

အတင်း ၁ (မျိုးမြင့်ချို)

0 comments
နောက်ဆုံးအကြိမ်ထောင်ကမလွတ်ခင် အိုင်စီအာရ်စီကောင်းမှုနဲ့ သာယာဝတီထောင်ကနေ အင်းစိန်ထောင်ကို မျက်စေ့ခွဲဖို့ ပြောင်းရတယ်။ အင်းစိန်ရောက်တော့ ထောင်ဆေးရုံမှာထားတယ်။ ဒေါက်တာသန်းငြိမ်း၊ ကိုကြည်တင်ဦး၊ ဦးအုန်းမောင်၊ ကိုမင်းသိန်း၊ ဗိုလ်သာဂေါင်၊ ဦးသုဝေတို့အပါအဝင် အခြားနိုင်ကျဉ်းတွေနဲ့အတူနေရတယ်။
အဲ့ဒီမှာ ထောင်က၊ အစိုးရက၊ စစ်ထောက်က တရေးတယူအလုပ်ခံရတာ ၂ ယောက်ပဲရှိတာ။ တယောက်ကဦးအုန်းမောင်(ဘဏ်အုန်းမောင်ဆို နိုင်ငံရေးထဲကလူတွေ သိကြပါတယ်) နောက်တယောက်က ဒေါက်တာသန်းငြိမ်း။ ခင်ညွန့် ဘုန်းမီးနေလတောက်နေချိန်ဆိုတော့ ဒေါက်တာသန်းငြိမ်းလည်း ထောင်ထဲမှာ ဘုရားပဲ။ ရေချိုးရင်တောင် ဆေးရုံထောင်မှူးနဲ့ လိုင်းသမားတွေချိုးတဲ့ ကန်သန့်သန့်မှာ ချိုးရတာ။ အံမယ် တခါတလေ ရာဇဝတ်အကျဉ်းသား တယောက်က(ထောင်မှူးလေးခိုင်းလို့ လို့ ပြောတာပဲ)နောက်ကနေ ဆပ်ပြာခွက်တို့ တဘက်တို့ ရေလဲပုဆိုးတို့ ကိုင်လိုက်ပေးရတာ။ ထမင်းလည်း ဆန်ဖြူဆန်ချောပဲစားတာ။ ဇွန်းတွေခက်ရင်းတွေတောင်ပါလားမသိပါဘူး။

ဝန်ကြီးတို့ ညွှန်ချုပ်တို့ ထောင်ပိုင်တို့လှည့်တဲ့အခါ လိုတာရှိရင်ပြောပါဆရာ အားမနာနဲ့နော်လို့ ခါးလေးတွေကိုင်းကိုင်းပြီးပြောကြတာကလား။ ခင်ညွန့်အရှိန်နဲ့ ဖိန့်ဖိန့်တုန်ပြီး ပစားပေးတာမျိုးပဲ။ ကြောက်တာလေးစားတာမျိုးတော့လည်း ဟုတ်ဟန်မတူပါဘူး။ ဦးအုန်းမောင်ကိုတော့ နိုင်ငံရေးအရ ကြောက်တာ။ ရပ်တည်ချက်အရလန့်တာမျိုးမှန်း သိသာလွန်းတယ်။ အဲ့ဒီဘိုးတော်ကြီးက ထောင်ထဲမှာ ဘယ်လောက် ဘယ်လို အဖိအနှိပ်ခံနေရနေရ ခြင်္သေ့လိုနေတဲ့လူ။ နိုင်ငံရေးသမားရဲ့သတ္တိဆိုတာ သူနဲ့တွေ့မှ ကျနော် သဘောပေါက်သွားတာ။ မကြောက်တာမှ သူ့မှာ သေစရာအသက် မရှိတဲ့အတိုင်းပဲ။

ကျန်တဲ့လူတွေထဲကတော့ ဦးနုရဲ့ဒီမိုကရေစီဗျာဒိပ်ခံဦးသုဝေလိုလူမပြောနဲ့ ကျနော်တို့လည်း အာပလာတွေပဲ။ ဘာရုပ်မှ မပေါက်တဲ့ကောင်တွေပဲ။ ရေချိုးရင်လည်း အေအိုင်ဒီအက်စ်တွေ ဝဲထူတွေ သာတီးဒီတွေနဲ့အတူ ချိုးရတာ။ သိတ်တော့ ကိစ္စမရှိပါဘူး။ အဲ့ဒါတွေက ရေကတဆင့်ကူးတာမှ မဟုတ်တာ။ ထမင်းစားတော့လည်း တန်းစီတိုးစား ပုံစံများနဲ့ပေါ့။ ဆေးရုံထမင်းပေါ့ ဆေးရုံဆန်ပေါ့ ဘဲဥအရည်ကျဲပေါ့၊ ပုံစံပဲပေါ့။ ဒါလည်း ဖြစ်ပါတယ်။ ရိုးရိုးအဆောင်နဲ့ တိုက်ထဲကနဲ့စာရင် ဆေးရုံထမင်းဆိုတာ နတ်သုဒ္ဒါ မဟုတ်လား။

တနေ့တော့ ထောင်ထဲမှာ သတင်းတခုထွက်လာတယ် အတော် ကျယ်ကျယ်လောင်လောင်ပဲ။ အမှတ်မမှားဘူးဆို ကျနော် အရင်ဆုံးကြားတာ ဒေါက်တာသန်းငြိမ်းဆီကပဲ။ သတင်း အပြင်မထွက်ခင်ကတည်းကပဲ။ သူ ရေချိုးဆင်းလာရင်း ထောင်မှူးရှေ့တင် ဒဲ့ကြီးပြောသွားတာ။ အဲ့အချိန်မှာ ကျနော်တို့ အခြား ၅(ည)တွေက ထောင်မှူးမပြောနဲ့ ဝါဒါရှေ့မှာတောင် စကားပြောခွင့်မရှိဘူး။ လစ် လစ်သလို ခိုးခိုးပြောကြ လက်ဟန်ခြေဟန်နဲ့ဆွဲကြရတဲ့အချိန်ကြီးကိုး။

သူပြောတာမှာ သီတဂူဆိုတဲ့ ဇဒေါ်ကြီးလာမယ်တဲ့၊ ဒန်ပေါက်တွေလည်း တယောက်တထုပ်ကျွေးမယ်တဲ့။ တရားလည်း နာရမတဲ့။ ဘယ်ရောက်ကြောင်းမှန်းတော့ သူလည်း ရှင်းရှင်းလင်းလင်းမပြောပါဘူး။ ကိုယ်တွေကလည်း သိတ်ကိစ္စမရှိပါဘူး။ နိဗ္ဗန်ပဲမရောက်ရောက် ရောက်ရောက်ရောက်ပေါ့။ ဒန်ပေါက်စားရမယ်ဆိုမဆိုးပါဘူးဆိုပြီး ကြိတ်အူမြူးနေတာပေါ့။

