Thursday, September 26, 2019

(တရားကို တရားက မစောင့်ထိန်းသေးသမျှ)

0 comments
(တရားကို တရားက မစောင့်ထိန်းသေးသမျှ)
ဗမာပြည်က သာမန်ပြည်သူတချို့ရဲ့ နှလုံးသားတွေ ခက်ထန်လာတာ၊ စိတ်တွေကြမ်းတမ်းလာတာ သတိထားမိတယ်။ တုတ်တပျက် ဓားတပျက်တွေလည်း များလာတယ်။ ထစ်ကနဲရှိ ခုတ်လိုက် ထစ်လိုက် ပစ်လိုက်ခတ်လိုက်၊ သတ်လိုက်ဖြတ်လိုက်တွေလည်း ပုံလာတယ်။ သွေးသံရဲရဲတွေ၊ အလောင်းကောင်တွေ၊ သွေးစိမ်းရှင်ရှင်နဲ့ဒဏ်ရာ ဗလပွတွေ၊ ထိပ်ပေါက်ခေါင်းကွဲတွေ၊ တယောက်တယောက်ချင်းတွေ၊ အုပ်စု အုပ်စုချင်းတွေ၊ အုပ်စုက တယောက်ကို ရိုက်နှက်သတ်တာဖြတ်တာတွေ၊ တရားလက်လွတ်ဥပဒေမဲ့ လက်လွတ်စပယ် သတ်ပစ်တာမျိုးတွေ များသထက်များလာနေတယ်။ တခြားသဏ္ဍန်စုံနဲ့ဖြစ်နေတဲ့ ရာဇဝတ်မှုတွေလည်း ထူပြောလာနေတယ်။ လူတွေဟာ လမ်းပေါ်တင်မကပဲ ကိုယ့်အိမ်ထဲကိုယ်နေရင်း မလုံခြုံသလို အကာအကွယ်မဲ့သလိုခံစားမှုတွေဖြစ်လာတယ်။
တနေရာရာမှာ ဘာတခုခုလေး မဖြစ်လိုက်နဲ့ ဖြစ်လိုက်တာနဲ့ တုတ်ဆွဲဓားဆွဲပြီး ထွက်လာကြတယ်။ သတ်လိုက်ကြပါတော့လား ဖြတ်လိုက်ကြပါတော့လားတွေ အော်ဟစ်ဆူညံနေတယ်။ ဓားလွတ်တွေ စလွယ်သိုင်းပြီး လူမြင်ကွင်းတွေမှာ ပေါ်ပေါ်တင်တင် သွားလာနေကြတယ်။ တရားဥပဒေမရှိတဲ့၊ အုပ်ချုပ်သူမရှိတဲ့၊ တရားစီရင်ရေး လုံးဝပျက်ဆီးတဲ့အထိ မရောက်သေးရုံတမယ်ပဲရှိတော့သလို ဖြစ်လာနေတယ်။
တခါ တရားရုံးတွေကို လူအုပ်နဲ့ သွားခြိမ်းခြောက်ပြီး အမှုရင်ဆိုင်နေဆဲ တရားခံကို တရားရုံးအပြင် ထုတ်ပေးဖို့၊ သူတို့လက်နဲ့ သူတို့ဘာသာ တရားစီရင်မယ်ဆိုတာတွေအထိ အတင့်ရဲလာတယ်။ ဒါမှမဟုတ်လည်း အဲ့ဒီတရားခံကို သေဒဏ်ပေးဖို့တောင်းဆိုရင်း တရားသူကြီးတွေ တရားရုံးတွေကို ဖိအားပေးကြတယ်။
