Tuesday, September 17, 2019

အမေရိကန်ရဲ့ ဒေါ်လာလက်နက်

0 comments
အမေရိကန်ရဲ့ ဒေါ်လာလက်နက်
(ပါတီအနှစ်(၈၀) ပြည့် အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ် အမှတ်(၄၂) တွင် ဖော်ပြမည့် ဆောင်းပါး)
ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ အမေရိကန်နိုင်ငံဟာ စီးပွားရေးအရ၊ စစ်ရေးအရ အင်အားကြီးထွားလာခဲ့တယ်။ ကမ္ဘာစစ်အပြီးမှာ စစ်ရှုံးသွားတဲ့ အင်အားကြီးနယ်ချဲ့နိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ အီတလီ၊ ဂျပန်တို့သာမက စစ်နိုင်တဲ့ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်စတဲ့ နယ်ချဲ့နိုင်ငံကြီးတွေလည်း စစ်ဘေးဒဏ်ကြောင့် အဘက်ဘက်က အင်အားချည့်နဲ့ကုန်ကြတယ်။ ဒါ့အပြင် လက်အောက်ခံကိုလိုနီနိုင်ငံတွေမှာလည်း အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုတွေ အရှိန်အဟုန်ပြင်းပြင်းနဲ့ ပေါ်ပေါက်လာနေတာကြောင့် သူတို့အတွက် အခြေအနေတွေက ပိုဆိုးသွားခဲ့တယ်။ တချိန်က အင်အားကြီး နယ်ချဲ့နိုင်ငံတွေဖြစ်ခဲ့တဲ့ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ စတဲ့နိုင်ငံတွေဟာ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် မလွဲမရှောင်သာ အမေရိကန်နိုင်ငံကို မှီခိုရတော့တယ်။ အမေရိကန်နိုင်ငံကတော့ စီးပွားရေးအရတောင့်တင်းလာတဲ့အပြင် စစ်ရေးဘက်မှာလည်း အစွမ်းထက်တဲ့ အနုမြူဗုံးကို တနိုင်ငံတည်း ပိုင်ဆိုင်ထားတာကြောင့် နယ်ချဲ့နိုင်ငံများရဲ့ခေါင်းဆောင်ဗိုလ်ကြီး ဖြစ်လာခဲ့တယ်။ ၁၉၄၉ ကျမှ ဆိုဗီယက်ယူနီယံက အနုမြူဗုံးစမ်းသပ်ဖောက်ခွဲနိုင်ခဲ့တာဖြစ်တယ်။
ဒီလို ကမ္ဘာ့နယ်ချဲ့ဗိုလ်ကြီးအဆင့်အတန်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့နဲ့ အရင်ပုံစံအဟောင်းအတိုင်း နယ်ချဲ့စနစ်နဲ့ အလုပ်မဖြစ်တော့တာကြောင့် ပုံစံသစ်နယ်ချဲ့စနစ်အတွက် ကမ္ဘာ့စနစ်တရပ်ကို ထူထောင်ဖို့ အမေရိကန်နိုင်ငံဟာ စိုင်းပြင်းလုပ်ဆောင်တယ်။ တဘက်မှာလည်း ဒုတိယကမ္ဘာစစ်အတွင်းမှာ အင်အားကြီးထွားလာရုံမက ဩဇာပါတက်လာတဲ့ ဆိုဗီယက်ယူနီယံနဲ့ အသစ်ပေါ်ပေါက်လာတဲ့ ဆိုရှယ်လစ်နိုင်ငံများကို ရင်ဆိုင်ဖို့လည်း ပြင်ဆင်ရပါတယ်။