အဲ့သတင်းထွက်ပြီးတနေ့သား ညကြီးမင်းကြီး ဆေးရုံဆောင်ကို ဆောင်းဘောက်စ်တွေ စပီကာတွေ ဝါယာကြိုးတွေ ပလာယာတွေနဲ့လူတွေရောက်လာပြီး ကမန်းကတမ်း တူတွေထုကြ ဖြတ်ကြတောက်ကြနဲ့ လုပ်တော့တာပဲ။ ကိုယ်တွေကိုတော့ ခေါင်းချထား ဆိုလို ချပဲထားရတာပေါ့လေ။ ဘယ်ထောင်ရဲပါ့မလဲ။ လင်းအားကြီးတော့ အဲ့လူတွေ ပြန်ကြတယ်။ မနက်ကြတော့ ကိုယ်တွေအခန်းကျယ်ကြီး ထောင့်လေးထောင့်မှာ ဆောင်းဘောက်စ်ကြီး ၄ လုံးနဲ့။ တန်းစီထောင်ဖွင့်ချိန်လည်းကြရော အရှေ့အရပ်နှိုက်ရှိသောအနန္တစကြာဝဠာ အနန္တသတ္တဝါတို့ဆိုပြီး စကြားရတော့တာပဲ။ အံမယ် တချို့များ အဲ့ဒါကြားလို့ မျက်ရည် မဆယ်နိုင်အောင်ဖြစ်ပြီး နိုင်ငံတော့်ကျေးဇူးကြီးမားလှပေတယ်တွေ ဘာတွေတောင်ဖြစ်ကြတာတဲ့။

ထားပါတော့လေ ဒါနဲ့ သီတဂူဆိုတဲ့ဘုန်းကြီး ရောက်လာတယ်။
ကိုယ်က သီတဂူက အရင်က သဲကုန်းဉာဏိဿရကွ နောက်တော့ သဲအင်းဂူဘာညာနဲ့ ရာဇောဝါဒသုတ္တံလေး ၈၈ အဦးပိုင်းမှာထွက်ခဲ့ဖူးကြောင်းနဲ့ ခုတော့ ခင်ညွန့်ကို ဦးခိုက်နေတယ်ကြားတာပါပဲဗျာလို့ ကဗျာဆရာကိုကြည်တင်ဦးကိုပြောတော့ ဟဲဟဲ တုတ်မကြောက်ဒါးမကြောက် ဒန်ပေါက်မျက်နှာလေးတော့ထောက် ဆရာမျိုးလို့ပြောတယ်။ ဒါနဲ့ကိုယ်လည်း ဟုတ်သားဆိုပြီး အရှိန်တန့်လိုက်တယ်။


နောက်တော့ သိတ်မကြာဘူး ဆရာတော်ကြီးကြွလာပြီ ဆရာတော်ကြီးကြွလာပြီဆိုပြီး အော်တာဗျာ။ ထောင်မှူးလေးစန်းမြင့်ရော၊ အကြပ်ကြီးရော၊ ဝါဒါတွေရော၊ တန်းစီး ဘာယာတွေရော စုံနေတာပဲ။ မိုးပေါ်ကသိကြားမင်းကြီးကြွလာသလိုမျိုး။ လူတွေက ထပဲရပ်ရတော့မှာလိုလို လက်အုပ်ပဲချီရတော့မှာလိုလို ဖင်ဗူးတောင်းထောင်ပြီးပဲ ဦးချရတော့မှာလိုလို၊ မှန်လှပါဘုရား မှန်လှပါဘုရားနဲ့ ကုန်းပဲကန်တော့ရတော့မှာလိုလိုတွေဖြစ်ကုန်တာပေါ့။
(နောက်မှဆက်ရေးမယ်ဗျာ။ ကျနော်လည်း ကိုယ့်ဘာသာပြန်ပြီး ခုမှ အဲ့ဒီအကြောင်းတွေဟာ စိတ်ဝင်စားရကောင်းမှန်းသိတာဆိုတော့)

ဆေးလိပ်တောင်း (မျိုးမြင့်ချို)

0 comments
အမေရိကန်မှာ လူတွေ့ရင် ဆေးလိပ် လိုက်လိုက်တောင်းသောက်သူတွေ အရင်ကထက် များများလာတယ်။ ဒါ့ကြောင့် လူကြားထဲ ဆေးလိပ်မသောက်မိအောင် နေနေရတာပဲ။ မြို့ကြီးတွေမှာဆို ကားမှတ်တိုင်နား မယောင်မလည်နဲ့ ဆေးလိပ်စောင့်တောင်းနေသူတွေကိုရှိတာ။ ကိုယ်က ဆေးလိပ်ဗူးလေးထုတ်လိုက်တာနဲ့ တလိပ်လောက်ဆိုပြီး ပေါက်ချလာတာပဲ။ ပေးများပေးလိုက်လို့ကတော့ မပြီးတော့ဘူး။ နောက်မှာ နောက်တယောက် နောက်တယောက်တွေနဲ့
ဆက်ဆက်ကုန်တော့တာ။

တခေါက် မိတ်ဆွေမိသား ၂ စုနဲ့ ချီကားဂိုးသွားတော့ တိရိစ္ဆာန်ရုံဘက်ရောက်တယ်။ ကလေးတွေကို အထဲလိုက်ပို့မယ်ဆိုတော့ လိုက်မသွားချင်တာနဲ့ အပြင်က ပန်းခြံခုံတန်းရှည်လေးမှာ တယောက်တည်းထိုင်ပြီးနေခဲ့တယ်။
ဆေးလိပ်ကလည်း သောက်ချင်နေတယ်။ မီးခြစ် ကားထဲကျန်ခဲ့တာ။ သွားယူရအောင်ကြတော့လည်း ကားပါကင်န်နဲ့က ၄ ဖာလုံလောက်ဝေးတယ်။ ဆေးလိပ်ကရှိရက်နဲ့ မသောက်ရတာ။ မရှိလို့ဆိုတော်သေးတာပေါ့။ ခံတွင်းကလည်း ချဉ်လှပြီ။ ပါးစောင်လည်း တံတွေးစိုလှပြီ။ အိနြေ္ဒမပျက်သာထိုင်နေတာ စိတ်ထဲ ကသိကအောက်နဲ့။ ထိုင်နေတဲ့ ၁၅ မိနစ်လောက်အတွင်းမှာ ကိုယ့်ရှေ့က ဖြတ်သွားဖြတ်လာပေါင်းက အယောက်(အနည်းဆုံး) ၅ ရာလောက်တော့ ရှိမယ်ထင်တာပဲ။ ဆေးလိပ်သောက်သွားတဲ့သူ တယောက်မှမတွေ့ဘူး။ မီးခိုးနံ့လေးတောင် မရဘူး။ ဆေးလိပ်သောက်လာတဲ့လူမြင်တာနဲ့ မီးတတို့လောက်လုပ်မလို့ပဲ။

ခနနေတော့ အသက် ၃ဝ လောက်ရှိမယ်ထင်ရတဲ့ မိန်းမတယောက် ကိုယ့်ထိုင်ခုံ တဘက်စွန်းမှာ လာထိုင်တယ်။ အရပ်က ကိုယ့်ထက်တောင်မြင့်မလားပဲ။ ကိုယ်လုံးကိုယ်ပေါက်ကလည်း သိတ် သွယ်သွယ်ပါးပါးကြီးမဟုတ်တော့ အရပ်နဲ့ကိုယ်နဲ့က အတော်လိုက်တယ်ပြောရမှာပဲ။ စကပ်က တိုသလားမမေးနဲ့။ ဖင်လှန် မပြရုံတမယ်ပဲ။ အပေါ်ပိုင်းမှာလည်း ဘယာစီယာလေးပဲပါတယ်။ နေလှမ်းလာတာနဲ့တူတယ်။ ဆံပင်တွေက အော်ရီဂျင်နယ်လ်ရွှေရောင်နုနု။ ရေမွှေးနံ့လိုလို မိတ်ကပ်နံ့လိုလို နေလာင်ခံအဆီနံ့လိုလို နော်စော်လိုလိုအနံ့တွေနဲ့ လုံးထွေးလို့။ လွတ်လွတ်လပ်လပ်ထိုင်ရပါစေသဘောနဲ့ အိပ်ကျုစ်ဘာညာပြောပြီး ကိုယ်နဲ့သူ့ကြားမှာချထားတဲ့ ကိုယ့်ကင်မရာလေး ကိုယ့်ဘက်အသာပြန်ယူတော့ မျက်လုံးခြင်းဆုံမိတယ်။ မျက်လုံးတွေက အပြာကြည်ကြည်စစ်စစ်တွေ။ လှတော့အတော်လှတဲ့မိန်းမလို့ စိတ်ထဲဖြစ်မိတာပဲ။

