တော်နဲ့ ကျုပ်နဲ့ ညားကြမလား
ကိုသိမ်းမြတ်
အလင်္ကာပုလဲပန်း
“တော့်နှယ် ဒီလောက် ကပ်မနေစမ်းပါနဲ့။ တော်နဲ့ ကျုပ်နဲ့ညားလိုက်ကြရအောင်ပါ။”
“ဟာ ဒါတော့မဖြစ်လို့ပါ အစ်မကြီးရာ။ သောင်းရှစ်ထောင်နဲ့တော့ ဘယ်လိုမှ မညားနိုင်ပါဘူး။”
“တော်ဟာလေ။ ကိုယ့်ဖောက်သည်ကိုတောင်မှ သက်သက်ကပ်နေပြန်ပါပြီ။ ကိုင်း ဒါဆိုလည်း သောင်းကိုးထောင်နဲ့ ညားမလား။”
“ကဲဗျာ။ ညားမယ်။ ညားမယ်။ သောင်းကိုးထောင်နဲ့ဆို ညားလိုက်တော့မယ်။ တကယ်တော့ စရိတ်စခနဲ့ သိပ်တွက်ခြေကိုက်လှတာ မဟုတ်ဘူးဗျ။”
ဘာတွေများပြောနေကြပါလိမ့်လို့ မျက်မှောင်ကုတ်မသွားလိုက်ပါနဲ့။
မုံရွာအနောက်ဘက်လက်က လူတွေ စျေးဆစ်နေကြတာပါ။ တခြားနယ်ကလူတွေ အတွက်တော့
အထူးအဆန်းဖြစ်နေမှာပါ။
တော်တော်များများကတော့ ဒီလိုစကားမျိုးကို ကြားရရင် ရယ်တတ်ကြပါတယ်။
ကိုယ့်အဓိပ္ပာယ်နဲ့တွေးကြည့်ရင် ရယ်စရာကောင်းတာတော့ အမှန်ပါ။ ဒါပေမယ့်
ဒါမျိုးကို သွားရယ်ရင် လှောင်သလို ဖြစ်တတ်ပါတယ်။ သူများဓလေ့ကို
လှောင်တာကတော့ ရိုင်းရာကျပါတယ်။ အသံထွက်နဲ့ပတ်သက်ပြီး မြို့ကြီးသားက
ကျေးလက်သားကို၊ လူမျိုးကြီးက လူမျိုးငယ်ကို လှောင်ပြောင်သရော်တတ်တာဟာ
မယဉ်ကျေးရာရောက်ပါတယ်။ လူမျိုးငယ်များကတော့ ကိုယ့်မိခင်ဘာသာစကား မဟုတ်လို့
အသံမပီသတာ ဘာမှ အထူးအဆန်းမဟုတ်ပါဘူး။ သူများစကားကို ကိုယ်ပြောကြည့်တဲ့အခါ
ဘယ်လောက်ခက်ခဲတတ်တယ်ဆိုတာ ကိုယ်တိုင်လည်း သိနေကြတာပဲ မဟုတ်လား။
မြို့ကြီးသားက ကျေးလက်သားတွေကို လှောင်တာက ပိုတောင်ဆိုးပါသေးတယ်။
ဘာ့ကြောင့်လဲဆိုတော့ ကျေးလက်က ဘာသာစကားဟာ မူလရင်းမြစ်ဖြစ်ပြီး
မြို့ကြီးပြကြီးက စကားဟာ ပျက်စီးရွေ့လျားလာတဲ့ စကားဖြစ်နေတတ်တာက
အများစုမို့လို့ပါ။ မှားတဲ့သူက လူအားကောင်းနေလို့ မှန်တဲ့သူကို
ပြန်ကဲ့ရဲ့သလို ဖြစ်နေတတ်ပါတယ်။
ဒီလိုစကားမျိုးကြားရင် သတိထားနားစွင့်သင့်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့
ကိုယ့်ဆီမှာ ပျောက်သွားတဲ့၊ ပျက်သွားတဲ့ မူလ အဓိပ္ပာယ်တခုခုကို အဲသလို