လွှတ်တော်ထဲကြည့်ပြန်တော့လည်း အမတ်တချို့က သက်ငယ် မုဒိန်းသမားတွေကို သေဒဏ်ချမယ့်ဥပဒေတွေပြဌာန်းဖို့ လက်သီးလက်မောင်းတန်းနေကြတယ်။ ပိုယဉ်ကျေးတဲ့ ပိုတရားဥပဒေစိုးမိုးတဲ့ ပိုညှာတာထောက်ထားမှုပေးနိုင်တဲ့ လူ့အဖွဲ့အစည်းတွေမှာ သေဒဏ်ဖျက်သိမ်းတာတွေလုပ်နေသလို ဖျက်သိမ်းပြီးသား ပြည်တွေလည်း ရှိနေတယ်။ သေဒဏ်ဖျက်သိမ်းရေး တောင်းဆိုလှုပ်ရှားမှုတွေလည်း ဆထက်ကဲဖြစ်နေတယ်။ ဗမာပြည်မှာတော့ ပြောင်းပြန်။ သေဒဏ်ကို အငမ်းမရတောင်းဆိုနေကြတယ်။ သေဒဏ်ငတ်မွတ်နေကြတယ်။ ဖေ့စ်ဘွတ်ခ်လိုဟာမျိုးပေါ်မှာတောင် ထီကနဲအသံကြားတာနဲ့ ဆော်လိုက်ပါတော့လား၊ နှက်လိုက်ပါတော့လား၊ သတ်လိုက်ပါတော့လား၊ အရှင်မထားနဲ့တွေ အချိန်နဲ့အမျှ နားမဆန့်အောင် ကြားနေ မြင်နေရတယ်။ အပြင်မှာကပုံရိပ်ဟာ ဆိုရှယ်လ်မီဒီယာပေါ် လာထင်ဟပ်နေတာပဲ။ ပြောရရင် စိတ်လက် မချမ်းသာစရာတွေချည်းပဲ။ ဘာသာမတူ လူမျိုးမတူသူတွေဆို နေစရာမရှိအောင်ကို ပိုတောင်ဆိုးပါတယ်။ အမြဲတမ်း ထိတ်လန့်ကြောက်ရွံ့နေကြရရှာတယ်။
ဒါတွေဘာ့ကြောင့် ဖြစ်ရသလဲ။ တခွန်းတည်းပြောရရင် အုပ်စိုးသူတွေကြောင့်ပဲ။ အုပ်စိုးသူတွေဖန်တီးထားတဲ့ ကိစ္စတွေပဲ။ ဗမာပြည်မှာက တကယ်အုပ်စိုးနေတာ ခြယ်လှယ်နေတာ စစ်အုပ်စုပဲ၊ အစိုးရ ၂ ခုဖြစ်နေတာလည်း မဟုတ်ပါဘူး။ အစိုးတရလုပ်နေတာက တခုထဲပါ။ စစ်တပ်ပါ။ သမဏိရှည်ကြာ အမြစ်တွယ်နေတဲ့ စစ်အာဏာရှင်စနစ်ပါ။ စစ်အတွေးအခေါ်ပါ။ စစ်တပိုင်းအင်န်အယ်လ်ဒီအစိုးရဆိုတာက ဘာကိုမှ မယ်မယ်ရရ ထိန်းချုပ်နိုင်တဲ့အခွင့်အာဏာ သြဇာမရှိပါ။ လူထုဘက်ကနေရပ်ပြီး အပြည့်အဝ အကာအကွယ်မပေးနိုင်ပါ။ စစ်အုပ်စု ထင်ရာစိုင်းနေတာကို လက်ပိုက်ကြည့်တဲ့အခါကြည့်၊ ဖေးမတဲ့အခါဖေးမပေး၊ သိတ်လိုအပ်တဲ့အခါ ဗြောင်ထွက်ရပ် အကာအကွယ်ပေးရတဲ့ဘဝ ရောက်နေရှာတာပါ။ အဲ့သလိုမရောက်ရောက်အောင်လည်း ကျုံးအသွင်းခံထားရတာပါ။ စစ်တပိုင်းအစိုးရမှာ အဲ့လို သြဇာအာဏာတွေ မရှိမှန်းသိတော့ လူထုကလည်း အားမကိုးချင်ပါ။ အားကိုးလို့လည်းမရ ဖြစ်နေတာပါ။