သူကလည်း အမေရိကန်မတွေထုံးစံအတိုင်း မျက်လုံးချင်းဆိုင်ပြီး ရဲရဲတင်းတင်းပြန်ကြည့် ပြုံးပြတာပေါ့။ ပြီးလည်းပြီးရော မင်း စစ်သားဟောင်းလားလို့မေးတယ်။ ကိုယ်ကလည်း စစ်သားဟောင်းတော့ စစ်သားဟောင်းပဲ ဒါပေမယ့် အမေရိကန်တပ်က မဟုတ်ဘူးဆိုတော့ ဘယ်တပ်ကလဲ ဘယ်နိုင်ငံကလဲတဲ့။ ဒါနဲ့ ကိုယ်လည်း နည်းနည်းပါးပါးပြောပြတော့ သူ အတော်စိတ်ဝင်စားဟန်နဲ့ ကိုယ့်ဘက်တိုးတိုးလာတယ်။ သူ့အနံ့တွေကလည်း ကိုယ့်နှာခေါင်းထဲအလုအယက်ကို တိုးတက်ဝင်တော့တာပဲ။

ခနနေတော့ သူက ဘေးတိုက်အနေအထားနဲ့ ခါးဆန့်ပြီး မတ်မတ်ထိုင်စကားပြောရတာ အားမရလို့လား မသိဘူး။ ခုံတန်းနောက်မှီပေါ် လက်တဘက်ပစ်တင်လိုက်ပြီး အပေါ်တပိုင်းလုံးလှည့်ပြီး ပွားတော့တာပဲ။ ကိုယ်လည်း အလိုက်သင့် ကိုယ်လှည့်ထိုင်တော့ မျက်နှာချင်းဆိုင်လိုဖြစ်သွားတာပေါ့။ ဟုတ်တယ် သူ ကိုယ့်ထက် အရပ်ပိုမြင့်မှန်းသေချာသွားတယ်။ သူက ကိုယ်ပြောတာနားထောင်ရင်း ကိုယ်ကိုရှေ့နည်းနည်းလေး ကိုင်းပြီး နားထောင်တယ်။ ကိုယ်က သူ့မျက်နှာသာကြည့်ပြီးပြောပေမယ့် ကိုယ်ကိုင်းလိုက်လို့ စွင့်ကနဲပေါ်လာတဲ့ သူ့ရင်သားအစုံဆီလည်း မျက်စေ့ကရောက်ရောက်သွားတယ်။ သူကလည်း အဲ့သလိုအကြည့်ခံရတာ အတော်ကြေနပ်ပုံပေါ်တယ်။ ပိုတောင် ကိုင်း ကိုင်းပေးသလား မှတ်ရတယ်။ ပြီးတော့ ကိုယ်ကို တမင်လှုပ်လှုပ်ပြီး နားထောင်တယ်။ လှုပ်လေလေ လှလေလေပဲဆိုပါတော့။ ရီစရာများပြောမိလို့ကတော့ တကိုယ်လုံးသိမ့်သိမ့်ခါသွားအောင်များ လှုပ်မလားမသိဘူးလို့ မဆီမဆိုင်တွေးမိလိုက်သေးတယ်။

စကားပြောကြရင်း ငါက နင်တို့လို့ အာရှသားတွေရဲ့အသားအရည်မျိုး သိတ်ကြိုက်တာ။ နေ သပ်သပ်လှမ်းနေစရာမလိုပဲ ညိုပြီးညက်နေတာ ဆံပင်ကိုလည်း အနက်ရောင်ကြိုက်တယ် မျက်လုံးလည်း ညိုတိုတို နက်တက်တက်လေးဖြစ်ချင်တာ ဘာညာနဲ့ဆက်တိုက် သူချည်း လွှတ်တော့တာ။ ကိုယ်က သူနဲ့ပြောရင်း တချက်တချက် မျက်လုံးက ဖြတ်သွားဖြတ်လာတွေက ဆေးလိပ်သမားကိုရှာရှာနေတာ။ ဒီတော့ သူက နင် တယောက်ယောက်ကိုရှာနေတာလား စောင့်နေတာလားတဲ့။ မဟုတ်ပါဘူး ဆေးလိပ်သမားများ တွေ့မလားကြည့်နေတာဆိုတော့ ဘာလို့လဲတဲ့။ ဆေးလိပ်သောက်ချင်နေလို့ဆိုတော့ ဘာမပြောညာမပြောနဲ့ ဇတ်ကနဲမတ်တပ်ထ ရှေ့ကဖြတ်သွားတဲ့လူတွေနားသွားပြီး ဟိုလူက ဗမာတပ်က စစ်သားဟောင်းပဲ။ တိုက်ပွဲမှာ ဒဏ်ရာရလာတဲ့စစ်ထွက်ပဲ။ ဒီကို ဒုက္ခသည်အနေနဲ့ရောက်လာတာ။ သူအခု ဆေးလိပ်သောက်ချင်လို့ အဲ့ဒါဆေးလိပ်ပါရင် တလိပ်လောက်ပေးခဲ့ပါလားဆိုပြီး ကျနော့်လက်ညှိုးထိုးပြလိုက် ဟိုလူတွေကို ပြုံးပြက်ပြလိုက်နဲ့ လူတွေဆီက ဆေးလိပ်လိုက်တောင်းတော့တာပဲ။

ကိုယ်လည်း စိတ်တော့ အတော်ညစ်သွားတယ်။ ရှက်လည်းရှက်တယ်။ အတော့်ကို မနေတတ်မထိုင်တတ်ကြီးဖြစ်နေတယ်။ ကိုယ်ပြောတဲ့ ဆေးလိပ်သောက်ချင်နေလို့က ဝါကျမှ မဆုံးလိုက်တာ။ ကိုယ်ပြောတာကတမျိုး သူနားလည်သွားတာကတမျိုးဖြစ်သွားတယ်။ တခုခုတော့ပြောပြီး သူ့ကိုတားဦးမှလို့ စိတ်ထဲချက်ခြင်းဖြစ်ပေမယ့် မတားဖြစ်လိုက်ဘူး။ ကြည့်ကောင်းကောင်းနဲ့ပဲ ကြည့်နေလိုက်တယ်။ ဘာများဆက်ဖြစ်မလဲလို့ဆိုပြီး။ ပြီးတော့ သူ့စေတနာကို အပျက်အပြယ်လည်း မခံချင်ဘူး။ အတွေ့အကြုံသစ်လည်းရချင်နေတယ်။ ဒါနဲ့ ဒီအတိုင်းပဲထိုင်ကြည့်နေလိုက်တာပါပဲ။
ဆေးလိပ်အတောင်းခံရတဲ့လူတွေက မပါကြောင်း ဆေးလိပ်သမားမဟုတ်ကြောင်း သူ့ကို ယဉ်ယဉ်ကျေးကျေးပြောသလို ကိုယ့်ကိုယ်လည်း လက်လှမ်းပြပြီး ဆောရီးဘာညာနဲ့ ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ကြတာပဲ။ ကိုယ်လည်း အလိုက်အထိုက် ဟဲလိုတွေဘာတွေ ရပါတယ်တွေဘာတွေ လုပ်တော့တာပေါ့။ လူတွေစိတ်ထဲ ဒီမိန်းမချောအမေရိကန်မက ဟိုခြေပြတ်လက်ပြတ် အသားညိုညိုအာရှသားစစ်ပြန်နဲ့ ဘာအထာလဲ ဘာဇာတ်လမ်းလဲလို့တော့ ထင်ကြမလားမသိဘူးဆိုပြီး ကိုယ့်ဘာသာ သဘောတွေကြကြက်ပြီး ပြုံးတောင်ပြုံးမိသေးတယ်။