ဒုတိယကမ္ဘာစစ်မပြီးဆုံးခင် ၁၉၄၄ ခုနှစ် ဇူလိုင်လမှာကတည်းက နိုင်ငံတကာစီးပွားရေးစနစ်ကို ပြန်လည်ထူထောင်တည်ဆောက်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မဟာမိတ်အဖွဲ့ဝင်နိုင်ငံ ၄၄ နိုင်ငံဟာ အမေရိကန်နိုင်ငံ ဘရက်တန်ဝု (Bretton Woods) မှာ တွေ့ဆုံစည်းဝေးခဲ့ကြတယ်။ အရေးကြီးဆုံးဖြတ်ချက်တခုကတော့ အမေရိကန်ဒေါ်လာတန်ဖိုးကို ရွှေနဲ့ချိတ်ဆက်ထားမယ်၊ ကျန်နိုင်ငံအသီးသီးကလည်း မိမိတို့ငွေကြေးကို ရွှေ သို့မဟုတ် ဒေါ်လာနဲ့တန်ဖိုးသတ်မှတ် အသေချိတ်ဆက်ထားရမယ် ဆိုတာပါပဲ။ ဒါ့အပြင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကမ္ဘာ့့ဘဏ် (World Bank) စတဲ့ ငွေကြေးအဆောက်အအုံ ယန္တရားတွေဟာလည်း ဒီအစည်းအဝေးကနေ ပေါ်ထွက်လာကြတာ ဖြစ်ပါတယ်။ ဒီယန္တရားတွေဟာ နယ်ချဲ့နိုင်ငံတွေက ကမ္ဘာကိုလွှမ်းမိုးခြယ်လှယ်ရာမှာကော၊ နယ်ချဲ့စနစ်သစ်အတွက်ပါ အရေးပါတဲ့ အခန်းက ပါဝင်လာကြတာ ဖြစ်ပါတယ်။
အနိုင်နိုင်ငံရဲ့ ငွေကြေးတွေဟာ သူတို့တန်ဖိုးတွေကို ဒေါ်လာနဲ့ချိတ်ဆက်ထားရတာကြောင့် နိုင်ငံတကာမှာ ဒေါ်လာဟာ အရေးပါတဲ့ ငွေကြေးတရပ် ဖြစ်လာခဲ့တယ်။ စစ်အပြီး နိုင်ငံအများအပြားဟာ ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်နိုင်ငံမှ အကူအညီနဲ့ချေးငွေဒေါ်လာတွေ ရယူကြရတယ်။ ဥရောပမှာ မာရှယ်စီမံကိန်းဆိုပြီး လုပ်ခဲ့တယ်။ဒီလိုနဲ့ အမေရိကန်ဒေါ်လာဟာ နိုင်ငံတကာငွေကြေး အဆင့်နေရာကို ရရှိလာခဲ့တယ်။
၁၉၇၁ ခုနှစ်မှာ အမေရိကန်သမ္မတနစ်ဆင်က ဒေါ်လာတန်ဖိုးကို ရွှေနဲ့ချိတ်ဆက်ထားတာကို ဖျက်ပစ်ခဲ့တယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံရဲ့စီးပွားရေးအရ စိုးမိုးခြယ်လှယ်ထားနိုင်မှုကြောင့် ဒေါ်လာငွေရဲ့တန်ဖိုးခိုင်မာမှုကို ဆက်ပြီးအာမခံ ပေးထားနိုင်ခဲ့တယ်။နိုင်ငံတကာဘဏ္ဍာရေးစနစ်ကို အမေရိကန်နိုင်ငံက စိုးမိုးထားနိုင်တာကြောင့် ဒေါ်လာရဲ့ အခန်းဟာလည်း ဆက်ပြီးခိုင်မာအားကောင်းနေခဲ့တယ်။
ယခုအချိန်အထိနိုင်ငံတကာကုန်သွယ်မှုမှာ ဒေါ်လာကို ကြားခံငွေကြေးအဖြစ် အဓိကသုံးကြတယ်။ ကမ္ဘာ့ကုန်သွယ်မှုစုစုပေါင်းရဲ့ ၈၅ % ဟာ ဒေါ်လာငွေနဲ့ ဖြစ်တယ်။ နိုင်ငံအားလုံးရဲ့ နိုင်ငံခြားအရန်ငွေကြေးဆိုလည်း ဒေါ်လာကို အဓိကထားကြတယ်။ ၂၀၁၈ ခုနှစ်မှာ တကမ္ဘာလုံးနိုင်ငံခြားအရန်ငွေစုစုပေါင်းရဲ့ ၆၁.