Monday, September 16, 2019

(ကင်န်ဆာ ပျောက်တာမပျောက်တာထက် မေတ္တာမပျောက်ဖို့)

0 comments
ကျနော်တို့တွေ ကညွှတ်လို့ခေါ်ပြီး အမေရိကန်ကျေးလက်တွေမယ် Sparrow Grass စာကလေးမြက်လို့ အမည်တွင်တဲ့အပင်(အစို့)တွေကို ရုက္ခဗေဒအရတော့ Asparagus officinalis ဆိုပြီး အသိများပါသတဲ့ဗျာ။ ကျနော့်ခြံထဲမှာ အကျယ် ၄ ပေ၊ အလျား ၁၈ ပေလောက်ရှည်တဲ့ပေါင် တပေါင်စိုက်ထားပါသကော။ ခုဆိ အပင်တွေသီးရုံမက ရင့်မှည့်ပြီး အစေ့လေးတွေမြေကျတဲ့အချိန်ပေါ့ဗျာ။ ဒါပေမဲ့ အစို့ထွက်တဲ့အပင်ကတော့ ထွက်တုန်းမို့ ဒီနှစ် မနည်းစားရတယ်ပြောရမှာပဲ။
ငယ်ငယ်က ဗမာပြည်မတော့ ဒီ ကညွှတ်ဟာ သူဌေးစာမှတကယ့်ကိုသူဌေးစာပါ။ ရန်ကုန်မှာတောင် သံဈေးနဲ့ သိမ်ကြီးဈေးဓာတ်စာတန်းလောက်ပဲ တွေ့ရတတ်တာကိုး။ လူကုန်တန်တွေ ဟော်တယ်နဲ့ စားပွဲရုံတွေမှာ အရက်ဘီယာနဲ့မြည်းကြသလို လူမမာတွေအတွက် ဓာတ်စာလည်းဖြစ်နေပြန်ပါတယ်။ တချို့ဆို ကင်န်ဆာတောင်ပျောက်တယ်ဆိုပြီး အစွဲကြီးကြရန်ပါရော။ ရှားကလည်းရှား ဈေးကလည်းကြီး အရသာကလည်းရှိတော့ ဆေးစွမ်းက တခြားအပင်တွေထက်တောင်ထက်ပြီး ကုထုံးနဲ့ဆေး ရှာမတွေ့သေးတဲ့ ကင်န်ဆာလို ကမ္ဘာနာကြီးတောင် ပျောက်ပစ်လိုက်တဲ့ဗမာ့သတ္တိပေါ့ဗျာ။ ဘယ်ခေလိမ့်မတုန်း အာဂပေါ့။ ခုန ကညွှတ်ပေါင်လေးနားရပ်ရင်း ကညွှတ်လေးတွေဆစ်ရင်း အသီးမှည့်လေးတွေကြည့်ရင်း အမေပြောတာ သွားသတိရတယ်။
အမေတို့ မောင်နှမတွေထဲမှာ အမေ့ညီမအငယ်ဆုံးက အချောဆုံးအလှဆုံးဗျ။ မျက်လုံးလေးတွေက ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက် အရည်ကြည်လေးတွေလဲ့ပြီး ကြည်တောက်နေတာ။ ကိုယ်လုံးပါးပါးလျလျနဲ့ လမ်းလျှောက်ရင် နဲ့တဲ့တဲ့လေးရယ်။ မျက်နှာကပြုံးပြီး လင်းနေကြည်နေတာ။ နံမည်က ဘီလ်ကစ်တဲ့။ ဗမာအမည်က မသန်းမြင့်တဲ့။ အိမ်ထောင်ကျတော့ တရုတ်အစစ်နဲ့ကျတာပါ။ ဗမာပြည်ပေါက်တရုပ် ဘီအက်စီအင်ဂျင်နီယာ။ ဦးမြအေးတဲ့။ နံမည်နဲ့လိုက်အောင်အေးတဲ့လူပါ။ သူလည်း