ဆယ့်လေးငါးယောက်လောက် တောင်းလည်းပြီးရော နောက်ဆုံးတယောက်က သူ့မှာပါတယ်လို့ပြောရုံတင်မကဘူး ကျနော့်အနားထိလာပြီး ခါးလေးကိုင်း ဗူးထဲကဆေးလိပ်ကို အဖျားဘက်ကကိုင်ပြီး ဖင်စီခံကျနော့်ဘက်ထားပြီး ပေးလည်းပေး မီးခြစ်လည်းခြစ် မီးပါ ညှိပေးသေးတာ။ ကျနော်က ကျေးဇူးတင်ပါတယ် ငါသောက်ချင်နေတာကြာပြီလို့ပြောတော့ ရပါတယ် ယူအာရ်ဝဲလ်ကမ်းတွေဘာတွေပါ လုပ်သွားသေးတာပဲ။
အဲတော့မှ မယ်မင်းကြီးမက အောင်မြင်သူ့အပြုံးနဲ့ ကူညီလိုက်ရလို့ကြေနပ်သွားတဲ့မျက်နှာနဲ့ ကဲ အဆင်ပြေပြီမဟုတ်လား၊ ငါလည်း ညောင်းလို့ ခနဝင်ထိုင်တာ သွားတော့မယ်ဆိုပြီး လစ်တော့တာပဲ။
ကျနော်လည်း ဆေးလိပ်လေးဖွာရင်း မစ်ရှီဂန်ကန်ကြီးတွေဘက်စိတ်မှန်းနဲ့ ငေးကျန်ခဲ့တာပါပဲ။

Monday, August 24, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၁၁)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၁၁)
တတိယပိုင်း

ဦးအောင်သင်းနှင့် စောဘဦးကြီး (ကေအင်ဒီအို ဥက္ကဋ္ဌ)တို့မှာ လန်ဒန်၌ ဥပဒေပညာသင် ကျောင်းတက်ဘက်များဖြစ်ခဲ့ပြီး စောဘဦးကြီးမှာ တခါတရံ ဦးအောင်သင်း၏ မင်္ဂလာဒုံရှိ တိုင်းမှုးနေအိမ်သို့ လာလည်စားသောက်တတ်ပြီး ညဥ့်နက်မှပြန်တတ်ကြောင်းသိရပါသည်။ ကျနော်နှင့်တာဝန်မလဲမီကလေးမှာပင် (၁၉၄၉ ခုနှစ် ဇန္နဝါရီလကုန်ပိုင်းလောက်တွင်) မင်္ဂလာဒုံရှိကရင်တပ်များ အစိုးရကိုပုန်ကန်ပြီး တောင်ပိုင်းစစ်ဌာနချုပ်ကိုပင် ခေတ္တဝင်စီးခဲ့ပြီး အင်းစိန်ထဲဝင်သွားကြပါသည်။ ထို့ကြောင့် သူ့အပေါ်မယုံကြည်ခြင်း၊ သူ၏လုပ်ရည်ကိုင်ရည် အပေါ်မကျေနပ်ခြင်း တခြားကျနော်မသိသည့် ပုဂ္ဂိုလ်ရေးအကြောင်းများကြောင့် ဖြုတ်ပစ်လိုက်ဟနတူပါသည်။

ဦးအောင်သင်းသည် ကျနော်မှတ်မိသလောက် ကျနော်လွတ်မြောက်နယ်မြေမထွက်မီ ၁၉၇ဝ နှင့် ၇၅ ခုနှစ်အကြား ကွယ်လွန်သွားပြီးပြီ ထင်ပါသည်။
           
ဤသည်မှာ ၁၉၉၁ ခုနှစ်က ကျနော်ရေးခဲ့သည့် ဦးအောင်သင်းအကြောင်း - စာတမ်းဖြစ်ပါသည်။
ဦးအောင်သင်းနှင့်လဲလှယ်ဖို့ကျနော့်ကို အစိုးရက မြောက်ပိုင်းတိုင်းမှအမြန်ခေါ်ယူရသောအကြောင်းရင်းကို ကျနော်ထင်မြင်ယူဆရသည်မှာ အထက်ပါစာတမ်းတွင် အနည်းငယ်ရေးသားဖေါ်ပြခဲ့သလို ဗိုလ်မှုးချုပ်ဦးအောင်သင်း၏ တောင်းပိုင်းစစ်ဌာနချုပ်အောက် ဗမာ့တပ်မတော်မှ ကရင်တပ်သား ၁ဝဝ လောက်စုရုံးပြီး ၁၉၄၉ ခုနှစ် ဇန္နဝါရီလကုန်ပိုင်းမှာ ဦးအောင်သင်း၏တောင်ပိုင်းစစ်ဌာနာချုပ်နေရာအပါအဝင် တချို့ နေရာတွေကို ရုတ်တရက်ထပြီးတိုက်ခိုက်သည်။ တောင်ပိုင်းစစ်ဌာနချုပ်ကိုလည်း ခတ္တဝင်စီးနင်းလိုက်သေးသည်။

လက်နက်ခဲယမ်းတွေသယ်ယူပြီး အင်းစိန်ထဲဝင်သွားကြသည့်ကိစ္စ ပေါ်ခဲ့သည်။ ထိုကိစ္စကြောင့် အစိုးရ စိုးရိမ်ထိတ်လန့်သွားပုံရသည်။ အစိုးရကို အနီးကပ်ကာကွယ်ရေးမှာ အဓိကတောင်ပိုင်းစစ်ဌာနချုပ်တာဝန်ဖြစ်ရာ ၎င်းဌာနချုပ်ပင်လျှအစီးနင်းခံရသဖြင့် အစိုးရ စိုးရိမ်သွားပုံ ရသည်။ ထို့ကြောင့် ဦးအောင်သင်းနေရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ကျနော့်ကို ပြောင်းလဲယူရန် ကျနော့်ကိုခေါ်ယူခြင်း ဖြစ်ပုံရသည်။

ထို့ကြောင့် ဗိုလ်နေဝင်းက ကျနော့်ကိုတွေ့လျှင်တွေ့ချင်းပင် သူကြည့်နေသော အင်းစိန်မြေပုံကြီးကိုထိုးပေးပြီး ဦးအောင်သင်းထံမှ တာဝန် အမြန်သွားလွှဲပြောင်းယူဖို့နှင့် အင်းစိန်တိုက်ပွဲတိုက်ရန် ညွှန်ကြားခြင်း ဖြစ်ပေသည်။ ထိုစဉ် မြောက်ပိုင်းတိုင်းကို မေမြို့ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှုးကြီးမောင်မောင်ကို တာဝန်ယူစေခဲ့သည်။

အင်းစိန်တိုက်ပွဲကြီး
ကျနော်သည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုးအဖြစ်နှင့် အင်းစိန်မြို့တိုက်ပွဲကြီးကို ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလဆန်းကစပြီး ဦးစီးတိုက်ခိုက် ခဲ့ရပါသည်။ အင်းစိန်မြို့ကို ကေအင်ဒီအိုများက ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ကစပြီး သိမ်းခဲ့သည်။ ထိုတိုက်ပွဲအကြောင်းကို ရေးရ ပါတော့မည်။ အင်းစိန်တိုက်ပွဲနှင့်ပတ်သက်၍ ကျနာ်၏မှတ်စုမှတ်တမ်းများမှာ ကျနော်၏ရန်ကုန်အိမ်တွင်သာကျန်ရစ်ခဲ့ရာ ထိုမှတ်စုစာတမ်း များကို ကျနော်တို့တောခိုလာပြီးနောက် အစိုးရက ကျနော့်အိမ်မှ ကားတစီးတိုက် လာသိမ်းယူသွားကြောင်း အိမ်တွင်ကျန်ရစ်သော သမီးအငယ် စန်းစန်းက ပြောပြပါသည်။

အင်းစိန်တိုက်ပွဲအကြောင်း အချက်အလက်ရှာဖွေရန် ကျနော့်သား ကိုမြမောင်ရှာပေးထားသော စာအုပ်စာတမ်းအချို့ ကျနော့်ထံတွင် ရှိနေပါသည်။ ဗိုလ်မှုးကြီး (ဟောင်း)တင်မောင် ရေးသားသော “တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်”၊ မိုးမိုးတာရောစန် (ဗိုလ်မှုးကြီး ခင်မောင်သောင်း)ရေးသားသော “မုန်တိုင်းကိုမမှု အန်တုလေသော်“ နှင့် စစ်သမိုင်းပြတိုက်မှထုတ်ဝေသော “တပ်မတော်သမိုင်း”စာအုပ်များ ဖြစ်ပါသည်။ ကျနော်ထိုစာအုပ်များကို အချိန်ယူဖတ်ကြည့်ပါသည်။ စာအရေးအသားကောင်းကြပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅ဝ ကျော် ၆ဝ နီးပါးက အဖြစ်အပျက်များလည်းဖြစ်ပါသည်။ ကျနော့်အတွက် တိုက်ရိုက်သက်ဆိုင်သောအချက်များ သိပ်မတွေ့ရသော်လည်း သွယ်ဝိုက် သက်ဆိုင်သောအချက်အချို့ကို တွေ့ရပါသည်။ ထို့ကြောင့် အင်းစိန်တိုက်ပွဲအကြောင်းကို ကျနော်မှာ ကျနော့်စိတ်တွင် မှတ်သားစွဲမြဲမိသမျှ ကိုသာ အဓိကအခြေခံပြီး ရေးသားရပါတော့မည်။

အထက်ပါစာအုပ်များကို ပြန်လည်ဖတ်ရှုပြီးနောက် ကျနော်တို့ ဖြတ်သန်းတိုက်ခိုက်လာရသော ကျနော်တို့တိုင်းပြည်၏ ပြည်တွင်းစစ်ကြီး အပေါ် ပြန်ဆင်ခြင်တွေးတောမိပြီး များစွာရင်နာစိတ်မကောင်း ဖြစ်မိပါသည်။ ကျနော်သည် နောက်ကြောင်းဖြစ်ရပ်တွေကို ပြန်စဉ်းစားပြီး များစွာလည်း စိတ်ထိခိုက်မိသည်။ ပြည်တွင်းစစ်ကြီးအတွင်းမှာ တချိန်က ဗမာ့လွတ်လပ်ရေးအတွက် အတူတိုက်ပွဲဝင်လာခဲ့ကြသူများ အချင်းချင်းအကြား ပြန်လည်တိုက်ခိုက်ကြရပြီး ဗမာ့သားကောင်းသမီးကောင်းမြောက်မြားစွာ သေကျေခဲ့ကြရပေသည်။ တိုင်းပြည်အတွက် နှမျှောတသစရာ ဆုံးရှုံးမှုကြီးပင်ဖြစ်သည်။ အချင်းချင်းကြား မတိုက်ကြရဘဲ မသေဆုံးကုန်ကြဘဲ အားလုံးတိုင်းပြည် ပြန်လည်ထူထောင်ရေး တည်ဆောက်ရေးများမှာသာ ဝိုင်းအလုပ်လုပ်ကြမည်ဆိုလျှင် တိုင်းပြည်အတွက် ဘယ်လောက်ကောင်းလိုက်မလည်းဟုလည်း ယူဆစဉ်းစား နေမိပါသည်။ ပြည်တွင်းစစ်သည် ကျနော်တို့ တိုင်းပြည်တိုးတက်ရေးအတွက် အနှောင့်အယှက်ဖြစ်စေခဲ့သောအကြောင်းဆိုးကြီး ဖြစ်ခဲ့သည်ဟု ကျနော့်စိတ်တွင် ထင်မြင်မိသည်။

ဤသို့ ကျနော်ရေးသဖြင့် ကျနော့်ကိုတော်လှန်ရေးသမားထက် ရွှေပြည်အေးသမားဟု ထင်မြင်ကောင်းထင်မြင်နိုင်မည် ဖြစ်သော်လည်း ပြည်တွင်းစစ်အပေါ် ကျနော်၏တဒင်္ဂထိတွေ့ခံစားရမှုကို ဝမ်းနည်းနာကျည်းစွာဖော်ပြမိခြင်းသာ ဖြစ်ပါသည်။

အမှန်တော့လည်း အင်းစိန်တိုက်ပွဲ ပြည်တွင်းစစ် စသည်တို့မှာ နယ်ချဲ့ပယောဂနှင့်မကင်းပေ။
ကျနော်သည် “စစ်”၏သဘောကို ဆက်၍စဉ်းစားနေမိပါသည်။ “စစ်” ဆိုသည်မှာ လူတန်းစားတိုက်ပွဲ၏ အဆင့်အမြင့်ဆုံးတိုက်ပွဲပင်ဖြစ်သည်။
ကမ္ဘာ့သမိုင်းဆိုသည်မှာလည်း အခြေခံအားဖြင့် လူတန်းစားတိုက်ပွဲ၏သမိုင်းသာဖြစ်ပေသည်။ ထို့ကြောင့် လူတန်းစားတိုက်ပွဲ၏ အမြင့်ဆုံး သဏ္ဍာန်ဖြစ်သော “စစ်” ဆိုသည်မှာလည်း ကမ္ဘာ့သမိုင်းတွင် ပါဝင်တွန်းဆော်နေပေသည်။

စစ်ဆိုသည်မှာ အနိဌာန်ရုံဖြစ်၍ ကျနော်တို့က စစ်အားလုံးကိုမုန်းတီးဆန့်ကျင်ရန် မသင့်ပေ။ စစ်ဆိုသည်မှာ လူတန်းစား တိုက်ပွဲပင်ဖြစ်၍ အဆိုးအကောင်း၊ တရားတဲ့စစ်၊ မတရားတဲ့စစ်ဟူ၍ နှစ်မျိုးနှစ်စားအမြဲရှိနေပေသည်။ ကျနော်တို့သည် မတရားသောစစ်ကို မုန်းတီးဆန့်ကျင် ရမည်ဖြစ်သော်လည်း တရားသောစစ်ကိုမူ ထောက်ခံအားပေးရမည်ဖြစ်ပေသည်။ သို့မှာသာ ကမ္ဘာကြီးတိုးတက်လာမည် ဖြစ်ပါသည်။ ထို့ကြောင့် စစ်ဆိုသည်မှာ လူ့သမိုင်း ဖြစ်ပေါ်တိုးတက်မှုနှင့် မကင်းနိုင်၊ ထို့ကြောင့်ပင် ကျနော်တို့သည် တရားသောစစ်ကို ထောက်ခံ အားပေးပြီး မတရားသောစစ်ကို ဆန့်ကျင်ရှုတ်ချပစ်ပယ်ရပေမည်။