နေရာတွေ အဲသလိုစကားတွေထဲမှာ တွေ့ရတတ်လို့ပါ။
အခုသူတို့သုံးနေတဲ့ ညားဆိုတဲ့စကားက သူတို့သုံးတဲ့
အသုံးအပေါ်မူတည်ပြီးယူရင် ဘယ်လိုအဓိပ္ပာယ်ထွက်နေပါသလဲ။ မုံရွာမှာ
နယ်စုံအရပ်စုံကလူတွေနဲ့ ပွဲရုံလုပ်ငန်းလုပ်နေသလို ကဗျာဆရာကြီးတဦးလည်း
ဖြစ်တဲ့ ဆရာကြီး ဦးအံ့မောင်ကတော့ သူတို့ပြောနေတဲ့ အဓိပ္ပာယ်က
သဘောတူညီတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲဗျလို့ ဆိုပါတယ်။ စကားလုံးတလုံးဟာ
မူလရင်းမြစ်တခုကနေ တဖြည်းဖြည်း အဓိပ္ပာယ် ပိုပြီး ကျယ်ပြန့်လာတတ်ပါတယ်။
အဓိပ္ပာယ်ပွားလာတတ်ပါတယ်။ အဓိပ္ပာယ် ပိုလေးနက်လာတတ်ပါတယ်။ တခါတရံမှာ
အဓိပ္ပာယ်နှစ်မျိုးသုံးမျိုးဖြစ်သွားတတ်ပါတယ်။
ညားရဲ့ မူလအနက်ကတော့ တွေ့တာပဲလို့ ဆရာကြီး ဦးထွန်းတင့်ကပြောပါတယ်။
အဲဒီတွေ့တာကနေမှ အသုံးကိုလိုက်ပြီး အဓိပ္ပာယ်ဆင့်ပွားသွားတာဖြစ်ပါတယ်။
အမျိုးသမီးနဲ့ အမျိုးသား ညားကြတယ်ဆိုတာကလည်း တကယ်တော့ တွေ့တာပါပဲ။ တွေ့မိ၊
ဆုံမိ၊ ကြုံမိသွားကြတာပါ။ တချို့အရပ်တွေမှာ လူချင်း ရိုးရိုးဆုံမိတာကို
ညားတယ်လို့ ဒီနေ့ခေတ်အထိ သုံးနေကြတုန်းပါ။
ဆရာကြီးဦးထွန်းတင့်က အညာမှာသုံးလေ့ရှိတဲ့ ဥပမာတခုကို ပြောပါတယ်။
ကျောင်းကို အသစ်ရောက်လာတဲ့ ဆရာမလေးတယောက်နဲ့ လူငယ်လေးတယောက်ကို
ကျောင်းအုပ်ဆရာမကြီးက မိတ်ဆက်ပေးပါတယ်။ အဲသလို မိတ်ဆက်ပေးတော့ လူငယ်လေးက
ကျောင်းအုပ်ဆရာမကြီးကို “ဆရာမကြီးက ခုမှမိတ်ဆက်ပေးနေတယ်။ ကျနော်နဲ့
ဆရာမလေးကဖြင့် လှေဆိပ်မှာကတည်းက ညားပြီးပေါ့” လို့ပြန်ဖြေပါတယ်။
သူ့အရပ်သူ့ဒေသမှာ အဲဒီစကားက ရိုးရိုးလေးပါ။ အားလုံးနားလည်ကြပါတယ်။
လှေဆိပ်မှာ အဲဒီဆရာမလေးနဲ့ လူငယ်နဲ့ ဘာမှ မဖြစ်ကြပါဘူး။
တွေ့ရုံပဲတွေ့ခဲ့ကြတာပါ။
ဒါပေမယ့် အမျိုးသမီးနဲ့ အမျိုးသား အိမ်ထောင်ပြုကြတာကို ညားတယ်လို့
သုံးတာများလာလို့ တဖြည်းဖြည်းနဲ့ မူလအနက်မှေးမှိန်ပြီး
အဓိပ္ပာယ်သစ်ဖြစ်ထွန်းလာပါတယ်။ အဲဒီ အဓိပ္ပာယ်သစ်က ညားတယ်ဆိုတာ