အမြဲပြံုးပြံုးရွှင်ရွှင်နေတတ်သူပါ။ စိတ်အနေရော စိတ်အထားပါးကောင်းတဲ့သူပါ။ တခုပဲ သူစကားပြောတာနားထောင်မယ်ဆို စိတ်တော့ရှည်ရလိမ့်မယ်။ သူက စကားပြောလေးပြီးနှေးရတဲ့ကြားထဲ တခွန်းနဲ့တခွန်း တမိုင်လောက်ခြားပြောတဲ့သူမျိုး။ ဒေါ်လေးဘီကစ်ကို အတော့်ကိုချစ်ပုံရပါတယ်။
လင်မယားက ချစ်သာချစ်တာ လမ်းလျှောက်ရင် အမြဲခွာလျှောက်တယ်။ ဒေါ်လေးက (ဗမာမိန်းကလေးတွေအနေနဲ့ဆို)အရပ်မြင့်သူထဲပါတယ်။ ဦးမြအေးက အပုကြီးမဟုတ်ပေမယ့် ဒေါ်လေးနဲ့ယှဉ်တော့ အရပ်နည်းနည်းနိမ့်တယ်။ သူတို့မှာ သား ၂ ယောက်ရှိတယ်။ အကြီးက မျိုးအေးသန်း။ ကျနော့်ထက်ကြီးပြီး လူတွေက မောင်မြင့်ထွန်းဆို ပိုအသိများကြတယ်။ ကျနော်ကတော့ အကိုဝမ်းကွဲကို ကိုထွန်းပဲခေါ်ပါတယ်။ သူလည်း RIT ဆင်း လျှပ်စစ်အင်ဂျင်နီယာတယောက်ပါပဲ။ အငယ်က ကျနော့်ထက် နည်းနည်းငယ်တော့ ညီဝမ်းကွဲပေါ့လေ။ စိုးအေးသန်းတဲ့။ အမျိုးတွေကြားမှာ “အလုံး“ ဆိုမှလူသိများတာ။ သူက ကိုယ်ခံပညာတွေဘာတွေလိုက်စား ကာယဗလတွေဘာတွေလုပ်ပြီး လူကလည်းချော မိဘများက ပညာတတ် ပိုက်ဆံလည်းရှိတော့ မိန်းကလေးတွေဝိုင်းဝိုင်းလည်ပေါ့ဗျာ။ ထားပါတော့ဗျာ ပြောချင်တာက ဒေါ်လေးဘီလ်ကစ်နဲ့သူ့သားကြီးကိုထွန်းနဲ့ ကညွှတ်ပင်အကြောင်းပါ။
ဒီလိုဗျ ဒေါ်လေးက ကျနော်ထောင်ထဲရောက်နေတုန်း ကင်န်ဆာဖြစ်ရော အသည်းကင်န်ဆာတဲ့။ ကုတာပေါ့ဗျာ ဗမာဆရာရော အင်္ဂလိပ်ဆရာရော၊ ဗမာဆေးရော အင်္ဂလိပ်ဆေးရော၊ ဓာတ်ကင်တာတော့ ကီမိုသာရာဖီရောစုံနေတာပါ။ မရပါဘူး ထုံးစံအတိုင်း သူ့ရဲ့နောက်ဆုံးနေ့ရက်တွေရောက်ပြီး သေမယ့်ရက် စောင့်နေချိန်ကြီးပေါ့ဗျာ။ တနေ့တော့သိမ်ဖြူလမ်းဘက်နေတဲ့ အမေတို့ အမဝမ်းကွဲတယောက်က သူ့ညီမဝမ်းကွဲ ကင်န်ဆာဝေဒသနာသည်လေးစားဖို့ သံဈေးကနေ ကညွှတ်တွေ တကူးတကန့်သွားဝယ်ပြီး ယူလာသတဲ့။ ကညွှတ်က ကင်န်ဆာပျောက်တယ်လို့ သူများတွေပြောသံကြားဖူးလို့တဲ့။ အဲ့အချိန်မှာ ဒေါ်လေးဘီလ်ကစ်က အစာမဝင်တော့သလိုလိုဖြစ်နေရှာတော့ မစားနိုင်တော့ဘူးတဲ့။ ဒီကြားထဲ ကိုထွန်းက တမှောင့်တဲ့။ ဘယ်ဘုန်းကြီးကပြောလို့ဆိုလား ကြခတ်ဝါးရွက်ကို သုံးခွက်တခွက်တင် ကျိုတိုက်ရင် ကင်န်ဆာပျောက်တယ်ဆိုပြီး ၃ မိုင်လောက်ဝေးတဲ့နေရာကနေ ကြခတ်ဝါးရွက်တွေသွားသွားခူးပြီး သူ့အမေကို သောက်ခိုင်းသတဲ့။ ဒေါ်လေးက မပျောက်ရင်လည်းနေပေ့စေတော့ သားရယ်၊ မင်းအရွက်ပြုပ်နံ့တွေက နံလည်းနံတယ် အရသာကလည်း ဘာမှန်းမသိဘူးဆိုပြီး မသောက်တော့ ကိုထွန်းလည်း စိတ်ထိခိုက်ရရှာတယ်။
ကျနော် ထောင်ကထွက်တော့ အမေပြန်ပြောပြမှ အဲ့ဒီဇာတ်လမ်းသိရတာပါ။ ကျနော်တွေးမိတာက လူဟာ ချစ်ခြင်းမေတ္တာ အကြောက်တရား သေခြင်းတရား ဆောက်တည်ရာမဲ့မှူ အတိဒုက္ခတွေ ရောက်သထက်ရောက်လာပလားဆို အားကိုးရာမဲ့ခိုကိုးရာမဲ့လာပလားဆို သူတို့တတ်ထားတဲ့ပညာတွေ အသိတွေ ဗဟုသုတတွေ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေ အတွေးအခေါ်တွေ ဘေးချိတ်လိုက်နိုင်တော့တာကိုပါ။ တကယ်ဆို ဒေါ်ကြီးဝမ်းကွဲလည်း ချမ်းသာပြီးပညာတတ်တဲ့သူပါ။ ကိုထွန်းဆို RIT ဆင်း အင်ဂျင်နီယာဖြစ်ရုံမက ဂျပန်မှာပါ ဆယ့်လေးငါးနှစ်အလုပ်သွားလုပ်လာခဲ့တဲ့လူ မဟုတ်လား။ ဒီ ကညွှတ်တို့ ကြခတ်ဝါးရွက်သတ္တုရည်တို့ဆိုတာတွေက ကင်န်ဆာပျောက်နိုင်မပျောက်နိုင် ထောက်ချင့်နိုင်စွမ်းရှိကြသူတွေပါ။ ဒါပေမယ့် သူတို့ရဲ့ ညီမအပေါ် အမေအပေါ်ချစ်တဲ့မေတ္တာတရားဟာ သူတို့ရဲ့ပညာတွေ ဗဟုသုတတွေ ဆင်ခြင်တုံနိုင်စွမ်းတွေကို အနိုင်ယူသွားတော့တာပါပဲ။ အဲ့ဒီအချိန်မှာ သူတို့စိတ်ထဲ “ငါ့ညီမလေး အသက်ရှင်ဖို့ ငါ့အမေအသက်ရှင်ဖို့“ဆိုတဲ့စိတ်က ကြီးစိုးနေတာမဟုတ်လား။ ကညွှတ်တွေ ကြခတ်တွေက ကင်န်ဆာပျောက်ခြင်း မပျောက်ခြင်းထက် မေတ္တာဓာတ်ကိန်းနေတဲ့ ချစ်ခြင်းရဲ့သဘောက အနာကိုငြိမ်းစေတယ်မို့လား။