ကျနော်တို့သည် “အင်းစိန်တိုက်ပွဲကြီး”ကို မလွှဲသာ၍ တိုက်ရပေတော့သည်။ နှစ်ဘက်စလုံး ကိုယ့်ဘက်ကအမှန်ဟု ယူဆနေကြပေမည်။
အင်းစိန်စစ်ပွဲသည် ကျနော်၏ပထမဆုံးစစ်တက္ကသိုလ် ဖြစ်ခဲ့ပါသည်။ ကျနော်သည် ဤစစ်ပွဲမှ စစ်အတတ်ပညာ၏အနှစ်သာရကို အခြေခံ သဘောပေါက် နားလည်လာခြင်းဖြစ်ပါသည်။

ထို့ပြင် အင်းစိန်တိုက်ပွဲကြီးသည် ကျနော်၏ စစ်သားဘဝတွင် အခက်ခဲဆုံး၊ အပင်ပန်းဆုံး၊ အကျပ်အတည်းအရှိဆုံး၊ ဘေးအန္တရာယ် အများဆုံးနှင့် ထိခိုက်ကျဆုံးမှုအများဆုံး၊ အချိန်အကြာဆုံးဆင်နွှဲခဲ့ရသော တသက်မမေ့နိုင်သည့်တိုက်ပွဲကြီးပင် ဖြစ်ပေသည်။
အင်းစိန်တိုက်ပွဲသည် ကျနော်၏ ပထမဆုံးစစ်တက္ကသိုလ်ဟုပြောရခြင်းမှာ ဒီအရင်က ကျနော်တို့တိုက်ခဲ့ရသော စစ်အတွေ့အကြုံများမှာ အဓိကအားဖြင့် ပြောက်ကျားစစ်ပွဲများသာ များခဲ့ပါသည်။ ကျနော်တို့၏ အဓိကစစ်အတွေ့အကြုံမှာ ၁၉၄၅ ခုနှစ် ဖက်ဆစ်ဂျပန်တော်လှန်ရေး စစ်ပွဲပင်ဖြစ်သည်။ ဂျပန်တိုက်ခိုက်ရေးတွင် အဓိကတပ်များမှာ မဟာမိတ်စစ်တပ်များဖြစ်ပြီး ကျနော်တို့ကတပ်ဆွယ်များသာဖြစ်သည်။ ထို့ကြောင့်ကျနော်တို့၏တိုက်ပွဲပုံစံမှာလည်း ပြောက်ကျားစစ်သာအဓိကဖြစ်ပြီး နေရာယူစစ်များမှာ ရက်အနည်းသငယ်နှင့် ခေတ္တခဏ တစိတ်တပိုင်းများသာ ဖြစ်ခဲ့သည်။

စစ်တွင် နေရာယူစစ်များသာ တကယ့်စစ်ပွဲဖြစ်၍ ပြောက်ကျားစစ်မှာ ယေဘုယျ အများအာဖြင့် နေရာယူစစ်ပွဲ၏အထောက်အကူသာ ဖြစ်သည်။ ပြောက်ကျားစစ်သာအဓိကတိုက်ခဲ့ရသော ကျနော်တို့မှာ အင်းစိန်တိုက်ပွဲတွင် တလျှောက်လုံး “လ” အချို့ကြာအောင် ခေါင်းမာသောရန်သူများနှင့် နေရာယူစစ်ပွဲကြီးကို စတင်တွေ့ကြုံဆင်နွှဲရသဖြင့် ၎င်းသည်ကျနော်တို့၏ ပထမစစ်တက္ကသိုလ် ဖြစ်ရ ပေတော့သည်။

နေရာယူစစ်ပွဲဆိုသည်မှာ တဖက်နှင့်တဖက် ကျကျနနအတိအကျနေရာခံကတုတ်များစွဲပြီး အချိန်ရှည်လျားစွာတိုက်ရပြီး ပြောက်ကျားစစ် မှာတော့ ခံကတုတ်များစွဲမထားဘဲ မိမိအတွက်အခွင့်သာမည့်နေရာနှင့် အခွင့်သာမည့်အချိန်တွင် ရုတ်တရက်အလစ်ဝင်ရောက်ပြီး ထိုးသုတ် တိုက်ခိုက်ရခြင်း ဖြစ်သည်။ ထိုသို့တိုက်ခိုက်ပြီး ရန်သူ့ဘက်က ပြန်လှန်၍တုံ့ပြန်တိုက်ခိုက်နိုင်ခြင်းမရှိမီ ရသမျှလက်နက်ပစ္စည်းများယူပြီး ချက်ချင်းဆုတ်ခွာ ကွယ်ပျောက်သွားရခြင်းမျိုးဖြစ်သည်။

ပြောက်ကျားစစ်မှာ ယေဘုယျအားဖြင့် ချီတက်လှုပ်ရှားနေသော ပေါ်လွင်နေသောရန်သူကို ပုန်းလျှိုးလာပြီး သင့်တော်သောနေရာတွင် အလစ်အငိုက်တွင် ရုတ်တရက်ဝုန်းကနဲဝင်ရောက်ထိုးသုတ် တိုက်ခိုက်ခြင်းဖြစ်၍ မိမိဘက်က အထိအခိုက်အကျအဆုံး မများပေ။ “မ” စ” သော လက်နက်ကြီး၊ သံချပ်ကာကား စသည့် အကူအညီများသိပ်မလိုအပ်ပေ။ (သို့သော် လက်နက်ကြီးများ၊ သံချပ်ကာကားအကူအညီနှင့် ရုတ်တရက်ဝင်တိုက်သော ပြောက်ကျားစစ်များလည်း ရှိကြပါသည်။ အလွန်နည်းပါသည်။)
နေရာယူစစ်မှာ ယေဘုယျအားဖြင့် ခံကတုတ်ဖြင့် ကျကျနနအသေတပ်စွဲထားသောရန်သူကို မိမိလက်နက်ကြီးဖိအား၊ သံချပ်ကာကား အကူတို့ဖြင့် ကျကျနနစီစဉ်ပြီးတိုက်ရပေသည်။ ယေဘုယျအားဖြင့် ပြောက်ကျားစစ်မှာ လှုပ်ရှားနေသော၊ ပေါ်လွင်နေသောရန်သူကို လျှို့ဝှက်ပုန်းအောင်းပြီး ရုတ်တရက်ဝင်တိုက်ခြင်းဖြစ်သည်။ နေရာယူစစ်တွင် ခံစစ်စွဲထားသောရန်သူကို “မ” စ” သော မီးအား၊ သံချပ်ကာကား အကူမပါဘဲ တခါတရံအလစ်ထိုးဖောက်ပြီး ထိုးသုတ်တိုက်ခိုက်ခြင်းမျိုးလည်း အခါကောင်းအခွင့်ကောင်းတွင် တိုက်ခိုက်နိုင်ခြင်းလည်း ရှိပေသည်။

