လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကျော်က မိုးကြိုမုန်တိုင်း
-ရဲဘော်ဖိုးသံချောင်း-
-ရဲဘော်ဖိုးသံချောင်း-
ကျနော်ဒီကိစ္စကို ရင်ထဲမှာမြုံထားရတာ နှစ်ပေါင်း ၃၀ ကျော်ပါပြီ၊ မြံုထားရတယ်လို့ဆိုကတည်းက စိတ်မသက်သာနဲ့
မတတ်သာလို့ဆိုတဲ့အဓိပ္ပာယ်တွေ တွဲလျက်ပါရှိနေတယ်လို့ အောက်မေ့ပါတယ်။
အခုတော့ ပြောလို့ရပြီ၊ ပြောဖို့ကောင်းပြီလို့ယူဆလို့ ဆရာဒဂုန်တာရာရဲ့မွေးနေ့မှာ ဆရာ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အဖြစ်မှန်တခုကို ရှင်းပြတာဖြစ်ပါတယ်၊
ဒါကို ဆရာသိရင် နားလည်းနားလည်နိုင်မယ်၊ စိတ်လည်းချမ်းသာမယ်လို့ ထင်ပါတယ်။
အဖြစ်မှန်ဆိုတိုင်း နေရာမရွေး၊ အချိန်မရွေးပြောနေလို့ မဖြစ်ပါဘူး။
အဖက်ဖက်ထောက်ထားရ၊ ချင့်ချိန်ရတာတွေအများကြီးရှိပါတယ်။ အထူးသဖြင့်
နိုင်ငံရေးနဲ့ဆက်စပ်တဲ့ သမိုင်းဆိုင်ရာတွေမှာ ဖြစ်ပါတယ်။
ကျနော်ပြောချင်တာက ''မိုးကြိုမုန်တိုင်း'' ကိစ္စပါ။ ၁၉၇၄
ခုနှစ်ထဲမှာထွက်တဲ့ ဒီစာအုပ်အကြောင်းကို အခုနောက်ပိုင်းလူတွေ ဖတ်ဖူး၊
ကြားဖူးကြသလား ကျနော် အသေအချာမသိပါ။ ဒါပေမဲ့ တချိန်တုန်းကတော့
မုန်တိုင်းတခုဖော်ထုတ်ဖို့ကြိုးစားခဲ့တဲ့ ဒီစာအုပ်တအုပ် ပေါ်ခဲ့ဖူးပါတယ်။
ပါဝင်ရေးသားသူတွေက ဆယ်ယောက်ကျော်ပါတယ်။ ကျနော်နာမည်တွေ မပြောတော့ပါ။
ဒီအထဲမှာ အဲဒီတုန်းက စာပေလောကမှာ နာမည်ရပြီးတဲ့လူ အင်မတန်နည်းပြီး
နိုင်ငံရေးနယ်ပယ်ကလို့ ဆိုရမယ့်လူတွေက များပါတယ်၊ ကျနော်နဲ့ရင်းနှီးတဲ့
ကိုကိုးကျွန်းပြန် အများအပြားပါကြပါတယ်။
ဒီစာအုပ်ထဲက ဆောင်းပါးတွေဟာ အဲဒီတုန်းက နာမည်ကြီးတဲ့စာရေးဆရာတွေ၊
အထူးသဖြင့် လက်ဝဲနွယ်တဲ့စာရေးဆရာတွေရဲ့လက်ရာတွေကို ဝေဖန်တိုက်ခိုက်ထားတာ
ဖြစ်ပါတယ်။
အဝေဖန်ခံရသူတွေထဲမှာ(ကလောင်နာမည်ရင်းနဲ့ပဲ ရေးခွင့်ပြုပါ)
ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ ဂျာနယ်ကျော်မမလေး၊ မြသန်းတင့်၊ မြဇင် စသူတွေ
ပါဝင်ပါတယ်။ စာအုပ်တွေကို နိုင်ငံရေးရှုထောင့် သက်သက်ကနေ
ဝေဖန်တိုက်ခိုက်တာလို့ ပြောရင်ရမလားပဲ။
ရေးသူတွေထဲမှာ ကိုကိုးကျွန်းပြန်၊ ကျနော်နဲ့အင်မတန်ရင်းနှီးသူတွေပါတာမို့
သူတို့စာအုပ်ကို ပြင်ဆင်စဉ်မှာပဲ အဲဒီအထဲက ရဲဘော် ၂ ယောက်၊ ၃ ယောက်
မန္တလေးကိုလာပြီး ဒီကိစ္စကျနော်ကိုပြောပြပြီး အကြံဉာဏ်တောင်းတာမျိုး