အမျိုးသမီးနဲ့ အမျိုးသား အိမ်ထောင်ကျတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်လာပါတယ်။
အဘိဓာန်ထဲမှာ အဲဒီအဓိပ္ပာယ်ကို ထည့်သွင်းဖော်ပြထားပါတယ်။ ခရီးဆောင် မြန်မာ
အဘိဓာန်မှာ ညားကို အဓိပ္ပာယ်ဖွင့်ရာမှာ ၁။ တွေ့ကြုံဆုံစည်းသည်။ ၂။ လင်မယား
အဖြစ်သို့ရောက်သည်လို့ ပေးထားပါတယ်။
“ပန်းသီးလေးကောင်းမယ်မှတ်လို့ စျေးကြီးပေးဝယ်လာပါတယ်။ အပုပ်နဲ့ညားလာတယ်”
လို့သုံးလေ့ရှိကြောင်း ဆရာကြီးဦးထွန်းတင့်ကပြောပါတယ်။
အဲဒီအသုံးမျိုးကိုတော့ မြန်မာနိုင်ငံတနိုင်ငံလုံး အနှံ့အပြားမှာ
သုံးနေကြဆဲဖြစ်ပါတယ်။ တွေ့လာတာ၊ ကြုံလာတာကို ပြောတာပါပဲ။ တဖြည်းဖြည်းနဲ့
အဓိပ္ပာယ်သစ် ဆင့်ပွားလာတဲ့အတွက် မတော်တဆ တွေ့ကြုံတဲ့ သဘောမျိုး၊
မကောင်းတဲ့ တွေ့ဆုံမှုမျိုးမှာ ပိုသုံးသလိုမျိုး ဖြစ်လာပါတယ်။ တကယ့်
မူလရင်းမြစ်ကတော့ မတော်တဆဆိုတာမျိုး၊ မကောင်းတဲ့ သဘောမျိုးမပါပါဘူး။ တွေ့တာ
သက်သက်ပါပဲ။
မုံရွာနဲ့ ပုံတောင်ပုံညာ ဘက်မှာ မိန်းကလေးတယောက် ဆေးလိပ်ဖွာနေတဲ့နားကို
သွားပြီး “နှမလေးရယ် နည်းနည်းလောက်ညားပါရစေလို့ သွားပြောရင်”
ဆေးလိပ်ထိုးပေးပါလိမ့်မယ်။ ဘာ့ကြောင့်လဲ ဆိုတော့ အဲဒီစကားက သူတို့နယ်မှာ
“မီးလေးတတို့လောက်” ဆိုတဲ့ အဓိပ္ပာယ်ထွက်နေလို့ပါ။ မူရင်းကို
ပြန်တွေးကြည့်ရင်တော့ သူ့ဆေးလိပ်နဲ့ ကိုယ့်ဆေးလိပ်တို့ထိချင်တာ၊
တွေ့ပေးချင်တာကို ပြောတာပါပဲ။
အမျိုးသားနဲ့ အမျိုးသမီးနဲ့တွေ့တာကို အသုံးများတဲ့အခါမှာ ညားဟာ
လင်မယားအဖြစ်ရောက်သည်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်သွားပါတယ်။
ဆေးလိပ်ချင်းတို့တာကို အသုံးများတဲ့ အရပ်ဒေသရောက်တော့ ညားဟာ
မီးလေးတတို့လောက်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်သွားပါတယ်။ ကုန်စျေးနှုန်းနဲ့
ပတ်သက်ပြီး ညှိတဲ့နေရာမှာ အသုံးများတော့ ညားဟာ သဘောထားတိုက်ဆိုင်တယ်ဆိုတဲ့
အဓိပ္ပာယ် ဖြစ်သွားပါတယ်။
မူရင်းကတော့ ညားတယ်ဆိုတာ တွေ့တာပဲဖြစ်ပါတယ်။
0 comments:
Post a Comment