အင်းစိန်တိုက်ပွဲသည် ကျနော်၏ စစ်သားဘဝတွင် အခက်အခဲဆုံး၊ အကျပ်တည်းဆုံးဖြစ်ခဲ့ရသည်မှာ အကြောင်းရင်းများစွာရှိပါသည်။ ပထမဆုံးအကြောင်းမှာ ထိုစဉ်က ကျနော့်မှာ စစ်အတွေ့အကြုံ ပညာဗဟုသုတအားနည်းနေသေးခြင်းသည် အဓိကအကြောင်းရင်း ဖြစ်နေ ပါသည်။ ကျနော်သာ  အတွေ့အကြုံအားနည်းနေသည်သာမက ထိုစဉ်က အင်းစိန်တိုက်ပွဲတွင် ကျနော်နှင့်အတူပါဝင်တိုက်ခိုက်နေကြသော တပ်မှုးကြီးများဖြစ်ကြသော ဗိုလ်မှုးကြီးဘလိပ်၊ ဒုဗိုလ်မှုးကြီးချစ်မြိုင်၊ ဒုဗိုလ်မှုးကြီးကြည်မောင်၊ ဒုဗိုလ်မှုးကြီးစောမြင့် စသူတို့မှာလည်း ကျနော့်လိုပင် အတွေ့အကြုံအားနည်းနေသောကာလဖြစ်နေပေသည်။ သို့သော် ကျနော်တို့အားလုံး တတ်နိုင်သစည်းလုံးညီညွတ်စွာဖြင့် တိုင်တိုင်ပင်ပင်ဆွေးနွေးလုပ်ကိုင်ဆောင်ရွက်ခဲ့ကြပါသည်။

ဒုတိယအကြောင်းမှာ ထိုစဉ်က ရန်သူများဖြစ်နေကြသော ကေအင်ဒီအိုတပ်မှုးအချို့မှာ ဗြိတိသျှတပ်မှပါလာသူများဖြစ်၍ စစ်ရေးအရ အတော်အတန်ကျွမ်းကျင်ကြပြီး နေရာယူစစ်ပွဲအတွေ့အကြုံများ ရှိထားကြသည်။ ထို့အပြင် ကေအင်ဒီအိုတပ်သများမှာလည်း တိုက်ခိုက်ရေး စိတ်ဓာတ်မြင့်မားပြီး အလွန်ခေါင်းမာကြံ့ခိုင်ကြသောသူများ ဖြစ်သောကြောင့်လည်းဖြစ်သည်။ ဤသို့ဖြစ်ရသည်မှာ ကျနော့်အထင် အချက်အချို့ ရှိပါသည်။

ပထမအချက်မှာ ထိုအချိန်ကာလက ကေအင်ဒီအိုတို့မှာ အမျိုးသားရေးစိတ်ဓာတ်အပြင်ထန်ဆုံးကာလ ဖြစ်နေပေသည်။ ဒုတိယအချက်လည်းဖြစ် အဓိကအချက်လည်းဖြစ်သည်မှာ ထိုအင်းစိန်ဝန်းကျင်ဒေသမှာ ကရင်အမျိုးသားများစွာ၏ ဇာတိဋ္ဌာနေဒေသ ဖြစ်ခဲ့သည်။ ထို့ကြောင့် သူတို့စစ်ရှုံးနေသော်လည်း သူတို့၏ဇာတိမှ မိမိအိမ်သားများနှင့်ခွဲခွာပြီးမဆုတ်ခွာလို မခွဲခွာလိုကြပေ။ ထို့ကြောင့် ပေတေပြီး စွဲမြဲစွာ ဇွဲကောင်းကောင်းနှင့်ခုခံကြသည်။

ထို့ပြင် အင်းစိန်အဝင်ဝ နှုတ်ခမ်းများတွင်ရှိသော “မင်းဓမ္မကုန်း”၊ “တောင်သူကုန်း” စသော လက်နက်ငယ်ခံစစ်အတွက် များစွာအသုံးဝင် နိုင်သော အချက်အချာကျသည့်တောင်ကုန်းကလေး သုံး လေး လုံးရှိနေရာ ထိုကုန်းတွေပေါ်မှတပ်စွဲထားသူတို့ကို ကျနော်တို့ခက်ခဲစွာ တိုက်ခိုက်တွန်းလှန်ခဲ့ရပေသည်။

နောက်အကြောင်းတခုမှာ နေရာယူခံစစ် တပ်စွဲထားသောရန်သူကိုတိုက်ခိုက်ရာတွင် တိုက်သူဘက်က လုံလောက်သော အမြောက်ဆံမီးအား၊ သံချပ်ကာအားတို့ရှိရမည်ဖြစ်ရာ ကျနော်တို့တွင် အမြောက်ဆံ၊ ဗုံး၊ သံချပ်ကာအားတို့ မလုံလောက်ပေ။ အဓိက ခြေလျင်တပ်လက်နက်နှင့်ပင် တိုက်နေရသည်။ ၂၇ တန် စတူးဝပ်တင့်ကားလေး နှစ်စီးသုံးစီးရှိသော်လည်း ၎င်း၏အမြောက်ဆံမရှိ၍ စစ်ပွဲတွင် မထိရောက်လှပေ။ ထို့ကြောင့် “မ” စ” သော လက်နက်ကြီးအားမလုံလောက်၍လည်း အင်းစိန်တိုက်ပွဲသည် ခက်ခဲကြန့်ကြာရပေသည်။

အလွန်ခက်ခဲ ကျပ်တည်းသွားရသောအကြောင်းကတော့ ဗမာ့တပ်မတော်တွင်းရှိ ကရင်အမျိုးသားသေနတ်ကိုင်တပ်ရင်းနှစ်ရင်း အစိုးရကို ပုန်ကန်သွားခြင်းပင် ဖြစ်ပါတော့သည်။ တောင်ငူရှိ ကရင်တပ်ရင်း(၁)မှာ အင်းစိန်ကို ကေအင်ဒီအိုများမသိမ်းပိုက်မီကလေးတွင် ၁၉၄၉ ခုနှစ် ဇန္နဝါရီလကုန် (၂၇)ရက်နေ့လောက်တွင် အစိုးရကိုပုန်ကန်ပြီး တောင်ငူမြို့ကိုသိမ်းပိုက်လိုက်သည်။ အလားတူ ဖေဖော်ဝါရီ(၄)တွင် ပြည်မြို့တွင် တပ်စွဲထားသော ကရင်အမျိုးသားသေနတ်ကိုင် တပ်ရင်း(၂)က ပြည်မြို့ကိုသိမ်းပိုက်လိုက်သည်။

ထိုအချိန် ကရင်အမျိုးသားများ၏စီမံကိန်းမှာ အင်းစိန်ကိုသာသိမ်းယူရန်မက ဗမာအစိုးရမြို့တော် ရန်ကုန်မြို့ကိုပါသိမ်းပြီး၊ ဗမာပြည်ကိုပါ လွှမ်းမိုးအုပ်စိုးနိုင်ရန် ဖြစ်ပါသည်။ (သို့မဟုတ်)ကရင်ပြည်နယ်ကို သူတို့စိတ်ကြိုက်တောင်းဆိုရယူရန် ဖြစ်နိုင်ပေသည်။