လုပ်ပါတယ်။ နောက်ပြီးကျနော့်ကိုလည်း ပါတီရဲ့(ဗမာပြည်ကွန်မြူနစ်ပါတီရဲ့)သဘောထား သိရရင်ကောင်းမှာပဲဆိုတာမျိုး ပြောပါတယ်။ အဲဒီတုန်းက ကျနော်တို့ဟာ
ပဲခူးရိုးမဗဟိုနဲ့ရော၊ အရှေ့မြောက်စစ်ဒေသနဲ့ပါ အဆက်အသွယ်ရှိကြောင်း
ပြောမပြလိုက်ပါ။ ကိုယ့်စိတ်ထဲမှာ တမျိုးကြီးလို ခံစားရတာကတကြောင်း၊
စာမူတွေကို ဖတ်ရသေးတာမဟုတ်လို့ကတကြောင်း ကျနော့်သဘောထားကို မတင်မကျပဲ
ပြောပြလိုက်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကိုတော့ ပါတီကို အတတ်နိုင်ဆုံး
အမြန်ဆုံးနည်းနဲ့သတင်းပို့သဘောထားမေးခဲ့ပါတယ်။ အမြန်ဆုံးဆိုပေမဲ့
ဆက်သားလွှတ်ပြောရတာမို့ သိပ်တော့မမြန်ပါဘူး၊ ၄-၅ လ လောက်ကြာတယ် ထင်ပါတယ်။
သူတို့ဟာ မန္တလေးအပြင် ပျဉ်းမနား၊ မြင်းခြံစတဲ့နေရာတွေကိုပါ
လူခွဲဆင်းသွားပြီး ဒီကိစ္စကို ရှင်းပြကြပါတယ်။ ထောက်ခံမဲတောင်းတဲ့သဘောနဲ့
တူပါတယ်။ ဒါပေမဲ့နယ်တွေက သူတို့ကို ဆန့်ကျင်ကြောင်း၊ သဘောမတူကြောင်းပဲ
ပြောလိုက်ကြပါတယ်။
ပါတီက ကျနော်တို့ဆီကို ဒီဟာမလုပ်သင့်ကြောင်း မဆိုင်းမတွ
အကြောင်းပြန်ပါတယ်။ သူ့ခေတ် သူ့အခါနဲ့ ရေးခဲ့တာတွေကို (ဥပမာ ဒဂုန်တာရာရဲ့
'မေ') ကို နောက်ပိုင်းခေတ်ပေတံနဲ့ တိုင်းတာမျိုး မဖြစ်သင့်ကြောင်း၊
နောက်ပြီး ဒီလူအားလုံးဟာ ရန်သူတွေမဟုတ်ကြောင်း၊ ဒါကြောင့် တားနိုင်ရင်
တားဖို့လည်း ပြောပါတယ်။ ဒီလိုနဲ့ ဒီသဘောထားကို သိသိချင်း ကျနော် ရန်ကုန်ကို
ဆင်းသွားပါတယ်။ အဲဒီအခေါက်ဟာ ကျနော် ကိုကိုးကျွန်းကထွက်လာပြီးတဲ့နောက်
နောက်ဆုံးအကြိမ် ရန်ကုန်ကိုသွားတာပဲ ဖြစ်ပါတယ်။ တကယ်တော့ ကျနော်ဟာ ပါတီနဲ့အဆက်အသွယ်ရှိနေပြီမို့ ရန်ကုန်ကို အရမ်းမသွားပါ။ နောက်ပြီး အဲဒီတုန်းက
လူထုလှုပ်ရှားမှုတွေလည်း တခြိမ်းခြိမ်းဖြစ်နေတာမို့ ကျနော်လိုလူအနေနဲ့
လှုပ်ရှားမှုများရင် ထောက်လှမ်းရေးက အာရုံစိုက်မှာ စိုးရိမ်ရတယ်။ ဒါပေမဲ့
ဒီကိစ္စကတော့အရေးကြီးတဲ့အပြင် ကျနော်နဲ့လည်း
လူပုဂ္ဂိုလ်ချင်းရင်းနှီးတာမို့ ကျနော့်ကိုပဲဆင်းသွားဖို့
တာဝန်ပေးကြပါတယ်။
ဒါပေမဲ့ ကျနော်ဟိုကိုရောက်တော့ စာအုပ်က ရိုက်ပြီး၊ ချုပ်ပြီးနေပါပြီ။
ကျနော်နောက်ကျသွားပါတယ်။ ကျနော်က ပါတီရဲ့သဘောထား ဒီလိုရှိကြောင်း
ပြောပြလို့ရတဲ့လူတွေကို ပြောပြတော့ သူတို့ ငိုင်သွားကြပါတယ်။ ဒီလိုနဲ့
အဲဒီစာမူတွေဟာ စာအုပ်အဖြစ်ကိုရောက်ရှိသွားပါတယ်။ ဒါပေမဲ့