ဒါနဲ့ကျနော်လည်း ထောင်ထဲကြုံခဲ့ရတဲ့လူတွေထဲကတယောက်ကို သတိရမိတယ်။ ထောင်မကျသေးခင် ပုဒ်မ ၁ဝ(က)နဲ့ အထိန်းသိမ်းခံနေရတုန်းကပေါ့။ စစ်ကြောရေးလည်းပြတ်ပြီဆိုတော့ ရုံးထွက်ရမယ့်ရက် မျှော်နေချိန်ပေါ့လေ။ မလွတ်ဘူးဆိုတာသိနေပေမယ့် လူကလွတ်ချင်နေတာပါပဲ။ ကျနော်နဲ့အခန်းဖော်လုပ်သူကလည်း ပန်းဆိုးတန်းမှာ စာအုပ်ဟောင်းတွေရောင်းတဲ့ ရှေ့နေတယောက်ပါ။ အရင် ၇၄/၇၅/၇၆ ကာလတွေတုန်းက အဖမ်းခံရဖူး ထိန်းသိမ်းခံရဖူးသူပါ။ သူ့မှာ လက်ဝဲအယူအဆရှိတယ်လို့ လူတိုင်းကယုံသလို သူကလည်း လက်ဝဲသမားလို့အမြင်ခံရတာ နှစ်သက်တယ်ထင်ပါတယ်။ စာတော့အလွန်ဖတ်တဲ့သူပါ။ ဖတ်သလောက်မှတ်နိုင်ပြီး ပြန်တွေးခေါ်စဉ်းစား ပိုင်းခြားပြနိုင်တဲ့သူပါ။ အင်္ဂလိပ်စာလည်း အတော့်ကိုကျင်လည်သူလို့ စာတတ်ပေတတ်တွေက ချီးကျူးကြပါတယ်။ ဘာသာရေးကတော့ သူ့အပြောအရ Atheist ။ အလွယ်ပြောကြတော့ “ဘာသာမဲ့“ ဆိုပါတော့လေ။ ဆုတောင်းတာ ဆုပေးတာ ဆုယူတာတွေလည်း မယုံကြည်သူပါ။ သူက ကျနော်တို့ ဗကပ ၄၈၂၈ ယူဂျီအမှူတွဲထဲကတော့မဟုတ်ပါဘူး။ တခြား Case ကပါ။
အဲ့ဒီအချိန်မှာ သူ့အမှူတွဲထဲက တယောက်စ နှစ်ယောက်စကို အက်စ်ဘီက ထောင်ဗူးထဲခေါ်တွေ့ လက်မှတ်ထိုး(ခြေချုပ်)ခိုင်းပြီး ပြန်လွှတ်တာလည်းရှိတယ်။ ဒါ့ကြောင့် သူအပါအဝင် တခြားသူ့အမှူတွဲတွေလည်း သူလွတ်နိုးနိုး ငါလွတ်နိုးနိုး မျှော်လင့်နေကြတာပေါ့လေ။ တနေ့တော့ သူ့အမှူတွဲတွေထဲကတချို့ကို ရုံးထုတ်ပြီး စစ်ခုံရုံးနဲ့ထောင်ချသူချ၊ လွှတ်သူလွှတ်တွေလုပ်ပါတယ်။ သူအပါအဝင် ၁၂ ယောက်လောက်က ကျနော်တို့တိုက်ထဲကျန်နေသေးတယ်။ ဖြစ်ချင်တော့ အဲ့နေ့က သောကြာနေ့။ သူတို့ လက်ကျန် ၁၂ ယောက်ကိုက ရုံးထုတ်မယ်ဆို တနင်္လာနေ့ကျမှ ထုတ်မှာ။ ထောင်ကျကျ လွတ်လွတ် တနင်္လာနေ့ကျမှ အဖြေသိရမှာ။ ဒီတော့ သူလည်း ရင်ခုန်ရှာမှာပဲ။ အရင် ထောင် အတွေ့အကြုံ ဘယ်လောက်ရှိရှိ မရှိရှိ သူမှမဟုတ် ဘယ်သူမှ ထောင်ထဲနေချင်တာမှ မဟုတ်တာကိုး။