ကေအင်ဒီအိုတို့၏ ထိုစဉ်ကစီမံကိန်းမှာ အထက်တွင်ဖော်ပြခဲ့သော တောင်ငူနှင့်ပြည်မြို့မှာရှိသော ကရင်သေနတ်ကိုင်တပ်ရင်း(၂)ရင်းက ရန်ကုန်မြို့တော်ဘက်ဆင်းလာကြပြီး အင်းစိန်တွင် အင်းစိန်မြို့ရှိကေအင်ဒီအိုတို့နှင့်ပုးပေါင်းပြီး ရန်ကုန်မြို့တော်ကိုတိုက်ခိုက်သိမ်းယူရန် ဖြစ်ပေသည်။
ထိုအချိန်တွင် ကျနော်တို့ ရန်ကုန်ကာကွယ်ရေးအတွက် နယ်မှတပ်များကို သယ်ယူနိုင်သောလမ်းမှာလည်းကောင်း၊  ရန်ကုန်နှင့်နယ်ဒေသ ဆက်သွယ်ရေးမှာလည်းကောင်း၊ မင်္ဂလာဒုံလေယာဉ်ပျံဆိပ်သာ ရှိပေသည်။ အခြားသောရန်ကုန်ဝင်လမ်းများ ပိတ်ဆို့နေပါသည်။ ထိုစဉ်က အင်းစိန်ရှိ ကေအင်ဒီအိုတို့က စော်ဘွားကြီးကုန်းစစ်မျက်နှာတွင် ၎င်းတို့လက်ရှိစခန်းမှ ရှေ့သို့ကိုက်(၂ဝဝ)မျှတိုးပြီး တပ်စွဲလိုက်နိုင်လျှင် လေယာဉ်အဆင်းအတက်ကို လက်နက်ငယ်များဖြင့် လက်လှမ်းမီစွာပစ်ခတ်နိုင်မည်ဖြစ်၍ မင်္ဂလာဒုံလေယာဉ်ကွင်းသုံးမရ ဖြစ်ရပေတော့မည်။ အင်းစိန်မှ ၃ လက္မမော်တာတို့ဖြင့် အလှမ်းမီနိုင်သော်လည်း အင်းစိန်မြို့သိမ်းကေအင်ဒီအိုတို့တွင် ၃ လက္မမော်တာများမရှိပေ။ ထို့ကြောင့် ကျနော်တို့၏ တခုတည်းသော ရန်ကုန်မြို့သို့ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မင်္ဂလာဒုံလေယာဉ်ကွင်းကို လုံခြုံစွာအသုံးပြုနိုင်ခဲ့ကြ ပေသည်။

ထိုအချိန်သည် ဗမာပြည်အတွက် ဘေးအန္တရာယ်အကြီးဆုံး အစိုးရိမ်ရဆုံးအချိန်ဖြစ်ပေသည်။
ကေအင်ဒီအိုတို့၏စီမံကိန်းအတိုင်း ၎င်းတို့၏ အင်းစိန်၊ တောင်ငူ၊ ပြည် တပ်သုံးတပ် အင်းစိန်မှာဆုံကြပြီး ရန်ကုန်မြို့ကြီးကိုလုပ်ကြံကြလျှင် ကျနော်တို့ ခုခံနိုင်ဖို့ခဲယဉ်းသည်။ အခြေအနေ ကြီးစွာရှုပ်ထွေးသွားတော့မည်ဖြစ်သည်။

ကျနော်သည် မြစ်ဝကျွန်းပေါ်ဒေသနှုတ်ခမ်းတွင်အသင့်ရှိနေသော ဒုဗိုလ်မှုးကြီးချစ်မြိုင်ခေါင်းဆောင်သော ဗမာ့သေနတ်ကိုင် တင်ရင်း(၃)မှာ ကျနော်ကိုင်ခဲ့သောမူလတပ်ရင်းဖြစ်၍ ထိုတပ်ရင်းကို အရင်ဆုံးနှင့်အစောဆုံး ရန်ကုန်သို့ခေါ်ယူလိုက်ပါသည်။ ထိုအချိန်က တွံတေး တူးမြောင်းကို ကေအင်ဒီအိုတို့သိမ်းပိုက်တပ်စွဲထားသဖြင့် ထိုတပ်ရင်းမှာ ပင်လယ်ဘက်မှလှေများဖြင့် ခဲယဉ်းစွာချီတက်လာရပြီး ကျနော်တို့ရှိရာ ရန်ကုန်သို့ချောမောစွာရောက်ရှိခဲ့ပါသည်။ ထိုတပ်ရင်းကိုပင် ပြည်မြို့က ရန်ကုန်သိမ်းရန်ဆင်းလာသော ဒုဗိုလ်မှုးကြီး စောမြမောင်ဦးစီးသည့် ကရင်သေနတ်ကိုင်တပ်ရင်း(၂)ကို လမ်းမှကြိုတိုက်ရန် တာဝန်ပေးရပါသည်။

ဒုဗိုလ်မှုးကြီးချစ်မြိုင်တို့ အမြန်ချီတက်သွားရာ လမ်းရှိ သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ် “ဝက်ကော်”ရွာတွင် ပြည်မြို့ကဆင်းလာသော ကရင်သေနတ်ကိုင် တပ်ရင်း(၂)နှင့် တွေဆုံတိုက်ပွဲ ဖြစ်ကြပါသည်။ ကရင်သေနတ်ကိုင်တပ်ရင်း(၂) တပ်ရင်းမှုးမှာ စစ်အတွေ့အကြုံ အားနည်းသဖြင့် ထိုဝက်ကော်တိုက်ပွဲတွင် ဒုဗိုလ်မှုးကြီးချစ်မြိုင်ဦးစီးသော ဗမာ့သေနတ်ကိုင်တပ်ရင်း(၃)က လုံးဝအောင်နိုင်ခဲ့ပြီး ကရင် သေနတ်ကိုင်တပ်ရင်း(၂)မှာ လုံးဝဖရိုဖရဲ ပြိုကွဲသွားပါသည်။ ကျနော်တို့သည် ပြည်မြို့ဘက်ကဆင်းလာသောရန်သူအပေါ် လုံးဝအောင်နိုင် လိုက်ပါသည်။

ထိုအချိန်လောက်တွင်ပင် အင်းစိန်ရှိကရင်သူပုန်များက အစိုးရနှင့်စေ့စပ်ဆွေးနွေးပြီး ငြိမ်းချမ်းလိုသည်။ အပစ်အခတ်ရပ်စဲပေးပါဟုတောင်းဆို လာပါသည်။ ကျနော်တို့ဝမ်းမြောက်စွာ အပစ်အခတ်ရပ်စဲပြီး ၎င်းတို့၏ခေါင်းဆောင်များ ရန်ကုန်မြို့တွင်းရှိအစိုးရနှင့်တွေ့ရန် စီစဉ်ပေးပါသည်။
ကရင်အမျိုးသားခေါင်းဆောင်စောဘဦးကြီးကိုယ်တိုင် ခေါင်းဆောင်သော ကရင်အဖွဲ့  ရန်ကုန်ထဲဝင်ပြီး အစိုးရအဖွဲ့နှင့်ဆွေးနွေးကြပါသည်။ ကျနော်တို့ဝမ်းသာနေကြသော်လည်း ဆွေးနွေးပွဲနှစ်ရက်လောက်ကြာပြီးနောက် ကရင်တို့ဘက်က ဆွေးနွေးပွဲဖြက်လိုက်ပြီဟု ကြေညာသည်။ ကျနော့်စိတ်အထင် တောင်ငူကရင်သေနတ်ကိုင် တပ်ရင်း(၁)က တားမြစ်လို့ဟုသံသယရှိနေပါသည်။

ကျနော်တို့ဆက်ပြီးတိုက်ကြရပါတော့သည်။