၆၉ %ဟာ ဒေါ်လာ ဖြစ်တယ်။ ဒုတိယလိုက်တဲ့ ယူရိုက ၂၀ % ကျော်ကျော်လေးပဲရှိတယ်။ ၁၉၈၀ ခုနှစ်တွေတုန်းက နိုင်ငံခြားအရန်ငွေစုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၁ ထရီလျံ (၁ ထရီလျံမှာ ၁၀၀၀ ဘီလျံရှိ) ရှိရာကနေ အခုဆိုရင် ၁၀ ထရီလျံကျော်အထိ ရှိလာပြီဖြစ်တယ်။ (၂၀၁၇ ဖေဖော်ဝါရီထုတ် အီကော်နော်မစ်စာစောင်) ဒါ့အပြင် နိုင်ငံစုံကော်ပိုရေးရှင်းတွေ၊ ပုဂ္ဂလိက သူကြွယ်ကြီးတွေရဲ့ငွေကြေးအရင်းအနှီးတွေဟာလည်း အဓိကအားဖြင့် ဒေါ်လာတွေပဲ ဖြစ်တယ်။
ဒါကြောင့်လည်း အမေရိကန်နိုင်ငံအနေနဲ့ ကုန်သွယ်မှုမှာကော နိုင်ငံတကာငွေပေးငွေယူရှင်းတမ်းနဲ့ ဘတ်ဂျက်မှာပါ လိုငွေအကြီးအကျယ်ပြမှုကို နှစ်ပေါင်းရှည်ကြာစွာ ထိန်းထားနိုင်နေတာ ဖြစ်တယ်။ တဖက်မှာ assest ရရန်ပိုင်ခွင့်တန်ဖိုးနဲ့ GDP ဖောင်းပွ၊ ကြွေးမြီဟာ GDP နဲ့ အချိုးကျ မြင့်တက်လာ၊ အမေရိကန် အလုပ်သမားများရဲ့ ဝင်ငွေဟာ နှစ်ပေါင်းများစွာ တိုးလာခြင်း မရှိဘဲ ရပ်တန့်နေတာ ဖြစ်တယ်။ အမေရိကန်ဒေါ်လာဟာ နိုင်ငံတကာသုံးငွေကြေးဖြစ်နေတာနဲ့အမျှ အမေရိကန်နိုင်ငံရဲ့ အကြွေးဟာလည်း တက်ပြီးရင်းတက်ရင်း ဖြစ်နေတယ်။ အမေရိကန်ဟာ ကမ္ဘာ့အကြီးဆုံး မြီစားနိုင်ငံဖြစ်တယ်။
အခုလို အမေရိကန်ဒေါ်လာက ကမ္ဘာ့ငွေကြေးဈေးကွက်မှာ စိုးမိုးထားနိုင်တာဟာ အမေရိကန်နယ်ချဲ့ရဲ့စီးပွားရေး၊ စစ်ရေးနဲ့ နိုင်ငံရေးပါဝါတွေကြောင့်ပဲ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံဟာ စစ်ရေးဘက်မှာလည်း အခုဆိုရင် တကမ္ဘာလုံးမှာ စစ်စခန်းပေါင်း (၈၀၀) ခန့် ရှိတယ်။ ဒါဟာ နေတိုးစတဲ့ စစ်မဟာမိတ်အဖွဲ့တွေရဲ့ စစ်စခန်းတွေ မပါသေးပါ။ နောက်ပြီး ကမ္ဘာကြီးကိုလည်း ဒေသအလိုက် စစ်ဌာနချုပ်တွေခွဲထားပြီး စိုးမိုးထားတယ်။ နယူကလီးယား စစ်ဌာနချုပ်နဲ့အာကာသစစ်ဌာနချုပ်တောင် ဖွဲ့ထားပါတယ်။ ကမ္ဘာ့သမုဒ္ဒရာအသီးသီးမှာလည်း အမေရိကန်ရေတပ်တွေ လှည့်လည်နေကြတာ ဖြစ်တယ်။
အမေရိကန်နိုင်ငံဟာ စစ်ရေးလို ပါဝါအမာအပြင် ပါဝါအပျော့လို့ဆိုရမယ့် နိုင်ငံရေး၊ ယဉ်ကျေးမှု၊ သတင်းမီဒီယာ၊ ဝါဒဖြန့်ချိရေးစတဲ့ ဘက်မှာလည်း အင်နဲ့အားနဲ့ ဝါယမစိုက် အားထုတ်ပါတယ်။ အနောက်အုပ်စုရဲ့ သတင်းမီဒီယာတွေက ကမ္ဘာကြီးကို အဓိက လွှမ်းမိုးခြယ်လှယ်နေတာ ဖြစ်ပါတယ်။ ရုပ်ရှင်ဂီတစာပေစတဲ့ နယ်ပယ်တွေမှာလည်း သူတို့ပါပဲ။ ကွန်မြူနစ်၊ ဆိုရှယ်လစ်ကို အပုပ်ချတိုက်ခိုက်တာနဲ့ အရင်းရှင်စနစ်က သာလွန်ကောင်းမွန်ကြောင်းတွေကို ဝါဒဖြန့်ကြတယ်။ ဒီအတွက် ငွေကြေးနဲ့အရင်းအမြစ်တွေကိုလည်း သုံးနိုင်ကြတယ်။နောက်ပိုင်း အရပ်ဘက်အဖွဲ့အစည်းလှုပ်ရှားမှုတွေ ပေါ်လာတော့ အဲဒီဘက်မှာလည်း ဓနအင်အားအလုံးအရင်းနဲ့ ဝင်လှုပ်ရှားပါတယ်။ အမေရိကန်အစိုးရတင်မကပါဘူး။ ကော်ပိုရေးရှင်းကြီးတွေအပြင် သူကြွယ်ကြီးတွေကလည်း အရပ်ဘက်အဖွဲ့အစည်းတွေကို ငွေလုံးငွေရင်းနဲ့ထောက်ပံ့တာ၊ ကိုယ်ပိုင်ထူထောင်တာတွေ လုပ်ပါတယ်။ အမေရိကန်ဘီလျံနာသူဌေးကြီးဆိုးရော့စ် ထူထောင်ထားတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေလည်း မနည်းပါဘူး။ သူ့ရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာ နာမည်ကြီးအရပ်ဘက်အဖွဲ့အစည်း ဖြစ်တယ်။
ဆိုရှယ်မီဒီယာတွေ အားကောင်းလာတော့လည်း သူတို့လိုချင်တဲ့ အာဘော်၊ ဦးတည်ချက် စတဲ့ဘက်တွေဆီ ရောက်အောင် ဆိုရှယ်မီဒီယာတွေကနေ တွန်းဆော်ကြတယ်။ ငွေအင်အားနဲ့ နည်းပညာတွေ ကောင်းကောင်း အသုံးချကြတယ်။ ကမ္ဘာမှာ တွင်ကျယ်နေတဲ့ ဆိုရှယ်မီဒီယာကုမ္ပဏီကြီးတွေဟာလည်း အမေရိကန်နိုင်ငံကပါပဲ။ ဥရောပမှာ ဖြစ်ခဲ့တဲ့ အရောင်တော်လှန်ရေးဆိုတာတွေမှာ ဆိုရှယ်မီဒီယာတွေကို ကောင်းကောင်းအသုံးချခဲ့တယ်လို့ ဆိုပါတယ်။ အခုတော့ ကိုယ့်ရှူးကိုယ်ပတ်လို့ ဆိုရမလားပဲ။ ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သမ္မတလောင်းထရမ့် အနိုင်ရအောင် ရုရှားက ဆိုရှယ်မီဒီယာတွေကတဆင့် ဝင်နှောင့်ခဲ့တယ်ဆိုပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်နေတာ မပြီးနိုင် ဖြစ်နေပါတယ်။
ဒါဟာ ကမ္ဘာ့ဗိုလ်ကြီးအဆင့်နေရာကို အမေရိကန်နိုင်ငံက ဘယ်လိုနည်းတွေသုံးပြီး ရရှိလာတယ်၊ ဘယ်လိုထိန်းသိမ်းနေတယ်ဆိုတာကို အကြမ်းဖျင်း ဖော်ပြတာ ဖြစ်ပါတယ်။အခြေခံအားဖြင့် အထက်ပါ နည်းလမ်း (၃) သွယ်ကို လက်ကိုင်ထားသုံးပါတယ်။ အဓိကကတော့ စစ်ရေးပါ။ စစ်အင်အားမပါဘဲ ကျန်နည်းသက်သက်နဲ့ ကမ္ဘာကြီးကို မစိုးမိုးနိုင်ပါဘူး။ ဒီဆောင်းပါးမှာတော့ ဒီနည်းလမ်းတွေထဲက ဘဏ္ဍာရေးနည်း (ဝါ) ဒေါ်လာလက်နက်ကို ဘယ်လိုသုံးသလဲဆိုတာကို တင်ပြသွားမှာ ဖြစ်ပါတယ်။
၂၁ ရာစုမှာ အမေရိကန်ရဲ့စီးပွားရေးအင်ယာအတွင်းမှ ခွဲထွက်ဖို့ ကြိုးစားတဲ့နိုင်ငံတနိုင်ငံ ဒါမှမဟုတ် သူ့ဩဇာကို မနာခံတဲ့ နိုင်ငံတနိုင်ငံကို အမေရိကန်က ဘယ်လိုဘဏ္ဍာရေးနည်းလမ်းတွေသုံးပြီး ချေမှုန်းသလဲဆိုတာ ဗင်နီဇွဲလားနိုင်ငံကို နမူနာထား ဖော်ပြလိုပါတယ်။ ဒီနေရာမှာ ပစ်မှတ်အထားခံရတဲ့ နိုင်ငံရဲ့ ပထဝီအနေအထား၊ စီးပွားရေး - နိုင်ငံရေး - လူမှုရေးအနေအထားစတာတွေဟာလည်း အရေးပါပါတယ်။
