Friday, September 13, 2019

ပျားရည်ကဲ့သို့အစဉ်ချိုမြိန်တဲ့ငြိမ်းချမ်းရေး

0 comments
ပျားရည်ကဲ့သို့အစဉ်ချိုမြိန်တဲ့ငြိမ်းချမ်းရေး
(ပါတီအနှစ်(၈၀) ပြည့် အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်
အမှတ်(၄၂) မှာ ဖော်ပြမယ့်ဆောင်းပါး)
“ငြိမ်းချမ်းရေးသည် ပျားရည်ကဲ့သို့အစဉ်၊ တမာပင် သရက်ပင်၊ ဘာပင်ပဲစွဲစွဲ ချိုမြဲအရသာ မစွန့်သည်သာပင်” (ဆရာမြို့မငြိမ်း)။
ဗမာပြည်ပြည်သူတွေဟာသူတို့ရဲ့ အသက်သွေးချွေးတွေစတေးပြီးရခဲ့တဲ့ လွတ်လပ်ရေးဆိုတာကို စတင်ခံစားရတော့မယ့်အချိန်မှာပဲ ပြည်တွင်းစစ်ဆိုတာကြီးနဲ့ ရင်ဆိုင်တိုးလိုက်ရတော့ ငြိမ်းချမ်းရေးကို နေလို၊ လလိုတောင့်တခဲ့ကြတာ အခုဆိုရင် နှစ်ပေါင်း ၇၀တောင်ကျော်သွားခဲ့ပါပြီ။ ဒါပေမဲ့ အခုအခါမှာတော့ သာမန်လူထုတွေအနေနဲ့ငြိမ်းချမ်းရေး ဆိုတဲ့ အသံကိုကြားရင် ဘယ်သူကပြောတယ်၊ ဘာရည် ရွယ်ချက်နဲ့ပြောတယ်၊ ဘာအဓိပ္ပာယ်လဲလို့ တွေဝေစဉ်းစားရတာတွေဖြစ်နေပါတယ်။
အထက်ကစာသားတွေပါတဲ့ ငြိမ်းချမ်းရေးသီချင်းကိုရေးမိတဲ့အတွက် ဆရာမြို့မငြိမ်းခမျာ အဲဒီတုန်းကပြည်ထဲရေးဝန်ကြီးဆိုသူကကြိမ်းမောင်း တာခံရတယ်လို့ကြားရဖူးပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း ငြိမ်းချမ်းရေးကိုလိုလားတောင့်တတဲ့ ပြည်သူလူထုကြီးရဲ့အာသာဆန္ဒကိုထင်ဟပ်မိတဲ့ စာပေအနုပညာရှင်တွေအမြောက်အမြားဟာလည်း ငြိမ်းချမ်းရေးစကားဖော်ကျူးမိလို့ပဲ အစိုးရအငြိုငြင်ခံရ၊ ပုဒ်မ(၅)နဲ့အဖမ်းခံရနဲ့ နိုင်ငံတော်အစိုးရရဲ့ “ဆုံးမခြင်း”အမျိုးမျိုးကိုခံကြရပါတယ်။ ဒီလိုနဲ့ ၅၀ စုနှစ်များတလျှောက်မှာ ငြိမ်းချမ်းရေးစကားပြောခြင်းဆိုတာဟာ နိုင်ငံတော်အစိုးရကိုအာခံခြင်းဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ခဲ့ပါတယ်။
ပြည်တွင်းစစ်ကိုအပြုတ်တိုက်ရေးနဲ့အဆုံးသတ်စေမယ်ဆိုတဲ့ ဖဆပလအစိုးရနဲ့သူတို့ရဲ့စစ်တပ်တို့ ကောင်းစားတဲ့ ခေတ်မှာ အုပ်စိုးသူဖဆပလအစိုးရကပြောတဲ့ငြိမ်းချမ်းရေးဆိုတာဟာ ပြည်သူ့ရဲဘော်တဖွဲ့တည်းသာလက်နက်ချခဲ့တဲ့ “ဒီမိုကရေစီနဲ့ဖော့ဦးထုပ်နဲ့ လဲတယ်”ဆိုတဲ့ လက်နက်ချခိုင်းတဲ့ ငြိမ်းချမ်းရေးလို့ပဲ အဖြေထွက်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ငြိမ်းချမ်းရေးဆိုတဲ့စကားကို အုပ်စိုးသူတွေ၊ အထူးသဖြင့်စစ်အုပ်စုဝင်တွေက နှုတ်ဖျားကမချ တွင်တွင်ပြောတာဖြစ်လာပါ တော့တယ်။ စလိုက်တာက ဗိုလ်နေဝင်းပါ။ ၁၉၆၃ခုနှစ်မှာသူလုပ်လိုက်တဲ့ ငြိမ်းချမ်းရေးဆိုတာကြီးပြီးသွားတဲ့နောက်မှာ လက်နက်ကိုင်အနည်းအပါး လက်နက်ချတာနဲ့ ဖြတ်လေးဖြတ်တွေ၊ ထိုးစစ်ကြီးတွေဆင်ပြီးအပြုတ်တိုက်တာတွေ ကိုမြင်တွေ့ကြရပါတော့တယ်။ တကယ့်ငြိမ်းချမ်းရေးအတွက် လှုပ်ရှားမိခဲ့သူတွေမတော့ ထောင်နဲ့ချီပြီးထောင်တွေထဲရောက်ကုန်ပါတယ်။ ဒါတွင်ပဲလားဆိုတော့ မကသေးဘူးလို့ပဲဆိုရမှာပါ။ ဗမာပြည်မှာနိုင်ငံရေး မှာ စစ်တပ်ကအာဏာသိမ်းတယ်ဆိုတာနဲ့ပဲငြိမ်းချမ်းရေးစကားတွေ ဖောင်ဖောင်ကြားရတဲ့ အစဉ်အလာတခုဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီမှာထင်ရှားတဲ့ အဓိပ္ပာယ်တခုကတော့ ပြည်တွင်းစစ်နဲ့ပတ်သက်တဲ့ကိစ္စအဝဝကို အရပ်သားအစိုးရတွေမှာ ပြောပိုင်၊ လုပ်ပိုင်ခွင့်မရှိဘူး၊ စစ်အုပ်စုနဲ့သူတို့ရဲ့စစ်တပ်မှာ သာ ပြောပိုင်၊ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာဖြစ်ပါတယ်။ ဒါနဲ့တဆက်တည်း ပြည်တွင်းစစ်နဲ့အာဏာထိန်း၊ ပြည်တွင်းစစ်နဲ့ကြီးပွား
ချမ်းသာတဲ့ စစ်အုပ်စုထိပ် သီးတွေအဖို့ ပြည်တွင်းစစ်ဟာသူတို့အတွက် အကောင်းဆုံးလက်နက်၊ ဝါဒဖြန့်စရာ၊ ပြည်တွင်းပြည်ပကိုလှည့်စားစရာအဆောင်ပစ္စည်းတခုဖြစ်လာပါ တော့တယ်။
ဖဆပလအစိုးရကနေ သူတို့ရဲ့အတိုက်အခံတွေကို တောထဲနဲ့ ထောင်ထဲမောင်းပို့ခဲ့ရာကနေ ပြည်တွင်းစစ်ကြီးစတင်ဖြစ်ပွားခဲ့တာကို ကောင်းကောင်းနား လည်သဘောပေါက်တဲ့စစ်အုပ်စုဝင်အဆက်ဆက်ဟာ ၆၂ခုနှစ် သူတို့အာဏာသိမ်းပြီးချိန်ကစပြီး ကျောင်းသားတွေကိုတောထဲမောင်းပို့ပြီး အပြတ်ချေ မှုန်းတာတွေလုပ်လာခဲ့ပါတယ်။ ဒီသဘောထားနဲ့ဒီလုပ်ရပ်ကို ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်းမှာ ပိုတောင်ထင်ရှား၊ ပိုတောင်ဆိုးဝါးခဲ့ပါတယ်။
စစ်အုပ်စုအနေနဲ့ သူတို့ကိုခေါင်းမာမာဆန့်ကျင်သူတွေဆိုရင် အပြုတ်တိုက်အပြတ်ရှင်းပြီး အခွင့်အရေးနဲ့ချော့မြှူလို့ရမယ့်သူဆိုရင် သံအမတ်ရာထူး ကနေ စီးပွားရေးလုပ်ငန်းကြီးတွေအထိပေးပြီး သိမ်းသွင်းပါတယ်။
တဖက်မှာ ပြည်တွင်းစစ်နဲ့ပတ်သက်ရင် စစ်အုပ်စုမှာ ကြီးမားတဲ့ချို့ယွင်းချက်တခုလည်း ရှိနေပါတယ်။ အဲဒါကတော့ ပြည်တွင်းစစ်ကို ဆက်လက်ထိန်းသိမ်း မွေးမြူထားလိုတဲ့ စစ်အုပ်စုရဲ့ အလိုလောဘနဲ့ယှဉ်တဲ့ ဆန္ဒပါ။ ပြည်တွင်းစစ်ကြီးမရှိတော့ရင် သူတို့အဖို့လုပ်စားစရာ၊ ကြံဖန်စရာမရှိတော့ဘူးမဟုတ်လား။ ဒီနေရာမှာ တောထဲ ကိုမောင်းပို့တယ်ဆိုတဲ့သာဓကတခု ထောက်ပြချင်ပါတယ်။ အဲဒါက စစ်တပ်ပထမဆုံးအာဏာသိမ်းတဲ့ ကြားဖြတ်အစိုးရခေတ်မှာ ကျန်းမာရေး မကောင်းလို့ စစ်ကိုင်းတောင်ပေါ်လာပြီးဆေးကုနေတဲ့ ဗကပခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်အာဠာဝကကို စစ်တပ်ကဖမ်းရသွားပါတယ်။ ရဲကိုအသိပေး တာ၊ ဖြတ်သန်းတာလုံးဝမရှိပါဘူး။ ဒီလိုနဲ့အဲဒီတုန်းကမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တိုင်းမှူးဖြစ်နေတဲ့ ဗိုလ်အောင်ရွှေက ဗိုလ်နေဝင်းဆီကို ဘာလုပ်ရ မလဲလို
့ခွင့်ခံပါသတဲ့။ ဗိုလ်အာဠာဝကဟာ ဂျပန်ကိုတော်လှန်တုန်းက မန္တလေးနဲ့အထက်ဗမာပြည်မှာနာမည်ကြီးပြီး မန္တလေးသားတွေကချစ်ခင်သူ ဖြစ်လို့ ဗိုလ်အောင်ရွှေက လက်လွတ်စပယ်မလုပ်ဝံ့တာပါ။ ဒီအခါမှာဗိုလ်နေဝင်းပြန်ဖြေလိုက်တာက “မြေပေါ်မှာကွန်မြူနစ်ရှားလို့တောထဲကသွားခေါ် လာခိုင်းတာမဟုတ်ဘူး၊ အာဠာ့မျက်နှာငါမကြည့်ချင်ဘူး”တဲ့။ ဒီလို
အမိန့်မျိုးကိုတိတိကျကျလိုက်နာရတဲ့ တိုင်းမှူးလုပ်သူက အဲဒီညမှာပဲ ဗိုလ်အာဠာကို မန္တလေးနန်းတွင်းစစ်ထောင်ကနေခေါ်ထုတ်ပြီး ပစ်သတ်လိုက်ပါတယ်။
အခုတော့ ဗမာပြည်မှာ စစ်အုပ်စုနဲ့သူတို့ရဲ့ခါးပိုက်ဆောင်စစ်တပ်ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့လုပ်စားနေလိုက်တာ လူအတော်များများ အဆီတောင်ယစ်ကုန်ပါပြီ။ ညောင်နှစ်ပင်စံချိန်ကိုချိုးတဲ့နှစ်ပေါက်ဆွေးနွေးပွဲရှည်ကြီးတွေ၊ အေဘီစီဒီစာလုံးအတိုကောက်တွေနဲ့ ပြည်ပအထောက်အပံ့တွေအမြောက်အမြားယူပြီး ဘာမှဖြစ်မလာတဲ့အစုအစည်းတွေ စသဖြင့် ပြောမဆုံးပေါင်၊ တောသုံးထောင်တွေ့နေကြရပါတယ်။ ဒါပေမဲ့ ပြည်တွင်းစစ်မီး
ကြီးကတော့တဟုန်းဟုန်းတောက်လောင်နေဆဲပါ။ အမြောက်သံတွေဟာလည်း ဗမာပြည်အနောက်ဖျားကနေ အရှေ့ဖျားအထိ ဟိန်းဟိန်းညံနေဆဲဖြစ် ပါတယ်။
တကယ်အတည် ငြိမ်းချမ်းရေးရပြီဆိုတဲ့အဖွဲ့အစည်းလို့ တိတိပပပြောစရာပေါ်မလာဘဲ လက်နက်ကိုင်တော်လှန်တဲ့အဖွဲ့အသစ်တွေနဲ့ တိုက်ပွဲ ဒေသအသစ်တွေသာ ပေါ်လာနေတာတွေ့ရပါတယ်။ အခုနောက်ဆုံးပေါ်ထွက်လာတဲ့ စစ်ကြောင်းတွေဟာ ဘယ်သူဌေးရဲ့စီးပွားရေးခွင်ကို
ရှောင်ပေး မယ်၊ ငွေဘယ်လောက်ပေး လို့တောင်းတဲ့ကိစ္စတွေ ပုပ်လို့ပေါ် ဟုတ်လို့ကျော်လာခဲ့ပါတယ်။ ဒါတွေကိုပြန်စဉ်းစားလိုက်တော့ သြော်
-ပြည်တွင်းစစ်နဲ့ငြိမ်း ချမ်းရေး ဆွေးနွေးပွဲဆိုတာတွေဟာ ဗိုလ်ချုပ်တွေအတွက် ဇိမ်ခံပစ္စည်းတွေဖြစ်နေပါကလားလို့နှုတ်ကထွက်သွားပါတယ်။