စစ်အုပ်စုကလူတွေကို ကျီးလန့်စာစားဖြစ်နေအောင်၊ နယ်ဘက်အရပ်ဘက် အုပ်ချုပ်ရေးကို မယုံကြည်တော့အောင်၊ လက်နက်ကိုင်ထားသူအပေါ်ပဲ အတွင်းစိတ်ကကြိတ်ပြီး အားကိုးစိတ် မှီခိုစိတ်ဖြစ်နေအောင် လုပ်နေတာပဲ။ ဒီ့ထက်ချဲ့ပြောရရင် တရားဥပဒေနဲ့ တရားစီရင်ရေးစနစ်ကို စနစ်တကျ ဖျက်ဆီးထားလို့ပဲ။ လူတွေက ဥပဒေ၊ ဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးတွေ အပေါ် အယုံအကြည်မရှိတော့လို့ပဲ။ လူတွေကို ဥပဒေမဲ့ ကိုယ့်ဓားနဲ့ ကိုယ့်တရားစီရင် ကိုယ့်စိတ်ကြိုက်သတ်ဖြတ်တာဟာ မှန်တယ် တရားတယ်လို့ထင်လာအောင် လုပ်ထားလို့ပဲ။
သတ်ဖြတ်သူတွေကိုယ်တိုင်က စိတ်မလုံခြုံဘဝမလုံခြံုသလိုဖြစ်ပြီး သူတို့ကိုမှ ငါတို့မသတ်ရင် ငါတို့ကို သူတို့ကသတ်တော့မှာပဲဆိုတဲ့ အတွေးမျိုးကိန်းနေလို့လည်းဖြစ်တယ်။ အဲ့လိုတွေလုပ်ရင်း လူတွေဟာ ပို လက်ရဲဇက်ရဲတွေဖြစ်လာတယ်၊ လက်ယဉ်လာတယ်။ ရဲစခန်းကို၊ ရဲကို၊ အချုပ်ထောင်ကို၊ တရားရုံးကို၊ တရားစီရင်ရေးကို၊ ဥပဒေကို၊ အစိုးရ (အင်န်အယ်လ်ဒီစစ်တပိုင်းအစိုးရ)ကို မထေမဲ့မြင်ပိုပို လုပ်တတ်လာကြတယ်။ စစ်တပ်ကိုတော့ မော်မကြည့်ဝံ့အောင် လုပ်ထားတယ်။
လူတွေ တရားလက်လွတ် လုပ်တတ်အောင် ဖြစ်နေအောင်လည်း စစ်အုပ်စုက ရည်ရွယ်ချက်ပါပါ ခြေလှမ်းရှိရှိလုပ်နေတာဖြစ်တယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံကိုင်ပြီး အစိုးရအနေနဲ့ စစ်တပ်ကို မကျိုးနွံကျိုးနွံနေအောင် ပြန်မလှန်ရဲအောင်၊ လှုပ်မရအောင်၊ ကျဉ်းထဲကျပ်ထဲပိတ်မိနေအောင် ဦးချိုးနမ်နှိမ်ထားတာပါ။ ဒါတွေက လူတကာသိပြီးသားမို့ ဘာမှ ဝိတ္တာရချဲ့နေစရာမလိုတော့ပါ။
သိမ်မွေ့ပါတယ် မေတ္တာတရားအားကြီးပါတယ်ဆိုတဲ့ ထေရဝါဒ ဗုဒ္ဓသာသနာလည်း ကမ္ဘာပုံအလယ်မှာ အကြမ်းဖက်ဝါဒ အစွန်းရောက်ဝါဒအဖြစ် မြင်သွားအောင် ပို့ပစ်လိုက်ကြပြီ။ ဘုန်းကြီးရဟန်းတွေထဲမလည်း သူ့ဘုန်းကြီးတွေမွေးပြီး လိုတဲ့အခါတိုင်း တိုင်းပြည်ဆူအောင် မငြိမ်မသက်ဖြစ်အောင်လုပ်တာ၊ လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေဖြစ်အောင် လူသတ်အားပေးတွေ၊ လူသတ်လှုံ့ဆော်ရေး သမားတွေ ဝါဒမှိုင်းတိုက်ရေးသမားတွေကို ချီးမြှောက်ပစားပေးလိုက် ဘွဲ့တွေတံဆိပ်တွေကပ်လိုက် လုပ်နေတာလည်း လူတိုင်းအသိပါပဲ။ ဗမာ့လူ့အဖွဲ့အစည်းကို စစ်တပ်ထောင်လက်နက်ကိုင်ပြီး အကြောက်တရားနဲ့ တဘက်ကဖိထားသလို ဘာသာရေးမှိုင်းတိုက်ပြီး အတွေးအခေါ်အရလည်း တဘက်က ဖျက်ဆီးနှိပ်ကွပ်ထားတာပဲ။
ဒီအခြေအနေဆိုးတွေ၊ ဒီလိုတရားမဲ့ ဖြစ်ချင်တိုင်းဖြစ်နေတာတွေ၊ လူတွေရဲ့ စိတ်ဓာတ်ရေးရာ ဖျက်ဆီးခံနေရတာတွေ၊ နှလုံးသားခက်ထန် မာကြောနေတာတွေ အားလုံးရဲ့ အရင်းလက်သည်ဟာ စစ်အာဏာရှင်စနစ်ပဲ၊ စစ်ဗျူရိုကရေစီယန္တရားပဲ၊ စစ်လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ပဲဆိုတာ တိုင်းသိပြည်သိကမ္ဘာသိပါ။ ကျနော်တို့အနေနဲ့ သိရုံနဲ့မပြီးပါ။ ရောက်တဲ့နေရာ၊ ရတဲ့အခြေအနေ၊ ပေးလာတဲ့မျက်နှာစာ အသီးသီးကနေ စစ်အာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးလုပ်ကြရမှာပါ။ ဒါကို လက်နက်ကိုင်တော်လှန်ရေးမျက်နှာစာမှတင်၊ ပါတီထောင် နိုင်ငံရေးလုပ်တဲ့မျက်နှာစာမှတင် လုပ်နိုင်တာမဟုတ်ပါဘူး။ စာပေအနုပညာမျက်နှာစာ၊ လူမှုကူညီရေးမျက်နှာစာ၊ ပညာရေးမျက်နှာစာ၊ ဥပဒေတွင်းမျက်နှာစာတွေကလည်း လုပ်လို့ရပါတယ်။ လုပ်လည်း လုပ်နေကြတာ မြင်နေရပါတယ်။ လုပ်လည်း လုပ်နေကြရမှာဖြစ်ပါတယ်။
ကျနော်တို့ စိတ်ရှည်ရှည်၊ ဇွဲသန်သန်၊ အတွေးအခေါ်ခိုင်ခိုင်မာမာ၊ မူရှိရှိ ရပ်တည်ချက်ပြတ်ပြတ်သားသား၊ ရေရှည်အမြင်ပါပါနဲ့ လုပ်ကြဖို့ပါပဲ။
အစိုးရပြောင်းတယ်ဆိုတာ စနစ်တခုကိုပြောင်းရတာထက် အပုံကြီး လွယ်ပါတယ်။ ပြောင်းလည်း ပြောင်းနေကြတာပါပဲ။ ဗမာပြည်မှာ အစိုးရတွေ ခုချိန်ထိ အမျိုးမျိုးပြောင်းခဲ့ကြပေမယ့် စစ်အာဏာရှင်စနစ်ကတော့ အမြစ်တွယ်နေဆဲပါ။
ကျနော်တို့မသေခင် လုပ်နိုင်သမျှလုပ်နေကြဖို့ လုပ်သွားကြဖို့ပဲလိုပါတယ်။
မျိုးမြင့်ချို(စက်တင်ဘာ ၂၆၊ ၂ဝ၁၈)

0 comments:

Post a Comment