ကမ္ဘာပေါ်မှာ အမေရိကန်အရင်းရှင်စနစ်က အဓိကကြီးစိုးခြယ်လှယ်နေနိုင်တာမှာ အမေရိကန်ဒေါ်လာဟာ ဗဟိုအချက်အချာနေရာမှာ ရှိပါတယ်။ ဒီအကြောင်း အထက်မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ကမ္ဘာ့ကုန်သွယ်မှုနဲ့ နိုင်ငံတကာ အရန်ငွေကြေးဟာ ဒေါ်လာဖြစ်နေတာကြောင့် ဒေါ်လာငွေဈေးအတက်အကျဟာ နိုင်ငံအသီးသီးရဲ့ ငွေတန်ဖိုးအပေါ် ဂယက်ရိုက်ပါတယ်။ ဒေါ်လာဈေးတက်ရင် ကျန်ငွေကြေးတွေ ဈေးကျတယ်။ ဒေါ်လာကျရင် ကျန်ငွေတွေ ဈေးတက်ပါတယ်။ အမေရိကန်ဗဟိုဘဏ်ရဲ့ အတိုးနှုန်း အတက်အကျကို နိုင်ငံအသီးသီးက စောင့်ကြည့်နေရတာ ဖြစ်တယ်။ ‘အမေရိကန်က နှာချေတာနဲ့ တကမ္ဘာလုံး နာမကျန်းဖြစ်ကုန်ကြတယ်’ လို့ ဆိုရိုးရှိတယ် မဟုတ်လား။
ပစ်မှတ်ထားတဲ့ နိုင်ငံရဲ့ ငွေကြေးပြိုလဲအောင် အမေရိကန်နိုင်ငံက အရင်လုပ်ပါတယ်။ အဲဒီနိုင်ငံရဲ့ ငွေတန်ဖိုး ထိုးကျအောင် လုပ်တာ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်ဖို့ ပစ်မှတ်နိုင်ငံပိုင်ဆိုင်တဲ့ အရန်နိုင်ငံခြားငွေ ဒေါ်လာတွေ ခန်းခြောက်သွားအောင် လုပ်ပါတယ်။ ဒေါ်လာတွေ အထွက်များပြီး အဝင်နည်းအောင် ဒါမှမဟုတ် မရှိအောင် လုပ်ပါတယ်။ ဗင်နီဇွဲလားနိုင်ငံကို ကြည့်ပါ။ ဗင်နီဇွဲလားနိုင်ငံမှာ ဒေါ်လာတွေ ရှားပါးသွားအောင် အမေရိကန်က နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်။ ဗင်နီဇွဲလားနိုင်ငံထဲက ဒေါ်လာတွေ ပြည်ပ ထွက်သွားအောင် လုပ်တယ်။ ပြည်ပက ဒေါ်လာတွေ ဗင်နီဇွဲလားထဲ မရောက်အောင် နည်းမျိုးစုံနဲ့ ပိတ်ဆို့ဟန့်တားတယ်။
ဗင်နီဇွဲလားမှာ လုပ်ငန်းလုပ်နေတဲ့ အမေရိကန်ကုမ္ပဏီကြီးတွေကို ဖိအားပေးပြီး သူတို့အမြတ်ငွေဒေါ်လာတွေ အမေရိကန်ကို ပြန်ပို့စေတယ်။ ဒါမှမဟုတ် အခြားနိုင်ငံရှိ သူတို့ရဲ့ကုမ္ပဏီခွဲတွေဆီ ပို့စေပါတယ်။ ဗင်နီဇွဲလားမှာ လုပ်ငန်းမလုပ်တော့ဘဲ ပြန်လည်ထွက်ခွာသွားစေဖို့လည်း လုပ်ပါတယ်။ ချမ်းသာကြွယ်ဝတဲ့ ဗင်နီဇွဲလားနိုင်ငံသားများကို သူတို့ပိုင် ဒေါ်လာတွေ ကိုလံဘီယာနိုင်ငံမှာ ပြောင်းလဲရင်းနှီးမြှုပ်နှံကြဖို့ ဝါဒဖြန့်တိုက်တွန်းတယ်။ အဲဒီလိုလုပ်ဖို့ လွယ်ကူအဆင်ပြေအောင် အွန်လိုင်းပေါ်မှာရင်းနှီးမြှုပ်နှံနိုင်တဲ့ ကုမ္ပဏီတခုကို အမေရိကန်က ထောင်ထားပေးထားတယ်။ ဒီလိုမှမဟုတ်ရင်လည်း အမေရိကန်နိုင်ငံ မိုင်ယာမီဘဏ်တွေမှာ အဲဒီဒေါ်လာတွေ ပြောင်းအပ်ကြဖို့ တိုက်တွန်းအားပေးတယ်။ ဗင်နီဇွဲလားသူကြွယ်ကြီးတွေကလည်း အမေရိကန်ဇာတ်ညွှန်းအတိုင်း လိုက်ကကြတယ်။ ရှိတဲ့ဗင်နီဇွဲလားငွေ ဗိုလီဗာနဲ့ မှောင်ခိုဈေးကွက်မှာ ဒေါ်လာတွေ ဝယ်ကြတယ်။ ဒီလိုနဲ့ ဗင်နီဇွဲလားငွေဗိုလီဗာလည်း တန်ဖိုးကျပြီးရင်းကျ ဖြစ်လာတယ်။
တဖက်မှာ ပြည်တွင်းဒေါ်လာ ခန်းခြောက်သွားအောင်လုပ်သလို နောက်တဖက်မှာလည်း ပြည်တွင်းဒေါ်လာဝင်လမ်းတွေကို ပိတ်ဆို့ဟန့်တားတယ်။ ဗင်နီဇွဲလားကို ဒေါ်လာငွေမချေးကြဖို့ အမေရိကန်နဲ့နိုင်ငံတကာက ဘဏ်ကြီးများကို အမေရိကန်က ဟန့်တားတယ်။ ဗင်နီဇွဲလားနိုင်ငံက တင်ရှိနေတဲ့ အကြွေးတွေ မလျှော်ပစ်ဖို့ တားတယ်။ ဗင်နီဇွဲလားနိုင်ငံက ထုတ်တဲ့ဒေါ်လာနဲ့တန်ဖိုးသတ်မှတ်တဲ့ ငွေချေးစာချုပ်တွေ မဝယ်ကြဖို့ တားတယ်။ ဒီလိုနဲ့ ဗင်နီဇွဲလားဟာ ဘဏ်ချေးငွေတွေ မရတော့သလို ငွေချေးစာချုပ်တွေလည်း ရောင်းမထွက်ဖြစ်လာတယ်။
ဗင်နီဇွဲလားနိုင်ငံမှ ရေနံဝယ်ရင် ဝယ်တဲ့နီုင်ငံတွေကို စီးပွားရေးပိတ်ဆို့အရေးယူမှုတွေလုပ်မယ်လို့ အမေရိကန်က ရာဇသံပေးတယ်။ ရေနံရောင်းရငွေဟာ ဗင်နီဇွဲလားအတွက် နံပါတ်တစ် ဒေါ်လာငွေရရှိရာလမ်း ဖြစ်တယ်။ ဗင်နီဇွဲလား အစိုးရဘဏ္ဍာငွေရဲ့ ၉၅ % ဟာ ရေနံရောင်းရငွေအပေါ်မှာ တည်မှီနေတာ ဖြစ်တယ်။ အမေရိကန်ရာဇသံကြောင့် တရုတ်၊ ရုရှားနဲ့ အခြားနိုင်ငံအနည်းငယ်ကိုပဲ ဗင်နီဇွဲလားဟာ ရေနံရောင်းနိုင်တော့တယ်။ ၂၀၁၈ မှာ ရေနံဈေးကျလာလို့ အခြေအနေက ပိုဆိုးသွားတယ်။ ဒါ့အပြင် အရင်အကြွေးတွေအတွက် ပြန်ဆပ်ရမယ့် အတိုးအရင်းတွေနဲ့ အရင်က ထုတ်ရောင်းထားတဲ့ ဒေါ်လာနဲ့သတ်မှတ်ထားတဲ့ ငွေချေးစာချုပ်တွေအတွက် အတိုးတွေကိုတော့ ဒေါ်လာနဲ့ ပြန်ဆပ်ရမှာတွေလည်း ရှိတယ်။ အဲဒါတွေကိုလည်း ဒေါ်လာအစား ရေနံနဲ့ ပေးချေရတာတွေ ဖြစ်လာတယ်။
အမေရိကန်က နောက်ထပ်တဆင့်တက်လိုက်တာကတော့ အမေရိကန်နိုင်ငံမှာ အခြေစိုက်ထားတဲ့ ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံဖြန့်ဖြူးရေးကုမ္ပဏီ (CITGO) ကို သိမ်းလိုက်တာပဲ ဖြစ်တယ်။ ပိုဆိုးတာက ကုမ္ပဏီက သိမ်းလို့ရတဲ့ ဒေါ်လာတွေကို အမေရိကန်စိတ်ကြိုက်ရွေးထားတဲ့ ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဂွိုင်ဒါကို ထောက်ပံ့ပေးတာပဲ ဖြစ်တယ်။ (CITGO) ကုမ္ပဏီကို သိမ်းရုံတင်မကဘဲ ဗင်နီဇွဲလားနိုင်ငံက အမေရိကန်ဘဏ်တွေမှာ အပ်နှံထားတဲ့ ဒေါ်လာငွေတွေ၊ အရင်းအနှီးစတာတွေ အားလုံးကိုလည်း သိမ်းဆည်းလိုက်တယ်။ အခြားနိုင်ငံတွေကိုလည်း အလားတူလုပ်ဖို့ အမေရိကန်က ဖိအားတွေ တိုးပေးတယ်။
ဒေါ်လာတွေသိမ်းဆည်းရုံနဲ့ မရပ်ဘဲ နိုင်ငံခြားတိုင်းပြည်တွေမှာရှိတဲ့ ဗင်နီဇွဲလားပိုင် ရွှေတွေကိုလည်း သိမ်းဆည်းပြန်ပါတယ်။ ဒါဟာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာပဲ ဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့ ဖိအားကြောင့် အမေရိကန်မဟာဘဏ်ကြီး (Citigroup) ဟာ သူနဲ့ဗင်နီဇွဲလားနိုင်ငံအကြားသဘောတူစာချုပ်ကို ချိုးဖောက်ပြီး ဗင်နီဇွဲလားပိုင် ရွှေတွေကို ထိန်းချုပ်ထားလိုက်တယ်။ အင်္ဂလန်ဗဟိုဘဏ် (Bank of England) ကလည်း အမေရိကန်ရဲ့ တိုက်တွန်းချက်ကိုလိုက်နာပြီး ဗင်နီဇွဲလားက အပ်နှံထားတဲ့ ရွှေတွေကို အေးခဲ (freeze) လိုက်တယ်။ အဘူဒါဘီ (Abu Dhabi) စတဲ့ ကမ္ဘာ့ရွှေဈေးကွက်တွေမှာလည်း ဗင်နီဇွဲလားရွှေတွေ အရောင်းအဝယ်မလုပ်ဖို့ တားဆီးပိတ်ပင်တယ်။ ရွှေရောင်းပြီး ဒေါ်လာရနိုင်တာကြောင့် အခုလို ပိတ်ပင်လိုက်တာပါပဲ။
ဒေါ်လာရှားပါးလာပြီး ဗိုလီဗာငွေတန်ဖိုးကျလာတာကြောင့် ဒေါ်လာနဲ့ဝယ်သွင်းရတဲ့ ကုန်စည်တွေ ဈေးကြီးလာတယ်။ များများလည်းမသွင်းနိုင်လို့ ကုန်ပစ္စည်းတွေ ဈေးကြီးရုံမက ရှားပါးပြတ်လပ်တာတွေ ဖြစ်တယ်။ အခြေခံစားကုန်သောက်ကုန်တွေ၊ ဆေးဝါးတွေ ရှားပါး ပြတ်လပ်ကုန်တယ်။ စက်ရုံအလုပ်ရုံတွေလည်း လိုအပ်တဲ့ ကုန်ကြမ်းတွေ၊ စက်ပစ္စည်းစတာတွေ မတင်သွင်းနိုင်တော့လို့ လုပ်ငန်းချုံ့ပစ်တာ၊ ဒါမှမဟုတ် ပိတ်ပစ်ရတာတွေ ဖြစ်လာတယ်။ အလုပ်လက်မဲ့တွေ များလာတယ်။ တိုင်းပြည်စီးပွားရေးလည်း ကမောက်ကမဖြစ်တယ်။ ကျပ်တည်းမှုဒဏ်မခံနိုင်တော့လို့ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွာသူတွေ သန်းနဲ့ချီရှိလာတယ်။