နှစ်ပေါင်း ၇၀ ကျော်လာပြီဖြစ်တဲ့ ဗမာပြည်ကပြည်တွင်းစစ်ဟာ အစိုးရအဆက်ဆက်နာမည်နဲ့တိုက်ခဲ့ကြတာဖြစ်ပေမယ့် တိုက်တဲ့စစ်တပ်ကတော့ တခုတည်းမို့ ဒီစစ်တပ်ဟာအခုအထိလည်း ၄၈ခုနှစ်တုန်းကလို လူထုကိုအမျိုးမျိုးနှိပ်စက်၊ လုယက်သတ်ဖြတ်တာ၊ အမျိုးသမီးတွေကိုအနိုင်ကျင့်တာ၊ ပေါ်တာဆွဲ စစ်သားဆွဲတာစတဲ့ ကြေးစားလူသတ်သမားအစဉ်အလာကိုတော့ ကျင့်သုံးမြဲကျင့်သုံးနေတာတွေ့ရပါတယ်။
ဒီပြည်တွင်းစစ်တလျှောက်မှာ စစ်အုပ်စုရဲ့လက်စွဲပေါ်လစီတခုကတော့ လူမျိုးရေး၊ ဘာသာရေးမှိုင်းတွေတိုက်၊ အဓိကရုဏ်းတွေဖန်တီးတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာထိုးစစ်ဆင်ရင် တခြားအမျိုးသားလက်နက်ကိုင်တပ်တွေ(ဥပမာ ကရင်)ကို အသုံးပြုတာ၊ ပြည်တွင်းစစ်ရဲ့အစောပိုင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုဌာနချုပ်ရှိရာ ပျဉ်းမနားဒေသတဝိုက်ကိုထိုးစစ်ဆင်တော့ ကချင်တပ်တွေကိုသုံးပြီး လုယက်၊ သတ်ဖြတ်၊ အဓမ္မပြု
တာတွေလုပ်စေခဲ့ပါတယ်။ အလားတူပဲ တရုတ်ဖြူကျူး ကျော်မှုကိုပြန်
တိုက်ဖို့လွှတ်လိုက်တဲ့ အစိုးရစစ်တပ်တွေထဲက ဗမာလူမျိုးတပ်တွေဟာ
ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်မှာ လုယက်၊ သတ်ဖြတ်၊ မုဒိမ်း ကျင့်
တာတွေလုပ်လို့ အဲဒီဒေသတွေမှာဗမာမုန်းတီးတာတွေ၊ အစိုးရတပ်
ကိုပြန်ချတာတွေပေါ်ပေါက်ခဲ့ပါတယ်။ အခုလည်းပဲ ဗမာပြည်အနောက်
ဖက်ခြမ်း မှာ ရခိုင်-ဗမာမုန်းတီးရေးတွေပေါ်ပေါက်အောင် လုပ်နေပြန်ပါ
ပြီ။ လူမျိုးရေးအာဃာတဆိုတာ သမိုင်းနဲ့၊ ရာစုနှစ်နဲ့ချီပြီးတည်ရှိတတ်တယ်ဆိုတာ စစ် အာဏာရှင်တွေမသိတာမဖြစ်နိုင်ပါဘူး၊ သိလျက်နဲ့လုပ်တာပါ။
တခြားမပြောနဲ့ ဗမာပြည်အရှေ့ဖျားမှာ ငြိမ်းချမ်းရေးသံတွေကို တိတ်ရီကော်ဒါထဲကနေ အထပ်ထပ်လွှင့်ပြနေတာနဲ့ တချိန်တည်းမှာ အနောက် ဖျားမှာတော့ ရှိသမျှအသစ်ဆန်းဆုံးလက်နက်၊ အကြီးဆုံးအင်အားနဲ့ လူမျိုးရေးမုန်းတီးရေးစကားတွေအော်ဟစ်ပြီး ရက်ရက်စက်စက် သတ်ဖြတ် နေပါတယ်။ ရာစုနှစ်တခုနီးပါး ကြာရှည်လာတဲ့ဒီပြည်တွင်းစစ်ကြီးမှာ ထင်ရှားသထက်ထင်ရှားလာတဲ့အချက်က ဗမာပြည်မှာပြည်တွင်းစစ်ကြီးရပ်စဲ စေဖို့အတွက်ဆိုရင် ဒီစစ်ကြီးကိုဖန်တီးတဲ့၊ ထိန်းသိမ်းတိုးချဲ့နေတဲ့ စစ်အုပ်စုကိုဖြိုခွဲပစ်မှသာ ပြည်သူအားလုံး ငြိမ်းချမ်းတဲ့ဘဝကိုရရှိနိုင်မှာဖြစ်ပါတယ်။

0 comments:

Post a Comment