ဒီတော့ သူ စိတ်နည်းနည်းလှူပ်ရှားတာ သိသာတယ်။ ရေးချိုးထွက်လာတဲ့သူ့အမှူတွဲတွေကို အခန်းထဲကနေ လှမ်းလက်မေးတာ၊ ခြေဟန်လက်ဟန်နဲ့စကားပြောတာတွေ လုပ်တယ်။ ကျနော်တို့ရေချိုးဆင်းတော့လည်း သူမချိုးပဲ သူ့အမှူတွဲလက်ကျန်တွေနဲ့ စကား သွားခိုးပြောနေတာ။ ဝါဒါကလည်း မသိချင်ယောင်ဆောင်ပေးပါတယ်။ ထောင်ကျသွားတဲ့အမှူတွဲတွေကတော့ တခါတည်းတန်းပြီး တိုက်ပြောင်းသွားတာဆိုတော့ မရှိကြတော့ဘူး။ ရေချိုးချချိန်စေ့လို့ အခန်းပြန်တက်ခါနီးမှ ခြေလက်မျက်နှာဆေးပြီး ပလပ်စတစ်ဇလုံနဲ့ရေအပြည့်ခပ်လာတယ်။ ထမင်းလာထိုးတော့ “ကိုမျိုးဇလုံနဲ့ပဲ နှစ်ယောက်စာထိုးလိုက်နော်၊ ကျနော့်ဇလုံရေထည့်ထားလို့“ဆိုလို့ ကျနော့်ဇလုံနဲ့ ထမင်းနှစ်ယောက်စာခံလိုက်ပြီး တယောက်တလက်နှိူက်စားကြတယ်။ ကျနော်လည်း နည်းနည်းတော့ အံ့သြသား။ မေးတော့ မမေးဖြစ်ပါဘူး။ ညထောင်ပိတ်ပြီး ခါတိုင်းဆို အခန်းတွေအလှည့်ကျသီချင်းဆိုနေကျအချိန်လည်းရောက်ရော “ကိုမျိုး အလှည့်ရောက်ရင် ကျနော့်အတွက်ပါပေါင်းပြီး နှစ်ပုဒ်ဆိုလိုက်နော်“တဲ့။ ကျနော်လည်း “ဟုတ်ကဲ့“ပြောပြီး ဆိုလိုက်ပါတယ်။ သူ့ကြည့်လိုက်တော့ ဇလုံထဲကရေနဲ့ ခြေလက်မျက်နှာဆေးကြောသန့်စင်တာ၊ ပြီးတော့ ခေါင်းရင်းဘက်နံရံကို မျက်နှာမူပြီး ထောင်ပိတ်ချိန်အထိ ရွတ်လိုက်ဖတ်လိုက် တရားမှတ်သလိုမျက်စေ့မှိတ် ဖြေဖြေလျော့လျော့ ငြိမ်ငြိမ်သက်သက် ထိုင်နေတာတွေ့ရပါတယ်။ ထောင်ပိတ်သံချောင်းခေါက်ပြီး “အားလုံး အိပ်ချိန်၊ ခေါင်းတွေချထား“ဆိုတော့မှ ဦးသုံးကြိမ ကျကျနနချပြီး လှဲပါတယ်။ ကျနော်လည်း သူစိတ်လှူပ်ရှားနေမှန်းသိတာတဲ့ အလိုက်တသိပဲ “အကိုရေ အိပ်တော့မယ်နော်“ပြေပြီး တဘက်လှည့်လိုက်ပါတယ်။ သေချာပါတယ် သူ ဒီ ၂ တော့ အိပ်ကောင်းခြင်းအိပ်ရမယ်မဟုတ်ပါ။
စကားကောင်းသွားလို့ ဆောရီးဗျာ။ ပုံထဲမှာမြင်ရတဲ့အသီးလေးတွေက ကညွှတ်သီးဗျ။ သီးစကအစိမ်း၊ မှည့်တော့နီနီရဲရဲလေး။ နောက်တော့ မဲခြောက်သွားတယ်။ အဲ့ဒီကနေမှ ဖြူလာပြီး အထဲက အစေ့မဲမဲလေးတွေထွက်လာတယ်။ မြေပဲခြမ်းလေးထည့်ထားတာက အရွယ်အစားချိန်နိုင်အောင်ပါ။
မျိုးမြင့်ချို
စက္တင္ဘာ ၁၆၊ ၂ဝ၁၉

0 comments:

Post a Comment