တိုင်းပြည်ငွေတန်ဖိုးထိုးကျပြီး မတည်မငြိမ်ဖြစ်နေပေမယ့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဆီက ဗင်နီဇွဲလားဟာ ငွေချေးလို့ မရပါဘူး။ ဒီအဖွဲ့(IMF) ဟာ နိုင်ငံတနိုင်ငံ စီးပွားရေးအကျပ်အတည်းဖြစ်ရင် ငွေချေးငှားကူညီဖို့ ဖွဲ့ထားတာလို့ ဆိုတယ်။ ဒါပေမဲ့ ဒီအဖွဲ့မှာ အမေရိကန်နဲ့သူ့မဟာမိတ်ဥရောပနိုင်ငံတွေက မဲအများစုကို ချုပ်ကိုင်ထားတာမို့ အမေရိကန် သဘောမတူတာမှန်သမျှ ဒီအဖွဲ့က မလုပ်ပါဘူး။ အမေရိကန်နဲ့အလွမ်းသင့်တဲ့ အာဂျင်တီးနားနိုင်ငံကတော့ မကြာသေးခင်ကပဲ ဒီအဖွဲ့ကြီးဆီက စံချိန်တင်ချေးငွေ ဒေါ်လာ ၅၀ ဘီလျံရခဲ့တာဖြစ်တယ်။
အဲဒီလို တဖက်မှာ ဗင်နီဇွဲလားအစိုးရကို အကျပ်ဆိုက်အောင်လုပ်ပေးပြီး တဖက်မှာတော့ သူတို့လူ အတိုက်အခံခေါင်းဆောင်ဆိုတဲ့ ဂွိုက်ဒါကို ငွေကြေးအကူအညီတွေပေးတယ်။ နောက်ပြီး မီဒီယာတွေကလည်း ဗင်နီဇွဲလား အစိုးရ စီမံခန့်ခွဲမှုမကောင်းလို့၊ ခြစားလို့ အခုလို တိုင်းပြည်ကမောက်ကမဖြစ်ရတာလို့ ဝါဒဖြန့်ပါတယ်။ ဒါ့အပြင် အမေရိကန်အစိုးရအနေနဲ့ စစ်ရေးနည်းလမ်းကိုလည်း ပယ်မထားဘူးဆိုပြီး ခြိမ်းခြောက်ပါတယ်။ ဗင်နီဇွဲလားစစ်တပ်ကိုလည်း အစိုးရကို သစ္စာမခံဘဲ အတိုက်အခံဘက် ကူးပြောင်းဖို့ ပြောင်ကော ခိုးကြောင်ခိုးဝှက်ပါ လုပ်ပါတယ်။ ဒါပေမဲ့ အခုချိန်အထိ ဗင်နီဇွဲလားသမ္မတ မာဒူရိုဟာ ကြံ့ကြံ့ခံရပ်တည်နေနိုင်တုန်း ဖြစ်ပါတယ်။
ဒါဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံ အမေရိကန်က နိုင်ငံငယ်လေးတနိုင်ငံကို ဘဏ္ဍာရေးဒေါ်လာလက်နက်သုံးပြီး ဘယ်လိုအနိုင်ကျင့်ဗိုလ်ကျစိုးမိုးဖို့ ကြိုးစားနေသလဲဆိုတာကို ဖော်ပြလိုက်တာပါ။ အမေရိကန်ဟာ သူ့ရဲ့အခုလို ကမ္ဘာကြီးကို ဗိုလ်ကျစိုးမိုးနေနိုင်တဲ့ အနေအထားကို ဆက်လက်ထိန်းသိမ်းထားလိုတယ်။ တနည်းအားဖြင့် ဝင်ရိုးတခုတည်းကမ္ဘာစနစ်ကို ထူထောင်ချင်တယ်။ ဒါပေမဲ့ ဒါကို သူ့နောက်လိုက်နိုင်ငံတချို့ကလွဲလို့ ကမ္ဘာ့နိုင်ငံအများစုက လက်မခံကြပါဘူး။ ဝင်ရိုးအများရှိတဲ့ ကမ္ဘာစနစ်ကိုသာ လိုလားကြပါတယ်။
အမေရိကန်တနိုင်ငံတည်းက ဗိုလ်ကျစိုးမိုးမယ့် ဝင်ရိုးတခု ကမ္ဘာ့စနစ်ကို မိမိတို့အနေဖြင့်လည်း မလိုလားပါ။ ဝင်ရိုးတခုကမ္ဘာ့စနစ်ကို ကမ္ဘာ့ပြည်သူအားလုံး သွေးစည်းညီညွတ်စွာဖြင့် ဆန့်ကျင်တိုက်ပွဲဝင်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
ref - Lenin's Imperialism in the 21st Century (Institute of Political Economy Manila, 2017)
- Financial Imperialism - The Case of Venezuela by Jack Rasmus
- Wikipedia

0 comments:

Post a Comment