စာအုပ်ဆိုင်တွေပေါ်တော့ မရောက်လိုက်ပါဘူး။ စာပေစိစစ်ရေးက ခွင့်မပြုလို့ပါ။
ဒီလိုနဲ့ စာအုပ်ဆယ်ဂဏန်းလောက်ကိုသာ တိုးတိုးတိတ်တိတ် ဖြန့်လိုက်ရပါတယ်။
စာပေလောကမှာ ကြီးကြီးမားမားဂယက်ရိုက်တာ မတွေ့ခဲ့ရပါဘူး။
လက်ဝဲသမားတွေလောကမှာပဲ ပြောစရာဆိုစရာဖြစ်ခဲ့တာ မှတ်မိနေပါတယ်။
ကျနော္ထိတွေ့ရသလောက်ဆိုရင် ဒီစာအုပ်ထဲကအယူအဆတွေကိုထောက်ခံတဲ့လူ
အင်မတန်ကိုနည်းပါတယ်။ ပြင်းပြင်းထန်ထန်ဆန့်ကျင်သူနဲ့ ဘာမှမပြောချင်လို့
မပြောသူသာများပါတယ်။
သေချာတာတခုကတော့ အဲဒီစာအုပ်ဟာ စာပေလောကအတွက်ရော
လက်ဝဲနိုင်ငံရေးသမားတွေအတွက်ပါ ဘာမှ အကျိုးမပြုခဲ့တာအမှန်ပါပဲ၊
ညီညွတ်ရေးထက် သွေးကွဲမှုကိုသာ ဖြစ်စေခဲ့ပါတယ်။
ဒီစာအုပ်ပါ အယူအဆတွေဟာ ဘယ်မှာမြစ်ဖျားခံလို့ ဘယ်လိုအခြေအနေအောက်မှာ
ရေးကြတယ်ဆိုတာ ကျနော်သိတယ်လို့ဆိုရင် မမှားဘူးထင်ပါတယ်။ တွေးခေါ်မှုနဲ့
လုပ်ဟန်ဟာ တရုတ်ယဉ်ကျေးမှုတော်လှန်ရေးမှာ မြစ်ဖျားခံတာပါ၊ နောက်ပြီး
အဲဒါတွေကို ဗမာပြည်လက်တွေ့အခြေအနေနဲ့ပေါင်းစပ်တယ်လို့ ပြောချင်ကြတာ
ဖြစ်ပါတယ်။ ထောင့်အသီးသီးက တုန့်ပြန်ချက်တွေကိုသိရတဲ့အတွက် ရေးသူတွေဟာ
မကြာမီမှာပဲ သူတို့မှားကြောင်း သဘောပေါက်သွားကြတာကိုလည်း
ကျနော်သတိရနေပါတယ်။ ဒီလိုနဲ့ စာအုပ်ဖြစ်ပြီးလို့ များမကြာခင်မှာပဲ
အဲဒီတုန်းက ပါဝင်ခဲ့သူတွေဟာ အဲဒီလုပ်ငန်းကို စံထားပြန်ပြောကြတာ
မကြားရတော့ပါဘူး။
ကျနော် အခု ဒါကိုရေးနေတာဟာ မိုးကြိုမုန်တိုင်းစာအုပ်ကို
ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ညွှန်ကြားချက်နဲ့၊ ဒါမှမဟုတ် သဘောထားနဲ့ ရေးကြထုတ်ကြတာလို့ အဲဒီတုန်းက တချို့က ထင်မြင်ယူဆနေခဲ့ကြတာတွေ ရှိဖူးလို့
ဒီလိုမဟုတ်တဲ့အကြောင်း ဖြေရှင်းတာဖြစ်ပါတယ်။ အဲဒီတုန်းက ရေးသူတွေကို
အပြစ်တင်တာ မဟုတ်ပါဘူး။ ဒီနေ့အခါမှာ သူတို့(တချို့ကွယ်လွန်ပါပြီ)
ဘယ်လိုစဉ်းစားတယ်ဆိုတာကို ကျနော်တို့ သိနေကြတာပါ။ သူတို့နဲ့
သူတို့ဝေဖန်ခဲ့တဲ့စာရေးဆရာကြီးများရဲ့ နောက်ပိုင်းဆက်ဆံရေးတွေကိုလည်း
ကျနော်တို့ သိနေကြပါတယ်။ အခုပြန်ကြည့်လိုက်တော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃-၄၀ က
နတ်နေကိုင်းတွေဟာ နတ်နေကိုင်း ဖြစ်မြဲ ဖြစ်နေကြပါတယ်။
ဒါ တကယ့်သမိုင်းပါ။
ရဲဘော်ဖိုးသံချောင်း
(22.4.2011)
အင်တာနက်စာမျက်နှာမှ
(22.4.2011)
အင်တာနက်စာမျက်နှာမှ
0 comments:
Post a Comment